Art is My Life: ပတ်စပို့

Sunday, December 16, 2007

ပတ်စပို့

ပတ်စပို့ရုံးထဲ ၀င်လိုက်တော့ ခါတိုင်းနှင့်အတွင်မတူ။ လူတွေကလည်း ရှင်းနေတယ်။ ဒီလောက် လူရှင်းပုံ ထောက်ရင် တနင်္ဂနွေနဲ့ တနင်္လာ ငါမှားပြီး လာတာလား။ နာရီကို ကြည့်လိုက်တော့ Monday။ မမှားနိုင်ပါဘူး။ ဘကြောင့် လူတွေဒီလောက်ရှင်းနေရတာလဲ .......

ှ“ကိုယ်တို့ ပတ်စပို့ရုံးကို အသွင်သစ် ပြောင်းလိုက်လေ”
ဘေးနားမှာ ရပ်နေတဲ့ ရဲကြီးတစ်ယောက်က ပြောတယ်

ကွန်ပျူတာနဲ့ ပတ်စပို့ ကျမကျ ကြည့်ပေးတဲ့ နေရာရောက်တော့ ကျွန်တော့် စလစ်လေးကို ပေးလိုက်တယ်။ အထဲကရဲက စလစ်ကို မယူပဲ ကျွန်တော့်လက်ကို ဖမ်းဆွဲလိုက်တယ်။ ဘာများဖြစ်တာလဲ။ လက်ထိပ်များ ခပ်လေမလားဆိုတဲ့ အတွေးနဲ့ ကျွန်တော်လန့်သွားတယ်။ ကျွန်တော့်လက်ကို ဆွဲတာ လက်ထိပ်ခပ်ဖို့ မဟုတ်ဘူး။ ကျွန်တော့်လက်မလေးကို လှမ်းယူလိုက်တယ်။ ပြီးတော့ လက်ဗွေဖတ်စက်မှာ နှိပ်လိုက်တယ်။

“ညီလေး မင့်ပတ်စပို့ကျပြီ အပေါ်ထပ်မှာ သွားထုတ်လိုက်တော့”
“သြော်ဟုတ်”

“အရင်က ဆိုရင် ဒီနေရာမှာ လူတွေတိုဝှေ့ တန်းစီးနေရတဲ့ နေရာပေါ့ကွ။ အခုတော့ ပုံစံ စနစ်သစ် ပြောင်းလိုက်လို့ အားလုံး အိုကေ သွားပြီ”
“*.*”

“ဟေ့ အဲကောင်ကို ဖမ်းလိုက်”
ကျွန်တော် လှည့်ကြည့် စဉ်မှာ လူတစ်ယောက်ကို ရဲနှစ်ယောက်က ချုပ်လိုက်ကြတယ်။

“အဲဒါ ဘယ်လိုဖြစ်တာလဲ”
ကျွန်တော် ဘေးကလူတစ်ယောက်ကို မေးလိုက်
“သြော်ဒါက ဒီလိုလေ၊ မင်းစောစောက ပတ်စပို့ကျမကျ သိဖို့ လက်ဗွေနှိပ် ရတယ်မဟုတ်လား။ ”
“ဟုတ်”
“အဲလို လက်ဗွေနှိပ်တဲ့ အချိန်မှာ၊ အမှုရှိတယ်ဆိုရင် တခါတည်း ပေါ်လာတယ်။ စောစောကလူက ဖောက်ထွင်းဝိဇ္ဖာလေ၊ အဲဒါကြောင့် ဖမ်းလိုက်တာ ”
“အဲလိုကြီးလား”
တော်သေးတာပေါ့ ကျွန်တော်တောင် ဘာအမှုမှ ကျူးလွန်းထားတာ မရှိလို့။

အပေါ်ထပ်ရောက်တော့ ပတ်စပို့ ထုတ်ပေးတယ် ဆိုတဲ့ ကောင်တာရှိရာကို သွားလိုက်တယ်။ ကောင်တာရှေ့မှာ ရပ်တယ်ဆိုရင်ပဲ ...
“ရော့ ဒီမှာ မင့်ပတ်စပို့”
“ဗျာ”

ကျွန်တော်ယူပြီး ကြည့်လိုက်တော့ ဟုတ်တယ်၊ ကျွန်တော့်ပတ်စပို့။ ဘာမှ မပြောရသေးခင်မှာ ကျွန်တော့်ပတ်စပို့ကို ထုတ်ပေးတော့ တော်တော်လေး အံသြသွားတယ်။

“ကျွန်တော်လာမယ် ဆိုတာ ဘယ်လို လုပ်ပြီး သိတာလဲ”
“မင်းအောက်ထပ်မှာ လက်ဗွေကို နှိပ်လိုက်ပြီ ဆိုကတည်းက အပေါ်ကို auto report ရောက်လာတယ်။ အဲဒီ report ကိုကွန်ပျူတာ ပရိုဂရမ်ကနေ ဖတ်ပြီးတော့ မင့်ရဲ့ ပတ်စပို့ဟာ ဘယ်မီးခံသေတ္တာရဲ့ ဘယ်အံဝှက်မှာ ရှိတယ်ဆိုတာကို တခါသိတယ်။ ပြီးတော့ မင့်ပတ်စပို့ရှိတဲ့ အံဝှက်လေးကို ကွန်ပျူတာ ပရိုဂရမ်ကနေ အလိုလျှောက်ဖွင့် ပေးလိုက်တယ်။ ငါတို့အနေနဲ့ အများကြီး ရှာစရာ မလိုဘူး ပွင့်လာတဲ့ အံဝှက်လေးတွေထဲက ပတ်စပို့ကို ယူလိုက်ရုံပဲ”

“တယ်ဟုတ်ပါလား။ ကျွန်တော့် နာမည်မပြောရပဲနဲ့ ကျွန်တော့်ပတ်စပို့ကို ဘာကြောင့်မှန်အောင် ပေးနိုင်တာလဲ။ လူမမှားနိုင်ဘူးလား”
“ဟဟ .. ။ ကောင်လေးရယ် နိုင်ငံတော်အကြီးအကဲ တွေက မင်းစဉ်းစားထက် ကြိုမြင်ပြီးသား။ အဲလို မဖြစ်ရအောင် မင်းကောင်တာမှာ ရပ်ကတည်းက မင့်မျက်နှာကို စကင်ဖတ်လိုက်ပြီ။ ပြီးတော့ မင့်မျက်နှာပေါက် ကျပုံမှာရှိတဲ့ ပွိုင့်တွေ နဲ့ ငါတို့ ပတ်စပို့ရုံးမှာ ရှိတဲ့ ပုံတွေထဲက ပွိုင့်တွေကို ကွန်ပျူတာ ပရိုဂရမ်က အလိုအလျောက်သွား ရှာပြီး တွေ့ရင် အချက်ပြတယ်။ရှင်းပြီလား”

“သြော်ဟုတ်”
“ငါ့တို့နိုင်ငံ နည်းပညာအရ ဆိုရင် စာအုပ်တောင်မလိုဘူးကွ။ သူ့များနိုင်ငံလို ချပ်စ်ပြားတွေလဲမလိုဘူး။ လက်ဗွေလေး ဖတ်လိုက်တာနဲ့ အားလုံး ပြီးပြည့်စုံသွားပြီ။ တခြားနိုင်ငံတွေက ငါတို့ နိုင်ငံလို မဖွံ့ဖြိုး မတိုးတက်သေးလို့ စာအုပ်ကို ထုတ်ပေးနေရတာ”

“တယ်လည်းဟန်ကျပါလား”
“ဟန်ပြီလားကွယ်”

“တုံကင်နံပတ် အ၀ါရောင် 512”
“တုံကင်နံပတ် အ၀ါရောင် 512”
“တုံကင်နံပတ် အ၀ါရောင် 512”

“အစ်ကိုခေါ်နေတာ ထင်တယ်”
ဘေးနားလေးက ကောင်လေးတစ်ယောက်က လုပ်နိုးတော့မှ ငိုက်နေတဲ့ ကျွန်တော် အလန့်တကြား နိုးလာတယ်။
“ကောင်တာက အစ်ကို့ကို ခေါ်နေတယ်”
“သြော် ကျေးဇူးပဲ”

ကောင်တာရှေ့မှာ အုံနေတဲ့ လူအုပ်ကြီး တိုးပြီး မီးပူတိုက်ထားတဲ့ အင်္ကျီ ခေါက်ရိုးလေးတွေ တွန့်ကြေသွားတော့ ကောင်တာရှေ့ရောက်တယ်။
“ကျွန်တော် တုံကင်နံပါတ် 512 ပါ”

ကျွန်တော့်တုံကင် အ၀ါရောင် ကဒ်ပြားလေး ထိုးပေးလိုက်တော့ ........
“သြော်ရတာ အာပေါက်တော့မယ် ခေါ်မကြား အော်မကြားနဲ့၊ အလှည့်ကျော်တော့မလို့”
“အိပ်ပျော်သွားလို့”

“ပတ်စပို့တင်တာ ဘယ်နှစ်လပိုင်းကလည်း”
“2006 ဆယ်လပိုင်းလောက်က”
“အဲဒါကို အခုမှ လာထုတ်ရသလား၊ ဒီမှာ ရှာလို့ မတွေ့ဘူး။ ကွန်ပျူတာက အထုပ်နံပါတ် မှားရေး ပေးလိုက်တယ်။ ကွန်ပျူတာမှာ သွားပြန်ကြည့်”
“သြော်ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ကျွန်တော်လည်း ကျွန်တော့အနောက်က အုံနေသော လူအုပ်ကြီးကို တိုးဝှေ့ပြီး လှေခါးအတိုင်း ဆင်းလာခဲ့တယ်။ လှေခါး အဆင်းတော့ ပတ်စပို့ ကျမကျ စလစ်ကို ကွန်ပျူတာနဲ့ ကြည့်ပေးတဲ့နေရာကို ရောက်တယ်။ တန်းစီနေတာ အားပါ နည်းတဲ့ လူတန်းကြီး မဟုတ်ဘူး။ စပ်စု ကြည့်လိုက်တော့ စလစ်ဖတ်တဲ့ ကွန်ပျူတာက နက်ဝပ်ကော်နက်ရှင် ကျနေတယ်တဲ့။

ကျွန်တော်လဲ လူတန်းကြီးမှာ တန်းစီလိုက်တယ်။ စောင့်ရင်း စောင့်ရင်း နာရီဝက်လောက်တာ ကြာသွားတယ် ဘာမှ ထူးမလာဘူး။ အဲဒါနဲ့ စိတ်မရှည်တာကြောင့် ကွန်ပျူတာ အနားကို တိုးပြီး ကြည့်လိုက်တယ်။ စက်ကိုင်တဲ့ အော်ပရေတာက အေးအေးဆေးဆေးပဲ ထိုင်နေတယ်။ အပြင်မှာက လူအုပ်ကြီးက ချွေးပြန်နေပြီ။

အဲဒါနဲ့ ကျွန်တော် အပေါ်ထပ်ကို ပြန်တက်လာခဲ့တယ်။ အောက်မှာ ကော်နက်ရှင်ကျနေလို့ ရှာမဘူးလို့ အကျိုး အကြောင်း ပြောပြတော့။ ရှစ်လက္မလောက်ရှိတဲ့ စာအုပ် အထူကြီးတွေ ချပေးတယ်။ အဲစာအုပ်ကြီးတွေမှာ ကျွန်တော်နာမည်ကို ရှာတယ်။ ကံကောင်း ထောက်မစွာနဲ့ပဲ သုံအုပ်မြောက်မှာ ကျွန်တော့်နာမည် သွားတွေ့တယ်။

အနားနားက တာဝန်ကျနေတဲ့ ရဲတစ်ယောက်ကို ခေါ်ပြတော့၊ ကျွန်တော့်ရဲ့ စလစ်မှာ ရေးထားတဲ့ နံပါတ်ကိုပြင်ပေးတယ်။ စလစ်မှ နံပါတ် အမှန်ရပြီဆိုတော့ ကောင်တာမှာ ပြန်ထပ်ထားလိုက်တယ်။ ပြီးတော့ အေးရာ အေးကြောင်း ပြန်ထိုင်နေလိုက်တယ်။

နောက်ထပ် သုံးနာရီခန့် အကြာ .........

စောင့်ရင်း စောင့်ရင်းနဲ့ ညနေ ငါးနာရီထိုးသွားတယ်။ လူတွေကတော့ ကောင်တာမှာ တိုးဝှေ့နေကြတုန်းပဲ။
“*********”
ကျွန်တော့နာမည် ခေါ်ပြီ။ ကျွန်တော်လဲ ပတ်စပို့ ရပြီ အထင်နဲ့ ကောင်တာကို အူရားဖားရာ ပြေးသွားလိုက်တယ်။
“မင့်ဟာက ကြာနေပြီဆိုတော့ ရှာလို့ မတွေ့တော့ဘူး။ စနေတနင်္ဂနွေ ရုံးပိတ်ရက်မှ အေးအေးဆေးဆေး ရှာပေးထားလိုက်မယ်။ အဲတော့မှ ပြန်လာခဲ့”

ဟုတ်ကဲ့ ဟုတ်ကဲ့
“”

1 comment:

သဇင်ဏီ said...

ဟဲ..ဟဲ...ဖြစ်တတ်ပါတယ်..အရမ်းကိုခေတ်မီတိုးတက်ပြီး
တက်တက်ကြွကြွဝန်ထမ်းတွေလဲ အများကြီးရှိတော့...