Art is My Life: ကင်းမသေးလို့

Friday, December 28, 2007

ကင်းမသေးလို့

တကယ်တော့ဗျာ
ကျွန်တော် ဘီယာသောက်တယ် ဆိုတာ သောက်ချင်လို့ သောက်တာ မဟုတ်ဘူး
ကျွန်တော်က ဘီယာကို အဆက်ဖြတ်ပြီးသား
ဒါပေမယ့်
သိတယ်မဟုတ်လား ကျွန်တော်က ကိုယ်ချင်းစာ တတ်တယ်လေ
ငါ့ကို ကောင်မလေးတွေ ဖြတ်သွားတုန်းက တော်တော်ခံစားခဲ့ရတာ အခု ဘီယာကို ငါဖြတ်လိုက်ရင် သူတော်တော် ခံစားရရှာမှာပဲ ဆိုတဲ့ ကိုယ်ချင်းစာ စိတ်နဲ့ ဘီယာတွေ တစ်ခွက်ပြီး တစ်ခွက်..............

* * * * * * *

လမ်းငါးဆယ် ထိပ်က ဘီယာဆိုင် အရှေ့ကို ဖြတ်တော့ ညကိုးနာရီခွဲနေပြီ။ (မသိသေးတဲ့ လူတွေကို တလက်စာထဲ သတင်းပေး လိုက်ဦးမယ် အဲဒီဆိုင်မှာ သောက်ရင် မြန်မာဘီယာ ပုလင်းတစ်လုံးမှာ တစ်ထောင်ပဲရှိတယ်။ ဆိုင်နာမည်က ၀င်း တဲ့။) လက်ထဲမှာ ကြည့်တော့ အိတ်ကချပ်နေပြီ။ အင်းမဖြစ်သေးဘူး လကုန်ဖို့ သုံးရက်လိုသေးတယ်။ စိတ်ကိုလျှော့ပြီး ဆိုင်အရှေ့က ဖြတ်လာခဲ့တယ်။

အဲဒီဆိုင်က အခုမှ တစ်ရာ တစ်သွားတာ အရင်ကဆိုရင် ဘီယာတစ်လုံးမှ တစ်ထောင်ပဲ ရှိတယ်။ ဘီယာတစ်လုံးကို ထောင့်တစ်ရာနဲ့ ရလို့လား မသိဘူး အဲဒီဆိုင်မှာ သောက်တဲ့လူတွေက အမြဲစည်ကားနေတယ်။ ကုန်ကုန်ပြောရရင် ဆိုင်ထဲမှာ နေရာမရတော့လု့ ပလက်ဖောင်းပေါ်မှာ ခွေးခြေခုံလေးတွေ ချပြီး ထိုင်သောက်ကြရတယ်။ ကျွန်တော် တစ်သက်မှာ အရက်ကိုသာ ပလက်ဖောင်းမှာ ရောင်းတာ မြင်ဖူးတယ်။ ဘီယာကို ပလက်ဖောင်းပေါ်မှာ ခွေးခြေခုံတွေ ခင်းပြီး ရောင်းတဲ့ ဆိုင်တစ်ခါမှ မမြင်ဖူးဘူး။

မှတ်မိသေးတယ် ဟိုလွန်ခဲ့တဲ့ တစ်လကျော်ကျော် လောက်က
ကျွန်တော်ရယ် မောင်တက်ရယ် အဲဒီဆိုင်မှာ သောက်ဖို့ ချိန်းလိုက်တာ၊ ဆိုင်ထဲမှာ လူလျှံနေတဲ့ အပြင် ပလက်ဖောင်းမှာ ထိုင်စရာ နေရာကို မရှိဘူး။ အဲလောက်ထိ ရောင်းကောင်းတာ။ နောက်တော့လဲ နေရာကို မရမက ဖန်တီးပြီး ၀င်ထိုင်ရတယ်။ အဲဒီပလက်ဖောင်း ပေါ်မှာ ဘီယာသောက်ရတာ ဘတ်စကား စီးရသလိုပဲ။ လူတွေ ကြတ်လွန်လို့။

အဲလို တောင်စဉ်နေရမရ လျှောက်တွေးရင် . . . . .
သိမ်ဖြူလမ်းတောင် ရောက်လာပြီ။ သိမ်ဖြူလမ်းရောက်မှ သတိရတယ်။ ကျွန်တော့် ထမင်းမစားရသေးဘူး။ ထမင်စားဖို့ စဉ်းစားတော့ ညမိုးကြီးချုပ်ချုပ် အေးကအေးနဲ့ ထမင်းစားရတာ အဆင်မပြေဘူး။ ဒါကြောင့် တစ်ခုခုစား မယ်လို့ စဉ်စားလိုက်တယ်။ ရှမ်းခေါက်ဆွဲ စားရင်ကောင်းမလား။ မြေအိုးမြိးရှည် စားရင်ကောင်းမလား။

သေချာတွေးကြည့်ပြန်တော့ ရှမ်းခေါက်ဆွဲတို့ မြေအိုး မြီးရှည်တို့က စားရင် ခဏတော့ ဗိုက်ပြည့်ပေမယ့် ညရောက်ရင် ပြန်ဆာမှာ။ နေရတာက ခုနှစ်လွာမှာ ဗိုက်ဆာတိုင်း အောက်ကို ခဏခဏ ဆင်းနေရရင် အဆင်မပြေဘူး။ ဗိုက်လဲ ပြည့် အဆာလဲခံမဲ့ ကြေးအိုး သောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကြေးအိုး သောက်ရင်တော့ နှစ်ထောင် ကျော်ကုန်မှာ။ ဘီယာတောင် သောက်ရင်တောင် ကုန်သေးတာ၊ ဘီယာ သောက်လိုက် တာထက်စာရင်တော့ အကျိုး ရှိပါသေးတယ် ဆိုပြီး ကြေးအိုး သောက်ဖို့ ဆုံးဖြတ် လိုက်တယ်။ ဆုံးဖြတ်ပြီးမာ သတိရတယ် ဘယ်ဆိုင်မှာ သောက်မှာလဲ။ အနီးဆုံး ကြေးအိုးဆိုင်ကို စဉ်းစားကြည့်တော့ ငါ့ဆယ့် တစ်လမ်းထိပ်မှာ။

သိမ်ဖြူလမ်း ကနေ ကြေးအိုး ဆိုင်ရှိရာ ငါ့ဆယ့်တစ်လမ်းကို မဟာဗန္ဒုလလမ်း အတိုင်း လမ်းလျှောက်ခဲ့တယ်။ လမ်းလျှောက်ရင်း လျှောက်ရင်းနဲ့ လမ်းငါးဆယ် ဘီယာဆိုင် ရှေ့တောင် ပြန်ရောက်လာပြီ။ ဘီယာဆိုင် အရှေ့က ဖြတ်ရင်း မျက်စောင်း ထိုးကြည့်တော့ ပလက်ဖောင်းမှာ လူတွေအပြည့်။ ဒါပေမယ့် ပိတောက်ပင် အောက်က ပန်းလယ်ခုံလေးမှာ နေရာတစ်ခု လွတ်နေတယ်။

နေရာလွတ်လေးကို မြင်တော့ ကျွန်တော့်ခြေထောက် တစ်ချက်တုန့် သွားတယ်။ ဟေ့ ကြေးဦးသောက်မှာ။ ကိုယ့်ကို သတိပေးပြီး အရှေ့ဆက်မလို့ ကြံနေတုန်း ၀ူး ဆို စူပါရု ကားတစ်စီး ဘီယာဆိုင် အရှေ့မှာ လာရပ်တယ်။ ကားထဲက ကျွန်တော့်တို့ အရွယ် ကောင်လေး တစ်ယောက် ဆင်းလာတယ်။ သေချာတယ် သူ ဘီယာ လာသောက်တာ။ သူတို့ကို ကြည့်ပြီး စောစောက လွတ်နေတဲ့ နေရာလေးကို စိတ်ထဲက နှမြောနေမိတယ်။

ကျွန်တော်သူ့ကို ကြည့်နေတယ်။ သူကလဲ ကျွန်တော်ထင်ထားတဲ့ အတိုင်းပဲ စောစောက လွတ်နေတဲ့ ခုံးလေးဆီကို တည့်တည့်မှတ်မှတ် သွားနေတယ်။ သူခုံမှာ ထိုင်မလို့ လုပ်နေတုန်း သူ့ဖုန်း မည်လာတယ်။ သူ ထိုင်မလို့ လုပ်ပြီးမှ မထိုင်တော့ပဲ လမ်းဘေးဆင်းပြီး ဖုန်းပြောနေတယ်။ သူဖုန်းပြောနေတုန်း အဲဒီနေရာကို သူ့ထက်ဦးအောင် ကျွန်တော် ၀င်ထိုင်လိုက်တယ်။ အဲဒီညက ကြေးအိုး မသောက်ဖြစ် လိုက်ဘူး။

အိမ်ပြန် ရောက်တော့ မိုးတော်တော် ချုပ်နေပြီ။ ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ နှစ်ရာတန် အပြဲ နှစ်ခြမ်း။ နောက်နေ့မနက် သင်တန်းသွားဖို့ နှစ်ရာတန် အပြဲလေးကို တိပ်နဲ့ကပ်ပြီး ကျွန်တော် အိပ်ရာဝင်ခဲ့တယ်။

3 comments:

Thet Htoo@Myat Lone said...

ဟေ့လူ ဘီယာက ခင်ဗျားကို မပြတ်ပေမယ့် ပိုက်ပိုက်က ခင်ဗျားကို ဖြတ်သွားလိမ့်မယ်နော် ဟဲ ဟဲ :P

Melody said...

တော်တော်ဆွဲဆောင်မှူရှိတယ် ။ အရေးအသားကိုပြောတာနော်

Melody said...

တော်တော်ဆွဲဆောင်မှူရှိတယ် ။ အရေးအသားကိုပြောတာနော်