Art is My Life: ပလောင်မင်္ဂလာဆောင်

Saturday, December 22, 2007

ပလောင်မင်္ဂလာဆောင်






ယောကျာင်္းလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် လက်ထပ်ဖို့ ခမ်းနားတဲ့ ဟိုတယ်ကြီးတွေက အဓိက မကျပါဘူး။ မင်္ဂလာ စံပယ်ပန်းကုံး စွပ်ပေးမယ့် ပုဂ္ဂိုလ်ကြီးတွေက အဓိက မကျပါဘူး။ ကားသော့တွေ လက်ဖွဲ့မဲ့ ပရိတ်သတ်တွေက အဓိကမကျဘူး။
တကယ်တော့ လက်ထပ်ပွဲဆိုတာ လက်ထပ်မဲ့ သတို့သားနဲ့ သတို့သမီးတို့ရဲ့ တစ်ယောက် အပေါ် တစ်ယောက် ထားရှိတဲ့ ချစ်ခြင်းမေတ္တာက သာလျှင် အဓိက ကျပါတယ်။
ဂုဏ်တွေ ငွေတွေ မပါတဲ့ လက်ထပ်ပွဲကို တောင်ပေါ်က ပလောင်ရွာလေး တစ်ခုမှာ ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ပါတယ်



* * * * * *



ကျွန်တော်တို့ ပလောင်ရွာ လေးကိုရောက်တော့ နေ့လည်တစ်နာရီ ထိုးတော့မည် ..............


ရွာအ၀င်မှာ




ကျွန်တော်တို့က ပလောင်ရွာထဲက အိမ်တွေကို အထူးအဆန်း သဖွယ်ကြည့်နေသလို ရွာအ၀င်ဝက ကလေးများကလည်း ကျွန်တော့်ကို အထူးအဆန်း သဖွယ်ကြည့် နေကြသည်။ ဓာတ်ပုံရိုက်မယ် ပြုံးပြုံးလေးနေလို့ ပြောပေမယ့် ကလေးတွေက မပြုံး တခြားနေရာမှာ ဆိုရင် ကလေးတွေကို အဲလို ပြောလိုက်လို့ကတော့ သွားတွေ ပေါ်အောင်ပြုံးပြီး သဘောကျနေကြသည်။ သို့ရာတွင် ပလောင်ရွာက ကလေးတွေ မပြုံးမရယ်ပဲ ကျွန်တော်တို့ကို ခပ်စိမ်းစိမ်းကြည့်နေသည်။
“ဟေ့...... ဒါက တိုင်းရင်သားတွေကွ ဗမာစကား မပေါက်ဘူး။” လို့ တစ်ယောက် ကျွန်တော့်ကို သတိလှမ်းပေးမှ၊ ကျွန်တော် သတိရလိုက်သည်။ ဒါကြောင့် ကလေးတွေ မပြုံးကြတာကိုး။


ပြုံးပါဆို မပြုံးဘူး

ကျွန်တော်တို့ အခုရောက်ရှိနေသည့် ပလောင်ရွာလေးသည် လာရှိုးမြို့နှင့် ခြောက်မိုင်ခန့်သာ ကွာဝေပြီး ရွာနာမည်မှာ နမ့်ဆမ် ဖြစ်သည်။ ရွာတွင် ငွေပလောင် တိုင်းရင်းသားများ နေထိုင်ကြပြီး အိမ်ခြေ ခုနှစ်ဆယ့်ခန့် ရှိသည့် ရွာကြီး တစ်ရွာဖြစ်သည်။ ထိုရွာတွင် ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း နှင့် မှုလတန်း ကျောင်းလေး တစ်ကျောင်းရှိသည်။

ကျွန်တော်တို့ ရွာထဲကို စ၀င်တော့ ရွာဝင်လမ်း ပတ်ဝန်းကျင်က အိမ်တွေပေါ်မှာ နှီးဖျာနေကြသူများ တောင်းယှက် နေကြသူများသူများကို တွေ့ရသလို၊ ထင်းခုတ်ရမှ ပြန်လာသော တိုင်းရင်သူများကိုလည်း တွေ့ရသည်။ ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွား သောဒေသခံ တစ်ယောက်က ရွာထဲမှ အိမ်တစ်အိမ် ပေါ်သို့ ခေါ်သွားသည်။

ကျွန်တော်တို့ တက်ကြည့်တဲ့ ပလောင်အိမ်




ထင်းခုတ်ပြန်လာသည့် တိုင်းရင်းသူတစ်ဦး



ကျွန်တော်တို့ တက်သွားသော ပလောင် အိမ်လေးသည် သက်ငယ်မိုး ၀ါးထရံကာ ၀ါးကြမ်းခင်းနှင့် အိမ်လေး ဖြစ်ပြီး အိမ်ပေါ်တွင် မိသားစုသုံးစု နေကြသည်။ မိသားတစ်စုလျှင် ခုနှစ်ပေ ငါးပေခန့် ရှိသည့် အိမ်သေးသေးလေးများ ထပ်ဆောက်ထားပြီး အိမ်သေးသေးလေး တစ်ခုနှင့်တစ်ခု လေးပေခန့်ကွာသည်။ အိမ်သေးလေး တစ်လုံးစီတွင် မီးဖိုတစ်ခုစီရှိပြီး မိသားစု တစ်ခုလျှင် မီးဖို တစ်ဖိုစီ ချက်စားကြသည်။ ပြောင်းဖူးခြောက်များကို အိမ်မျက်နှာကျက် ထုတ်တန်း အပြည့်ချိတ်ဆွဲထားကြသည်။ ထိုပြောင်းဖူးများသည် နောင်နှစ်တောင်ယာ စိုက်ချိန်အတွက် မျိုးအဖြစ်ချန်ထားကြ ခြင်းဖြစ်သည်။

ထုပ်တန်းတစ်လျှောက်



ကျွန်တော်တို့ အိမ်အောက်ကို ဆင်းမယ်လုပ်တော့ အောက်က လေခါးမှာ ကလေးတွေက ၀ိုင်းနေကြသည်။ ကျွန်တော်တို့က ၀ိုင်း နေကြနေသော ကလေးများကို ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်ပြီးနောက် LCD တွင်ပေါ်နေသော သူတို့ ပုံလေးတွေကို ပြန်ပြတော့ သူတို့အချင်းချင်း တိုင်းရင်းသား ဘာသာစကားဖြင့် ၀မ်းသာအားရ အော်ပြောကြပြီး ပျော်နေကြသည်။

သူ့ကို ဓာတ်ပုံရိုက်လို့ စပါးတိုက်အောက် ၀င်ပြေးသွားတယ်



နောက်တော့ ကျွန်တော်တို့ ရွာဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းသို့ သွားကြသည်။ ဘုန်းကြီး ကျောင်းက ပြန်တော့ တောင်ပေါ်က ထင်းခွေပြန်လာသော တိုင်းရင်းသားများကို သဘာဝကျကျ ဓာတ်ပုံရိုက်ဖို့ ရွာအနောက်ဖက် ပိုင်းကို ဆက်လျှောက်လာခဲ့ ကြသည်။

ရွာထဲကလေးတွေ



ရွာအနောက် ဖက်ပိုင်းရောက် ခါနီးတွင် ဆူဆူ ဆူဆူ အော်ဟစ်သံများ ကြားရသည်။ ထိုအသံကြောင့် လမ်းနှဘေးတွင် နှီးဖျာနေသည့် အဖိုးကြီးကို ကျွန်တော်တို့ အုပ်စုကလူက ပလောင်စကားဖြင့် မေးကြည့်တော့ မင်္ဂလာဆောင်တဲ့။ ကျွန်တော်တို့ အနေဖြင့် ပလောင်မင်္ဂလာ ဆောင်တာကို တစ်ခါမှ မမြင်ဖူးပါ။ ဒါကြောင့် ထင်းခွေပြန်လာတာ ဓာတ်ပုံရိုက်ဖို့ထက် မင်္ဂလာဆောင် ရှိရာ ဆူဆူ အိမ်တို့ ဦးတည်ကာ ထွက်လာခဲ့ကြသည်။

မင်္ဂလာဆောင် အိမ်အ၀င်ဝ




မင်္ဂလာဆောင်တဲ့ အိမ်ကိုရောက်တော့ အမျိုးသား တစ်ယောက်က ဗန်းတစ်ခုကို ခေါင်းပေါ်မှာ ရွက်ပြီး အိမ်အပြင်ထွက်လာသည်။ ကျွန်တော်တို့က အိမ်ထဲကို အ၀င်။ ထိုဗန်းကိုင်ထားသော လူစုက အထွက်နှင့် အိမ်ပေါက်ဝမှာ တွေ့ကြသည်။

နတ်ဗန်း



ကျွန်တော်တို့ အဲဒီဘန်းက ဘာလုပ်တာလဲလို့ မေးတော့ နတ်ပွဲတင်မလို့တဲ့။ အထဲမှ မြန်မာလို အနည်းငယ် ပြောတတ်သော တိုင်းရင်း သားတစ်ယောက် ပြောသည်။ ဒီဗန်းကို ဘယ်နားလေးမှာ သွားတင်မှာလို့ ဆက်မေးတော့ . . . . ဒါက မိန်းကလေး အိမ်တဲ့ ယောကျာင်္းလေး အိမ်ကို နတ်ပွဲနဲ့ သွားပြီး နတ်သွားတင်မှာတဲ့။ နတ်သွားတင်မဲ့ ဗန်းကို ကြည့်လိုက်တော့ ထမင်းတွေကို ဖက်ကလေးထဲအပုံ လိုက်လေးတွေ ပုံထားပြီး ထမင်းပုံလေးများ ပေါ်တွင် ငါကင်လေးများကို ၀ါးတံလေးများဖြင့် ထိုးထားသည်ကို တွေ့ရသည်။

ကျွန်တော်တို့က သတို့သားနှင့် သမီးဘယ်မှာလဲလို့ မေးတော့ သတို့သားကို ပြသည်။ သတို့သားက နတ်ဗန်းကိုင်ထားတဲ့ လူရဲ့ အနောက်က ဂျာကင်အင်္ကျီဝတ်ထားတဲ့ ကောင်းလေး တစ်ယောက် ဖြစ်နေသည်။

ပလောင် မင်္ဂလာဆောင်ဆိုတော့ ရိုးရာ ၀တ်စုံတွေ ၀တ်ပြီး တက်ရောက် လာသူတွေလဲ ရိုးရာ ၀တ်စုံတွေနဲ့၊ မြို့မှာလို မခန်းနားတောင် သူ့ရိုးရာ သူ့ဓလေ့ သူတော့ စည်စည်ကားကားလေး ဖြစ်မည်ဟု ကျွန်တော်တို့က ထင်ထားကြသည်။ တကယ်မင်္ဂလာ ဆောင်ရောက်တော့ ကျွန်တော်တို့ ကြိုထင်ထားသလို မဟုတ်။

သတို့သမီးကို ခေါ်တော့ သတို့သမီးက ရှက်လို့တော်တော်နှင့် ထွက်မလာပေ။ ထွက်လာတော့ သတို့သမီးမှာ မြို့မှာလို့ မိတ်ကပ်တွေ ဖွေးနေအောင်လိမ်းပြီး ဆံထုံးတွေ ထုံးဖို့ ဝေးစွ၊ မျက်နှာမှာ ဘာမှ လိမ်းခြယ်ထားခြင်း မရှိသလို့ ခေါင်းပင်ဘီးဖြီးထား ခြင်းမရှိပေ။

သတို့သား ၁၇နှစ်ကျော်၊ နတ်ဗန်းကိုသူနှင့် သတို့သမီး ၁၆နှစ်ကျော်



ကျွန်တော်တို့ အုပ်စုက လူခုနှစ်ယောက် ၀ိုင်းပြီး ဓာတ်ပုံတွေရိုက် နေကြလို့လား မသိ သတို့သမီးကို ကြည့်ရတာ စိတ်ကျဉ်းကျပ်နေပုံ ပေါ်သည်။ ကျွန်တော်တို့ အုပ်စုက သူတို့ မင်္ဂလာမှာ အခုလို လာပြီး ဓာတ်ပုံတွေ ရိုက်နေတာကို ကြိုက်ပုံ မရပေ။

သတို့သမီးအိမ်



ခဏလောက်နေတော့ နတ်ဗန်းကိုင်ထားတဲ့ လူကဦးဆောင်ပြီး သတို့သားအိမ်ကို သွားကြသည်။ သတို့သား အိမ်နှင့် သတို့သမီး အိမ်သည် သုံးအိမ်ကျော် လောက်သာ ဝေးသည်။

သတို့သားအိမ်






ရိုးရာ နတ်ကန်တော့နေစဉ်



သတို့သား အိမ်ရောက်တော့ အိမ်ပေါ်ကို နတ်ဗန်းကိုင်သူက ဦးဆောင်တက်ပြီး သတို့သား သတို့သမီးနှင့် မိဘများက အနောက်က လိုက်တက်သည်။ အိမ်ပေါ်ရောက်တော့ ရိုးရာ နတ်စင်အရှေ့မှာ ဗန်းကို ချလိုက်ပြီး အဖိုးကြီးတစ်ယောက်က ရွတ်ဖတ်ပူစော်သည်။ ပလောင် အိမ်များသည် အလင်းဝင်ပေါက် မရှိအောင်ပင် မှောင်မဲနေပြီး အိမ်၏ အလယ်တွင် မီးဖိုကြီး တစ်ခုကို ဖိုထားသည်။ ထုံးစံအတိုင်း ထုပ်တန်းများ တစ်လျှောက်မှာတော့ ပြောင်းဖူး များပြည့်နေသည်။ အပေါ်တွင် မှောင်မှောင်မဲမဲ ဖြင့် အနေကျတ်သောကြောင့် ကျွန်တော် အိမ်အောက်သို့ ပြန်ဆင်းလာခဲ့သည်။


မင်္ဂလာဆောင်အပြီး သတို့သားနှင့် သတို့သမီး

ထိုမင်္ဂလာဆောင်သည် အညာမင်္ဂလာ ဆောင်များလို မီးခိုးတိတ်မဟုတ်ပဲ အနီးနား ပတ်ဝန်းကျင်ရှိ အိမ်လေး ငါးခြောက် အိမ်လောက်ကိုသာ ဖိတ်ကျွေးသည်ဟု ဆိုသည်။ ကျွေးရာတွင် ထမင်းဖြူနှင့် ဟင်းမှာ ငါးလေး ပေါက်စကင် ဖြစ်သည်။ ယမကာအဖြစ် ပြောင်းအရက်ကို တိုက်သည်။

အိမ်အောက် ရောက်တော့ တိုင်းရင်းသား တစ်ယောက် အရက်ပုလင်းကို ကိုင်ပြီး ပန်းကန်လုံးထဲ ငှဲ့ထည့်ကာ ကျွန်တော့်ကို လာတိုက်သည်။ သူပုလင်းကိုင်သည့် လက်မှာ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ကိုင်ထားပြီး ကျွန်တော့်ကို ငှဲ့ပေးနေစဉ်မှာ ထိုဆေးလိမ်မှ ဆေးလိပ်ပျာများ ပန်းကန် အတွင်းကျသွား သည်ကို တွေ့လိုက်သည်။ ကျွန်တော့်ကို တိုက်သည့် အရက်ခွက်ကို ကြည့်လိုက်တော့ ဆေးလိပ်ပျာများ ကျနေသည်ကို တွေ့ရသည်။ ပြီးတော့ ထိုအရက်များသည် ပြောင်းအရက်များ ဖြစ်သောကြောင့် မီးတောက် အောင်ပြင်းသည်။ ထို့ကြောင့် ကျွန်တော် မသောက်ဖို့ ငြင်းလိုက်သည်။

ထို့နောက် မင်္ဂလာသို့ လာသောလူများ ကလေးများကို ဓာတ်ပုံရိုက်ပြီး အချိန်လည်း လင့်နေပြီ ဖြစ်သောကြောင့် ပြန်ရန်အတွက် မင်္ဂလာဆောင် အိမ်မှ ကျွန်တော်တို့ အုပ်စု ထွက်လာခဲ့ကြသည်။ ထိုရွာသည် တောင်ပေါ်ရွာ လေးတစ်ရွာ ဖြစ်သောကြောင့် ရွာလမ်းများသည် နှိမ့်လိုက် မြင့်လိုက်နှင့် ဖြစ်နေသည်။

ရွာအပြင်ရောက်တော့ ကားပေါ်တက်ပြီး ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် ကျွန်တော်တို့ အားလုံး အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။

ရွာမှာတုန်းက မေးခွန်းများစွာ ကျွန်တော်မေးခဲ့သည်။ သို့ပေမယ့် တိုင်းရင်းသားများ ကျွန်တော့် ကျွန်တော့်စကားကို နားမည်၍ ပြန်မဖြေနိုင်ပါ။ ကျွန်တော်ကတော့ အပြန်ခရီးအထိ ထိုရွာနှင့် ပတ်သက်၍ မေးခွန်းများစွာ ကိုယ့်သာ မေးနေ မိသည်။

စောစောက မင်္ဂလာဆောင်လေးသည် ဂုဏ်တွေ မပါ၊ ငွေတွေမပါ အဲဒီ အတွက် ကဲ့ရဲ့မည့်လူလည်း တစ်ယောက်မရှိပါ။ သတို့သား သတို့သမီးများကလည်း ဂုဏ်များ ငွေများသည် သူ့တို့ မင်္ဂလာအတွက် လိုအပ်သည်ဟု ထင်ထားဟန် စိုးစဉ်းမျှ မရှိ။

ဘာပဲ ဖြစ်ဖြစ် ယခုမင်္ဂလာလေးသည် ကုန်ကျစရိတ် တော်တော် သက်သာသည်။ ထို့ကြောင့် ကျွန်တော် အလှည့်ရောက်ရင် ဒီရွာမှာပဲ လာဆောင်ရင် ကောင်းမလားဟု စဉ်းစားလိုက်မိသည်။

ကားသည် တောင်များကို ဖြတ်၍ တဖြည်းဖြည်း မောင်းနေသည်။ ရန်ကုန်က အတူလာသည့် လူပျိုကြီး တစ်ယောက် တိတ်ဆိတ်စွာ ထိုင်ပြီး ကျွန်တော့် ဘေးမှာ လိုက်ပါလာသည်။ သူကိုကြည့်ရတာ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေပုံရသည်။ သူသည်လည်း ကျွန်တော့်လို မင်္ဂလာ ဆောင်ဖို့ စဉ်းစားနေမလား မသိ။

7 comments:

သဇင်ဏီ said...

သူတို့မင်္ဂလာဆောင်က ရိုးရိုးရှင်းရှင်းလေးပဲ..
အေးအေးချမ်းချမ်းလေးပေါ့..မိုက်တယ်..
ကိုစိုးဇေယျက တော်တော်ဆိုးတယ်.. ဓာတ်ပုံမရိုက်ချင်တဲ့ ကလေးကိုလဲ အတင်းလိုက်ရိုက်တယ်.. ကလေးကငိုမဲ့မဲ့နဲ့..
သတို့သမီးမျက်နှာကလဲ စူပုပ်ပုပ်နဲ့..ဟီး.. ဓါတ်ပုံဆရာလူဆိုးကြီးပေါ့....
နောက်တာ.. ဗဟုသုတအဖြစ်နဲ့ ကြည့်သွားပါတယ်..

Just For Snow said...

i visit to ur blog today
one of my friend tell me ur blog name.
good site...
Happy New Year for u

Winkabar said...

စိတ်ဝင်စားစရာပဲနော်သူတို့ရိုးရာက။ ကိုစိုးဇေယျကအကြံတော်တော်ကြီးတာပဲ။ ပိုက်ဆံမကုန်တော့ဘူးပေါ့နော်။ မိတ်ဆွေတွေတော့မင်္ဂလာဆောင်လာဖို့ရွာအထိလိုက်ရမယ်
ထင်တယ်။ :D ။ ပုံတွေအရမ်းကောင်းတာပဲ။

စိုးဇေယျထွန်း said...

မသဇင်ဏီ ဒါပေမယ့် သတို့သမီးက lcd ကသူ့ပုံကို မြင်ရတော့ ပျော်သွားတယ်။ နောက်ပြီးတော့ အဲပုံတွေကို ပုံကူးပြီး သူတို့ရွာ အရောက်ပို့ထားတယ်။ ရောက်မရောက်တော့ မသိသေးဘူး။

ဝင်္ကဘာ
ဟုတ်တယ်။ အကြံကြီးမှ ကုန်ကျစရိတ်ကို ချွေလို့ရမှာလေ

Thinzar said...

အရမ်းကို ဗဟုသုတ ရတဲ့ ပို့စ်လေး တစ်ခုပါဘဲ...

htet yee mon lin said...
This comment has been removed by the author.
Melody said...

တိုင်းရင်းသူကိုယူပြီး အဲဒီမှာကော မနေချင်ဘူးလား