Art is My Life: ယောက်ဖကြီးသို့ ဒုတိယအကြိမ်

Thursday, October 16, 2008

ယောက်ဖကြီးသို့ ဒုတိယအကြိမ်

ကျွန်တော့်ကို ယောက်ဖကြီး ကျန်ရစ်ဂိန်က အချစ်အကြောင်း ရေးဖို့ပြောလာပါတယ်။ ကျွန်တော်မှာ အိုင်ဒီယာ မရှိတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ဒါစာမေးပွဲ စစ်တာဖြစ်နိုင်တယ်။ ကျွန်တော်အချစ် အပေါ်ကို ဘယ်လိုခံယူထားတယ် ဆိုတာ သိမှ ကျွန်တော့်လက်မှာ စိတ်ချလက်ချ အပ်လို့ရမှာလေ။ ဒါကြောင့် ကျန်ရစ်ဂိန်အတွက် ကျွန်တော်ရေးဖို့ စဉ်းစားပါတယ်။

တကယ်တော့ အချစ်ဆိုတာ ပီကယ်လိုအရာမျိုးရယ်ပါ
ဆိတ်ပါးလိုအငြိမ်မနေပဲ အမြဲတမ်းတလှုပ်လှုပ်နဲ့ဝါးနေရတယ်
စားခါစမှာတော့ မွေးရနံ့လေးတွေနဲ့ ပါးစပ်ထဲမှာ ချိုမြနေတယ်
ဒီလိုနဲ့ ၀ါးတာလဲကြာရော
မွှေးရနံ့လေးတွေပျယ် အချိုရည်တွေကုန်ပြီး
ဘတ်သပ်ဘတ်သပ်နဲ့ ဘာမှ သုံးမရတဲ့ သားရေဖတ်ကြီး အဖြစ်ကို ရောက်ရှိလို့ သွားပါတော့တယ်
(ကျော်စံကေး)
ကျွန်တော်ငယ်ငယ်က ပြောင်းရှင်းစာအုပ်ထဲမှာ ကျော်စံကေးရေးထားတာကို ဖတ်ဖူးတဲ့ အချစ်ဆိုတဲ့ အရာပါ


အချစ်ဆိုတာ ကောက်ရိုးမီးလိုပဲ
လောင်ကျွမ်းလွယ်တယ်
ကုန်လွယ်တယ်
နောက်ဆုံးမှာ ပြာဖြစ်သွားတယ်
အဲဒီပြာတွေက တစ်ခါတံရံမှာ ပတ်ဝန်းကျင်ကို အမှိုက်ရှုပ်စေတယ်
(စိုးဇေယျထွန်း)


အချစ်ဆိုတာ
သူ့နားမှာနေ သူ့လိုအင်တွေကို
ဖြည့်ဆည်းခွင်ရရင် ကျေနပ်နေတဲ့ ပိတိလေးတစ်ခုပေါ့
အဲဒီပိတိကို အချစ်လို့လို့ ခေါ်ကြတယ်
(စိုးဇေယျထွန်း)

အချစ်ဆိုတာ . . . .
နှလုံသားကို သစ်စေ့လို့ပြောမယ်ဆိုရင်
လူစိမ်းတစ်ယောက်ရဲ့ မေတ္တာက ရေလေးတွေဖြစ်မှာပေါ့
လူတစ်ယောက်ရဲ့ နှလုံးသားပေါ်ကို လူစိမ်းတစ်ယောက်ရဲ့ မေတ္တာရေတွေ သွန်းလောင်းတဲ့အခါ
အပင်တစ်ပင်ပေါက်လာတယ်
အဲဒီအပင်နာမည်က သံယောဇဉ်တဲ့
အဲဒီသံယောဇဉ် အပင်က အချိန်တန်တော့ အပွင့်ပွင့်တယ်
အဲဒီအပွင့်နာမည်က အချစ်လို့ ခေါ်တယ်
တကယ်လို့များ အချိန်တွေကြာငြောင်းလို့ အဲဒီအပွင့်လေးတွေ ကြွေကျသွားခဲ့ရင်တောင်
အပွင့်ရဲ့မွှေးရနံ့လေးတွေက ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတတ်တယ်
အဲဒီမွေးရနံ့နာမည်က အကြင်နာတဲ့
(စိုးဇေယျထွန်း)


အချစ်ဆိုတာ . . .
လူသည်ဆင် အချစ်သည်မျက်မမြင်ပုံဏား
မျက်မမြင်ပုံဏားတွေက မိမိစမ်းသပ်မိတဲ့ အစိတ်ပိုင်းကို ဆင်လို့ပြောသလို
လူတွေကလည်း ကိုယ်နဲ့ထိတွေ့ခဲ့တဲ့ ခံစားမှုတွေကို အချစ်လို့ ထင်ကြတယ်
ဒါကြောင့် လူတစ်ချို့ကပြောတယ် အချစ်က ခါးတယ်
လူတစ်ချို့က ပြောတယ် အချစ်က ချိုမြိန်တယ်
လူတစ်ချို့က ပြောတယ် အချစ်ကခါးလည်းခါးတယ် ချိုလည်းချိုတယ်
တကယ်တော့ ....
အချစ်မှာ ခါးခြင်းလည်းမရှိသလို ချိုခြင်းလည်းမရှိဘူး
တကယ်တော့
အချစ်မှာ ကြင်နာခြင်းဆိုတာ မရှိသလို ရက်စက်ခြင်းဆိုတာမရှိဘူး
တက်တယ်တော့
အချစ်ဆိုတာ စွမ်းအားတစ်ခုပဲ
ဥပမာပြောရင် မော်တော်ဆိုင်ကယ်တစ်စီးနဲ့တူတယ်
သင်ဘုရားကို လမ်းလျှောက်သွားရင် ကြာလိမ့်မယ် မော်တော်ဆိုင်ကယ်နဲ့ဆိုရင် ပိုမြန်တယ်
အဲလိုပဲ
သင်အရက်ဆိုင်ကို လမ်းလျှောက်သွားရင် ကြာလိမ့်မယ် မော်တော်ဆိုင်ကယ်နဲ့ဆိုရင် ပိုမြန်မြန်ရောက်တယ်
ဒါပေမယ့် မော်တော်ဆိုင်ကယ်ကို စည်းမရှိကမ်းမရှိ မောင်းရင် ရဲဖမ်းလိမ့်မယ် ဒါဏ်ရိုက်လိမ့်မယ် အခန့်မသင့်ရင် အသက်ဆုံးရှုံးရလိမ့်မယ် ။

မောင်ကျန်ရစ်ဂိန်ရေ ဆက်ရေးရင်တော့ ကျမ်းတစ်စောင် ဖြစ်လာလိမ့်မယ်။ အဲခါကျရင် လူတွေက ၀ယ်ဖတ်လိမ့်မယ်။ မလောက်လို့ ပုံနှိပ်စက်မှာ ထပ်ရိုက်ရလိမ့်မယ်။ ပုံနှိပ်စက်မှာ ထပ်ရိုက်ရင်းရိုက်ရင်း ကမ္ဘာပေါ်က စက္ကူတွေကုန်သွားလိမ့်မယ်။ စက္ကူတွေ ကုန်ရင် ၀ါးပင်တွေထပ်ခုတ်။ နောက်ဆုံးကျရင် ကမ္ဘာပေါ်မှာ ၀ါးပင်တွေ မျိုးတုန်းသွားလိမ့်။

အဲဒီအခါကျရင် တရားခံတွေဖြစ်တဲ့ ခင်ဗျားကျုပ်တို့ သမီးယေက်ဖ နှစ်ယောက်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက တရားစွဲလိမ့်မယ်။ မကောင်းဘူး။ အဲဒါကြောင့် ဒီနားတင်ပဲ ရပ်လိုက်ပြီနော်။

2 comments:

Han Thit Nyeim said...

တယ်ဆိုတဲ့ စာပါလားဗျို့။ ညီမကို ထိခိုက်တာကလွဲရင် ကျန်တာ အကုန်ကောင်းတယ်။

ဒူကဘာ said...

ဘတ်သပ်ဘတ်သပ် နဲ့ ပြာတွေကို ရှင်းနေရတယ် ဆိုတာ တယ်မှန်တာပဲ....