Art is My Life: ပေစွန်းသွားသော အနာဂါတ်များ

Sunday, November 18, 2007

ပေစွန်းသွားသော အနာဂါတ်များ

ပန်းချီကားဆိုတာ ကြည့်တော့သာ လှတာ၊ အဲဒီ ကမ္ဘာကျော် ပန်းချီကားတွေ ဆိုတာက ကင်းဘတ်ပေါ်မှာ ဆေးရောင်ချယ် ထားတာလေ၊ တကယ်တော့ ကင်းဘတ် ဆိုတာ အဖြူရောင်ဗျ၊ အဲဒီ အဖြူရောင်ကို ဆေးရောင်တွေ ရေးခြယ်ရင်းနဲ့ ကမ္ဘာကျော်တဲ့ ပန်းချီကားတွေ ဖြစ်သွားတာ။ အဖြူ သက်သက် လှတာထက်စာရင် အရောင်ခြယ်ပြီး လှတဲ့ အလှတရားက ပိုတန်ဖိုးရှိတဲ့ သဘောပေါ့ဗျာ။

ပြောရင်း ဆိုရင်း ဟေ့အရှေ့မှာ လူတစ်ယောက် ကင်းဘတ်စကြီး ကိုင်လို့ ပန်းချီဆွဲဖို့ လုပ်နေတယ်။ သေချာကြည့် လိုက်တော့ . . . .

`` ဟင် ´´

လီယိုနာဒိုဒါဘင်ချီ ကြီးပါလား၊ သူ့အရှေ့မှာ မိုနာလီဇာကြီးကို ငုတ်တုပ်ထိုင်ခိုင်းပြီး အဖြူရောင် ကင်းဘတ် ပေါ်မှာ ဆေးရောင် စုပ်တံတွေနဲ့ ပုံတူဆွဲနေလေရဲ့။ ရှေ့ဆက်သွားတော့ ဗင်ဂိုး နေကြာပန်း ခင်းထဲမှာ ပက်လက်ကြီး အိပ်ပြီး အဖြူရောင် ကင်းဘတ် ပေါ်မှာ အရုပ်တွေ ရေးနေတယ်၊ နေကြာပန်းခင်းကြီးကို ကျော်လာတော့ တဲပုတ်လေး တစ်ခုကို ရောက်တယ်။ အထဲမှာ လူရိပ်တွေ့လို့ လှမ်းကြည့်လိုက်တော့ ပီကာဆိုကြီးဗျ၊ ဘာလုပ် နေတာလဲလို့ ကြည့်လိုက်တော့ ထမင်းချက်နေတယ်။ မီးဖိုဘေးမှာ ရေးလက်စ ပန်းချီကား တစ်ချပ်၊ အဖြူရောင် ကင်းဘတ်ပေါ်မှာ ဆေးရောင်တွေ ခြယ်ထားတယ် . . . .

နောက်ခြောက်လ လောက်ကြာတော့ လီယိုနာဒိုဒါဘင်ချီ ဗင်ဆင့်ဗင်ဂိုး ပီကာဆို တို့သုံးယောက်ပေါင်း ပြီး အကြီးအကျယ် အခန်းနား ဆုံးပန်းချီ ပြပွဲကြီး လုပ်ကြတယ်။ ဒိုင်ယာနာတောင် အဲဒီပန်း ချီပြပွဲကို ကြည့်ချင်ဇောနဲ့ ကားကို မိုင်ကုန်မောင်းရာက အရှိန်လွန်ပြီး အက်ဆီးဒင့် ဖြစ်သွားတယ် ဆိုလားပဲ။ အဲဒီ ပန်းချီပြပွဲမှာ ပန်းချီကားတွေကို အဖိုးတန်ဆုံး ဈေးတွေနဲ့ ရောင်းကြတယ်။

ကျွန်တော့် ရင်ထဲမှာလည်း အဖြူရောင် ကင်းဘတ် တစ်ခုရှိတယ်။ အဲဒီကင်းဘတ်ကို ဆေးရောင်ခြယ်ပြီး အလှဆုံး ပန်းချီကားလေး တစ်ခု ဖန်တီးချင်တယ်။ ကျွန်တော် ဖန်တီးမဲ့ ပန်းချီကားဟာ ကမ္ဘာပေါ်မှာ အလှဆုံး ပန်းချီကား ဖြစ်ချင်တယ်။ အဲဒီပန်း ချီကားကို ပြပွဲတင်ပြီး တန်ဖိုးဖြတ် ရောင်းချဖို့ မဟုတ်ဘူး။ ပြတိုက် ဖွင့်ပြီး ရာသက်ပန် သိမ်းထားဖို့ . . . .

အဲလိုနဲ့ ကာလာတွေ ရောင်စုံစပ်ရင်း ရင်ဘတ်ထဲက အဖြူရောင်ကင်းဘတ်ကို ဘ၀ထဲက ဆေးရောင်တွေ ခြယ်ကြည့်တယ်။ ကျွန်တော်ပဲ မဆွဲတတ်တာလား ဆေးသားကပဲ မကောင်းတာလား ရင်ဘတ်ထဲက အဖြူရောင် ကင်းဘတ်လေးဟာ အမဲရောင် ဆေးတွေနဲ့ ညစ်ပေသွားတယ်။

ကျွန်တော် ကင်းဘတ် အသစ်တစ်ခု ထပ်ဝယ်ဖို့ ကြိုးစားပါသေးတယ်။ ၀ယ်မရတော့ဘူးဗျာ။ ကျွန်တော် ဆေးရောင်တွေ ခြယ်လို့ ပျက်စီးသွားတဲ့ ကင်းဘတ်က ဈေးထဲမှာ အသစ်ထပ်ဝယ်လို့ရတဲ့ ကင်းဘတ်မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အနာဂတ်လေ။ အခုတော့လည်း ဆေးရောင်တွေ စွန်းထင်းကုန်ပြီ။ တကယ်ပါ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး ........

No comments: