Art is My Life: Happy Birthday မေမေ

Monday, December 24, 2007

Happy Birthday မေမေ

ဒီနေ့ ဒီဇင်ဘာ ၂၄ အမေ့မွေးနေ့

ကျွန်တော် မေမေ့ကို အမေလို့ စသိတဲ့အချိန်က ..........
စစ်ကိုင်းတိုင်း အထက်ပိုင်း မဲဇာမြို့နယ်ခွဲ ဂျုံးဂျုံးဂျ လို့အမည်ရတဲ့ ရွာလေးမှာ။ အဲဒီရွာလေးက မဲဇာချောင်းနဲ့ မဲဇာတောင်ကြား မှာတည်ရှိပြီး အမေရယ် မမရယ် ကျွန်တော်ရယ် အဲဒီရွာလေးမှာ နေကြတယ်။ အမေဟာ အဲဒီရွာလေးမှာ တာဝန်ကျတဲ့ သူနာပြု ဆရာမပေါ့။ တခါတရံမှာ မေဟာ သူနာပြု ယူနီဖောင်းကို ၀တ်ဆင်လေ့ရှိပြီး သူတို့ဟာ နိုက်တင်ဂေးရဲ့ တပည့်တွေလို့ ဂုဏ်ယူစွာ ပြောတတ်တယ်။

ကျွန်တော်တို့ ကျောင်းနေတဲ့ အရွယ် ရောက်လာတော့ အမေနဲ့အတူ မနေဖြစ် ကြတော့ဘူး။ အမေက သူတာဝန်ကျတဲ့ မြို့တွေနယ်တွေမှာ နေပြီး ကျွန်တော်တို့က အဖွားအိမ်မှာ နေပြီး ကျောင်းတက်ရတယ်။ အမေ အငြိမ်းစားယူပြီးတော့ ကျွန်တော်ဆယ်တန်း အောင်သွားပြီ။ ဆယ်တန်း အောင်တော့ ရန်ကုန် ရောက်လာခဲ့တယ် ပြောမယ်ဆိုရင်တော့ အမေနဲ့ နေရတဲ့ အချိန်ဆိုတာ ကျွန်တော့်အတွက် သိပ်မရှိလှပါဘူး။

ကျွန်တော် မှတ်မိသေးတဲ့ အမေ
ငယ်ငယ်တုန်းက သရဲကြောက်တတ်တဲ့ ကျွန်တော့်တို့ အတွက် သရဲ မကြောက်တတ်တဲ့ အမေဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းပါပဲ။

ကျွန်တော့်လက်ကို ဓားခုတ်မိပြီး ပြတ်လုပြတ်ချင် ဖြစ်သွားတုန်းက ကျွန်တော်တောင် မငိုဘူး။ အမေက မျက်ရည်တွေကျတယ်။

တစ်ရက်မှာ အမေနဲ့ ကျွန်တော် အိမ်တစ်အိမ်ကို သွားလည်ရင်း ခွေးဆွဲတော့ ကျွန့်တော်ကို မကိုက်မိအောင် အမေက အရှေ့ကနေ ကာကွယ်ပေးတယ်။

ခြောက်တန်းနှစ် လောက်က ငါးမျှားရင်း လက်ကို ငါးမျှားချိတ်စူးတယ်။ အမေက သူများတွေ ငါးမျှားချိတ်စူးတုန်းက ခွဲပေးဖူးပေမယ့်။ ကျွန်တော့် လက်က ငါးမျှားချိတ်ကို မခွဲပေးရဲဘူး။

ကျွန်တော် ကိုးတန်းနှစ်က အမေရှိတဲ့ မြို့ကို အလည်သွားတယ်။ အမေနေတဲ့ အိမ်က ဆေးရုံနားလေးမှာ။ ဘူတာနဲ့ ဆေးရုံက တော်တော် ဝေးတယ်။ ဒါကြောင့် အမေ့ဆီကိုသွားတိုင်း ဘူတာရောက်အောင် မစီဘူး။ ဆေးရုံနားရောက်ပြီ ဆိုတာနဲ့ ရထားပေါ်က ခုန်ချပြီး နေခဲ့တယ်။ တရက်မှာ ခြေခေါက်ပြီး လှဲသွားတယ်။ ကံကောင်းလို့ ရထားဘီးအောက် ရောက်မသွားပေးမဲ့ တကိုယ်လုံးမှာ ပွန်းပဲ ဒါဏ်ရာတွေနဲ့ နုတ်ခမ်းကွဲ သွားတယ်။ ဆေးရုံမှာ အနာတွေကို ချုပ်နေတော့ ကျွန်တော် ကြောက်လှန့်စိတ်နဲ့ တုန်တုန်ရင်ရင် ဖြစ်နေတယ်။ အဲဒီအချိန်မှာ မေက ကျွန်တော့်ကို ဖက်ထားပေးတယ်။

ဆယ်တန်း အောင်တဲ့နှစ်က အမေနဲ့ကျွန်တော် သင်္ဘောစောင့်ရင်း အမေက ပါလာတဲ့ ထမင်းဂျိုင့်ကို ဖွင့်စားတယ်။ ကျွန်တော့်ကို စားဖို့ ပြောတယ်။ ကျွန်တော် ဗိုက်ဆာနေပေမယ့် လူကြားထဲမှာ ရှက်လို့ မစားဘူး။ အဲတော့ အမေက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။ အိမ်ရောက်တော့ အဲဒီအကြောင်းကို ပြောပြီး “ငါ့သားကို အမေက ကလေးလို့ ထင်နေတာ။ ငါ့သားက ရှက်တတ်နေပြီပဲ”တဲ့။

ကျွန်တော် နယ်ပြန်သွားရင် အမေက ကျွန်တော့်ကို ပြောတယ်။ “အမေကတော့ သားကိုလွမ်းလို့။ သားကတော့ မိကြည်ကိုလွမ်းလို့” ဆိုတဲ့ စကားပုံထဲက အတိုင်းပါပဲတဲ့။

ကျွန်တော် မေ့ကို ကြိုက်တဲ့ အချက်တွေက
အမေက သတ္တိရှိတယ်။ လူလူချင်းလဲ မကြောက်သလို သရဲတစ္ဆေဆိုတာကိုလဲ မကြောက်ဘူး။ ဘာသာတရားကို ကိုင်းရှိုင်းတယ်။ သူများ အပေါ်မှာ မဟုတ်တာ မလုပ်တတ်ဘူး။

အမေ့ကို ကျွန်တော်မကြိုက်တဲ့ အချက်တွေက
ဆဲဆူရင် တစ်နေကုန် မပြီးတော့ဘူး။ မိဘတွေက သားသမီး အပေါ် ကောင်းစေချင်လို့ ဆုံးမတာ ဆိုပေမယ့် တချိန်းလုံး ပျစ်တောက် ပျစ်တောက် ပြောနေတာကို နားငြီးတယ်။ ငယ်တုန်းတုန်းက အမေရှိရင် ကျွန်တော်တို့ အိမ်ထဲက အိမ်အပြင် မထွက်ရဘူး။ ဘုရား တစ်ခါရှိခိုးရင် နာရီဝက်ကနေ လေ့ဆယ့်ငါးမိနစ် လောက်အနည်းဆုံး ကြာတယ်။

အမေ့မွေးနေ့
ကျွန်တော့် မွေးနေ့ရောက်တိုင်း အမေဟာ ဘုရားဆွမ်းကပ် ဖရောင်းတိုင် အမွေးတိုင်တွေ ငှက်ပျော်ပွဲတွေနဲ့ ဘုရားမှာ အမြဲတမ်း ဆုတောင်းပေး လေ့ရှိပေမယ့်။ အမေ့ မွေးနေ့ ရောက်တိုင်း ကျွန်တော်ဘာမှ မလုပ်ပေးဖူးဘူး။ တချို့နှစ် တွေဆိုရင် မေ့မွေးနေ့ကို တောင်သတိ မထားမိလိုက်ဘူး။ ဒါပေမယ့် ဒီနှစ်တော့ အသက်ကြီးလာလို့လား မသိဘူး အမေ့ မွေးနေ့မှာ တစ်ခုခု လုပ်ပေးရမယ် ဆိုတာကိုတော့ ကျွန်တော် သိလာပြီ။



7 comments:

Unknown said...

ယူ့မေမေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့.. သားကောင်း ရတနာလေး ဖြစ်ပါစေကွယ်.. :P

နှင်းပွင့်ဖြူ said...

ဒီလောက်ဆိုးတဲ့ စိုးဇေယျ မှာ
ဒီလိုတော်တဲ့ အမေရှိတာ ၀မ်းသာစရာ .
ဟက်ပီးပတ်ဒေးပါ .... အန်တီ
စဇယထွန်း သားကောင်း ပတ္တမြားလေး ဖြစ်ပါစေ ...

သဇင်ဏီ said...

ငယ်ငယ်က တော်တော်ဆိုးပါလား... လူဆိုး :D
ဟုတ်တယ်နော်.. လူကြီးတွေက တဗျစ်တောက်တောက်လုပ်တတ်တယ်.. ကျွန်မအဖွားဆိုလဲ အဲဒါမျိုး...
ကိုစိုးဇေယျအမေရဲ့ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ...

Mr.Pooh @ မောင်ပွတ် said...

ဒီစာစုလေးကတော့ သိပ်ကောင်းပါတယ်ဗျာ။ အမေရှိတဲ့၊ အမေနဲ့ ဝေးနေတဲ့ ကျွန်တော်လို လူတစ်ယောက်အဖို့တော့ မျက်ရည်ဝဲမိပါသေးတယ်။

ပန်းခရေ said...

အမေတိုင်းရဲ့မေတ္တာကို
ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး........
အန်တီ..မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွားတိုင်အောင်
ပျော်ရွှင်မှုအပေါင်းနှင့်ပြည့်စုံပါစေလို့
ဆုတောင်းပေးပါတယ်...
စိန်မမ

Chaos said...

စိုးဇေယျဆိုတာ ကြားဖူးနေတာကြာပါပီ
စာအရေးအသားက ညက်နေတာပါပဲနော်
အစ်ကို့အမေ့မွေးနေ့ အတွက် ကူဆုတောင်းပေးလိုက်ပါတယ်နော်

Angel said...

“မိန်းမပြာသို”တဲ့အဆိုရှိတယ်။
ဒီလမှာမွေးတဲ့မိန်းမတွေဟာကောင်းစားတယ်ဆိုလား။
ဒါကြောင့်စိုးဇေယျမေမေက စိုးဇေယျလိုသားလေးရတာဖြစ်ရမယ်။ ဟုတ်။
ဒို့ နဲ့ မွေးလတူပြီး၊ မွေးရက်နီးလို့  ဒို့ လောက်နီးနီးချောရမယ်။ဟုတ်။ု