Art is My Life: ကျွန်တော်နှင့်သီချင်းများ

Tuesday, March 03, 2009

ကျွန်တော်နှင့်သီချင်းများ



ကျွန်တော်ရှစ်တန်း ကျောင်းသားလောက်မှာ စပြီး စစ်တုယဉ်ကစားတယ်။ အဲဒီတုန်းက စနေတနင်္ဂနွေဆို မနက်ကနေ ညနေမိုးချုပ်တဲ့အထိ တနေကုန်ကစားတာပဲ။ ကျွန်တော်ရဲ့ ပြိုင်ဖက်ကတော့ ခေါင်းရင်းအိမ်က ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းပါ။ သူနိုင်လိုက် ကိုယ်နိုင်လိုက်နဲ့ လက်ရည်ညီတယ်လို့ ပြောလိုက်ရပါတယ်။ ကစားရင် ကျွန်တော်တို့ နားထောင်ဖြစ်တာက လေးဖြူရဲ့ ပါဝါ၊ အဲဒီခေတ်က ကက်စက်ခွေ နဲ့ ဖွင့်ရတာ။ ပြီးတော့ သူ့အိမ်မှာကလည်း သီချင်းခွေဆိုတော့ အဲဒီတစ်ခွေတည်းရှိတာ။ အဲဒါကြောင့် ကျွန်တော်တို့ ဘယ်နေ့ ဘယ်အချိန်ပဲ ကစား ကစား အမြဲတမ်း ပါဝါခွေကိုပဲ နားထောင်ဖြစ်တယ်။

ကျွန်တော်မြစ်ကြီးနားကို ရောက်တော့ လွယ်လင် ဆိုတဲ့ မြန်မာထမင်းဆိုင်တစ်ခုမှာ အမေနဲ့အတူ ထမင်းစားဖြစ်တယ်။ ကျွန်တော်တို့ ထမင်းစားနေတုန်းမှာ ထမင်းဆိုင်က သီချင်းတစ်ပုဒ်ဖွင့်ထားတယ်။ ထွန်းအိဒ္ဒြာဗိုလ်ရဲ့ “ခါလေးလုပ်ခါ လမ်းလျှောက်သွားရင် ကောင်လေးတွေကြည့်မယ်၊ မျက်လုံးလေးတစ်ဖက်ကို မိတ်ပြလိုက်ရင် တပုံကြီးပါလာမယ်” သီချင်းပါ။

ကျွန်တော်ပထဆုံး ရည်းစားထားဖြစ်တော့ ၂၀၀၆ ခုနှစ်။ အဲဒီတုန်းက ကျွန်တော်နဲ့ ကြိုက်နေတဲ့ ကောင်မလေးက ကျွန်တော်နဲ့ ဖုန်းပြောပြီဆိုရင် သူ့ဘက်ကနေ လေးဖြူရဲ့ ခဏလေးများ သီချင်းခွေကို ဖွင့်ထားတယ်။ သူနဲ့ဖုန်းပြောတိုင်းမှာ လေဖြူရဲ့ ခဏလေးများခွေထဲက သီချင်းတွေကို ကြားနေရတယ်။

“ဟောင်းနွမ်းတဲ့ ဒီပန်းချီကားလေး အရောင်တွေပြယ်လွင့်လို့ ဟိုအရင်က ဆေးစက်တို့ မှေးမိန်လို့…. ”
ရှစ်တန်းနှစ်တုန်းက ၁၉၉၈ ခုနှစ်၊ အခုဆိုရင် ၂၀၀၉ ထဲကိုရောက်လာပြီ။ ဘာလိုလိုနဲ့ ဆယ်နှစ် ကျော်ကျော်လောက်တောင် ကြာသွားခဲ့ပြီ။ ဒါပေမယ့် လေးဖြူရဲ့ ပါဝါ စီးရီးထဲက သီချင်းတစ်ပုဒ်ပုဒ်ကို ကြုံကြိုက်လို့ နားထောင်မိလိုက်ပြီ ဆိုရင် ကျွန်တော့်ရဲ့ ခံစားမှုတွေက ၂၀၀၈ ခုနှစ်က စစ်တုယဉ်ကစားနေတဲ့ ကစားဝိုင်းလေးဆီကို ပြန်ရောက်သွားတယ်။ အကြားအာရုံတွေက အတိတ်ဆီကို ပြန်ပြန်ရောက်သွားပြီး အရုံထဲက အနံ့အသက်တွေကလည်း အဲဒီအချိန် အဲဒီကာလ အဲဒီပတ်ဝန်းကျင်မှာ ရောက်ရှိနေသလိုပဲ။ အဲလိုပါပဲ ထွန်းအိန္ဒြာဗိုလ်ရဲ့ “ ခါးလေးလုပ်ခါ လမ်းလျှောက်သွားရင်” ဆိုတဲ့သီချင်းကို နားထောင်ဖြစ်ခဲ့တယ်ဆိုရင် ၁၉၉၉ ခုနှစ်လောက်က မြစ်ကြီးနားက လွယ်လင် ဆိုတဲ့ ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ ခံစားမှုတွေကို ပြန်ရောက်သွားတယ်။ လေးဖြူရဲ့ “ မင့်ရဲ့ အနမ်းတရှိုက်နဲ့ ငါ့ရဲ့အနမ်းတစ်ရှိုက်နဲ့ ” ဆိုတဲ့ သီချင်းကိုနားထောင်ဖြစ်ရင် ကျွန်တော်ရဲ့ အတွေးစိတ်အာရုံတွေက အတိက မိန်းကလေးတစ်ယောက် ဆီကို ပြန်ရောက်သွားတယ်။

ကျွန်တော်အခု လိုဖြစ်ဖူးတာ ဒီတစ်ချင်းတွေတင်မဟုတ်ပါဘူး။ တခြားသီချင်းတွေလည်း အဲလိုပါပဲ။ ငါ့ဆယ့်တစ်လမ်းမှာ သူငယ်ချင်းတွေ တစ်ညလုံး သောက်စားသုံဖြုန်းပြီး မနက်မိုးလင်းတော့ စားစရာမရှိ သွားစရာကားခမရှိနဲ့ တနေကုန်အားလုံး အိပ်နေခဲ့ရတုန်းက အိုးဝေရဲ့ “သက်တံတစ်ခုလိုပဲ၊ နင်ဟာငါ့မျက်စိအရှေ့ကနေ ပျောက်ကွယ်” ဆိုတဲ့ သီချင်းကို တစ်နေကုန်ဖွင့်ထားခဲ့မိတယ်။ နောက်ပိုင်းဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အဲဒီသီချင်းလေကို ပြန်ဖွင့်ပြီး နားထောင်ဖြစ်ခဲ့တယ်ဆိုရင် စိတ်တွေက အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ အတူတူ နေခဲ့ရတဲ့ အချိန်တွေကို ပြန်ရောက်သွားသလိုပဲ။

ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း များအဲလိုဖြစ်တာလား၊ သူများတွေရော ဖြစ်တာလား။ ကျွန်တော်သိချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းတွေကို မေးကြည့်မိပါတယ်။ သူတို့တွေလည်း အဲလိုမျိုးခံစားရတယ်တဲ့။ ကဲ ခင်ဗျားတို့ရော အဲလိုမျိုးခံစားဖူးလား ….

6 comments:

strike said...

အခုလိုဘူးသီးနုနု၊
အမွှေးသတ်ခံလိုက်ရသလို ဖြစ်သွားတာ ၁၁၊၁၂ ထဲကရည်းစားသနာထားချင်စိတ်တွေပေါ်ခဲ့လို့ကိုး။

sin dan lar said...

စဉ်းစားဆဲ

သဉ္ဇာ - Thinzar said...

ဟုတ်တယ်။ အဲလိုခံစားဖူးတယ်။ သီချင်းတစ်ပုဒ်ကို ကြိုက်ရင် သုံးလေးလလောက် အဲဒီတစ်ပုဒ်တည်း နားထောင်တယ်။ ပြီးရင် ရိုးသွားပြီး နားမထောင်ဖြစ်တော့ဘူး။ နောက် အဲဒီသီချင်းပြန်ကြားရင် ခဏခဏ နားထောင်ဖြစ်တုန်းက အကြောင်းအရာတွေ စိတ်ထဲမှာ ပြန်ပေါ်လာတယ်။

MANORHARY said...

း)

moe.thanzin.cho said...

အင်း.. ဟုတ်တယ်။ အင်္ကျီ ဆိုရင်လည်း ဒီလိုပဲ။ အဲဒီ အင်္ကျီ ၀တ်တိုင်း အဲဒီ အင်္ကျီရဲ့  အမှတ်တရ လေးတွေကို သတိရတယ်

sarkalay said...

ဟုတ်တယ်။
ကို Andy ရဲ့ blog မှာလဲ ဖတ်လိုက်ရတယ်။
http://wesheme.blogspot.com/2009/02/hormone.html
ခေါင်းစဉ်က မိုးချိုသင်းဟိုမုန်း
သွားဖတ်ကြည့်ဦးနော်။

There was an error in this gadget