Art is My Life: November 2007

Friday, November 30, 2007

တော်တော်ဆိုးတဲ့ ဒုက္ခ

စကားမစပ် ပြောရဦးမယ်။ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကလေ . . ..

မနက်ကို ကျောင်းသွားမလို့ ကြည့်လိုက်တော့ ပိုက်ဆံအိတ်က ဟောင်းလောင်းကြီး ဟိုနားရှာ ဒီနားရှာလုပ်တော့ ပိုက်ဆံ သုံးဆယ်ရတယ်။ အဲဒီ မြန်မာငွေ သုံးဆယ်နဲ့တော့ မဖြစ်သေးပါဘူး ဆိုပြီ အိပ်နေတဲ့ တစ်ကောင်ကို နိုး ပိုက်ဆံ ချဉ်းတော့ တစ်ထောင်တန်းလေး တစ်ရွက်ထုတ်ပေးတယ်။ အဲဒီတစ်ထောင်တန်း လေးကို ဘောင်ဘီ အိတ်ထဲ ထည့်ပြီး ၄၈ မီနီဘတ်ပေါ် တက်လာခဲ့တယ်။

ကားခပေးမယ်လို့ ထုတ်လိုက်တော့ ဘောင်ဘီ အိတ်ထဲက ခြင်္သေ့က ဘယ်နားလေး ခုန်းဆင်းနေခဲ့လဲ မသိဘူး။ မရှိတော့ဘူးဗျာ။ အဲဒီတော့ သိလိုက်ပြီ သောက်ရှက်ကတော့ ကွဲကိန်းဆိုက်တော့မယ်။ အရှက်တော့ အကွဲမခံဘူးဗျို့ ခပ်တည်တည်နဲ့ ဘေးလွယ်အိတ် ထဲလက်နိုက် တောင်စမ်းမြောက်စမ်း လုပ်လိုက်တယ်။ အဲလို စမ်းတာလည်း ကြာရော ကားစပါယ်ရာ မစောင့်နိုင်လို့ အရှေ့ဆက်သွာတယ်။

စမ်းတာစမ်းနေရတာ သိနေတာပဲလေ။ ကိုယ့်အိတ်ထဲမှာ မြန်မာငွေ သုံးဆယ်ပဲ ပါလာတာကိုး။ စမ်းလဲ မထူးပါဘူး။ နောက်တော့ စမ်းရင်းစမ်းရင်း အ၀ိုင်းလေ သုံးခုကို သွားစမ်းမိတယ်။

သတိရပြီ။ တရာတန် အကြွေစေ့လေး သုံးခု။ လိုချင်လွန်းလို့ ရုံးက ကောင်ဆီက ခိုးထားတာ။ စပါယ်ရာလဲ အနားလည်း ပြန်ရောက်ရော စောစောက အကြွေသုံးစေ့ထဲက တစ်စေ့ပေးလိုက်တယ်။ စပါယ်ရာက အကြွေစေ့လေးကို သဘောကျပြီး ယူသွားလေရဲ့။

အဲဒီအကြွေစေ့တွေက ကျွန်တော့်လက်ထဲကို လွယ်လွယ်နဲ့ ရောက်လာ တာတော့မဟုတ်ဘူး။ ရုံးက တစ်ကောင်က လက်ဖက်ရည်ဆိုင်က ရလာတာ။ အဲဒါကို ကျွန်တော် မြင်တော့ လိုချင်တယ်။ လိုချင်လို့ တောင်းတော့ သူကမပေးဘူး။ မပေးတော့ ၀ယ်တယ်။ တစ်စေ့ တစ်ထောင်တဲ့။ ကြီးကြီး ကျယ်ကျယ်နဲ့ မပေးဘူး။ သူအိပ်မှ အသာလေးခိုး ထားလိုက်တယ်။

သူအကြွေစေ့တွေ ပျောက်တာကို ချက်ခြင်း မသိသေးဘူး။ နှစ်ရက်သုံးရက်လောက် နေမှသိတာ။ ပျောက်မှန်းလဲ သိရော ကျွန်တော်ခိုးမှန်း တန်းသိတယ်ဗျ။ လာမေးသေးတယ်။ ခပ်တည်တည်နဲ့ ဟောက်လွတ်လိုက်တော့ ထပ်မပေးရဲတော့ဘူး။ ဒါပေမယ့် ဒီလူနဲ့ ဒီလူရှိတာ။ ကျွန်တော်မယူရင် ဘယ်သူမှ မယူမှန်းသိပေမယ့် သိပေမယ့် သက်သေ မရှိတော့ လှည့်သွားလေရဲ့။

ကျောင်း အပြန်ကျတော့လဲ ဘာထူးမှာလဲဗျာ ကျန်တဲ့ အကြွေစေ့လေး နှစ်ပါးသွားခဲ့ရတယ်။ အခုတော့လဲဗျာ ခဲရာခဲဆစ် ခိုးထားတဲ့ အကြွေစေ့လေးတွေ ဘတ်စကားခ ဖြစ်သွားပြီ။ နှမြောလိုက်တာ။

Read More...

ချယ်ဆီးကို စိန်ခေါ်တော့မှာလား

`ဟော့ရောင်ထထ´

ကျွန်တော်ကို လှုပ်နိုးသံကြောင့် အိပ်နေရာက မျက်လုံးကိုဖွင့်လိုက်တယ်။ ကြည့်လိုက်တော့ ကျွန်တော့် အယ်ဒီတာ။

`ဘော့လုံး အဖွဲ့ချုပ်က ဖုန်းဆက်တယ်။ အထူးသတင်းစာ ရှင်းလင်းပွဲရှိလို့တဲ့၊ သွားတော့ အခုချက်ခြင်း´
`ဟုတ်ကဲ့´

ကျွန်တော် ကင်မရာလေးကိုဆွဲပြီး မြန်မာနိုင်ငံ ဘော့လုံး အဖွဲ့ချုပ်ရုံး တည်ရှိရာ ဝေဇယန္တာလမ်း အိုလံပစ် ဟိုတယ်ကို ထွက်လာခဲ့တယ်။ အစည်းဝေး ခန်းမထဲရောက်တော့ လူကတော်တော်လေး စုံနေပြီ။

ခါတိုင်းမတူပဲ တမှုထူးခြားတာက ကင်မရာမင်းတွေက ထန်းလျှက်ခဲ ပုရွက်ဆိတ်အုံသလို အရှေ့ဆုံးမှာ အရာဝတ္တုတစ်ခုကို အသည်းအသန် ၀ိုင်းရိုက်နေကြတယ်။

မာဒေးကား ဖလားမှာ မြန်မာ ဗိုလ်စွဲလာတုန်းကတောင် ကင်မရာမင်းတွေ ဒီလောက် မအုံကြပါဘူး ဘာဖြစ်လို့ ဒီလောက် အသည်းအသန်ဖြစ်နေပါလိမ့်။

အရှေ့ဆုံးမှာ ထိုင်နေတာက အဖွဲ့ချုပ်ဥက္ကဌ သူ့ဘေးမှာက နိုင်ငံခြားသား တစ်ယောက်ဗျ။ ကျွန်တော် တွေ့ဖူးတဲ့ နိုင်ငံခြားသား တော်တော် များများက စမတ်ကျကျ ၀တ်ကြပါတယ်။ ဒီလူကတော့ ညင်းသိုးသိုးနဲ့ ဆံပင်ကလည်း ဘုတ်သိုက်ကြီး။

ခဏလောက်နေတော့ အခမ်းနားစပါတယ်။ အခမ်းအနား စတယ်ဆိုရင်ပဲ ဥက္ကဌက စကားပြောပါတယ်။

`အခုလို လူကြီးမင်းတို့ကို အရေးတကြီး ခေါ်ပြီး ရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းက၊ မကြာမှီမှာ ကျင်းပတော့မယ့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ ၀င်ပြိုင်မယ့် မြန်မာ ဘော့လုံး အသင်းအတွက် နည်းပြချုပ် အသစ်ခန့်လိုက်တဲ့ အကြောင်း ပြောဖို့ပါပဲ။
ဟေ့ဒီဘက်က ထိုင်နေတာတော့ ကျွန်တော် နည်းပြချုပ်အသစ်ပါ´

အဲလိုလဲ မိတ်ဆက်ပေးရော ညင်းသိုးသိုးနဲ့ နိုင်ငံခြားသားက ခေါင်းငြိမ့်ပါတယ်။

`သူကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးဖို့ မလိုပါဘူး။ အားလုံး သိပြီးသားဖြစ်တဲ့ အတိုင်း ချယ်ဆီး အသင်းရဲ့ နည်းပြ ဟောင်း မော်ရင်ညိုပဲဖြစ်ပါတယ်´

`ဘာ´
ကျွန်တော်အံသြသွားတယ်။ အဲဒါကြောင့် ဘေးက ကောင်ကို လက်တို့မေးရတယ်။
`မော်ရင်ညိုဆိုတာ သူလား´
`အင်းလေ။ မင်းကလဲ သတင်းထောက်လုပ်နေပြီး ဒါလေးတောင် မသိဘူးလား´
`သိပါတယ်ကွ။ တလင်းအုံမှာ နို့ဆီခွက် ဂိုးတိုင်လုပ်ပြီး ကန်တုန်းက ဒီကောင်က ဘော့လုံးကောက် အဆင့်ပဲရှိတယ်။ အခုမှ ....... ´
`ရူးတိုးတိုး....... ဟိုမှာ စကားပြောတာ နားထောင်´

အဖွဲ့ချုပ်ဥက္ကဌ ပြီးတော့ မော်ရင်ညိုက မြန်မာ ဘော့လုံး အသင်းကို နည်းပြလုပ်ဖို့ ဖြစ်တဲ့ အကြောင်းကို ရှင်းပြပါတယ်။

`My Name is Mourinho´
ကျွန်တော့် နာမည်မော်ရင်ညိုပါ။ ကျွန်တော် ဒီကို ပြောင်းရွေ့လာတဲ့အကြောင်း ကတော့ နှစ်ချက်ရှိပါတယ်။ တစ်အချက်ကတော့ ကျွန်တော်က လူဝင်စား တစ်ယောက်ပါ။ ကျွန်တော်ဟာ မြန်မာလူမျိုး တစ်ဦး သေလို့ ၀င်စားတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဘ၀ဟောင်းက ကိုယ့်လူမျိုးတွေကို ကိုယ်တတ်နိုင်သလောက် ပေးဆပ်ချင်တာ ကြောင့်လခ မယူပဲ နည်းပြလာလုပ်တာပါ။

နောက်တစ်ချက်ကတော့ ကျွန်တော့်ရဲ့ အစွမ်းအစကို ပြချင်တာပါ။ ကျွန်တော်ဟာ ဘော့လုံး အသင်းတစ်ခုကို အသင်းကောင်း တစ်ခု ဖြစ်လာဖို့ ဘယ်လောက်ထိ ပံ့ပိုးနိုင်စွမ်းအားရှိတတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အရည်အချင်းကို ကမ္ဘာက သိအောင်။ အထူးသဖြင့် ချယ်ဆီး အသင်း ဥက္ကဌ Roman Abramovich သိအောင် ပေါ့လေ။

လူကြီးမင်းတို့ကို နောက်ထပ် ပြောပြချင်တာကတော့ ကျွန်တော့်ရဲ့ တိုက်လောင်းပလင် မြန်မာ ဘော့လုံးအသင်း အတွက် အနာဂတ် အစီအစဉ်ပါ။ အခု အရှေ့တောင် အာရှ ပွဲမှာ အိမ်ရှင်ထိုင်းကို ဂိုးပြတ်ကန်ပြီး ဖလားရအောင် လုပ်ပေးမယ်။ ပြီးတာနဲ့ ကျွန်တော် မြန်မာ ပြည်အနှံ့လှည့် လည်ပါမယ်။

အဲလို လှည့်လည်ပြီး အသက် ကိုးနှစ်နဲ့ ဆယ့်နှစ်နှစ် ကြားမှာ ရှိတဲ့ ကလေး ဘော့လုံး ခြောက်သင်းစာကို ရွေးပါမယ်။ ရွေးပြီးတာနဲ့ အဲဒီကလေးတွေကို ကန့်သွင်းပါမယ်။ ကျွန်တော် လုပ်ငန်းက ၂၀၀၈ မှာ စမှာဆိုတော့ နောက် ငါးနှစ်အကြာ ၂၀၁၃ ရောက်ရင် အဲဒီ ခြောက်သင်းထဲက လေးသင်းစာ ထပ်ရွေးပါမယ်။ အဲဒီကနေ နောင်လေးနှစ်အကြာ ၂၀၁၇ ရောက်ရင် လေးသင်းကနေ နှစ်သင်းစာ ပြန်ရွေးပါမယ်။

အဲဒီအချိန်ရောက်ရင် ကလေးတွေလဲ အသက် ၁၈ နှစ်ကနေ ၂၂ အရွယ်တွေ ဖြစ်ပြီး၊ အဲဒီ အသင်းဟာ လူငယ်ထဲမှာ ဆိုရင် ကမ္ဘာ့အကောင်း အဆုံး အသင်းတစ်သင်းဖြစ်နေပါပြီ။ အဲဒီ လူငယ်အသင်းကနေ ကိုယ်စားပြုပြီ၊ အရှေ့တောင် အာရှတင်မဟုတ်ပါဘူး အာဆီယံ ချန်ပီယံရှစ် အာရှချန်ပီရှစ် အစရှိတဲ့ ဖလားတွေကို ရယူပေးပါလိမ့်မယ်။

နောက်ထပ် သုံးနှစ်အကြာ ၂၀၂၀ ခုနှစ်ကို ရောက်ပြီဆိုရင်တော့ အဲဒီနှစ်သင်းကို တစ်သင်းစာ ရွေးထုတ်ပြီး ထပ်မံလေ့ကျင့်ပါမယ်။ အဲဒီအသင်းဟာ ၂၀၂၂ ရဲ့ ကမ္ဘာ့ဖလားကို မြန်မာ နိုင်ငံကိုယ်စား အရယူပေးပါလိမ့်မယ်။

ဒီစီမံကိန်းဟာဆိုရင် ၂၀၀၈ ခုနှစ်ကနေ ၂၀၂၂ အထိ ၁၄ နှစ်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ကျွန်တော်က ၁၉၆၃ ဇန်န၀ါရီ ၂၆ ရက်နေ့မှာ မွေးတာ ဆိုတော့ အခုမှ ကျွန်တော့် အသက်ဟာ ၄၄ လေးပဲ ရှိသေးတာ မို့ နောက်ထပ် ၁၄နှစ် ဆိုတာ ကျွန်တော့် အတွက် ကောင်းကောင်းကြီး အချိန်ရပါသေးတယ်။ ဖာဂူဆန် ဘယ်လောက် အောင်မြင်တယ် ဆိုဆို ကျွန်တော့်လို အခွင့်ရေး မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ၁၉၄၁ ဒီဇင်ဘာ ၃၁ မှာမွေးတယ်။ အခုပဲ အသက် ၆၆ နှစ်ရှိနေပြီ။ အလွန်ဆုံး သူ နေနိုင်လှ နောက်လေးနှစ်ပေါ့ဗျာ။

ကျွန်တော် စကားကို ဒီနေရာမှာ ပဲ အဆုံး သတ်ပါရစေ။

`ကျွန်တော်တို့ အောင်မြင်ရမယ် !´

မော်ရင်ညို အလန့်တကြား အော်သံလဲ ဆုံးရော လူတွေ လက်ခုပ်ကို အားရပါးပါးရတီးကြတယ်။ ကျွန်တော်လဲ လိုက်တီးလိုက်တယ်။

အဲအဲ တီးနေလို့ မဖြစ်သေးဘူး။ စောစောက သူ့ကို မော်ရင်ညိုမှန်း မသိလို့ ဓာတ်ပုံ မရိုက်ထားလိုက်ဖူး။ သွားရိုက်ဦးမှ ..............

အဲဒီအချိန်မှာ ဖုန်းက ၀င်လာတယ်။

`ဘာ´
သာကေတ ဘက်မှာ မီးလောင်တယ်ဟုတ်လား။ အေးအေး ငါအခု လာခဲ့မယ်။

ဘယ်နယ် ဆောင်တွင်းကြီး မီးလောင်ရတယ် လို့ပ။ ကျွန်တော် မျက်နှာလေးကို ကပျာကရာသစ်။ ကင်မရာလေးကိုဆွဲပြီး အိမ်မှုံစုံမွားနဲ့ တိုက်အောက်ကို ပြေးဆင်းခဲ့တယ်။ ဆောင်းမနက်ခင်းမို့ လားမသိဘူး ပတ်ဝန်းကျင်းမှာ မြူလေးတွေ ဆိုင်းလို့ .............

ယခု ပို့ဖြစ်မြောက်ရေး အတွက် အချက်အလက်များ ရှာဖွေ ပေးသော ကိုမျက်လုံးကို အထူးကျေးဇူးတင်ရှိပါသည်။




Read More...

Tuesday, November 27, 2007

မျိုးမျိုးခိုင် အနှုပညာရှင်များကို ၀န်ချတောင်းပန်ရ .......

အဆိုပါ နေ့က ရောက်ရှိလာသည့် သရုပ်ဆောင် အချို့


အခုတတော့ ပြင်ပမှာ ပြန့်နှံ့နေတဲ့ ရုပ်ရှင်သရုပ် ဆောင်နန္ဒာလှိုင်နဲ့ ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်တို့ တယ်လီဖုန်းကနေ တစ်ဆင့် ပြောခဲ့တဲ့ စကားတွေအတွက် မျိုးမျိုးခိုင်က ရုပ်ရှင်လောက သားများကို လက်မှတ်ရေးထိုး တောင်းပန်ခဲ့ရပါတယ်။

“ထိုမှားယွင်းစွာ ပြောဆိုမှုများနှင့်ပတ်သက်၍ အထက်ပါအနုပညာရှင်များမှာ များစွာ ထိခိုက်နစ်နာခြင်းများ ရှိခဲ့ပါသောကြောင့်ကျွန်မ အနူးအညွတ်တောင်းပန်အပ်ပါသည်” ဟု ပါရှိသည့်တောင်းပန်လွှာကို ယခုလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ သရုပ်ဆောင်များရှေ့တွင် သရုပ်ဆောင် မျိုးမျိုးခိုင်က လက်မှတ်ထိုး ပေးအပ်ခဲ့ပါတယ်။

သတင်းအပြည့်အစုံ
www.yangonmedia.com ရဲ့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Read More...

Monday, November 26, 2007

ဇီဝဇိုး နှင့် ဠင်းတ


ဇီဝဇိုးနှင့် ဠင်းတတို့သည် ခြေထောက် နှစ်ချောင်း အတောင်ပံတစ်စုံစီ နှင့် ကောင်းကင်တွင် ပျံသည့် ငှက်ချင်း အတူတူ ဖြစ်ကြသည်။ သို့ရာတွင် ……….

* * * *

ကျွန်တော်တို့ ဆယ်တန်း အောင်သည့်နှစ်က နှစ်လုံးထီ အကြီးအကျယ် ခေတ်စား လိးုက်သေးသည်။ ထိုနှစ်လုံးထီသည် ယခု အများသူ ငှာထိုးနေကြသည့် ထိုင်း စတော့ဈေးကွက် ကိန်းဂဏန်းများကို ယူခြင်းမဟုတ်ပဲ၊ အစိုးရ ဖွင့်လှစ်သည့် အောင်ဘာလေ သိန်းငါးဆယ်ဆု၏ နောက်ဆုံး နှစ်လုံးကို လောင်းကြသည့် နှစ်လုံးထီ ဖြစ်သည်။ ထိုစဉ်က တစ်လလျှင် ထီတစ်ကြိမ်ဖွင့်၍ တစ်ကြိမ်လျှင် ခုနှစ်ရက်ကြာသည်။

ထိုစဉ်က လူတိုင်းနှစ်လုံးထီ ခေတ်ဖြစ် နေသည်။ ထို့ကြောင့် နှစ်လုံးထီကို ကော်မရှင် ယူရောင်းသူများ အလုပ်တော်တော် ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့လို ဆယ်တန်းဖြေပြီး ခါစ ကျောင်းသား တော်တော်များများ နှစ်လုံးထီ ရောင်းကြသည်။ ထိုသို့ ရောင်းကြသည့် အထဲတွင် အဝေးသင် တက်နေသူများလည်း ပါဝင်သည်။

ထိုစဉ်က နှစ်လုံးထီ ရောင်းခြင်းအားဖြင့် မိသားစု အိမ်စားရိတ်ကို ကာမိရုံမျှမက၊ သုံးလေးလလောက် နှစ်လုံးထီ ရောင်းရုံဖြင့် မုံရွာတွင် အဝေးသင်တစ်လ သွားတက်ရသည့် စားရိတ်ပါရသည်။

ကျွန်တော်တို့ အုပ်စုထဲမှာ ဆိုလျှင်လည်း နှစ်လုံးထီ ရောင်းသော သူငယ်ချင်းမှာ ငွေရွှင်ကြသည်။ ဘာပဲဖြစ်ဖြစ် သိပ်အပင်ပန်းကြီး လုပ်စရာမလိုပဲ ပိုက်ဆံ အေးအေး ဆေးဆေး ရသည့်အလုပ်ဖြစ်သည့် အတွက် ကျွန်တော်လဲ ရောင်းချင်သည်။

သို့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မရောင်းဖြစ်ခဲ့ပါ။ အောင်စာရင်း ထွက်ပြီးတော့ ရန်ကုန် ရောက်လာသည်။ ရန်ကုန်ရောက် ရောက်ခြင်း ပထမဆုံး ရသည့် လစာမှာ မြန်မာငွေဖြင့် ကျပ်ရှစ်ထောင်သာ ရှိသည်။ နယ်မှာ ကျန်ခဲ့သည့် သူငယ်ချင်းမျာ နှင့် ဖုန်းပြောဖြစ်တော့
“အဲ ဒါကြောင့် မင်းကို ပြောတယ် ရန်ကုန်မသွားပါနဲ့ လို့ဆို . . . ”


* * * * *

အချိန်က ဒုတိယ ကမ္ဘာစစ် မတိုင်မှီ၊ ဥရောပတစ်လွှားတွင် နာဇီ စစ်သည်များ ထောင်လွှားနေကြ သည့်ဖြစ်သည်။
“ဆုန်” သည်ငယ်ရွယ်ပြီး သွက်လက်သူတစ် ယောက်ဖြစ်သည်။ မျိုးချစ်စိတ်လည်း အပြည့ှ်ရှိသည့် “ဆုန်”၏ ငယ်အိပ်မက်မှာ စစ်ဗိုလ်ကြီးတစ်ယောက် အဖြစ် ဘ၀ကို ရပ်တည်သွားရန် ဖြစ်သည်။

“ဆုန်” စစ်ထဲဝင်ဖို့ အဆင်သင့် ဖြစ်သည့် အရွယ်ရောက်သော အခါတွင် မိခင်က ဘာမှ မပြောသော်လည်း ဖခင်ဖြစ်သူက စစ်ထဲမ၀င်ဖို့ရာ ဖျောင်းဖျ ပြောဆိုသည်။
“ ငါ့သား မင်းမှာ တိုင်းပြည်အတွက် အသက်ပေးရဲတဲ့ သတ္တိရှိတာကို အဖေဂုဏ်ယူပါတယ်။ ဒါပေမယ့် မင်းအဲဒီ အသိုင်း အ၀ိုင်းထဲရောက်ရင် မဟုတ်တာ လုပ်ရတော့မယ်။ ပြီးတော့ မင်းက သူများလို မဟုတ်တာ လုပ်တတ်တဲ့ လူလဲမဟုတ်ဘူး။ အဲဒီတော့ သူများတွေ မဟုတ်တာလုပ်နေ ကြတဲ့ အချိန်မှာ မင်းက စာအုပ်ကြီးလို မဟုတ်တာ မလုပ်ပဲ နေမယ်ဆိုရင်လည်း မင်း ထမင်းငတ်သွားမှာ။ အဲဒါကြောင့် မင်းက သူများလို မဟုတ်တာကို မဖြစ်မနေ လိုက်လုပ်ပြန်ရင်လည်း မင်းရဲ့ ပင်ကိုဖြူစင်မှုလေးတွေ ညစ်နွမ်းသွားကုန်မယ်။”

နောက်တော့ “ဆုန်” စစ်ထဲ မ၀င်ဖြစ်လိုက်ပါ။ ကျောင်းဆရာ အလုပ်ဖြစ် ကျေးရွာတွင် စာသင်ရင်း၊ စစ်ပြီးသော အခါတွင် ဂျာမနီနိုင်ငံ၏ စံပြကျောင်းဆရာ တစ်ယောက် ဖြစ်လာသည်။

* * * *

တကယ်တော့ ကျွန်တော် ပတ်ဝန်းကျင်တွင် အလုပ်အကိုင် များစွာ ရှိပါသည်။ ကောင်းတဲ့ အလုပ်ဖြစ်စေ ဆိုးတဲ့ အလုပ်ဖြစ်စေ။ ဘယ်အလုပ် ကိုပဲလုပ်လုပ်။ အောင်မြင်မှုရဖို့ ဆိုရင်တော့ ကြိုးစားမှသာ ရမည်ဖြစ်သည်။

တစ်ခုရှိတာက အလုပ်အလွယ်ရလို့ မကောင်းတဲ့ အလုပ်ကို လုပ်ခဲ့မိရင် ကြိုးစားရတာခြင်း အတူတူ ကိုယ်က ဆိုးတဲ့လူ ဖြစ်သွားပြီ။ အဲလို အလုပ်မျိုးမှာတော့ များများ ကြိုးစားလေး များများ ဆိုးလေဖြစ်သည်။


သမ္မလင်ကွန်းသည် သမ္မတ တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရသလို၊ ဘင်လာဒင်သည်လည်း ဘင်လာဒင်ဆိုသည့် နာမည်ကိုတော့ လွယ်လွယ်ဖြင့်ရခဲ့သည် မဟုတ်ပါ။ သို့ရာတွင် သမိုင်း၌ လင်ကွန်းသည် လူတော်လူကောင်း ဖြစ်၍ ဘင်လာဒင်သည် လူဆိုးကြီး ဖြစ်သည်။


* * * *

ကောင်းကင်မှာ ပျံကြသည့် ငှက်ချင်းအတူတူ ဇီဝဇိုးငှက်သည် တိမ်ညွှန့်ကိုစား၍ ဠင်းတသည် ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ အော့အံရသည့် အပုတ်အစပ်များကိုသာ စားသည်။

တစ်ခုရှိတာက အပုတ်စာများသည် အပုတ်များ စွန့်ပစ်လေ့ရှိသည့် နယ်မြေတွင် အလွယ်တကူရှာဖွေ စားသောက်နိုင်သော်လည်း တိမ်ညွန့်ကိုမှု နေရာတိုင်းတွင် အလွယ်တကူ တွေ့ရမည် မဟုတ်ပါ။

တိမ်ညွန့်ကို စားချင်ရင်တော့ ကောင်းကင်အထိ ရောက်အောင်ပျံကြရမည်ဖြစ်သည်။

Read More...

Sunday, November 25, 2007

ပျော်ရွှင်ဖွယ်ရာ လတန်ဆောင်တိုင်

နေ၀င်ခါစ ကရ၀ိက်အလှ

မျှော်စင်ကျွန်းက ဖျော်ဖြေပွဲ


လာကြည့်ကြတဲ့ ပရိတ်သတ်တွေ


မီးရောင်အောက်က ကရ၀ိက်အလှ


တန်ဆောင်တိုင်ညမှာ သာတဲ့လ


မှတ်မှတ်ရရ မယ်ဇယ်လီဖူးသုပ် မစားရတဲ့ တန်ဆောင်တိုင် တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါပဲရှိသေးတယ်။

Read More...

Wednesday, November 21, 2007

အလွမ်းစိပ်သူ

ကောင်မလေးရေ . . ..
မတွေ့တာကြာတော့ လွမ်းလာတယ်
လွမ်းပါများတော့ ငါ့ရင်မှာအလွမ်းတွေဝေလို့

အဲဒီအလွမ်းတွေကို
ပုတီးလိုသီပြီး
ဘ၀ဆိုတဲ့တိုင်ကြီးမှာ ချိတ်ဆွဲထားလိုက်တယ်

သတိရရင်
နင့်နာမည်ကို ဂါထာလိုရွတ်
အလွမ်းတွေကို ပုတီးလိုစိတ်ပြီး
ချစ်တဲ့စိတ်ကို ဖြေသိမ့်လိုက်တယ်

ကောင်မလေးရေ
တကယ်တော့ငါဟာ အလွမ်းတွေကိုပုတီးလိုစိပ်တဲ့
အလွမ်းစိပ်တဲ့ လူပေါ့ကွယ်

Read More...

Html အပိုင်းနှစ်

ပြီးခဲ့တဲ့ အပတ်က
MTML ရဲ့ အခြေခံ ကုဒ်တွေကို ပြောပြီးသွားပါပြီ


<html>
<head>
<title>Hello
</title>
</head>
<body> How Are You. Good Morning. Hellow World. How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning.

Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World
</body>
</html>

အထက်မှာ ဖော်ပြထားတဲ့ အတိုင်း စာပိုဒ်နှစ်ပိုဒ် လောက်ရေးကြည့်လိုက်ပါ။ ပြီးရင် ဆေ့ပြီး ဖွင့်ကြည့်လိုက်ပါ။

ပေါ်လာတဲ့ စာသားတွေဟာ တစ်ပိုဒ်တည်း ဖြစ်နေတာကို တွေ့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ HTML ကရေးသမျှ စာတွေကို အင်းတားချပြီး စပိုဒ်ခွဲရုံနဲ့ အလုပ် မလုပ်ပါဘူး။ ပုံမှန်အား ဖြင့်တော့ စာရိုက်ပြီး စာကြောင်း တစ်ကြောင်းဆင်း ချင်ရင် အင်းတားကို နှိပ်ရတယ်။ MTML မှာတော့ စာကြောင်း ဆင်းချင်တိုင်း ဆင်းချင်းတိုင်း <br> ဆိုတဲ့ Tag လေး ထည့်ပေးရပါတ်။ <br> tag တစ်ခုထည့်တိုင်း ထည့်တိုင်းမှာ စာကြောင်း ထပ်ဆင်းပါတယ်။

HTML ရဲ့ မူလ နောက်ခံရောင်က အဖြူဖြစ်ပြီးတော့ မူလ စာသား အရောင်းကတော့ အနက်ရောင်ဖြစ်ပါတယ်။ အဲဒါကို နောက်ခံ အရောင်နဲ့ စာသား အရောင်ကို ပြောင်းချင်ဆယ် ဆိုရင်တော့<body> အဖွင့် တက်ထဲမှာ သွားပြီး attribute ကြေငြာပေးရပါမယ့်။
body ရဲ့ attribute ကို body tag ထဲမှာပဲရေးပေးရပါတယ်။ ဘယ်နေရာမှာ ရေးသလဲဆိုတော့ <body နဲ့ > အဲဒီကြားလေးထဲမှာ ရေးပါတယ်။

ဥပမာ တစ်ခု ရေးပြရရင်

<body bgcloor="#000000" text="#ffffff">
စောစောက ကျွန်တော်တို့ ရေးခဲ့တဲ့ စာပိုဒ်ထဲက body အဖွင့် Tag ထဲမှာ အခုလို သွားရေးလိုက်ရင် နောက်ခံ အရောင်က အမဲဖြစ်ပြီး စာသားက အဖြူ ဖြစ်သွားပါတယ်။
bgcolor ဆိုတာကတော့ နော်ကခံ အရောင်ကို ကြေငြာတာပါ။ Text ဆိုတာကတော့ စာသား အရောင်ကို ကြေငြာတာပါ။ ရေးရင် bgcolor="ကိုယ့်ထည့်ချင်တဲ့အရောင်" ဆိုပြီးရေး ရပါတယ် Text ကာလာအဲ အတူတူပါပဲ။

ဘယ်ကုဒ်တွေက ဘယ်အရောင်လဲ ဆိုတာကိုတော့ http://www.webmonkey.com/reference/color_codes/ မှာ သွားကြည့်လို့ရပါတယ်။

Read More...

Sunday, November 18, 2007

ပေစွန်းသွားသော အနာဂါတ်များ

ပန်းချီကားဆိုတာ ကြည့်တော့သာ လှတာ၊ အဲဒီ ကမ္ဘာကျော် ပန်းချီကားတွေ ဆိုတာက ကင်းဘတ်ပေါ်မှာ ဆေးရောင်ချယ် ထားတာလေ၊ တကယ်တော့ ကင်းဘတ် ဆိုတာ အဖြူရောင်ဗျ၊ အဲဒီ အဖြူရောင်ကို ဆေးရောင်တွေ ရေးခြယ်ရင်းနဲ့ ကမ္ဘာကျော်တဲ့ ပန်းချီကားတွေ ဖြစ်သွားတာ။ အဖြူ သက်သက် လှတာထက်စာရင် အရောင်ခြယ်ပြီး လှတဲ့ အလှတရားက ပိုတန်ဖိုးရှိတဲ့ သဘောပေါ့ဗျာ။

ပြောရင်း ဆိုရင်း ဟေ့အရှေ့မှာ လူတစ်ယောက် ကင်းဘတ်စကြီး ကိုင်လို့ ပန်းချီဆွဲဖို့ လုပ်နေတယ်။ သေချာကြည့် လိုက်တော့ . . . .

`` ဟင် ´´

လီယိုနာဒိုဒါဘင်ချီ ကြီးပါလား၊ သူ့အရှေ့မှာ မိုနာလီဇာကြီးကို ငုတ်တုပ်ထိုင်ခိုင်းပြီး အဖြူရောင် ကင်းဘတ် ပေါ်မှာ ဆေးရောင် စုပ်တံတွေနဲ့ ပုံတူဆွဲနေလေရဲ့။ ရှေ့ဆက်သွားတော့ ဗင်ဂိုး နေကြာပန်း ခင်းထဲမှာ ပက်လက်ကြီး အိပ်ပြီး အဖြူရောင် ကင်းဘတ် ပေါ်မှာ အရုပ်တွေ ရေးနေတယ်၊ နေကြာပန်းခင်းကြီးကို ကျော်လာတော့ တဲပုတ်လေး တစ်ခုကို ရောက်တယ်။ အထဲမှာ လူရိပ်တွေ့လို့ လှမ်းကြည့်လိုက်တော့ ပီကာဆိုကြီးဗျ၊ ဘာလုပ် နေတာလဲလို့ ကြည့်လိုက်တော့ ထမင်းချက်နေတယ်။ မီးဖိုဘေးမှာ ရေးလက်စ ပန်းချီကား တစ်ချပ်၊ အဖြူရောင် ကင်းဘတ်ပေါ်မှာ ဆေးရောင်တွေ ခြယ်ထားတယ် . . . .

နောက်ခြောက်လ လောက်ကြာတော့ လီယိုနာဒိုဒါဘင်ချီ ဗင်ဆင့်ဗင်ဂိုး ပီကာဆို တို့သုံးယောက်ပေါင်း ပြီး အကြီးအကျယ် အခန်းနား ဆုံးပန်းချီ ပြပွဲကြီး လုပ်ကြတယ်။ ဒိုင်ယာနာတောင် အဲဒီပန်း ချီပြပွဲကို ကြည့်ချင်ဇောနဲ့ ကားကို မိုင်ကုန်မောင်းရာက အရှိန်လွန်ပြီး အက်ဆီးဒင့် ဖြစ်သွားတယ် ဆိုလားပဲ။ အဲဒီ ပန်းချီပြပွဲမှာ ပန်းချီကားတွေကို အဖိုးတန်ဆုံး ဈေးတွေနဲ့ ရောင်းကြတယ်။

ကျွန်တော့် ရင်ထဲမှာလည်း အဖြူရောင် ကင်းဘတ် တစ်ခုရှိတယ်။ အဲဒီကင်းဘတ်ကို ဆေးရောင်ခြယ်ပြီး အလှဆုံး ပန်းချီကားလေး တစ်ခု ဖန်တီးချင်တယ်။ ကျွန်တော် ဖန်တီးမဲ့ ပန်းချီကားဟာ ကမ္ဘာပေါ်မှာ အလှဆုံး ပန်းချီကား ဖြစ်ချင်တယ်။ အဲဒီပန်း ချီကားကို ပြပွဲတင်ပြီး တန်ဖိုးဖြတ် ရောင်းချဖို့ မဟုတ်ဘူး။ ပြတိုက် ဖွင့်ပြီး ရာသက်ပန် သိမ်းထားဖို့ . . . .

အဲလိုနဲ့ ကာလာတွေ ရောင်စုံစပ်ရင်း ရင်ဘတ်ထဲက အဖြူရောင်ကင်းဘတ်ကို ဘ၀ထဲက ဆေးရောင်တွေ ခြယ်ကြည့်တယ်။ ကျွန်တော်ပဲ မဆွဲတတ်တာလား ဆေးသားကပဲ မကောင်းတာလား ရင်ဘတ်ထဲက အဖြူရောင် ကင်းဘတ်လေးဟာ အမဲရောင် ဆေးတွေနဲ့ ညစ်ပေသွားတယ်။

ကျွန်တော် ကင်းဘတ် အသစ်တစ်ခု ထပ်ဝယ်ဖို့ ကြိုးစားပါသေးတယ်။ ၀ယ်မရတော့ဘူးဗျာ။ ကျွန်တော် ဆေးရောင်တွေ ခြယ်လို့ ပျက်စီးသွားတဲ့ ကင်းဘတ်က ဈေးထဲမှာ အသစ်ထပ်ဝယ်လို့ရတဲ့ ကင်းဘတ်မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အနာဂတ်လေ။ အခုတော့လည်း ဆေးရောင်တွေ စွန်းထင်းကုန်ပြီ။ တကယ်ပါ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး ........

Read More...

ကျွန်တော့ သွေးတွေ

အဲဒီကောင် သေသွားမှ သေချာ ကြည့်မိ လိုက်တယ် သူ့ခန္ဒာကိုယ်ထဲမှာ ကျွန်တော့် သွေးတွေ . . . .

ဘယ်နေရာမှာ လောင်နေမှန်း မသိတဲ့ မီးကို အလုပ်ရှုပ်ခံပြီး မရှာတော့ဘူး၊ ဘယ်အချိန် ရွာမယ်မှန်း မသိတဲ့ မိုးကို အချိန်ကုန်ခံပြီး မစောင့်တော့ဘူး၊ ငါ့စိတ်တွေ ပြိုလဲ သွားအောင် ဘယ်လေတွေက တိုက်ခဲ့တာလဲ၊ တော်ပါပြီ ခေါင်းရှုပ်ခံပြီး မစဉ်းစားတော့ဘူး . . . . . .

ထားလိုက်ပါ အဲဒါတွေ ငါမသိချင်တော့ဘူး အခုဖြစ်ချင်တာက အိပ်ပျော်ဖို့၊ အိပ်ပျော်ဖို့အတွက် ပုံပြင်ကောင်းကောင်း တစ်ပုဒ်ကို တမ်းတမိတယ် . . . .

ငါတောင်းတလို့လား မသိဘူး ငါ့နားမှာ ပုံပြင်တွေ လာပြောကြတယ်။ ပုံပြင်ရဲ့ နာမည်က `` ဟေ့ကောင်မင်းကို ငါသွေးစုပ်မယ်´´ တဲ့ ဘာသာစကားက တော့ တ၀ီဝီနဲ့ ပြောတယ်၊ အေးလို ချင်ရင်တော့စုပ်ကြပါ အဓီကက ပုံပြင်နားထောင်ဖို့လေ . . . .

အဲလိုနဲ့ ညတိုင်းညတိုင်း တ၀ီဝီ နဲပြောတဲ့ ပုံပြင်တွေကို နားထောင်ရင်း သွေးတွေ လှုခဲ့တာ ဘယ်နှစ်ဗိုက်စာ ဆိုတာတောင် ငါမရေနိုင်ဘူး၊ အင်းလေ သူတို့က အသက်နဲ့ ရင်းပြီး စီးပွားရှာရတာ မသကာ သေသွားတောင် အသက်အာမခံ ကြေးထုတ်ပေးမဲ့လူ ရှိမှာ မဟုတ်ဘူး၊ ရပါတယ် ကိုက်ကိုက် . . .

ငါ့စိတ်တွေ လဲပြိုအောင် တိုက်ခတ်သွားတဲ့ လေက ငါမမေးပဲ ပြောပြတယ် သူနာမည်က မောဟ တဲ့ ၊ မမျှော်တဲ့ မိုးက ရုတ်တရက်ရွာတော့ ငါ့ရင်ဘတ်ကို အအေးမိစေတယ် (အဲဒီနေ့က ထီးမယူလာ မိဘူးလေ)၊ နှလုံးသား တစ်ခုလုံး ပြာကျသွားမှ သိလိုက်တယ် ငါမရှာတဲ့ မီးက အဲဒီနေရာမှာ လောင်သွား တာပါလား . . .

Read More...

Friday, November 16, 2007

ကျွန်တော်နှင့် အနီရောင် ကြက်ခြေခတ်များ


နံနက်စောစော စီးစီး ဆူညံလှသော လူနာတင်ကား သံများကြောင့် ကျွန်တော်အိပ်ရာက နိုးလာခဲ့တယ်။ လူနာတင် ကားသံသည် တစ်သံတည်းမဟုတ်။ ထိုသို့များပျားလှသော လူနာတင်ကားသံများ ထပ်နေပုံကိုကြည်လျှင် ပြသနာတစ်ခု ရှိနေပြီဆိုတာ သေချာပြီ။ ထို့ကြောင့် အိပ်ရာထဲမှ လူးလဲထကာ အိမ်ရှေ့ကို ပြေးထွက်လာခဲ့တယ်။

အိမ်ရှေ့ရောက်တော့။ အားပါး နည်းတဲ့ လူနာတင်ကားတွေ မဟုတ်ဘူး။ နိုင်ငံခြားကားထဲမှာ လူဆိုးအိမ်ကို ရဲကားတွေ ၀ိုင်းထားသလိုမျိုး ကျွန်တော့်အိမ်ကို လူနာတင်ကားတွေ ၀ိုင်းထားကြတယ်။ အရေးပေါ် အသံတွေကလဲ ကမ္ဘာပျက်မတတ် ဆူညံနေတယ်။ နောက်တော့ အဲဒီကားတွေ တစ်စီးပြီး တစ်စီး ပြန်ကွေ့သွားကြတယ်။

* * * *

ခဏကြာတော့ လူနာတင်ကားတွေ အကုန်ရှင်းသွားသည်။ ထိုအချိန်တွင် ………

“ ငါ့မြေးရယ် အဖွားခေါင်းကိုက်လို့ပါကွယ် ”

လှည့်ကြည့်လိုက်တော့ အဖွာအိုကြီး တစ်ယောက်။ တစ်ခေါင်းလုံးမှာ ဆံပင်တွေ ဖြူရော်ပြီ ခါးမှာ လေးဆယ့်ငါးဒီဂရီ ကျော်ကျော်ကိုင်းနေသည်။ ထိုကိုင်းနေသော ခါးကို ပြုတ်ကျမသွားစေရန် မဟော်ဂနီရောင် တောင်ဝှေးတစ်ခုဖြင့် အားပြုထားသည်။
“ အဖွားဒါ ဆေးခန်းမဟုတ်ဘူး၊ ဒီအနီရောင် ကြက်ခြေခတ်တွေက ကျွန်တော်ဖာသာ လျောက်ဆွဲထားတာ၊ ပြီးတော့ ကျွန်တော်ဆွဲတဲ့ ပုံက ကြက်ခြေနီလို အနီရောင်လည်း မဟုတ်ပါဘူး။ သေချာကြည့်ပါဦး အဖွားရယ် ”
“ အေးကွယ် အဖွားက အသက်ကြီး ပြီဆိုတော့ မျက်စိအားနည်းလာပြီ၊ ဆေးရုံမဟုတ်ရင်လည်း သွားလိုက်ပါဦးမယ်”
“ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ”

အဖွားအိုသည် တုန်ရီနှေးကွေးသော ခြေလှမ်းများဖြင့် ကျွန်တော့်ကို ကျောခိုင်းကာ ထွက်ခွာသွားသည်။ ကျွန်တော်သည် ထွက်ခွာသွားသော အဖွားအို၏ ကျောပြင်ကို ငေးမောရင်း အိမ်ရှေ့တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

* * * *


အဲဒီအချိန်မှာ လူနာတင် ကားတစ်စီး ထပ်ရောက်လာတယ်။ လူနာတင် ကားပေါ်က ဆရာဝန် တစ်ယောက် ဆင်းလာတယ်။ ဆရာဝန်ဟာ အရပ်ရှည်ရှည် ဂျူတီကုဒ် အဖြူရောင်ကို ၀တ်ထားပြီး နားကြပ်ကို လက်တစ်ဘက်မှာ ကိုင်လာတယ်။

“ ဟေ့ဒီမှာ လူနာတွေ အသက်က အရမ်းအရေးကြီးနေပြီ ဆေးရုံမဖွင့်သေးဘူးလား”
“ဗျာ”

ကျွန်တော် ကြောင်သွားတယ်။

“ ဒါဆေးရုံ မဟုတ်ဘူး အိမ်ဗျ။ တစ်ယောက်တည်း သီးသီးသန့်သန့် နေချင်လို့ မြို့အစွန်မှာ ၀ယ်ထားတာ”
“ ဒါဆိုရင် မင်းအိမ်မှာ ဘာဖြစ်လို့ အနီရောင် ကြက်ခြေခတ်တွေ လုပ်ထားရတာလဲကွ”
“သြော် . . .. ဒါလား ”

ကျွန်တော်သဘော ပေါက်သွားပြီ။ တစ်အိမ်လုံးမှာ ပရပွဖြစ်နေတဲ့ အနီရောင် ကြက်ခြေခတ် တွေကြောင့် ဆေးရုံနဲ့မှားသွားဖြစ်မည်။ တကယ်တော့ ထိုအနီရောင် ကြက်ခြေခတ်မျာသည် ကျွန်တော့် ဘ၀တွင် မှားခဲ့ သောအမှားမျာတွက် ရေးခြစ်ထားခြင်း မျှသာဖြစ်သည်။

စစ်ပွဲတွင် စစ်သားတစ်ဦး ကျသွားလျှင် အမှတ်တရ မှတ်တိုင်တစ်ခု စိုက်ထူထားသကဲ့သို့ ကျွန်တော့ဘ၀တွင် အမှားတစ်ခု မှားခဲ့တိုင်း အိမ်နံရံတွင် အနီရောင် အမှတ်တရ ကြက်ခြေခတ် တစ်ခုရေးလိုက်သည်။ နှစ်တွေကြာလာတော့ အိမ်နံရံတွင် အနီရောင် ကြက်ခြေခတ်များနှင့် ပြည့်နှက်လို့လာပါတော့သည်။


* * * *

အစ်ကို ညီမမှားသွားပြီ။ အစ်ကို စကားနား မထောင်ခဲ့မိလို့။ အဲဒီလူရှပ်မာကို လူပျိုလို့ ထင်ခဲ့မိတာ။ အခုတော့ . . . .

ငါမှားသွားပြီလို့ သိလိုက်တဲ့ အချိန်ရောက်တော့ ငါကရဲဘက် စခန်းမှာ။ ငါထောင်က ထွက်လာတော့ အကြီးမလေးက ၁၈ နှစ်လောက်လဲ့ လင်ရနေပြီ။ အငယ်ကောင်က မှော်ထဲမှာ ဖိုးစွဲနေလို့ ငါကိုယ်တိုင် လိုက်ရှာပြီး ခေါ်ခဲ့ရတယ်။ ငါသာ စိတ်လေး နည်းနည်း ထိန်းခဲ့ရင် ငါ့မိန်းမလဲ သေမှာ မဟုတ်သလို ငါလဲ ထောင်ကျမှာ မဟုတ်ဘူး။ ကလေးတွေလဲ အခုလို ကစဥ့်လျှားနဲ့ ဒုက္ခရောက်မှာ မဟုတ်ဘူး။ အခုတော့ . . . . .

ကောင်းတယ်။ အဲဒီအမှားတွက် ဘယ်တော့ငါ နောင်တရမှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နဲ့ မင်းတို့ အမြင်မှာသာ ငါ့လုပ်ရပ်တွေက မှားကောင်း မှားနေပေလိမ့်မယ်။ ငါ့ခံယူချက် ထဲမှာတော့ အဒီလုပ်ရပ်တွေ အားလုံးက မှန်တယ်။ ငါဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။
အေးကွာ အဲဒီတုန်းက မင်းတို့ စကားနားထောင်မိခဲ့ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ . . .


* * * *

သြော်ငါ အသက်နှစ် ဆယ်ကျော်ခါစာ အရွယ်လေးပဲ ရှိသေးတယ်။ ဒါပေမယ့် ငါကျူးလွန်ခဲ့တဲ့ အမှား တွေက မနည်းတော့ ပါလားနော်……………..

ငါနောက်ထပ်များ အသက်ကြီးလာရင် . . . . . .


ထိုကဲ့သို့ စဉ်းစားနေတုန်း ဆရာဝန်သည် ဒေါသတကြီး တောက်ခေါက်ကာ လှည့်ထွက်သွားသည်။ ကျွန်တော် လှည့်ထွက်သွားသော ဆရာဝန် ကျောပြင်ကို ကြည့်လိုက်တော့ ..

အဖြူရောင် ဂျူတီကုဒ်မှာ အနီရောင် သွေးတွေ စွန်းနေသည်။ ထိုအနီရောင် သွေးများသည် ကြက်ခြေခတ်ပုံ ပေါ်နေသည်။ သူ့ဖာသာသူပဲ ကြက်ခြေခတ်ပုံ ပေါ်နေတာလား။ ဒါမှမဟုတ် ဆရာဝန်သည် သူမှားခဲ့သော အမှားများအတွက် ဂျူတီကုဒ်တွင် သွေးဖြင့် ကြက်ခြေခတ် ထားသည်လား မသိ။







Read More...

Wednesday, November 14, 2007

HTML

အရင်တုန်းက Html ဆိုတာကို သိပ်နားမလည်ပါဘူး။ ဒါကြေင့် Blog ကိုပြင်တဲ့ နေရာမှာတောင် သူများရဲ့ ဆို့လေးတွေ ထဲက တူတာလေးတွေ ကြည့်ပြီး ကော်ပီကူးထည့်တဲ့ နည်းကိုပဲ သုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ Mtml ဆိုတာ ဘာကြီးမသိဘူးကို။ နားလည်း မလည်ဘူးလေ။ တကယ်တန်း လေ့လာကြီးတော့ ထင်လောက်ကြီး မခက်တာကို တွေ့ပါတယ်။

ဒါကြောင့် ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး ပြောပြချင်ပါတယ်။

HTML ဆိုတာ
Hyper Text Markup Language ကို အတိုကောက် ခေါ်ထားတာ ဖြစ်ပါတယ်။

HTML ကို အများစုကတော့ Notepad ထဲမှာပဲ ရေးကြပါတယ်။

1
ပထဆုံး နုတ်ပက်ကို ဖွင့်လိုက်ပါ။ ပြီးရင် Save As ကိုနှိပ်ကြည့်လိုက်ပါ။ အဲဒီမှာ ဘောက်လေး ကျလာပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့က အဲဒီမှာ ကိုယ်လိုချင်တဲ့ File Name လေးတစ်ခု ပေးကြပါတယ်။ Html ရေးမဲ့ စာတွေကို သိမ်းရင်တော့ File Name အပြင် ဖိုင် Exction ထပ်ပေးရပါတယ်။




ပုံမှာ ပြထားတဲ့အတိုင်း အဲဒီဖိုင်ကို aungaung လို့ပေးချင်ရင် aungaung.html လို့ပေးရပါတယ်။ aungaung သည် file name ဖြစ်ပြီးတော့ .html ဟာ ဖိုင် Exction ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က .html ဆိုတဲ့ file exction ကိုမပေးခဲ့ဖူးဆိုရင် ရိုးရိုး စာသားတွေ အနေပဲ သိမ်းသွားမှာ ဖြစ်ပါတယ်။

2

Html မှာ အခြေခံ ကုဒ်တင်
<html>
<head>
<title>
</title>
</head>
<body>
</body>
</html>

ဆိုပြီး ရှိပါတယ်။ ကိုယ်ပေါ်ချင်တဲ့ စာသားတွေက ဘယ်နေရာမှာ ပေါ်ချင်တာလဲ ဆိုတဲ့ နေရာပေါ်မှာ မူတည်ပြီး လိုအပ်တဲ့ ကုဒ်တွေကို ထပ်ပြီး ထည့်သွားရတာဖြစ်ပါတယ်။ html ကတော့ html, head, title, body ဆိုတဲ့ တက် (tag) လေးတွေမှာ အခြေခံရေး သွားတာပါ။ တက်ကလေးတွေကို ဖွင့်ပြီးရင် အဆုံးမှာ ပြန်ပိတ်ပေးရပါတယ်။ ဥပမာ <body> tag နဲ့စခဲ့ရင် </body> tag နဲ့ပြန်ပိတ်ပေးရပါတယ်။

3

Html ကုဒ်တွေကိုရေးရာမှာ စာလုံးအကြီး အသေးမရွေးပါဘူး။ သေးသေးကြီးကြီး သေးချင်တဲ့နေရာသေး ကြီးချင်နေရာကြီး ကြိုက်သလို ရေးလို့ရပါတယ်။ စာလုံး အသေးအကြီး ပြသနာမရှိပါဘူး


<html> </html>
ဒီတက်လေး နှစ်ခုကြားမှာ ရေးမဲ့ စာသားတွေသည် Mtml ဖြစ်ပါတယ်ဆိုတာကို ကြေငြာပေးတာပါ

<head> </head>
ဒီတက် နှစ်ခုကြားမှာတော့ ၀က်ပေ့ပေါ်မှာ တိုက်ရိုက်မပေါ်ပဲ အထောက်ကူပြုတဲ့ ကုဒ်တွေကို ရေးပါတယ်

<title> </title>
ဒီတက်နှစ်ခုကြားမှာ ရေးတဲ့ စာသားတွေကတော့ ဘရောက်ဇာရဲ့ ဟက်ဒါလိုင်းမှာ သွားပေါ်ပါတယ် ဥပမာ ကျွန်တော့်ဘဘော့ဂ်မှာ Debate With Me လို့ အပေါ်ဆုံး ဘားမှာ ပေါ်နေသလိုမျိုး

<body></body>
ဒီတက်နှစ်ခုကြားမှာတော့ စာကိုယ် ၀က်ပေ့ရဲ့ မိန်းစသားတွေ ထည့်ရေးပါတယ်


4
နုတ်ပက်ကို ဖွင့်လက်တွေ့ စမ်းရိုက်ကြည့်လိုက်ပါ။

<html>
<head>
<title> My project
</title>
</head> Hellow Mtml
<body>
</body>
</html>

ပြီးသွားရင် ဆေ့လိုက်ပါ။ ဆေ့ပြီးသွားရင် ဆေ့ထားတဲ့ ဖိုင်လေးကို ဒါဘယ်ကလစ်ခေါက်ပြီး ဖွင့်ကြည့်လိုက်ပါ။ ဖိုင်းရားဖောက် တင်ထားရင် ဖိုင်းရားဖောက်နဲ့ တက်လာပါမယ်။ အိုင်အီးနဲ့ ဖွင့်ချင်ရင်တော့ အိုင်အီးကို အရင်ဖွင့် ပြီးရင် ဖိုင်အိုးပင်း နဲ့ သွားလို့ရပါတယ်။

စမ်းကြည့်တာ အဆင်ပြေတယ်ဆိုရင်တော့ မိမိနှစ်သက်ရာ စာသားလေးတွေ ထည့်ပြီး စမ်းကြည့်လိုက်ပါ။

နောက်ထပ် အပိုင်းတွေကို နောက်ရက်တွေမှာ ဆက်ရေးသွားပါမယ်။ တကယ်လို့ ကျွန်တော်ရေးတာ အမှားပါခဲ့ရင် အမှန်သိသူများကို ပြင်ပေးဖို့ မေတ္တာရပ်ခံပါတယ်


မှတ်ချက် အခုလို ပို့ဖြစ်လာအောင် ကူညီပေးသော ကိုဝေယံလင်းကို အထူးကျေးဇူးတင်ပါသည်

Read More...

အဆင့်၅ နေရာကိုရောက်သွားတဲ့ မြန်မာ



အစိမ်းဆုံးက လူကြည့် အများဆုံးပါ


အရင်က ကျွန်တော့်ဘလော့ဂ်ကို လာကြည့်နိုင်ငံစာရင်းကို ကြည့်လိုက်ရင် မြန်မာနိုင်ငံက အများဆုံးပါ။ မြန်မာပြီးမှ စင်္ကာပူ ပြီးရင် ထိုင်း အဲဒါပြီးမှ ကျန်တဲ့ နိုင်ငံတွေလာပါတယ်။

မြန်မာပြည်မှာ ဘလော့ဂ်တွေကို ပုဂံက ဘန်းလိုက်တဲ့ အချိန်ကစပြီး မြန်မာက ၀င်ကြည့်တဲ့လူတွေ လျှော့ကြသွားလိုက်တာ အခု နိုဝင်ဘာ ဒုတိယပတ် အထိ ၀င်ကြည့်သူဦးရေဟာ မြန်မာက အဆင့်ငါးနေရာကို ရောက်သွားပါတယ်။

စင်္ကာပူက အဆင့်တစ်နေရာမှာရှိပြီ။ အမေရိကားက ဒုတိယနေရာမှာ ရှိပါတယ်။ ဂျပန်ကတတိယပါ။ ထိုင်းကစတုတ္ထပါ ပြီးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလာပါတယ်။ မြန်မာပြီး ကျန်တဲ့ နိုင်ငံတွေကတော့ ရုရှ ဂျာမနီ သြစတျေးလျှ မလေးရှား နဲ့ ပြင်သစ်တို့ အပါဝင် စုစုပေါင်း ၃၇ နှစ်နိုင်ငံဖြစ်ပါတယ်။

Read More...

Sunday, November 11, 2007

ကျွန်တော်ဘယ်သူနဲ့ တူသလဲ

http://www.myheritage.com/collage


ကိုဖီအာနန်နဲ့ တူတယ်တဲ့ :P







ကျွန်တော်ရဲ့ မိုက်တိ မိုက်ကန်း ပုံကို ဘယ်သူနဲ့ တူသလဲ ဒီဝက်ဆိုက်မှာ စမ်းကြည့်လိုက်တော့ ဒီလို အဖြေထွက်လာတယ်။
တူမတူကတော့ ကြည့်တဲ့သူတွေ ဆုံးဖြတ်ကြပေါ့နော့်

Read More...

ရင်ကွဲသံစဉ်

နံနံခင်း နေရောင်ခြည်သည် စူးရှစွာ တောက်ပသည်။ ထိုတောက်ပသော နေရောင်ခြည် တိမ်လွှာများကို ထိုဖောက်ကာ ကမ္ဘာမြေပေါ် ဖြန့်ကျလျှက်ရှိသည်။ ထိုဖြန့်ကျနေသော အလင်းရောင်ခြည်များထဲမှ တစ်ခုသည် ပြူတင်းပေါက်ကို ဖြတ်သန်း၍ ဧည့်ခန်းတွင် အိပ်ပျော်နေသည့် ကျွန်တော်၏ မျက်နှာပြင်ပေါ်ကို ထိုးကျနေသည်။

နေရောင်သည် ပိတ်ထားသော မျက်ခွန်ကို ထိုးဖောက်ကာ ကျွန်တော့်မျက်လုံးကို စူးရှစေသည်။ ထိုစူးရှသော ဒဏ်ကို ကျွန်တော်မခံ သော်လည်း ညက အရှိန် မသေသေးသောကြောင့် ကျွန်တော်လုံးဝ မထချင်ပါ။ ထို့ကြောင့် ပေ၍ အိပ်မြဲအိပ်နေလိုက်၏။ များမကြာမှီ ထိုအလင်းရောင်နှင့် ညက ရီဝေသော အရှိန်များ ပေါင်းစပ်သွားကြတော့သည်။

  • ဒုံချမ်းဒုံချမ်
  • ဒုံချမ်းဒုံချမ်
  • ဒုံချမ်းဒုံချမ်


တရုတ်နှစ်သစ်ကူးကို ၀င်ဖို့ တောင်မကျန်သေး ထိုအသံများကို ကြားရပြီ။ ထိုကြားနေရသော အသံသည် တဖြည်းဖြည်း ကျယ်လာသလို ကျွန်တော် ခံစားရသည်။ သေချာခံစားကြည့် လိုက်တော့ . . . .

အိမ်ပေါက်ဝမှာ လာတီးနေတာ
ထိုကြောင့် မူးနေသော အရှိန်ကို အဆုံးသတ်။ နားငြီးစေသော ထိုအသံပြုသူကို ရင်ဆိုင်ဖို့ တခါးကို ၀ုန်းကနဲ ဆွဲဖွင့်လိုက်သည်။

ဟင်

မြင်ရသည့် မြင်ကွင်းကား ကျွန်တော်လုံးဝ မယုံနိုင်ပါ။ အိမ်ရှေ့တွင် ကောင်မလေးတစ်ယောက် အနီရောင် တရုတ် ရိုးရာ ၀တ်စုံကို ၀တ်ဆင်ထားပြီး လည်ပင်းတွင် တရုတ် ဗုံတစ်လုံးကို လွယ်ထားသည်။ လက်နှစ်ဖက်တွင် ဗုံတီးတံ နှစ်ချောင်းကို ကိုင်ထားသည်။

ကျွန်တော်က ဘာလုပ်တာလို့ မေးတော့ သူသဘောကျစွာ ပြုံးပြသည်။ သူ့ အပြုံးတွင် ပါးချိုင့်လေးတစ်ခု ပေါ်သွားသည်။ ထိုပါးချိုင့်လေးက အခြားမဟုတ် တချိန်က ကျွန်တော်နှင့် ရင်းနှီးခဲ့ ဖူးသော ပါးချိုင့်လေးဖြစ်သည်။ အခု တော့ ပါးချိုင့်လေး ပိုင်ရှင်သည် တရုတ်ဗုံတစ်လုံးကို ပိုက် တရုတ်လို ၀တ်ပြီး ကျွန်တော့် အိမ်ရှေ့ရောက်နေပြီ။ အကြောင်းရင်းကိုကား မသိရသေး။

* * * * *

ကျွန်တော်က ``ညီမက တရုတ်လူမျိုး မဟုတ်ပဲ ဘာဖြစ်လို့ အဲလိုကြီး ၀တ်လာတာလဲ´´ လို့မေးတော့

``ဒါတ တရုတ်တွေချုပ်ပြီး တရုတ်တွေ ၀တ်ကြလို့ တရုတ်အင်္ကျီလို့ ခေါ်တာ တကယ်တော့ အ၀တ်စတွေကို ချုပ်ထားတဲ့ အင်္ကျီတစ်ထည်ပါပဲ ဘယ်သူမဆို ၀တ်လို့ရပါတယ်´´ တဲ့လေ။

ကောင်မလေးရေ ငါနင်နဲ့ တုဖက်ပြီး စကားမများချင်ပါဘူး လာရင်းကို ပြောဆိုတော့။ ဗုံတီးမလို့တဲ့ ဆိုပြီး လည်ပင်းမှာ ဆွဲထားတဲ့ ဗုံကို သူလက်ထဲက ဗုံတီးတံနှစ်ချောင်းနဲ့ တီးပါလေရော။ သူဗုံကိုလဲ တီးလိုက်ရော ဗုံသံတွေ ထွက်လာပါတော့တယ်။ သူရဲ့ ဗုံတီးပုံက ညင်သာပြီး ထွက်လာတဲ့ အသံတွေက နားထဲမှာ သာယာသလိုပဲ။ ပြီးတော့ သူကိုယ်တိုင်လည်း အဲဒီဗုံသံကို နှစ်သက်တယ်တဲ့လေ။ထူးခြားတာက သူတီးလို့ မြည်သွားတဲ့ ဗုံတီးသံက ကျွန်တော့် နား မှာ ချိုသလောက် ကျွန်တော့်ရင်ဘတ်မှာ နင့်နေအောင်ခံစားရတယ်။ ဘယ်လို ဖြစ်တာလဲလို့ ကောင်မလေးကို မေးကြည့်တော့ . . . .

သူတီးနေတာ ဗုံမဟုတ်ဘူး ကျွန်တော်ရင်ဘတ်ကြီးတဲ့လေ။ ဟုတ်ရဲ့လားလို့ ကြည့်လိုက်တော့ ကျွန်တော့်မှာ ရင်ဘတ်မရှိတော့ဘူး။ ဘယ်ရောက် သွားတာလဲလို့ ရှာလိုက်တော့ ကျွန်တော်ရင်ဘတ်ကြီးက သူ့လက်ထဲမှာ။ သူကတော့ ကျွန်တော့်ရင်ဘတ်ကြီးကို ကိုင်ပြီး ဗုံတီးတံနဲ့ အားရပါရ ခေါက်နေလေရဲ့။

* * * * *

ကောင်မလေးရယ် နင်ကတော့ အဲဒီအသံတွေကို သာယာတယ်ဆိုပြီး နားထောင် နေတာပေါ့လေ။ ကောင်မလေးရေ နင်ပျော်တယ်ဆို ရင်တော့ ဆက်တီးပေါ့။ ငါမတားပါဘူး။ ငါ့ရင်ဘတ်တွေ အကွဲခံလိုက်ပါမယ်။

တစ်ခုတော့ရှိတယ် ကောင်မလေးရယ် ..........
အဲဒီလို နင်သာယာပါတဲ့ ဆိုတဲ့ အသံတွေက ငါ့ရင်ဘတ်ကြီး ကွဲလုအောင်ခံစားပြီးမှ ထွက်လာတဲ့ ရင်ကကွဲတဲ့ ရင်ကွဲ သံစဉ် တွေပါ။ နင်စိတ်ကြိုက်တာ တီးလိုက်ပါ။ ငါ့ရင်ဘတ်ကို အကွဲခံလိုက်မယ်။ အဲဒီအသံတွေကို နင် မရိုးသေးတဲ့ အချိန်ထိပေါ့ . . .

Read More...

Wednesday, November 07, 2007

ပန်းပျိုးလက်

အလွမ်းတွေကို ပန်းတွေလိုပျိုးပြီး
တစ်နေ့မှာအချစ်တွေ ပွင့်လာမလားလို့
အကြင်နာတွေ နေ့စဉ်သွန်းလောင်းခဲ့တယ်

ငါပျိုးခဲ့တာ အချစ်တွေပါ
ကံကြမ္မာရယ်ခေတော့လည်း
အမုန်းပွင့်တွေပဲ အဖတ်တင်လို့
အပွင့်တွေမှာ ဒေါသဆူးတွေနဲ့
သြော်...... ငါ့ကို တိုက်ခိုက်ကြပြီပေါ့လေ

ကောင်မလေးရေ .............
တကယ်တော့ငါ

အမုန်းတွေလိုချင်လို့
ပျိုးပင်တွေထောင်ခဲ့တာ မဟုတ်သလို
အချစ်တွေလိုချင်လို့
အကြင်နာတွေသွန်းခဲ့တာ မဟုတ်ပါဘူး

ငါဟာပန်းပျိုးလက်ပါ
ဟောဒီမှာ
အပင်လေးတစ်ခု ရှင်သန်လာဖို့
ဒီမြေမှာ ပျိုးထောင်ခဲ့တာ

ငါလိုချင်တာ ရလဒ်မဟုတ်ဘူး
ငါဖြစ်ချင်တာ ပေးဆပ်ဖို့

Read More...

There was an error in this gadget