Art is My Life: စာရေးရမှာ ပျင်းတဲ့ကျွန်တော် ..........

Monday, October 13, 2008

စာရေးရမှာ ပျင်းတဲ့ကျွန်တော် ..........

တကယ်တော့ ကျွန်တော်၊ တော်တော်ပျင်းပါသည်။ အိပ်ရာ စောစောထရမှာ ပျင်းပါသည်။ ကျွန်တော် စာကျက်ရမှာ ပျင်းပါသည်။ မိုးရေစက်လက် မိုးရွာထဲမှာ လမ်းလျှောက်ရမှာ ပျင်းပါသည်။ နေပူလျှင် အပြင်ထွက်ရမှာ ပျင်းပါသည်။ အလုပ်ကြမ်းတွေ လုပ်ရမှာ ပျင်းပါသည်။ ထိုကဲ့သို့ ကျွန်တော် တော်တော် အပျင်းကြီးပါသည်။ ကျွန်တော်ပျင်းတတ်သည် ဆိုတာကို ကျွန်တော်ကိုယ့် ကျွန်တော်ငယ်ငယ်ကတည်းက သိပါသည်။ သို့ရာတွင် စာရေးမှာကို ပျင်းလိမ့်မည်ဟု ထိုအချိန်က တွေးမထင်ခဲ့မိပါ။

ကျွန်တော်စာရေးမှာ တော်တော်ပျင်းသည် ဆိုတာကိုတော့ ၀ါသနာပါလှချည်ရဲ့ဆိုပြီး စာရေးခြင်းအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းသည့်အခါမှ သြော် .... ငါဆိုတဲ့ အကောင်စာရေးရမှာလဲ ပျင်းတာပဲ ဆိုတာကို သိလိုက်ရသည်။

ကျွန်တော်တို့ သတင်းထောက်လုပ်တုန်းက ဖြစ်သည်။ အယ်ဒီတာက သတင်းပေးပါ သတင်းပေးပါ။ သတင်းထောက်ဆီမှာ တစာစာ လိုက်တောင်းသည်။ သတင်းထောက်တွေကလည်း ကျွန်တော့်လိုပဲ စာရေးရမှာ ပျင်းကြသည်(လူတိုင်းကို မဆိုလိုပါ)။ ဒီနေ့ရတဲ့ သတင်းကို ဒီနေ့မရေးချင်ကြ။ နောက်ဆုံး ဖောင်ပိတ်ပြီ Last minute ရောက်မှ ပြူးကာ ပြာကာ ရေးကြသည်။ တစ်ပတ်လည်း မဟုတ် နှစ်ပတ်လည်းမဟုတ် အမြဲတမ်းဖြစ်သည်။ ထိုသို့ရေးနေရင်းက ဒီတစ်ပတ်တော့ တွက်ခြေကိုက်သွားပြီ ကျန်တာနောက်အပတ်မှ ရေးမည်ဆိုသော ကိုယ့်ထက်ပျင်းသည့် သတင်းထောက်များလည်း ရှိသေးသည်။ ထိုစဉ်က ကျွန်တော်ထင်မိသည်။ သတင်းမို့ ပျင်းတာဖြစ်မှာပါ။ လုံးခြင်းတွေ ပါတွေရေးရင်တော့ ပျင်းမည်မထင်ပါဘူး။ ထိုကဲ့သို့သာ လျှောက်တွေးနေသည်။ လုံးခြင်းရေးဖို့ ခေါင်းစဉ်ကို စဉ်းစားရမှာတောင် ပျင်းနေခဲ့သည်ကို ကိုယ့်ကို သတိမထားမိခဲ့။

တစ်ခါတစ်လေ ကိုယ့်ကို ပြန်မေးကြည့်မိသည်။ မင်းရန်ကုန်ကိုလာတာ ဘာလုပ်ဖို့လဲ။ ပြန်ဖြေကြည့်သည် စာရေးဆရာလုပ် မလို့။ စာရေးဆရာ လုပ်မယ်ဆိုရင် မင်းဘာကိုရေးမှာလဲ။ စာရေးဆရာ လုပ်မည်ဟု ပြောတော့သာ လွယ်သည်။ ရေးချင်တာတွေကလည်း များသည်။ ဘာကိုရေးမှာလဲ ဆိုတော့ လိုင်းတွေရွှေးနေတာနဲ့ ပင်အချိန်တွေက သုံးလေးနှစ်ကုန်သွားခဲ့သည်။ ထိုသုံးလေး နှစ်အတွင်း ကျွန်တော့်ခေါင်းထဲမှာတော့ လုံခြင်းအုပ်ရေပေါင်း မြောက်များစွာကို ရေးပြီးသွားပြီ။ သို့ပေမယ့် စာရွက်ပေါ်ကိုတော့ ရောက်လာခဲ့ခြင်းမရှိ။

တစ်နေ့တော့ ဆရာဖေမြင့်ရဲ့ ဂျက်လန်ဒန် အကြောင်းကို ဖတ်မိသည်။ ဂျက်လန်ဒန်သည် စာရေးဆရာ ဖြစ်ရန် ရေးစရာ ရှိချင်ရှိ မရှိချင်နေ တစ်နေ့ အနည်းဆုံး ငါးမျက်နှာတော့ရအောင် ရေးသည်ဟုဆိုသည်။ ထိုစာကို ဖတ်ပြီးချိန်တွင် မဖြစ်ချေဘူးဆိုပြီ ကျွန်တော် ခေါင်းထဲမှာ ရှိနေသော ၀တ္ထုလေးရဲ့ ဇာတ်လမ်း အစကို ပျိုးလိုက်သည်။ ငါးမျက်နှာ ပြီးပါသည်။ အပျိုးလေးကို ကျွန်တော်လည်း ကြိုက်ပါသည်။ ထို့အတူ ဆက်ရေးမည်ဟု ကတိက၀တ်ခံပြီး ဘလော့ဂ်ပေါ်မှာပင် ခပ်တည်တည်နှင့် ကောက်တင်လိုက်သေးသည် (ကြည့်ချင်ရင် ဒီနေရာကိုနှိပ်)။ သို့ပေမယ့် ကျွန်တော်ဆက်မရေး ဖြစ်ခဲ့ပါ။

ငယ်ငယ်တုန်းက တင့်ဆန်း ရေးသည့် စာအုပ်တစ်အုပ်ထဲတွင် သူသည် စာရေးရမှာ ပျင်းသည်ဟု ဖတ်ဖူးသည်။ ထိုစဉ်က ဒီလူနှယ် စာရေးဆရာ လုပ်နေပြီး စာရေးရမှာ ပျင်းရန်ကောဟု အပြစ်တင် ဝေဖန်ခဲ့ဖူးသည်။ ယခု ကိုယ်တွေ့ ကြုံတော့မှ အော် သူပြောတာ ဟုတ်ပေသားပဲဟု ထောက်ခံမိသည်။

တစ်ရက်တွင် ဇင်ယောက်နီ ရေးသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မင်းသိင်္ခကို အလုပ်အရမ်းပင်ပန်း နေပြီ မအိပ်သေးဘူးလာဟု ဇင်ယော်နီက မေးကြည့်သည်ဟုဆိုသည်။ မအိပ်သေးဘူး စာရေးဦးမယ်ဟု မင်းသိင်္ခက ပြန်ပြောသည်ဟု ဆိုသည်။ ထိုအခါ ဇင်ယော်နီက ဆရာကြီး ပင်ပန်းနေပြီ ဖြစ်တာကြောင့် အိပ်သင့်ပြီဟု တိုက်တွန့်သည့်အခါတွင် ပင်ပန်းလို့သာ စာမရေးပဲ အိပ်ခဲ့ရင် မင်းသိင်္ခ ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ဟု ဆရာ မင်းသိင်္ခက ပြန်ပြောခဲ့သည်ဟု ဆိုသည်။ ထိုဆောင်းပါးကို ဖတ်ပြီးတော့ ကျွန်တော် ရေးလိုက်ပါသေးသည်။ နှစ်ညသုံးည။ သို့ပေမယ့် ဆက်မရေးဖြစ်ခဲ့။

ထို့သို့ ထိုသို့ဖြင့် ပြန်စဉ်းစားကြည့်တော့ ရန်ကုန်ရောက်တာ ငါးနှစ်ကျော်လာခဲ့ပြီ။ ခြောက်လကို တစ်အုပ်ပြီးရင်တောင် စာအုပ်ဆယ်အုပ်ခန့် ပြီးစီနေလောက်ပြီ။ ယုခုတော့ တိုတိုမွမွ စာတွေက လွှဲလို့ အုပ်လိုက် ပြစရာ တစ်ခုမှမရှိ။ ထို့ကြောင့် ကျွန်တော်၏ အပျင်းများကို ပြင်ဆင်ပြီး ခေါင်းထဲမှ စာများကို ယခုအခါ ပြန်လည်ရေးသား နေသည်။ သို့ရာတွင် ဘယ်နှစ်ရက်ခံမည်ကား ကျွန်တော်ကိုယ် တိုင်မသိသေး။


4 comments:

uranusaquarian said...

ပျင်းတာတွေစာဖွဲ့ရမှာဖြင့် ဖွဲ့ရမှာတောင် ပျင်းပါတယ်ရှင်။ ကိုယ်ချင်းစာစိတ်နဲ့ ဖတ်သွားကြောင်းပါ။ လက်စတန်းလန်းများကို အမြန်ဆုံး ပြည်စုံအောင် လုပ်နိုင်ပါစေကြောင်းလည်း ဆန္ဒပြုပါသည်။

MANORHARY said...

စာရေးရမှာပျင်းရင်ခုလိုပဲဓါတ်ပုံလေးတွေတင်ပေးပေါ့..း)

s0wha1 said...

စာရေးပျင်းတာတော့ ကိုယ်တွေ့မို့ ကိုယ်ချင်စားတယ်။ ရေးလက်စတွေ ပုံထပ်နေလည်း လူက တုပ်တုပ်မလှုပ်ချင်။

MayThway said...

အစ်ကို ရေးတာကိုဖတ်ပြီး ဒီမှာ စာသင်ရတဲ့ဘ၀နဲ့လဲ ဘာမှမခြားပါလားလို့တွေးမိပါတယ်။ ကျောင်းသားတော်တော်များများက စာမေးပွဲအတွက် မနက်ဖြန်ထပ်ရမဲ့စာကို ဒီနေ့လိုမှ အသည်းအသန်ရေးကြပါတယ်။ အချိန်ဆွဲရတာကို ၀ါသနာပါတဲ့အပြင် အကျင့်တောင်ဖြစ်နေပြီလို့ ပြောတဲ့သူကလဲ ပြောပါတယ်။ အဲဒါနဲ့ ဟိုနေ့က အမှတ်မထင်ပဲ သူငယ်ချင်းတစ်ယောက်ရေးတာဖတ်မိပါတယ်။ “လုပ်စရာရှိတာတွေကို နောက်ဆုံးရက်ထိစောင့်ပြီးမှလုပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအချိန်တွင် အသက်နည်းနည်းပိုကြီးလာမည်။ ထို့ကြောင့်အနည်းငယ်ပို၍ မျှော်မြင်ဥာဏ်ရှိလာလိမ့်မည်“တဲ့။ သူရေးထားတာ အတိအကျ ကူးရေးပေးရရင် “I leave homework to the last day because I will be older and therefore wiser.” ရီစရာပြောတာပါ။