Art is My Life: ကျွန်တော်နှင့် အနီရောင် ကြက်ခြေခတ်များ

Friday, November 16, 2007

ကျွန်တော်နှင့် အနီရောင် ကြက်ခြေခတ်များ


နံနက်စောစော စီးစီး ဆူညံလှသော လူနာတင်ကား သံများကြောင့် ကျွန်တော်အိပ်ရာက နိုးလာခဲ့တယ်။ လူနာတင် ကားသံသည် တစ်သံတည်းမဟုတ်။ ထိုသို့များပျားလှသော လူနာတင်ကားသံများ ထပ်နေပုံကိုကြည်လျှင် ပြသနာတစ်ခု ရှိနေပြီဆိုတာ သေချာပြီ။ ထို့ကြောင့် အိပ်ရာထဲမှ လူးလဲထကာ အိမ်ရှေ့ကို ပြေးထွက်လာခဲ့တယ်။

အိမ်ရှေ့ရောက်တော့။ အားပါး နည်းတဲ့ လူနာတင်ကားတွေ မဟုတ်ဘူး။ နိုင်ငံခြားကားထဲမှာ လူဆိုးအိမ်ကို ရဲကားတွေ ၀ိုင်းထားသလိုမျိုး ကျွန်တော့်အိမ်ကို လူနာတင်ကားတွေ ၀ိုင်းထားကြတယ်။ အရေးပေါ် အသံတွေကလဲ ကမ္ဘာပျက်မတတ် ဆူညံနေတယ်။ နောက်တော့ အဲဒီကားတွေ တစ်စီးပြီး တစ်စီး ပြန်ကွေ့သွားကြတယ်။

* * * *

ခဏကြာတော့ လူနာတင်ကားတွေ အကုန်ရှင်းသွားသည်။ ထိုအချိန်တွင် ………

“ ငါ့မြေးရယ် အဖွားခေါင်းကိုက်လို့ပါကွယ် ”

လှည့်ကြည့်လိုက်တော့ အဖွာအိုကြီး တစ်ယောက်။ တစ်ခေါင်းလုံးမှာ ဆံပင်တွေ ဖြူရော်ပြီ ခါးမှာ လေးဆယ့်ငါးဒီဂရီ ကျော်ကျော်ကိုင်းနေသည်။ ထိုကိုင်းနေသော ခါးကို ပြုတ်ကျမသွားစေရန် မဟော်ဂနီရောင် တောင်ဝှေးတစ်ခုဖြင့် အားပြုထားသည်။
“ အဖွားဒါ ဆေးခန်းမဟုတ်ဘူး၊ ဒီအနီရောင် ကြက်ခြေခတ်တွေက ကျွန်တော်ဖာသာ လျောက်ဆွဲထားတာ၊ ပြီးတော့ ကျွန်တော်ဆွဲတဲ့ ပုံက ကြက်ခြေနီလို အနီရောင်လည်း မဟုတ်ပါဘူး။ သေချာကြည့်ပါဦး အဖွားရယ် ”
“ အေးကွယ် အဖွားက အသက်ကြီး ပြီဆိုတော့ မျက်စိအားနည်းလာပြီ၊ ဆေးရုံမဟုတ်ရင်လည်း သွားလိုက်ပါဦးမယ်”
“ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ”

အဖွားအိုသည် တုန်ရီနှေးကွေးသော ခြေလှမ်းများဖြင့် ကျွန်တော့်ကို ကျောခိုင်းကာ ထွက်ခွာသွားသည်။ ကျွန်တော်သည် ထွက်ခွာသွားသော အဖွားအို၏ ကျောပြင်ကို ငေးမောရင်း အိမ်ရှေ့တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

* * * *


အဲဒီအချိန်မှာ လူနာတင် ကားတစ်စီး ထပ်ရောက်လာတယ်။ လူနာတင် ကားပေါ်က ဆရာဝန် တစ်ယောက် ဆင်းလာတယ်။ ဆရာဝန်ဟာ အရပ်ရှည်ရှည် ဂျူတီကုဒ် အဖြူရောင်ကို ၀တ်ထားပြီး နားကြပ်ကို လက်တစ်ဘက်မှာ ကိုင်လာတယ်။

“ ဟေ့ဒီမှာ လူနာတွေ အသက်က အရမ်းအရေးကြီးနေပြီ ဆေးရုံမဖွင့်သေးဘူးလား”
“ဗျာ”

ကျွန်တော် ကြောင်သွားတယ်။

“ ဒါဆေးရုံ မဟုတ်ဘူး အိမ်ဗျ။ တစ်ယောက်တည်း သီးသီးသန့်သန့် နေချင်လို့ မြို့အစွန်မှာ ၀ယ်ထားတာ”
“ ဒါဆိုရင် မင်းအိမ်မှာ ဘာဖြစ်လို့ အနီရောင် ကြက်ခြေခတ်တွေ လုပ်ထားရတာလဲကွ”
“သြော် . . .. ဒါလား ”

ကျွန်တော်သဘော ပေါက်သွားပြီ။ တစ်အိမ်လုံးမှာ ပရပွဖြစ်နေတဲ့ အနီရောင် ကြက်ခြေခတ် တွေကြောင့် ဆေးရုံနဲ့မှားသွားဖြစ်မည်။ တကယ်တော့ ထိုအနီရောင် ကြက်ခြေခတ်မျာသည် ကျွန်တော့် ဘ၀တွင် မှားခဲ့ သောအမှားမျာတွက် ရေးခြစ်ထားခြင်း မျှသာဖြစ်သည်။

စစ်ပွဲတွင် စစ်သားတစ်ဦး ကျသွားလျှင် အမှတ်တရ မှတ်တိုင်တစ်ခု စိုက်ထူထားသကဲ့သို့ ကျွန်တော့ဘ၀တွင် အမှားတစ်ခု မှားခဲ့တိုင်း အိမ်နံရံတွင် အနီရောင် အမှတ်တရ ကြက်ခြေခတ် တစ်ခုရေးလိုက်သည်။ နှစ်တွေကြာလာတော့ အိမ်နံရံတွင် အနီရောင် ကြက်ခြေခတ်များနှင့် ပြည့်နှက်လို့လာပါတော့သည်။


* * * *

အစ်ကို ညီမမှားသွားပြီ။ အစ်ကို စကားနား မထောင်ခဲ့မိလို့။ အဲဒီလူရှပ်မာကို လူပျိုလို့ ထင်ခဲ့မိတာ။ အခုတော့ . . . .

ငါမှားသွားပြီလို့ သိလိုက်တဲ့ အချိန်ရောက်တော့ ငါကရဲဘက် စခန်းမှာ။ ငါထောင်က ထွက်လာတော့ အကြီးမလေးက ၁၈ နှစ်လောက်လဲ့ လင်ရနေပြီ။ အငယ်ကောင်က မှော်ထဲမှာ ဖိုးစွဲနေလို့ ငါကိုယ်တိုင် လိုက်ရှာပြီး ခေါ်ခဲ့ရတယ်။ ငါသာ စိတ်လေး နည်းနည်း ထိန်းခဲ့ရင် ငါ့မိန်းမလဲ သေမှာ မဟုတ်သလို ငါလဲ ထောင်ကျမှာ မဟုတ်ဘူး။ ကလေးတွေလဲ အခုလို ကစဥ့်လျှားနဲ့ ဒုက္ခရောက်မှာ မဟုတ်ဘူး။ အခုတော့ . . . . .

ကောင်းတယ်။ အဲဒီအမှားတွက် ဘယ်တော့ငါ နောင်တရမှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နဲ့ မင်းတို့ အမြင်မှာသာ ငါ့လုပ်ရပ်တွေက မှားကောင်း မှားနေပေလိမ့်မယ်။ ငါ့ခံယူချက် ထဲမှာတော့ အဒီလုပ်ရပ်တွေ အားလုံးက မှန်တယ်။ ငါဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။
အေးကွာ အဲဒီတုန်းက မင်းတို့ စကားနားထောင်မိခဲ့ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ . . .


* * * *

သြော်ငါ အသက်နှစ် ဆယ်ကျော်ခါစာ အရွယ်လေးပဲ ရှိသေးတယ်။ ဒါပေမယ့် ငါကျူးလွန်ခဲ့တဲ့ အမှား တွေက မနည်းတော့ ပါလားနော်……………..

ငါနောက်ထပ်များ အသက်ကြီးလာရင် . . . . . .


ထိုကဲ့သို့ စဉ်းစားနေတုန်း ဆရာဝန်သည် ဒေါသတကြီး တောက်ခေါက်ကာ လှည့်ထွက်သွားသည်။ ကျွန်တော် လှည့်ထွက်သွားသော ဆရာဝန် ကျောပြင်ကို ကြည့်လိုက်တော့ ..

အဖြူရောင် ဂျူတီကုဒ်မှာ အနီရောင် သွေးတွေ စွန်းနေသည်။ ထိုအနီရောင် သွေးများသည် ကြက်ခြေခတ်ပုံ ပေါ်နေသည်။ သူ့ဖာသာသူပဲ ကြက်ခြေခတ်ပုံ ပေါ်နေတာလား။ ဒါမှမဟုတ် ဆရာဝန်သည် သူမှားခဲ့သော အမှားများအတွက် ဂျူတီကုဒ်တွင် သွေးဖြင့် ကြက်ခြေခတ် ထားသည်လား မသိ။







No comments: