Art is My Life

Sunday, May 13, 2007

မြေခပန်း

ချစ်သူ . . .
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာဇာတ်သိမ်းကို ပြင်ပေးဖို့
ငယ်ငယ်က အမေဆီမှာတောင်းဆိုဘူးတယ်
ခွန်ဆန်လောနဲ့နန်းဦးပြင် ဇာတ်သိမ်းကို
ပြင်ရေးလို့ စာမေးပွဲလဲကျခဲ့ဘူးတယ်
ရှိတ်စပီးယားသာ ငါ့အဖိုးဖြစ်ခဲ့ရင်
ယိုမီရိုနဲ့ဂျူးလိယက် ဇာတ်သိမ်းကိုပြင်ခိုင်းမိမှာပဲ


ချစ်သူ . . .
မင်းနဲ့ဝေးတဲ့ငါ့ရင်မှာ အလွမ်းတွေဝေနေတယ်
အဲဒီအလွမ်းတွေသာ ပန်းတွေဖြစ်ခဲ့မယ်ဆိုရင်
အဲဒီပန်းတွေကို မင့်ခေါင်းမှာပန်ပေးလိုက်ချင်ပါတယ်

ချစ်သူ . . .
အဲဒီပန်းတွေက . . .
သဇင်လို တော်မ၀င်ဘူး
ကျူးလစ်လို အရောင်သွေးမစုံဘူး
ရနံ့ကလဲ မွှေးချင်မှမွှေးမယ်
ဒါပေမယ့် ကိုယ်ပေးတဲ့ပန်းက ရာနှုန်းပြည့်ဖြူစင်ပါတယ်


ချစ်သူ . . .
အဆင့်ချင်းမတူလို့ မနမ်းရှိုက်လိုလဲ
အမိုက်သရိုက်လို မြေမှာချနင်းလိုက်ပါ
နင်းခြေသူကို စူးစေမဲ့
နှင်းဆီလိုဆူးမျိုးလဲ ငါ့အလွမ်းတွေမှာတပ်မထားပါဘူး
လေအလာမှာမြေခတဲ့ ကြွေကျပေးမဲ့ခရေလိုပန်းမျိုးပါ

ချစ်သူ . . .
လေအလာမှာ ကြွေကျတဲ့ခရေလို
ငါ့အချစ်တွေ မြေခကုန်ပြီ
နင်းလိုကနင်း ပန်လိုကပန်

ချစ်သူ . . .
တကယ်တော့ငါ
နင်ဘ၀ထဲကို ဗီဇာမပါဘဲဝင်ခဲ့သူလေ



......

Read More...

Friday, May 11, 2007

စင်္ကာပူ ဘလော့ဂ်ကာ အစည်းဝေးသို့

စလုံးက ဘလော့ကာတွေ တွေ့ကြတော့မယ်ဆိုတော့ ၀မ်းသာမိပါတယ်
ဒီလိုနဲ့ စာအုပ်ထုတ်ဝေဖို့ရာတွက် အောင်မြင်ဖို့ကလဲနီးလာပါပြီ

ကျွန်တော်အနေနဲ့ စင်္ကပူ ဘလော့ဂ် မောင်နှမများ ထံမှ သိလိုသည်များကို အစည်းဝေးမှာ ဆွေးနွေးပေးစေလိုပါတယ်

၁။ စင်္ကပူ ဘလော့ဂ်ကာများ ကိုစားပြုတဲ့ စာအုပ်နာမည်တစ်ခု

၂။ စာအုပ်များကိုက်ဆောင်ပေးရာတွင် ဘလော့ဂ်ကာတစ်ယောက်ကို ဘယ်နှစ်အုပ်ရသင့်တယ် လို့ထင်ပါတသလဲ
( ဥမမာ အားလုံးကို အတူတူပေးမလား ရံပုံငွေများများ ထည့်သူကို များများ ပေးမည်လား )

၃။ စာအုပ်ရေကို ၁၀၀၀ နဲ့ ၅၀၀ ဘယ်ဟာ ဖြစ်သင့်တယ်လို့ ထင်ပါသလဲ


၎။ စာအုပ်ဆိုဒ် ဘယ်လို အရွယ်မျိုးဆိုရင် ကြည့်လို့လှမည်ဟု စလုံးက အစ်ကို အစ်မ များယူ ဆပါသလဲ

၅။ စလုံးက အစ်ကို အစ်မများအနေဖြင့် စာအုပ်ထွက်ပြီးပါက တစ်ဦးလျှင် စာအုပ် ဘယ်နှစ်အုပ် အောင် ကုန်အောင်ရောင်းပေးနိုင်ပါသလဲ ။ ( တစ်ဦး ခြင်းစီရဲ့ ရောင်းနိုင်အားကွာနိုင်ပါသည် ။ တစ်ဦးလျှင် အနည်းဆုံး တစ်အုပ်ကုန်အောင်ရောင်းနိုင်ရင် ဆယ်ယောက်ရောင်းရင် ဆယ်အုပ် ကုနိုင်ပါသည် )

၆။ စလုံးက ကြော်ငြာရနိုင်ခြင်း ရှိမရှိ

ရ။ စာအုပ်ကို ဘလော့ဂ်ဒေးအမှီ ထွက်မှ ဖြစ်မည်ဟု ယူဆပါသလား။ သို့မဟုတ် နောက်ကျ ချင်ကျမည် စာအုပ်ကို ကောင်းနိုင်တမျှ ကောင်းအောင် အချိန်ယူ ပြင်ဆင်သင့် သည်ဟု ထင်ပါသလား

ကျေးဇူးတင်ပါသည်

Read More...

Thursday, May 10, 2007

မျှောင်လင့်ခွင့်

ချစ်သူရေ နင့်ကိုချစ်တဲ့အကြောင်း စက္ကူပေါ်မှာချရေးရင် ကမ္ဘာမြေမှာ ၀ါးပင်တွေမျိုးတုန်းကုန်လိမ့်မယ်


အဲဒီအခါမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မရှင်က တရားစွဲချင်စွဲလိမ့်မယ်၊ ပျင်းမနားမှာ မြစ်ချင်လုပ်ရောင်းသူတွေ အလုပ်လက်မဲ့ ဖြစ်သွားကြမယ်၊ အညာသားတွေ ကတော့ သူတို့ကို ရေငန်သောက်ပြီး မြစ်ခြောက်စားတဲ့လူ လို့ပြောခံရတဲ့ ဘ၀ကနေလွတ်မြောက်ကြလိမ့်မယ်၊ ယိုးဒယားက ဖိုင်ဘာစက်ရုံးကြီးတွေ နေ့ခြင်းညခြင်း သူဌေးဖြစ်ကုန်မယ်၊ ဘင်လာဒင်လဲ ရေအိမ်သုံးစရာ ဒုတ်ခနောင်းရှိတော့မှာ မဟုတ်ဘူး။
အဲဒီအခါမှာ အ၀ါရောင်ဂျာနယ်တွေ ပျောက်သွားလို့ ဂျက်ကီချမ်းက ကောင်းချီးပေးလိမ့်မယ်၊ လမ်းဘေးက အနှုကတော့ တူနဲ့ မစားရလို့ စိတ်ဆိုးကောင်း ဆိုးပါလိမ့်မယ်။
ဒါပေမယ့်ချစ်သူ ဒါတွေကအရေးမပါဘူး အရေးကြီးတာက နင့်အပေါ်မှာ ငါဘယ်လောက်ချစ်တယ်ဆိုတာကို သိဖို့ပါပဲ

ချစ်သူ . . .

ညကမှောင်တယ် မှောင်တဲ့ညမှာ အလင်းရောင်မရှိဘူး ဖန်တီးတဲ့အလင်းတွေမလာကြဘူး၊ ငါက မီတာခမဆောင်ဘူး မီးစက်လဲမ၀ယ်နိုင်ဘူးလေ၊ ဖရောင်းတိုင်ထွန်းဖို့ မီးခြစ်ဆံ ပါမလာဘူး၊ လမင်းသာဖို့ ကြံကြမ္မာမုန်တိုင်းတွေ နှေက်ယှက်နေတယ်
ဒါပေမယ့်ချစ်သူ မေတ္တာရှင်တစ်ယောက်က ထွန်းညှိပေးမဲ့ အလင်းတစ်ခုကိုတော့ ငါမျှော်လင့်နေတယ်

ချစ်သူ နင်ဟာ ငါ့ဘ၀ရဲ့ အစိုးရမီတာလား မီးစက်လား မေတ္တာရှင်လေးလေလား

ဆက်မေးပါရစေချစ်သူ အစိုးရမီတာဆိုရင် တစ်လကိုဘယ်လောက် ဆောင်ရမှာလဲ၊ မီးစက်တလုံးဆိုရင် ဘယ်လောက် ပိုက်ဆံစုရမှာလဲ
ပြောပြပါချစ်သူ
( ငါမတတ်နိုင်ရင်တောင် စိတ်ကူးလေးတော့ ယဉ်ပါရစေ )


မေတ္တာရှင်လားချစ်သူ
ဆက်ပြောပါ။ ဘယ်လောက်ကြာအောင် ငါ့ဘ၀ထဲကို ထွန်းလင်းပေးထားမှာလဲ . . .

Read More...

Wednesday, May 09, 2007

ဒါလားဟဲ့ မော်ဒန်

ပိတ်ကားများပေါ်တွင် အဓိပ္ပယ်ဖော်ရန်ခဲ့ယင်းသော ဆေးရောင်များခြယ်သူသည် မော်ဒန် ပန်းချီဆရာ ဖြစ်သည်
နားလည်ရန်ခက်ခဲသော စာများကို တောင်စဉ်ရေမရ လျှောက်ရေးသူသည် မော်ဒန် စာရေးဆရာဖြစ်သည်
( ဥပမာ။ ။ ဂျင်းဘောင်းဘီ ဆေးလိပ်တို ဂျော့ဘုဘ် အကော်ဒီယံအုန်းကျော် အစရှိသည့် အရာများကို တန်းစီ ချရေးသူ )
အရူးတစ်ယောက်လို နို့ဆီခွက်တွေကို လည်ပင်းမှာဆွဲ။ တချို့က ကြက်မြုံထဲဝင် အ၀တ်ဖြူဝတ် လက်ထဲမှာကြက်ဥနှစ်လုံးကို မနှဲလေးလိုကိုင်ပြီ ၀ပ်နေသည်ကို ၀င်ကြေးကို ဒေါ်လာနဲ့ပေးကြည့်ကြသည်။ အဲဒါပါဖောင်းမင့်

ကျွန်တော်သည် လူအများနားလယ်ရန် ခဲယင်းသော စကားများကို အဓိပ္ပယ်ကောက်လို့ မရအောင် မြန်မာလို ပြောသောအခါတွင် လူအများက မော်ဒန် စကားပြောသူဟု ခေါ်ကြမည်လော။
( စမ်းသပ်သည့် သဘောဖြင့် ချစ်သူကို ပြောကြည့်စဉ်က အရှုးလို့ မှတ်ချက်ပေးဖူးသည်)

ထိုအခါတွင် ကျွန်တော်သည် သူမကို ဥာဏ်မမှီသောသူဟု သဘောထားလိုက်သည်
( ဘာကြောင့်လဲဆိုတော့ ဂျင်းဘောင်ဘီတို့၊ ဆေးလိပ်တိုတို့ကို တန်းစီရေးသော စာပိုဒ်ကို ဥာဏ်မမှီသူများနှင့် ဝေးဝေးတွင်ထားပါ အန္တရယ်ရှိသည်လို့ မော်ဒန်စာရေးဆရာကြီးက သူရဲ့ စာပိုဒ်လေး အဆုံးမှာရေးထားခြင်းကြောင့်ဖြစ်သည် )

တခြားလူများကိုလဲ ပြောကြည့်သည် ထိုလူများသည်လဲ ကျွန်တော့ကို အရှုးဟု မှတ်ချက်ပေးသည်

သို့ရာတွင် ကျွန်တော်တီထွင်ထားသော မော်ဒန်စကားများ ထဲတွင် လမ်းဘေးက တရုတ်မ၊ လမ်းကြိုလမ်းကြားက ကြွက်စုတ်၊ နတ်ချီးတွဲလောင်းနဲ့ မော်ဒယ်ဂဲ၊ သချာင်္ကျွမ်းသော ရန်ကုန်သူ ရန်ကုန်သား၊ မန်ယူ ( မှန်လဲမှန်တယ် ယူလဲ ယူတယ်)၊ ချယ်ဆီး ( ပြောင်းပြန်မဖတ်ရ)၊ ကတုံးမ၊ ၀ဲကိုက်နေတဲ့ခွေး၊ တီဗီရောဂါသည်ကို ကြိုက်တဲ့ ဆရာဝန် အစရှိသည့် စကားလုံးများ ပါကောင်း ပါလိမ့်မည်။ ယင်းစကားလုံးများကို နားထောင်လိုသူများလဲ ရှိကောင်း ရှိပါလိမ့်မည်။

ထို့ကြောင့် ကျွန်တော်၏ မော်ဒန်ဒိုင်ယာလော့များကို ကျွန်တော်နှင့် ခံစားချက် ခြင်းတူသည့် ပရိတ်သတ်များ နားဆင်နိုင်ရန် ကြံစီမိသည်။ သူငယ်ချင်း တစ်ယောက်ကတော့ အားလုံးကြားနိုင်အောင် ဆာကူရာတာဝါ အမိုးပေါ်သို့တက်ပြီး လော်စပီကာနှင့် အော်ရန်အကြံပြုသည်။ သူသည် မိုက်မဲ သူတစ်ယောက်ဖြစ်သည်။ ဒီလောက် အဖိုးတန်သော မော်ဒန် ဒိုင်ယာလော့များကို အလကား ဖြန့်ဝေရန် ကျွန်တော့တွင် အစီစဉ်မရှိပါ။

ထိုအခါတွင် ကျွန်တော်သည် အမ်ပီသရီး ခွေ ထုတ်ရန် စီစဉ်ရတော့၏။ ရောသမမွေသည် ဗီစီဒီ စက်ရှိသော အိမ်တိုင်းတွင် ရှိသည်ဟု ဆိုသည်။ ကျွန်တော်၏ ခွေထွက်သည့် အခါတွင် ဗီစီဒီစက် မရှိသူများပင်လျှင် မော်ဒန် ဒိုင်ယာလော့များကို နားထောင်ရန် ဗီစီဒီစက်များကို အလုအယက် ပြေးဝယ်ကောင်း ၀ယ်ကြလိမ့်မည်။
( ထိုအခါတွင် ဗီစီဒီစက်များ ဈေးတက်နိုင်ပါသဖြင့် သင့်မှာ မရှိသေးလျှင် သို့မဟုတ် ပျက်နေလျှင် စောစီးစွာ ၀ယ်ထားကြပါကုန်)

ဘရက်တီစပီးရား ဆံပင်ပြန်ပေါက်လာသည့်အခါ ကျွန်တော့်အခွေကို ဘာသာပြန်၍ ဆိုကောင်း ဆိုပေလိမ့်မည်။ ရိန်း သည် ကျွန်တော့ထံတွင် တပည့်ခံကောင်း ခံပါလိမ့်မည်။ နယူးယောက်တိုင်းမ်း ကထုတ်ပြန်သော ကမ္ဘာ့ အကျော်အမော် ၁၀၀ စာရင်းတွင် ထိပ်ဆုံးက ဖော်ပြကောင်း ဖော်ပြလိမ့်မည်။ ဆွီဒင် သမ္မတသည် သူ့နိုင်ငံသို့ ဖိတ်ကြား၍ နိုဘယ်ဆု ပေးကောင် ပေးလိမ့်မည်။ ဟားဘတ် တက္ကသိုလ်က ဒေါက်တာဘွဲ့ပေးကောင်းပေးပါလိမ့်မည်။
သို့ရာတွင် ကျွန်တော်သည် မော်ဒန်ဒိုင်ရာလော့များကို ခွေထုတ်မည့် အစဉ်ကို ဤနေရ၌ ဖျက်သိမ်းရာ၏။ အကြောင်း ပြချက်ကတော့ ခိုးကူးခွေများ၏ ဘေးရန်ကို ကြောက်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ကျွန်တော် ကိုယ်တိုင်သည် တခါတံရံတွင် ခိုးကူသီချင်းခွေများကို ၀ယ်ယူနားဆင်လေ့ရှိသည်။ ခိုးကူးရန်ကိုကြောက်သည်ဟု ကျယ်လောင်စွာ အော်နေသော အဆိုတော်များ ကိုယ်တိုင်ရော ခိုးကူးခွေကို တစ်ကြိမ်မှ မ၀ယ်ဘူးပါကြောင်း အာမခံနိုင်ပါ၏လော။

ခိုးကူခွေများကို အားပေးသူသည် အဆိပ်ပင် ရေလောင်းသူဖြစ်သည်ဟု ရတနာမြိုင်က ကိုချန်ဟိန်း သည်သော်လည်းကောင်း အိတ်ဆဲလင့်ခရီရေးရှင်းမှ ဦးမျိုးဆွေသည် သော်လည်းကောင်း မှုပိုင်ခွင့်ဘွဲ့များကို သတီတန်းကြီး ယူထားသော ရှေ့နေကြီး ဦးအောင်စိုးဦးသည် သော်လည်းကောင် ပြောကောင်းပြောခဲကြ၏။
မောင်မျိုးမင်းသည် သူရိုက်သည့် တဆ္ဆေအလိုက်ခံရသူများ၏ညကို ခိုးကူထားသည့်ခွေကို ပိုက်ဆံ ၃၀၀ ပေးကာ လမ်းဘေးဈေးသည် တစ်ဦးထံမှ ၀ယ်ခဲ့၏ ထိုအခါတွင် မောင်မျိုးသည် အဆိပ်ပင် ရေလောင်းသူလော။

ခိုးကူးခွေများကိုသာ အစဉ်တစိုက် အားပေးလျှက် ရှိသော ဗိုလ်ကလေးဈေးလမ်းနေ ကောင်မလေး တစ်ဦးကတော့ သူတို့ခွေက တစ်ထောင်ကျော် မတန်ပဲ သုံးရာပဲတန်လို့ သုံးရာတန် ခိုးကူးခွေကို ၀ယ်ရခြင်းဖြစ်သည်တဲ့။ ဂီတအစီးရုံးက ပဂ္ဂိုလ်ကြီးတစ်ဦးကတော့ ခိုးကူးခွေတွေကြောင့် အမြတ်နည်းသဖြင့် သူတို့ ခွေတွေကို ပိုက်ဆံအများကြီးမသုံးနိုင်ခြင်း ဖြစ်သည်ဟု ပြောပါ၏။

တေးရေးဆရာကြီး တစ်ယောက်ကတော့ ဂီတလောက အခုလိုအကြပ်ရိုက်နေတာ တစ်ဝက်က ခိုးခွေကြောင့် ဖြစ်ပြီး တစ်ဝက်သည် အဆိုတော်နှင့် တေးထုတ်လုပ်သူများကြောင့်ဟု ဆိုပြန်သည်။
(ဥပမာ။ ။ ခွေတိုင်းတွင် ပါလေရာလိုက်ဆိုခြင်း၊ မုန့်လဲစားသလို သချင်းလဲဆိုခြင်း၊ ကိုယ့်အသံနှင့်လိုက်မှန်းသိ မလိုက်မှန်းသိ ထုတ်လုပ်သူက ဆိုခိုင်းလျှင်ဆိုခြင်း )
ခိုးကူခွေ အကြပ်ရိုက်သည့် သောကကို တချို့သောအဆိုတော်များ မခံရဟုဆိုသည်။ သူများခွေကိုသာ ခိုးကူဝယ်ချင် ၀ယ်မယ် အဲဒီအဆို တော်ကိုတော့ မာစတာမှ ၀ယ်သည်ဟု ပြောကြသည်။
(ဥပမာ။ ။ လေးဖြူ၊ မျိုးကြီး၊ အာဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်)

အဆိုတော်များသည် ခိုးကူးခွေကို ထိရောက်အောင် မဖမ်းပေးနိုင်သော အာဏာပိုင်များကို အပြစ်တင်ကောင်း တင်လိမ့်မည်။ အာဏာပိုင်များသည် အဆိုတော်များကို အပြစ်တင် ကောင်းတင်လိမ့်မည်။ တချို့သောလူများက မှုပိုင်ခွင့်ဥပဒေကို ပြီးစီးအောင် မဆွဲသည့် ရှေ့နေများကို လက်ညှိးထိုးလိုက ထိုးကြမည်။ အားပေးသူများက ဈေးသက်သာမှုကို သော်လည်းကောင်း လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ခြင်းကို လည်းကောင်း အကြောင်းပြချက် ပေးကောင်းပေးမည်။ ကူးသူများက စီပွားရေးတွက်ချေ ကိုက်သောကြောင့် လို့ဖြေကောင်းဖြေမည်။ ခိုးကူးခွေကို အများပြည်သူလက်ကို ရောက်အောင် ဖြန့်ပေးသော ကောင်းလေးတစ် ယောက်ကတော့ ကျွန်တော် ဘလုပ်လို့ ဘာကိုင်စားရမှန်မသိလို့ ရောင်းတာပါတဲ့။ စားလောက်တဲ့ လစာရတဲ့ အလုပ်သူမှာရှိရင် ဘယ်သူက ရောင်းမှာလဲတဲ့လေ . . .
ဒါဆိုရင် ရုံးတွေမှာ ခိုးကူးခွေ ရောင်းတဲ့ ၀န်ထမ်းတွေကရော . . . . .

သြော် . . . ဒါလား မော်ဒန်လေ

Read More...

Tuesday, May 08, 2007

ထရိတ်ဖဲမှာ ဗုံးကွဲစဉ်က

အချိန်ကား ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ . . . . .

အဲဒီနေ့က ကုန်သွယ်မူဗဟိုဌာနမှာလုပ်နေတဲ့ ထိုင်းကုန်စည်ပြပွဲရဲ့ နောက်ဆုံးနေ့။ သတင်းစာထဲမှာ ထိုင်းရိုးရာ အစားသောက် ပြိုင်ပွဲရှိတယ်လို့ ပါတာကြောင့် ကျွန်တော်နှင့် အခြားသူငယ် ချင်းတစ်ယောက် အောက်ပုစွန် တောင်မှာရှိတဲ့ ကုန်သွယ်မူ ဗဟိုဌာနကို ရောက်လို့သွား ကြပါတယ်။
ကုန်သွယ်မူ ဗဟိုဌာနကို ရောက်တော့ လူတွေကလည်း တိုးလို့မပေါက်နိုင်အောင် စည်ကားလို့ နေပါတယ်။ ကျွန်တော်မှတ် မိသလောက် ပြန်ပြောရရင် အောက်ထပ်မှာ စာရေးကိရိယာတွေ ဒုတိယထပ်မှာ စလောင်းလိုမျိုး စက်ကိရိယာတွေ တတိယထပ်မှာတော့ ဖျော်ဖြေရေး စင်မြင့်နဲ့ လိုလိန်း လိုမျိုး အလှကုန် ပစ္စည်းတွေရောင်းပါတယ်။ အဲဒီမှာ အလှကုန်ပစ္စည်း ဘယ်လောက်ဝယ်ရင် အလှပြင်ခ ဘယ်လောက်ဖိုးတန် အလှပြန်ပြင်ပေးမယ် ဆိုတာမျိုးတာတွေနဲ့ ပရိုမိုးရှင်းလုပ် ဆွဲဆောင်နေတာကို တွေ့ရပါတယ်။ အပေါ်ဆုံးထပ်မှာတော့ အလှကုန်ပစ္စည်းတွေကိုပဲ အဓိကထားရောင်းတယ် ထင်ပါတယ်။
ကျွန်တော်နဲ့ အတူပါလာတဲ့ ကောင်က ဖျော်ဖြေးရေး စင်မှာ ဖက်ရှင်အလှ ပြတာတွေ ကြည့်ချင်တယ်ဆို တာကြောင့် ခဏထိုင်ကြည့် နေကြပါသေးတယ်။ ဒါပေမယ့် အဓိကလာတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို ရှာရဦးမှာ ဖြစ်တဲ့ အတွက် သူငယ်ချင်းကို ခေါ်ပြီး ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာဖို့ရာ ထွက်လာခဲ့ပါတယ်။ အပေါ်ထပ်ရောက်တော့ လည်းမတွေ့ ဒါနဲ့ပဲအောက်ထပ်ကို ဆင်းပြီးပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာကြည့်ပါတယ်။ ဒါပေမယ့် မတွေ့ပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းက မောဒယ်ရှိုး လျှေက်တာကို ကြည့်ချင်တယ် ဆိုတာကြောင့် ဖျော်ဖြေရေး စင်မြင့်ရှိရာ သုံးထပ်ဆီကို ဦးတည်သွားခဲ့ ကြပါတယ်။
လှေခါးတက်ခါနီးမှာ စာရေးကိရိယာ ဆိုင်က ပစ္စည်းလေးတွေကို စိတ်ဝင်စားတာကြောင့် ၀င်ကြည့်နေတုန်း ပြင်းထန်တဲ့ ပေါက်ကွဲသံ ကြီးကို ကြားလိုက်ရတယ်။ ပေါက်ကွဲ သံကြီးကြောင့် ကျွန်တော်တို့ ကြက်သေသေနေတုန်း နောက်ဆက်တွဲ သေနတ်ပစ်သံလို အသံတွေ ထွက်လာတယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က ဟေ့ကောင် သေနတ်နဲ့ ပစ်နေတာ ၀ပ်ဝပ်ဆိုပြီး စာရေးကိရိယာ ရောင်းတဲ့ ကောင်မလေးတွေကြားကို ဒိုင်ဗင်ထိုး ၀င်သွားတယ်။ ဘယ်ကမှန်း မသိတဲ့ ပေါက်ကွဲ သံကြောင့် အားလုံးက ကြက်သေသေနေတုန်း အပေါ်ထပ်က လူတွေက ၀ရုံးသုန်းကား ပြေးဆင်း လာကြတယ်။
အဲဒီအချိန်မှာ အဆောက်ဦးကြီး ပြိုကြပြီးပိမိ သွားနိုင်တယ်။ ဒါကြောင့် စာရေးကိရိရောင်းတဲ့ ကောင်မလေးတွေကြားမှာ ၀ပ်နေတဲ့ ကောင်ကို လက်ဆွဲခေါ်ပြီး အပြင်ဘက်ကို ပြေးထွက်လိုက်တယ်။ ကျွန်တော်တို့ ဆင်ဝင်အောက်ကို ရောက်စဉ်မှာ လူတွေသိပ်မရှိဘူး။ အပြင်မှာ မိုးကလဲစိတ်စိတ် ရွာနေတယ်။ ကျွန်တော်အပေါ်ကို မော့ကြည့်လိုက်တော့ သုံးထပ်က မှန်တွေအားလုံးကွဲနေပြီ။ မှန်ကွဲစတွေကလဲ မိုးရွာသလို တဖွဲဖွဲ ပဲ့ကြနေတယ်။ အဲဒီမှန်ကွဲတွေ အဖွာလိုက် အဖွာလိုက် ကျလာတဲ့ အသံတွေက ဗီဒီယို ဇာတ်ကားတွေထဲက စက်သေနတ် ပစ်သံတွေလိုပဲ။
ကွဲနေတဲ့ မှန်ကွဲတွေ

ကျွန်တော် အပေါ်ထပ်ကို ကြည့်နေရာကနေ ဆင်ဝင်ဘက်ကို ပြန်လည့်ကြည့်လိုက်တော့ ဆင်ဝင်အောက်မှာ လူတွေက ပြုံနေကြပြီ။ အရှေ့က ပြေးထွက်တဲ့လူက မောက်လျှက်လဲ။ အဲဒီလူပေါ် ကိုနောက်လူက ထပ်ပြီးလဲ။ အဲလိုနဲ့ ဆင်ဝင်မှာ လူတွေ ထပ်ပြီး ပိတ်မိနေကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်က သူ့ရဲ့ ကလေးပျောက်လို့တဲ့ ငိုနေတယ်။ ပြုံထွက်လာတဲ့ လူတွေကို ကျွန်တော် ဓာတ်ပုံရိုက်နေတုန်းမှာ သွေးတွေရဲ နေတဲ့လူငယ် တစ်ယောက် ရောက်လာတယ်။ သူခေါင်းမှာ သွေးတွေနဲ့ ရဲနေပြီ။ သူမျက်နှာနဲ့ ကိုယ်ခန္ဒာကိုယ် အနှံ့မှာ မီးသွေးခဲလို မဲမဲအတုံးလေးတွေ ကပ်နေတယ်။ သူရဲ့ ဘောင်းဘီနဲ့ အင်္ကျီတွေကလဲ စုတ်ပြဲနေတယ်။ ပြီးတော့ သူရဲ့ သွေးပေနေတဲ့ လက်ကြီးနဲ့ ကျွန်တော့ကို လမ်းဆွဲပြီး သူ့ကို ဓာတ်ပုံရိုက်ခိုင်းတယ်။

အရှေ့ကလူပေါ်ကိုနောက်ကလူကထပ်လျှက်လဲ


ဓာတ်ပုံရိုက်ခိုင်းတဲ့လူ

ကျွန်တော်သူ့ကို အပေါ်မှာ ဒါဏ်ရာရတဲ့ လူတွေရှိသေးလားလို့ မေးတော့ ရှိသေးတယ် အများကြီးပဲတဲ့။ နောက်တော့ သူ့လို အ၀တ်စား အစုတ်တွေနဲ့ သူတောင်းစားလို လူတွေတော်တော် များများ ပြေးထွက်လာတဲ့ လူတွေကြားထဲမှာ ပါလာတွေ့ရတယ်။ သူတို့ပုံတွေက အ၀တ်စားတွေ စုတ်ပြတ်နေပြီ တကိုယ်လုံးကို အိုးမဲနဲ့ သုတ်ထားသလို မဲနေတယ်။ သူတို့တွေ အားလုံးမှာ တူညီတဲ့ အချက်က အဲလိုလူတွေမှာ မီးသွေးခဲလို အခဲလေးတွေက သူတို့ရဲ့ ကိုယ်ခန္ဒာအနှံ့မှာ ကပ်ညှိနေကြတယ်။
ဗုံးကွဲတဲ့ အထပ်


ကျွန်တော် ဗုံးကွဲတဲ့ အထပ်ကို ပြန်မော့ကြည့်လိုက်တာ့ လိုလိန်းက ၀န်ထမ်းတွေက လူတွေပြေးလွားနေတာကို အပေါ်ထပ်ကနေ အေးအေးဆေးဆေး ကြည့်နေကြတယ်။ ကျွန်တော်လဲ အပေါ်ထပ်ကို တက်ကြည့်ဖို့ ရာအတွက် ဘေးက ပေါက်ရှိရာကို သွားခဲ့တယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က အပေါ်ကို ဆက်မတက်ဖို့ ပြောတယ်။ ကျွန်တော်ကလဲ မင်းကြောက်ရင် မလိုက်ခဲ့ နဲ့ဆိုပြီး အပေါ်ထပ်ကို ဘေးလှေကားက နေတက်ခဲ့တယ်။
ဗုံးကွဲတဲ့ အထပ်ကိုရောက်ပါပြီ။ စောစောက ခမ်းနားလှပစွာ တန်ဆာဆင်ထားတဲ့ အရာတွေ အားလုံးက ကြမ်းပြင်ပေါ်မှာ မွစာကြဲပြီ။ အဖိုးတန်ဆိုတဲ့ ဆိုပြီး အလုအယက် တိုးဝေးကြည့်နေ ကြတဲ့ အလှကုန် ပစ္စည်းတွေ အလကား ကောက်မဲ့လူတောင် မရှိတာ့ဘူး။ ဗုံးကွဲတဲ့ အထပ်မှာ ရမ်းငွေ့တွေ ထောင်းနေတယ်။ အငွေ့တွေကြောင့် အဝေးကြီးကို မမြင်ရဘူး။ မျက်နှာကျက်ကို မော့ကြည့်လိုက်တာ့ စုတ်ဖွာကြဲနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်ရယ် သူငယ်ချင်းရယ် ဒါဏ်ရာကြေင့် မထနိုင်တော့တဲ့ သူတွေရယ်ကလွဲရင် ဘယ်သူမှ မရှိဘူး။
ကျွန်တော် ရှေ့ကို တဖြေးဖြေးချင်း လျှေက်လာတယ်။ ကျွန်တော်နဲ့ ငါးပေလောက် အကွာမှာ သူတောင်းစာလို မဲညစ်ပြီး အ၀တ်တွေ စုတ်ပြဲနေတဲ့ အမျိုးသမီး နှစ်ယောက်လဲ ကျနေတယ်။ သေချာကြည့်လိုက်တာ့ တစ်ယောက် ခါးအောက်ပိုင်းမရှိဘူး။ တစ်ယောက်က ခြေတစ်ဖက်မရှိဘူး။ ကျွန်တော် ထင်တယ် သူတို့သေနေပြီ။ ကျွန်တော်ဓာတ်ပုံ ရိုက်ဖို့ ပြင်လိုက်တယ်။ ကင်မရာ မော်နီတာမှာ သူတို့ကို ကြည့်နေတုန်း ခြေတစ်ဘက်မရှိတဲ့ အမျိုးသမီး ရုတ်တရက် ထထိုင်လာတယ်။ သေနေပြီထင်တဲ့ လူကထထိုင်လာတော့ ကျွန်တော် တော်တော် လန့်သွားတယ်။ ပြီးတော့ သူ့ကိုဆေးရုံပို့ပေးပါလို့ ကျွန်တော့ကို ပြောတယ်။ အဲဒီအချိန်မှာ ဝေါ်ကီတော်ကီ ကိုင်ထားတဲ့ အရပ်ဝတ်နဲ့ လူတစ်ယောက် ပြေးတက်လာတယ်။ ပြီးတော့ စောစောက အမျိုးသမီးနှစ်ယောက် ကိုချက်ခြင်း ပို့ပေးပါမယ့် အကြောင့် နှစ်သိမ့်တယ်။ ပြီးတော့ ရှေ့ဆက်သွားကြည့်ဖို့ ကျွန်တော့ကို အဲဒီလူက ဖော်ညှိတယ်။ ကျွန်တော်ခေါင်းညီမ့် ပြလိုက်တယ်။ ဒါပေမယ့်သူ ဆက်မသွားဘူး။ ဒါကြောင့် ကျွန်တော်က ဦးဆောင်ပြီး အရှေ့ကို ဆက်လျှေက်ခဲ့တယ်။ ဗုံးပေါက်ကွဲတဲ့ နေရာတည့်တည့် အပ်ါက မျက်နှာကျက်က အောက်ကို စောင်းကျနေတယ်။ ပလပ်စတစ် ခုံတွေကကလဲ တုန်းလုံးပက်လက်။ အဲလိုတုံးလုံးပက်လက်နဲ့ လှဲနေတဲ့ ခုံတွေနဲ့ အတူ လူတချို့လဲ လဲကျနေကြတယ်။
ပလပ်စတစ်ခုံကျိုးတွေ ကြားထဲမှာ လူတစ်ယောက်က ငုတ်တုတ်ကြီး ထိုင်နေတယ်။ သူရဲ့ အနောက်မှာက ဟောင်းလောင်း ပေါက်ပွင့်သွားတဲ့ မှန်နံရံကနေ အလင်းရောင် ၀င်နေတာကြောင့် သူထိုင်နေတယ် ဆိုတာလွဲရင် ကျန်တာကို သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ အနီးကပ်တိုး ကြည့်လိုက်တော့ ခါးအောက်ပိုင်းမရှိတော့ဘူး။ ကိုယ်တစ်ပိုင်း ပြတ်ပြီး တည်လျှက်သား ဖြစ်နေတာ။ သူ့ရဲ့ အောက်ခြေနားမှာ သွေးတွေက ယိုနေတဲ့ဘူးထဲက ထွက်ကျနေတဲ့ ရေတွေလို အိုင်ဆင်းနေတယ်။ အဲဒီအချိန်မှာ အရှေ့ဘက်ခြမ်းက မျက်နှာကျက် အိပြီးပြိုဆင်းလာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်လည့်ပြေးခဲ့တယ်။ အောက်ထပ်ကို ဆင်းတဲ့ လှေကားထိပ်ကို ကျွန်တော်တို့ ရောက်တော့ မျက်နှာကျက် ပြိုဆင်းလာတာ ရပ်သွားတယ်။ ဒါပေမယ့် ကျွန်တော် ဆက်မကြည့်တော့ဘူး အောက်ထပ်ကို ပြန်ဆင်းခဲ့တယ်။ အဲဒီတော့မှ ရဲတွေကြက်ခြေနီတွေ မီးသတ်တွေ ပြေးတက်လာကြတယ်။
ကျွန်တော်တို့ ဆင်ဝင်အောက်ကို ပြန်ရောက်တော့ လူတွေကို သက်ဆိုင်ရာက် ရှင်းထားပြီးပြီ။ တော်တော်များများကတော့ ကားလမ်းတစ်ဘက်ကနေ အုံကြည့်နေကြတယ်။ အထဲကနေ ထွက်လာတဲ့ ကျွန်တော်ဆီကို အမျိုးသမီး တစ်ယောက်ပြေးလာပြီး အပေါ်မှာ ကလေးတစ်ယောက်မတွေ့ မိဘူးလား လို့ငိုယိုရင်း လာမေးတယ်။ မတွေ့ခဲ့ဘူး ဒါပေမယ့် တက်ကြည့်ပေးမယ်ဆိုပြီး ပြန်တက်မယ်လုပ်တော့ စစ်သားတွေက ကျွန်တော့ကို အတက်မခံတော့ဘူး။ အဲဒီချိန်မှာပဲ အပေါ်ကနေ ဒါဏ်ရာရသူတွေကို တစ်ယောက်ပြီးတစ်ယေက်သယ် ချလာတာကို တွေ့ရတယ်။
လမ်းမပေါ်မှာလဲ ခရာသံတွေဆူညံနေတယ်။ မိုးကတော့ စိတ်စိတ်လေးရွားတုန်းပဲ။ လူစုကွဲတဲ့ သူတွေက အဆောက်ဦးကြီးကို ကြည့်ပြီးငိုနေကြတယ်။ ခမ်းနားထည်ဝါမှုတွေ လှပမှုတွေ ပျော်ရွင်မှုတွေ စည်းကားမှုတွေအား လုံးက စုတ်ပြတ်သတ်မှုတွေ အကျဉ်းတန်းမှုတွေ ကြောက်ရွံ့မှုတွေ ဆီသို့ ရုတ်ချည်းပြောင်းလဲ သွားကြပြီ။ ကျွန်တော်လဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အဆေက်ဦးကြီး ကြောခိုင်းကာ အိမ်ကို ပြန်ခဲ့တယ်။


စာကြွင်း ။ ။ ဒီနေ့ဆိုရင် အဲဒီဗုံးကွဲတာ နှစ်နှစ်ပြည့်ခဲ့ပြီ။ ယင်းနေ့တွင် ထရိတ်ဖဲ အပါဝင် ဒဂုံစင်တာ ဂျမ်းရှင်အိတ် စင်တာ တို့တွင် တပြိင်နက် သုံးနေရာပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီ လူ ၁၁ ဦးပွဲခြင်းပြီးသေဆုံးကာ လူ ၂၀၀ ကျော်ဒဏ်ရာရကာ လူ ၁၆၀ ကျော်မှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ခဲ့ရသည်။
ယင်းသုံးနေရာ ပေါက်ကွဲမှုကြောင့် ဆေးရုံမှာသေသူနှင့် ပေါင်းလျှင် အနည်းဆုံး လူ ၃၀ ကျော်ရှိကြောင်း သိရသည်။
သွားသတိလာသတိ ထားကြပါ။ အာလုံး အဒီလို အဖြစ်ဆိုမျိုးနောက်ထပ် မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

Read More...

Monday, May 07, 2007

ဧည့်သည်

အိမ်တစ်အိမ် မြို့တစ်မြို့ ဟိုတယ်တစ်ခုကနေ ဧည့်သည် တစ်ယောက်ပါလို့ ပြောပြီး ပြန်ထွက်သွားလို့ ရပေမယ့် သံယောဇဉ်တံခါး ပေါက်ကနေ ၀င်လာပြီမှ ဧည့်သည် တစ်ယောက်ပါဆိုပြီး နှလုံးသား မြို့တော်က ပြန်ထွက်လို့ရအောင် အချစ်ဆိုတာ ၀င်ချင်သလို ၀င် ထွက်ချင်သလို ထွက် လို့ရတဲ့ ဇရပ်မဟုတ်ဘူးလေ

------___ ၁ ___
ကျွန်တော်တို့ စီးလာသော ကားလေးသည် မန္တလေး လာရှိုး လမ်းမကြီးအတိုင်း မောင်းနှင်နေသည်။ မန္တလေးက ထွက်ပြီး ၂၁ မိုင်ကိုကျော်ပြီဆိုတာနဲ့ ရာသီဥတုက မြေပြန့်နှင့်ဘာမျှ သက်ဆိုင်ခြင်းမရှိတော့ပါ။ ရန်ကုန်က ထွက်လာကတည်းက ပူပြင်းသော ရာသီဥတုသည် ၂၁ မိုင်ကျော်သည်နှင့် ဆောင်းဥပေါက် ရာသီရုတ်ချဉ်းပြောင်းလဲ သွားသလို ခံစားရသည်။
နံနက်ခင်းတစ်ခုလုံးကို မြူများကလွမ်းခြုံထားကြသည်။ စိန်ပန်းပင်များက လမ်းဘေးဝဲယာတွင် ပင်လုံးကျွတ် နီရဲနေအောင် ပွင့်ပြီး တောင်ပေါ်နွေရာသီ၏အလှကို သရုပ်ဖော်နေကြသည်။ ရာသီဥတုက မြေပြန့်လို ပူအိုက်ခြင်း မရှိသလို ချမ်းအေးခြင်းလဲမဟုတ် နေထိုင်လို့ ကောင်ရုံသာ အေးမြခြင်းဖြစ်သည်။ သို့ကြောင့်ပင် ပြင်ဦးလွင်မြို့သည် နွေရိပ်ခို မြို့လေးအဖြစ် နာမည်ကျော်လေသည်လားမသိ။
ကျွန်တော်သည် ပြင်ဦးလွင်ကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဘူးပါ၏။ အရင်ရောက်ခဲ့ဖူးစဉ်က ဆောင်းရာသီများသာ ဖြစ်သောကြောင့် ချမ်းအေးလွန်းလှသဖြင့် နေထိုင်လို့ မကောင်းလှ။ ပြင်ဦးလွင်ကဲ့သို့ နွေရာသီ အပန်းဖြေဖို့ ကောင်တဲ့ အပြင် ပြင်ဦးလွင်ကဲ့သို လှပတဲ့ မြို့များစွာ မြန်မာနိုင်ငံတွင်ရှိပါသည်။ သို့ရာတွင် ပြင်ဦးလွင်သည် အခြားသော မြို့များထက် သွားရေးလာရေးလွယ်ကူခြင်း၊ အမျိုးသားကန်တော်ကြီး ဥယဉ်အပါဝင် ပိတ်ချင်းမြောင်ဂူ ပွဲကောက်ရေတံခွန် ဓာတ်တော်ချိုင့်ရေတံခွန် ကဲ့သို့သော အပန်းဖြေ ဖို့ကောင်းတဲ့ နေရာများရှိခြင်း များကြောင့် အခြားသော နေရာများထက် ပိုမိုစည်ကားဟန်တူပါသည်။
ကားသည် ပြင်ဦးလွင်မြို့ကို မကြာခင်ဝင်တော့မည်။ ကျွန်တော်သည် လက်ထဲတွင် လွန်ခဲ့သော ဒီဇင်ဘာလက ရိုက်ထားသော ကောင်မလေးတစ်ယောက်၏ ဓာတ်ပုံလေးကို ကြည့်ရင် လိုက်ပါလာပါသည်။

___ ၂ ___

ကားရောက်တယ် ဆိုရင်ပဲ ဟိုတယ်ကိုသွား ရေးမိုးချိုးပြီးတော့ ဟိုတယ်နဲ့ မနီးမဝေးက အကင်ဆိုင်လေးကို ထွက်လာခဲ့သည်။ အကင်ဆိုင်လေးက ဟိုတယ်နဲ့ သိမ်မဝေတဲ့နေရာမှာပါ။ အကင်ဆိုင်ကိုရောက်တော့ နေ့ခင်းမို့လို့ ဆိုင်ပိတ်ထားသည်။ အဲဒီဆိုင်ကညရောက်မှ ဖွင့်တာတဲ့။
ကျွန်တော်လဲ တညလုံးကားစီးလာရတဲ့ အတွက် ပင်ပမ်းတာကြောင့် ဘယ်ကိုမှ မသွားတော့ပဲ ပြန်လာခဲ့သည်။ ဒီနေ့တော့ နားပြီး နောက်ရက်မှ သွားစရာရှိတာသွား လုပ်စရာရှိတာလုပ်တော့မယ် လို့ဆုံးဖြတ်ကာ အိပ်လိုက် ပါတော့သည်။
တစ်နာရီလောက်မှာ ထမင်းစာဖို့ ထတာကလွဲလို့ အဲဒီနေ့က တနေကုန်ပဲ အိပ်ပစ်လိုက်သည်။ ကျွန်တော်တို့ အဖွဲ့ကလူတွေကတော့ ဘယ်တွေလျှေက်သွားကြသေးလဲ ကျွန်တော်မသိတော့ပါ။
ညနေအိပ်ရာထတော့ ငါးနာရီထိုးပြီ။ ကျွန်တော်ကြည့်လိုက်တော့ ကျွန်တော်နဲ့ ရန်ကုန်က အတူတူထွက်လာခဲ့ ကောင်တွေ တစ်ကောင်မှ မရှိကြ။ လယ်ပတ်စရာများကို လျှေက်ပြီးလယ်ပတ်နေကြတာ ထင်ပါသည်။ ဒါကြေင့် ကျွန်တော်ရေမိုးချိုးပြီး သူတို့ ပြန်အလာကို စောင့်နေလိုက်သည်။
သူတို့က ခြောက်နာရီလောက်မှာ ပြန်လာတယ် အဲဒီတော့မှာ ညစာကို ဟိုတယ်မှာပဲ သူတို့နဲ့အတူစားပြီး မနက်က သွားတဲ့ အကင်ဆိုင်လေးကို နောက်တစ်ခေါက် ထပ်သွားခဲ့သည်။ ဒီတစ်ခါတော့ ကျွန်တော်တစ်ယောက်တည်း မဟုတ် ရန်ကုန်ကပါလာတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက်လဲ လိုက်လာသည်။
ညရှစ်နာခန့်ဟုထင်ပါသည်။ အကင် ဆိုင်လေးမှာ လူတွေတောင်စီစ ပြုလာပြီ။ ကျွန်တော် သူငယ်ချင်း နှင့် အကင်များကို ရွေးရင်း ကောင်တာကို တစ်ချက်လှမ်း ကြည့်လိုက်သည်။ ကောင်တာတွင် ခပ်၀၀ ရှမ်းတရုတ်မကြီးတစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။ ကျွန်တော်စားချင်သော အကင်များကို မှာထားခဲ့ပြီး ချောင်ကျကျ စားဝိုင်းလေးမှာ ၀င်ထိုင်လိုက်သည်။ ပြီတော့ ကျွန်တော်က ဘီယာတစ်လုံး မှာသည်။ သူငယ်ချင်း က ၀ီစကီ ပုလင်းပြားတစ်ခု မှာသည်။ ကျွန်တော်က အကင်လာမချသေးလို့ ဘီယာကို မသောက်သေးပေမယ့် ကျွန်တော့ကောင်ကတော့ ၀ီစကီကို အမြည်းမပါပဲ ရေနဲ့ကြိုက်နေတော့သည်။
အဲဒီအချိန်မှာ ကောင်တာကမိန်းမကြီး နေရာသို့ ရှမ်းတရုပ်မလေး တစ်ယောက် အစားထိုးဝင်ထိုင်သည်ကို တွေ့လိုက်သည်။ အဲလိုပြောင်းထိုင်သည်ကို တွေ့လိုက်သည်နှင့် ကျွန်တော်စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။ ပြီတော့ ဓာတ်ပုံလေးတွေကို ထုတ်ကာ ကောင်တာတွင် ထိုင်နေသည့် ကောင်မလေးကို သွားပေးရန် ပြောလိုက်သည်။ စားပွဲထိုးကောင်လေးက ဓာတ်ပုံတွေကို ကြည့်ပြီ ကောင်မလေးကို သွားမပေးရဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ပေး ခိုင်းတာက အဲဒီကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေးရဲ့ ပုံတွေလေ။

ဟေ့ကောင် သွက်လှချည်လားကွ ဘယ်တုန်းက ရိုက်ထားတာလဲ
ကျွန်တော်နဲ့ ပါလာတဲ့သူငယ်ချင်းက ကျွန်တော့ကို မယုံကြည်နိုင်သောမျက်လုံးများနှင့် ကြည့်၍မေးသည်။

အရင်တစ်ခေါက်လာတုန်းက ရိုက်ထားတာ။ ကြာပါပြီ။ ပန်းပွဲတော်ကို လာတုန်းကပါ။ အခုကြုံလို့ လက်ဆောင်ပေးရ အောင်ဓာတ်ပုံထုတ်ပြီးယူလာတာ။ မင်းသွားပေးမလား။

အာ... မလုပ်ပါနဲ့ကွာ ငါ့ဟာငါ အေးဆေးနေပါရစေ။ ကောင်မလေးက ကြည်ကြည်ဖြူဖြူနဲ့လက်လို့ နာမည်ကောင်းရရင် မင်းရမှာ။ အခန့်မသင့်လို့ ပြသနာတက်ရင် ငါက ကန့်လန့်ကန့်လန့် ပါနေဦးမယ်။

ကောင်မလေးက ကျွန်တော်ထက်စာလျှင် နှစ်နှစ်ခန့် ငယ်မည်ဟု ခန့်မှန်းမိပါသည်။ အသားဖြူ၍ အရပ်အမောင်း အသင့်အသင့်ရှိသည်။ ရန်ကုန်မြင်တွေ့ကျ မယ်တော်များလို အရပ်ရှည်ရှည် ပိန်ကပ်ကပ်နဲ့ ၀ါးချမ်းပြားလိုမဟုတ်။ ပြီးတော့ သူပုံက အပြုံချိုပြီး အလှပပေါ်တွင် မာနတက်တတ်သည့် မိန်းကလေး ပုံမျိုး မဟုတ်။ မျက်နှာချိုပြီး အမြဲလိုလို ပြုံးနေသည်။
လက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်ပုံများနှင့် ကောင်မလေးကို တလည့်စီကြည့်ရင်း ကျွန်တော် ဘာလုပ်ရမှန်းမသိ။ ဒီတိုင်း မပေးပဲ ပြန်ယူသွားရင် ကောင်းမလား။ ဓာတ်ပုံကူးစဉ်ကလို သွားပေးပစ်လိုက်မည် ဆိုတဲ့ သူရဲကောင်း စိတ်ဓာတ်တွေလဲ ဘယ်ရောက်ကုန်ပြီမသိ။ သို့သော် ပေးကလဲပေးချင် သေးသည်။
ကျွန်တော်မှာတဲ့ အကင်က ရာက်မလာသေးပါ။ ဘီယာလဲ မသောက်ရသေးပါ။ ရဲဆေးလဲ မတင်ထားပါ။ ပင်ကိုစိတ်ကို ငြိမ်အောင်ထားပြီး ကျွန်တော်ကောင်တာ ဆီကိုလျှေက်ခဲ့သည်။ ကောင်တာကိုရောက်တော့ ဓာတ်ပုံလေးများကို မောက်လျှက်တင်ပြီး တယ်လီဖုန်းနှင့် ဟိုဆက်ဒီဆက်လုပ်သည်။ ပြီးတော့ မောက်ထားသော ဓာတ်ပုံများကို မေ့ချင်ရောင် ဆောင်ပြီး စားပွဲတွင် ပြန်ထိုင်နေလိုက်သည်။
စားပွဲရောက်တော့ အကင်တွေရောက်နေပြီ။ ကျွန်တော် ဘီယာသောက်ရင်း အကင်စားရင် မျက်လုံးများက ကောင်တာ ဆီသို့သာ ကြည့်နေမိသည်။ ကျွန်တော်ကြည့်နေတဲ့ အထိကောင်မလေးက ဓာတ်ပုံများက သူ့နေရာနှင့်သူနေသား တကျ။

အသဲ အမြစ်ကင်က ဒီက မှာတာမဟုတ်ဘူးကွ
ဝိုင်းမှားပြီးလာချတဲ့ စာပွဲထိုးလေးကို သူငယ်ချင်းကပြောသည်။

ကောင်တာက မှာထားတယ်လို့ ပြောလို့ လာချတာ
စားပွဲထိုးလေက ပြန်ပြောသည်

ထို့ကြောင့် ကျွန်တော်ကောင်တာသို့ လှမ်းကြည့်လိုက်သည်။ ကောင်တာတွင် ထိုင်နေသော ကောင်မလေးကလဲ ကျွန်တော်ကို ပြုံးပြီးကြည့်နေသည်။ ကျွန်တောလဲ အကြည့်ချင်းဆုံတော့ ပြန်ပြုံးပြလိုက်သည်။သေချာကြည့်တော့ စောစောက ကျွန်တော်တင်ထားခဲ့ သောဓာတ်ပုံများ ကောင်တာပေါ်တွင် မရှိတော့ပါ။
အချိန်က ဆယ်နာရီကျော်လာပြီ။ ကျွန်တော့်ကောင်က အရက်တပြားကုန်တော့မည် ကျွန်တော်က ဘီယာနှစ်လုံးမကုန်သေးပေ။ တကယ်တော့ ကျွန်တော့်သည် နာမည်ကြီး ထမင်းငတ်သာဖြစ်သည်။ ဘီယာသောက်သည် ဟုသာပြောသော်လည်း များများစားစား သောက်နိုင်သူ မဟုတ် သုံးခွက်လောက် သောက်လိုက်ရင် အာရွင်လာသည်။ လေးခွက်လောက်ဆို တော်တော် မူးနေပြီ။ ငါးခွက်လောက်ဆိုရင် ခေါင်းငိုက်ဆိုက် ကျသွားတော့သည်။ အခုက ဘီယာသုံး ခွက်ကျော်ကျော် လောက်သောက်ထားပြီ ဖြစ်တာကြောင့် အာရွင်နေချိန်ဖြစ်သည်။ ဒီကြားထဲမှာ ကောင်တာက ကောင်မလေးနဲ့ မျက်လုံးချင်ဆုံတိုင်း ပြုံးပြရသေးသည်။

အေးမျက်လုံးချင်က ခဏခဏဆုံမှာပေါ့ကွ မင်းက သူ့ကိုချဉ်းကြည့်နေတာကို
သူငယ်ချင်းက ကျွန်တော့ကို ပြောသည်။

မနာလို၍ပြောသည်ဟုပဲ မှတ်ထားလိုက်ပါသည်။ ၁၁ နာရီထိုးခါနီးတော့ ဆိုင်ထဲမှာ လူတွေတော်တော်ရှင်း သွားပြီ။ ဧပြီလိုနွေခေါင်ခေါင်ကြီးက အဲဒီမအချိန်မှာ နဲနဲချမ်းလာသည်။ ကောင်မလေးသည် ဆွဲတာပန်းနုရောင် အပါးလေးကို ၀တ်ကာ ကျွန်တော်တို့ ၀ိုင်းဆီသို့ဦးတည်လာနေသည်။ ကျွန်တော်ကို လာနုတ်ဆက်သည်ထင်ပြီး ၀မ်းသာနေတုန်း သူက ကျွန်တော်တို့ ၀ိုင်းတွင်ထိုင်ချလိုက်လိုက်သည်။ ထိုင်ပြီးမှာ ထိုင်ဦးမယ်နော်ဟု ပြောသည်။ သူ့အသံက တိုင်းရင်သူ ပီပီ ခပ်ဝဲ၀ဲလေး။
ပြီးတော့သူက သူကိုယ်သူ အရင်စပြီး မိတ်ဆက်သည်။ ကျွန်တော်ကြားဖူးသော ရှမ်းတိုင်းရင်းသူများသည် နာမည်အရှေ့တွင် နန်းထည့်ကြပါသည်။ သူကတော့ ပြောင်းပြန် နန်းက နာမည်အနောက် ဆုံးမှာပါသည်။ ပြီးတော့ သူမသည် ကျွန်တော်ထင်သလို ကျွန်တော့ထက် အသက် နှစ်နှစ်ကျော်ငယ်ပါသည်။ ကွန်ပျူတာ တက္ကသိုလ် မန္တလေးတွင် ဒုတိယနှစ်တက်နေသည် ဟုသိရသည်။ ပြီးတော့ ကျွန်တော်ရိုက်ပေးတဲ့ ဓာတ်ပုံတွေအတွက် ကျေးဇူးတင် ကြောင်းပြောသည်။
ကျွန်တော်လဲ ကျွန်တော်သည် ရန်ကုန်မှလာကြောင်း။ အမေသည် သူမကဲ့သို့ ရှမ်တိုင်းရင်သူ တစ်ဦးဖြစ်သော်လဲ ရှမ်းစကား မတတ်ကြောင်း။ ယခုချိန်ထိ ဘွဲ့မရသေးကြောင်း ပြောပြခဲ့သည်။
သူမနှင့်ကျွန်တော် စကားကောင်းနေခဲ့သည်။ သူမသည် ဒုတိယနှစ် ကွန်ပျူတာ ကျောင်းသူ ဖြစ်သော်လည်း ချက်တင်ကို တကြိမ်မှ မထိုင်ဘူးသည့် အပြင် အီးမေးအကောင့် ရှိသော်လည်း ပို့မည့်သူ မရှိသောကြောင့် မသုံးဖြစ် အင်တာနက် လဲမသုံဖြစ် ဟုဆိုသည်။ သူမသည် စင်ရော်မောင်မောင် ရိုက်သည် ကြယ်စင်ဝန်းခ ပန်းရိုးမှ ဇတ်ကားထဲတွင် တောင်ပိုင်းရှမ်းနှင့် မြောက်ပိုင်းရှမ်းကို မှားယွင်းစွာရိုက်ကူးသည်ကို လည်းပြောပြခဲ့သည်။
ညကား ၁၁ နာရီကျော်ပြီ။ ဆိုင်ပိတ်ရတော့မည်ဟု သူမကပြောသည်။ ထို့ကြောင့် ကျွန်တော်တို့လဲ ပြန်ဖို့ရာ ပြင်သည်။ ဆိုင်ထဲကထွက်တော့ ဘယ်မှာတည်းတာလဲဟု သူမကမေးသည်။ ကျွန်တော်သည် ဆိုင်မှ လှမ်းမြင်နေရသော ဟိုတယ်ကို လက်ငြိုးထိုးပြပြီးပြန်ခဲ့သည်။

___ ၃ ___

ညကား ၁ နာရီထိုးပြီ တစ်နေကုန် အိပ်ထားသည့် အရှိန်ကြောင့် လုံးဝအိပ်လို့ မပျော်ပါ။ ဒါကြောင့် ရန်ကုန်က ယူလာသည် ပုံပြင်စာ အုပ်လေး တစ်အုပ်ကို ဖတ်နေလိုက်သည်။ ညသည်ချမ်းစိမ့်စမ့် နိုင်လှသည်။ ပြူတင်ပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်တော့ လမ်းမကြီးက ခြောက်ကပ်နေပြီ။ တမြို့လုံးလဲ အေးချမ်းသော တောင်ပေါ်နွေည လေးတွင် အိပ်မောကျနေကြပြီ။
အဲဒီအချိန်မှာ ကျွန်တော့ ဘေးနာက တယ်လီဖုန်း မည်လာသည်။ ကောက်ကိုင်လိုက်တော့ သူမဖြစ်နေသည်



မပျင်းသော်က ဆက်ရေးပါမည်






***

Read More...

ကျရှုံးခြင်း

ကျွန်တော်သည် ခြင်ကို မုန်းသည်
ကျွန်တော်သည် ခြကို ခြင်ထက်ပို၍ မုန်းသည်
ခြထက် ကျွန်တော့်ရဲ့ ပစ္စုပ္ပန်ကာလကို ပို၍မုန်းသည်

ခြင်သည် ထိုင်မရ အိမ်မရ စာဖတ်လို့မရအောင် ကိုက်တတ်သောကြောင့် ခြင်ကို ကျွန်တော်မုန်းခြင်း ဖြစ်နိုင်ပါသည်
ခြသည် ကျွန်တော် မြတ်နိုးတန်ဖိုးထားသော စာအုပ်မျာကို စားသောကြောင့် ခြကို ကျွန်တော်မုန်းခြင်း ဖြစ်နိုင်ပါသည်
ကျွန်တော့်ရဲ့ ပစ္စုပ္ပန်ကာလကို မုန်းခြင်းအတွက် ကျွန်တော့်ဆီမှာ အဖြေနှင့် အကြောင်းပြချက်မရှိပါ
( ကိုယ့်ကို ကိုမုန်းသည်ဟု ပြောနေသော ကျွန်တော့အတွက် တရားလိုတယောက်လို စွဲချက်တင်ရန် သက်သေလည်း လိုလိမ့်ဟု မထင်မိပါ )

လောကတွင် မုန်းစရာ အကောင်းဆုံးသည် မုန်းတတ်သည့် စိတ်ဖြစ်သည် လို့ လူတစ်ယောက် ပြောသွားခဲ့သည်။ သို့ရာတွင် ကျွန်တော်သည် ယခုအချိန်ထိ မုန်းတတ်သည့် စိတ်ကို မုန်းလို့ မသေးပါ။
ဒီစကားကို ပြောသွားတဲ့ လူကိုယ်တိုင်ကရော မုန်းတတ်သည့်စိတ်ကို မုန်းနိုင်ခဲ့ပါလား ။ ကျွန်တော် မေးလိုက်ချင်သည် မေးခွင့်မရတော့ပါ။ သူသည် ကိုလိုနီခောတ်က စက်ဘီးတိုက်လို့သေသွားပြီ။ သူနာမည်က ပီမိုးနင်း

ကျွန်တော့ ဘ၀မှာ အစောဆုံးချစ်ခဲ့သူသည် အမေဖြစ်သည်။ အမေပြီးတော့ အဖေ ညီလေး မမ ညီမလေး ပြီးတော့ အရာခပ်သိမ်း သောအကြောင်းအရာများထဲမှ ကျွန်တော်ချစ်ချင်သည့် အရာများ။

ထိုအရာများထဲတွင် စာအုပ်တွေ၊ ဘလော့ဂ်တွေ၊ စည်ဘီယာဆိုင်တွေ၊ အင်တာနက်တွေ၊ ကွန်ပျူတာတွေ၊ ကင်မရာတွေ ပန်းချီစုတ်တံတွေ၊ စကားမပြောတတ်သော ပန်းပုရုပ်တွေ ၊ဓာတ်ပုံတွေ ဓာတ်ခဲတွေ နာရီတွေ . . . . .
အိမ်မက်တွေ ပြီးတော့ . . . သူမ

တခါက အမျိုးသမီး တစ်ဦးသည် သူမွေးတဲ့ သားများကို အရက်ဘီယာ မသောက်ရန်နှင့် မကောင်းမှုများကို ရှောင်ကျဉ်ရန် ပြောလေ့ရှိသည်ကို ကျွန်တော်ကိုယ်တိုင် ကြားခဲ့ ဖူးသည်။ ယင်းအမျိုးသမီး၏ နောက်ကွယ်မှာ သူ့ သားကြီးသည် ဘီယာဆိုင်အရှေ့တွင် မကြာခဏ ဟတ်ထိုးလဲကျ လေ့ရှိသည်ကို ကျွန်တော် ကြုံဖူးသည်။ယင်းအမျိုးသမီးသည် ကျွန်တော်၏ အမေဖြစ်သည်။ ကျွန်တော်သည် အမေ၏ အကြီးဆုံး သားဖြစ်သည်။

သူမသည် ဘီယာထက် သုံးနှစ်လောက်နောက်ကျ ပြီးမှ ကျွန်တော့်ဘ၀ထဲသို့ မွေးဖွားလာသူဖြစ်သည်။
ကျွန်တော်သည် သူမကို ချစ်သည်
သူမသည်ကျွန်တော့ကို ချစ်သည်ဟု မကြာခဏပြောလေ့ရှိသည်
သူမသည် အသံမကောင်းပါ
သူမသည် ကျွန်တော့ကို တချိန်မှာ ခွဲသွားမည်ဟု ပြောဘူးသည်
ဘီယာသည် ကျွန်တော့ကို တချိန်ကျလျှင် ခွဲသွားမည်ဟု ဘယ်တုန်းကမှ မပြောခဲ့ပါ

သူမနှင့် ဘီယာ တူညီသေအချက်ကား အပြောင်းအလဲ မြန်သည်

သူမသည် အခုရယ်မောနေပေမယ့် ခဏနေကြလျှင် ငိုနေတတ်သည် အငိုတိတ်လျှင် ပြန်ရယ်သည်
ဘီယာက ထိုသို့မဟုတ် အခုနေ တခွက် ၄၅၀ ဆိုပေမယ့် ခဏနေရင် ၅၀၀ ဖြစ်ချင် ဖြစ်သွားသည်။ သို့သော် မည့်သည့် အခါတွင်မျှ ၄၅၀ ပြန်မဖြစ်ပါ

သူမသည် သ၀န်တိုသူ တစ်ယောက်ဖြစ်သည်
သ၀န်တိုသောသူမသည် ဘီယာကို ကျွန်တော်ချစ်တာကို နှစ်မြို့ဟန်မတူပါ
သူမထက်စီနီယာကျသော ဘီယာသည် သူမကို ကျွန်တော် ချစ်ခဲ့ သည့်အတွက် ဘယ်တုန်းကမျှ ကျွန်တော့ကို စိတ်မကောက်ခဲ့ပါ . . . . .

သို့ရာတွင် သူမ အူတိုသည့် ဘီယာနှင့် ကျွန်တော် ဒီနေ့ကစပြီး မပတ်သက်တော့ရန် ဆုံးဖြတ်ချက် ချလိုက်ပြီ။ အသက်ရှုနေသမျှ ကာလပတ်လုံး ဘီယာမသောက်တော့ပါ ။
မှတ်ချက် ။ ။ အသက်အောင့်ပြီး သောက်မှာလား လို့ ကတ်သီးကတ်သတ် မေးခွန်းများ မေးခြင်းသီခံပါ။

တကယ်တော့ ဘ၀ကို နိုင်အောင် တိုက်လာတဲ့ လူတွေတောင် အချစ်ရဲ့ အောက်မှာ ဒူးတွေထောက်ခဲ့ ကြတယ်။ ကျွန်တော်လဲ သူမရဲ့ အရှေ့မှာ . . . .

ကျရှုံးခဲ့ပြီလေ

Read More...

Sunday, May 06, 2007

ဦးအုံးဖေ

ကျွန်တော်သည် ပခုက္ကူတွင် ရောက်ရှိနေခိုက် ပခုက္ကူဦးအုံးဖေ
ကိုသွားရောက်တွေ့ဆုံ ဖြစ်ပါတယ်။ ဦးအုံးဖေကို ကျွန်တော်
ကိုးတန်းနှစ်လောက်က ဖြစ်မယ်ထင်ပါတယ် မြ၀တီ မဂ္ဂဇင်းမှာ ပါတဲ့
တွေ့ရကြုံရကျွန်တော့ဘ၀ ဆိုတဲ့ သူ့ရဲ့ဖြစ်ရပ်မှန် ၀တ္တုတိုတွေ ဖတ်ခဲ့ရပြီး
သိနေပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ လို့ထင်ပါတယ် ထိုင်းနေ တာချီလိတ်ကို
အမြောက်နဲ့ ဘလိုင်းကြီးလာ ပစ်တော့ ဆောင်းခိုတဲ့ ငှက်အိုဆိုတဲ့
ဆောင်းပါးတစ်ပုတ်ကို သတင်းစာကနေရေးခဲ့တာကို လဲတွေ့ရပါတယ်။ ဆယ်တန်း
ဖြေပြီးတဲ့နှစ်မှာပဲ သူရေးတဲ့ တွေ့ရကြုံရ ကျွန်တော့ဘ၀ ဆိုတဲ့ သူရဲ့
စာအုပ် အတွဲ တစ် နဲ့ နှစ်ကို ဖတ်ခဲ့ရပါတယ်။ သူရေးခဲ့တဲ့ စာတွေ
ဘယ်လောက်ရှိလဲ မသိပါဘူး သူရေးတာတွေကို ကျွန်တော်ဖတ်ရလောက်ကတော့
သည်မျှပါပဲ။
ဒါပေမယ့် အိတ်သွန်ဖာ မောက်မခြွင်းမချန်ရေးထားတဲ့ သူ့ရဲ့ ဖြစ်ရပ်မှန်
ဘ၀အတွေ့ကြုံစာအုပ်ကတော့ ဖတ်ရသူကို ဆွဲဆောင်နိုင်သလို
အမှားသင်္ခန်းစာတွေကိုလဲ တွေ့မြင်နိုင်ပါတယ်။ အဲဒီစာအုပ်မှာ
ဘယ်လောက်ပွင့်လင်းသလဲ ဆိုရင် သူဂနိုဖြစ်ခဲ့ ရတဲ့ အကြောင်းတွေ
သူဘယ်လေက်အထိ လူငယ်ဘ၀က ပေတေခဲ့တာတွေကို ရေးပြထားပါတယ်။ သူသည် ဖဲသမား
ဖြစ်သည်။ သူသည် အရက်သမား တစ်ယောက်ဖြစ်သည်။ သူသည် ဘကြီး ပစ္စည်းများကို
ဘကြီး မသိအောင် ရောင်းစားကာ ဘကြီး၏ သမီးကို ခိုးပြေးခဲ့သူဖြစ်သည်။ သူသည်
ဓားပြတစ်ဦးဖြစ်သည်။ အကျဉ်းသား တစ်ဦးအဖြစ် ထောင်လေးခါကျခဲ့ရသည်။ သူဘ၀တွင်
ထမင်းမစားခဲ့ရတဲ့ နေ့ရက်တွေရှိသည်။ သို့ရာတွင် ဤသို့ ပေတေသူတစ်ယောက်သည်
စာပေကျေးဇူးကြောင့် မကောင်းမှုများကို ခ၀ါချနိုင်ခဲ့ပုံ သူ့လုံးလနှင့်
ကြိုးစားမူကြောင့် ပွဲစား၊ ပွဲစားမှ ဆေးရွက်ကြီးကုန်သည်။ နောက်တော့
ဆေးပေါင်းရုံ ပိုင်ရှင် သူဌေးကြီး အဖြစ်ရောက်ရှိခဲ့ပုံကို ပေါ်လွင်စွာ
ရေးထားသည်။
သူ့သည် သူ့ကို ကျေးဇူးပြုခဲ့သော စာပေကို သူနိုင်သလောက် ကျေးဇူးပြုခဲ့သည်။
စာကြည့်တိုက်များတည်ထောင်ခြင်းအပြင် ပခုက္ကူဦးအုံးဖေ စာပေဆုကို မတည်
တည်ထောင်ခဲ့သည်။
သို့ရာတွင် သူသည် ဘာသာမဲ့ တစ်ယောက်ဖြစ်သည်။ ယင်းအပြင် လူ့ဂွစာတစ်ယောက်
ဖြစ်မည်ဟု ခန့်မှန်းမိပါသည်။ သူ့အိမ်ရှေ့ကိုရောက်တော့ အလှုခံများနှင့်
အကူညီတောင်ခံသူများ မလာရ အုံးဖေ ဆိုတဲ့ စာကြီးကပ်ထားတာကိုလဲတွေ့ရပါသည်။
သူ့ကို သူဌေးတစ်ယောက်ဖြစ်တာကြောင့် သူအိမ်ကိုလဲ ခမ်းနားကြီးကျယ်မည်ဟု
ထင်ခဲ့မိပါသည်။ သို့ရာတွင် သူအိမ်သည် ပုံမှန် အုပ်အသား ညပ်တိုက်လေး
မျှသာဖြစ်ပါသည်။ သူ့အိမ်ထဲကို ၀င်လိုက်တော့ တန်ဖိုးကြီး ပရိဘောဂ
ဘာမျှမရှိ ဟောင်းနေပြီဖြစ်သော ဆက်တီခုံလေများသာရှိသည်။ ယင်းဆက်တီ
ခုံလေများဘေးက ဟောင်းနွမ်းနေပြီ ဖြစ်သော ခုံတင်လေး ပေါ်တွင် သူအိပ်နေသည်။
ယင်းကုတင်သည် သူ၏အိပ်ရာသာ ဖြစ်သည်။
သူအိမ်နံရံတွင် သူ၏ကျေးဇူးရှင် ထောင်မူးကြီးပုံနှင့် သူချစ်သော သူ့ဇနီး
သူ့ဘကို ပဲ့ပြင်ခဲ့ သောဒုတိယ ဇနီးပုံများကို ကပ်ထားသည်။
တခြားဘက်နံရံတွင်တော့သွားလေသူ နိုင်ငံတော်ဝန်ကြီး ချုပ်ဟောင်းနှင့်
သူနှင့် တွဲရိုက်ထားသောပုံများကို ချိတ်ဆွဲထားသည်။
လူပေလူတေ အုံးဖေ ဓါးပြကြီး အုံးဖေ သူဌေးကြီး ဦးအုန်းဖေ အခုအခါတွင်တော့
ဇရာကြောင့် အိပ်ရာထဲမှ ကိုယ်တိုင်မထနိုင်တော့ပါ။ တစ်ဦးဦးကတွဲထူမှ
ထိုင်နိုင်သည်။ အသက်လဲ ကိုးဆယ် ပြည့်ပြီကိုး။ သို့ရာတွင်
ကျွန်တော်ရောက်သွား ချိန်အထိ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ အသက်ကြီးလို့ မှတ်ဥာဏ်အချို့ ပျက်ရွင်းနေသည့်တိုင် စာဖတ်ကား မပျက်သေးပေ။

Read More...

ဟိုတယ်ရဲ့ ရိုးရာ

ညသည်မဲ မှောင်နေသည်။ မိုးသည် သည်းထန်စွား ရွာသွန်းလျှက်ရှိသည်။ ကျွန်တော်တို့ စီးလာသော မာစတာ ဂျစ်လေးသည် မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း ပခုက္ကူ မြို့မှ မန္တလေးသို့ မောင်းနှင် လျှက်ရှိသည်။ မိုးက သည်းထန်စွာ ရွာသွန်း နေသည့်အပြင် စီးလာသည့် မာစတာဂျစ် သေးသေးမှာ လူကိုးယောက်ဖြစ် နေသောကြောင့် ထိုင်ရသည်မှာ ကပ်သီးကပ်သပ် ဖြစ်လှသည်။ မိုးကာများ မကောင်း သောကြောင့် ရွာလေသမျှ မိုးအားလုံးသည် ကားပေါ်မှ လူအားလုံးကို ပက်ဖျန်းနေသကဲ့သို့ ရှိနေသည်။

ကျွန်တော်တို့ ပခုက္ကူက ထွက်လာစဉ်က ညနေခုနှစ် နာရီဝန်းကျင်ခန့်က ဖြစ်ပြီး ရာသီဥတုက ကောင်းကောင်း မွန်မွန်ပင်။ ရေစကြိုမှာ ထမင်းစား နားပြီး ထွက်လာမှ မိုးဖွဲလေးများ ကျလာပြီး တဖြည်းဖြည်း သည်းလာခြင်းဖြစ်။ ကားပေါ်မှ လူအားလုံးသည် ဒီလိုမှန်းသိရင် ပခုက္ကူမှာပဲ အိပ်လိုက်ပါတယ်ဟု ငြီ်းငြူ နေကြသည်။

ဟုတ်ပါသည် အမှန်တကယ် ဆိုလျှင် ကျွန်တော်တို့ အဖွဲ့အနေဖြင့် ပခုက္ကူမှာ ညအိပ်ပြီး နောက်တစ်နေ့ မနက် စောစောမှ ထွက်လာလျှင်ဖြစ်သည်။ ပခုက္ကူစီးကရက် စက်ရုံက ဒုစက်ရုံမှုးက သူ့စက်ရုံရိပ်သာတွင် တစ်ည ထပ်အိပ်ပြီးမှသွားဖို့ အတန်တန် တားနေသည့် ကြားက ထွက်လာခဲ့ ကြခြင်းဖြစ်သည်။ အဓိက အကြောင်း အရင်းမှာ စက်ရုံဧည့်ရိပ်သာမှာ အိပ်လျှင် မန္တလေးတွင် ဘွန်ကင်လုပ်ထားသော ဟိုတယ်ခဆုံးသွား မည်စိုးသောကြောင့် ဖြစ်သည်။

မင်းကလဲ စက်ရုံက ဧည့်ရိပ်သာ အစုတ်ပလုပ်မှာ အိပ်မဲ့အစား မန္တလေးက ဟိုတယ်မှာသွား အိပ်မှာပေါ့ကွ။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ပြောခဲ့သော စကားဖြစ်ပါသည်။ စက်ရုံဧည့်ရိပ်သာက မန္တလေးက ဟိုတယ်လောက် မကောင်းတာ သေချာပေမယ့် သူပြောသလို အစုတ်ပလုပ်တော့ မဟုတ်ပါ။ VIP အရာရှိများ အတွက် စီစဉ်ထားသောကြောင့် သာမန် Gust House အဆင့်ထက်တော့ သာပါသေးသည်။ သူကိုတိုင်ကိုက ကြီးကြီး ကျယ်ကျယ် လျှေက်ပြော နေခြင်းဖြစ်သည်။

အားလုံးရဲ့ ဆန္ဒကလဲ ပခုက္ကူမှာ ဆက်နေမည့်အစား မန္တလေးကို သွားချင်ကြသည်။ ဟိုရောက်ရင် ဘုရားဖူးကြမည် ဈေးဝယ်ကြမည်ပေါ့။ ကားသည် မန္တလေးကို ညဆယ်နာရီခန့်တွင် ရောက်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် တချို့ကလဲ ကမ္ဘာသစ်မှာ KTV သွားဆိုချင်ကြသေး သည်ဟုဆိုသည်။ အခုတော့ . . . .

သည်းထန်စွာ ရွာသွန်းနေသည့် မိုးကြောင့် ကားသည် ထင်သလောက် ခရီးမပေါက်ပါ။ ပိုဆိုးသည်က ကားမှာ ရေသုတ်တံ မပါသောကြောင့် ကားသမားက ကားမောင်းရင်းနှင့်ပင် လက်ကလေးနှင့် လေကာမှန်ပေါ်က မိုးရေးကို သုတ်သုတ်နေရသည်။ ထို့ကြောင့် ခရီးမတွင်။ ရှေ့မြင်ကွင်း ကိုကောင်းစွာ မမြင်ရသောကြောင့် ကားဘီးကို လိမ့်သည်ဆိုရုံလေးသာ မောင်းနေရသည်။

အားလုံးရဲ့ စိတ်ဆန္ဒကလဲ ရောက်ချင်စိတ်က ပြင်းပျနေကြသည်။ ဘာကြောင့်လဲ ဆိုတော့ အားလုံး ပင်ပမ်းနေပြီ။ နားချင်ကြပြီ။ ရန်ကုန်က စထွက်ပြီးကတည်းက တစ်ရက်မှ နားရသည် မရှိသေး။ ပြင်ဦးလွင်က ပြန်ရောက်ပြီး နောက်တနေ့ ညနေတွင် မကွေးသို့ ခရီးဆက်ခဲ့ရသည်။ မကွေးတွင် တစ်ညအိပ်ပြီ ပခုက္ကူသို့ ခရီးဆက်ခဲ့ရသည်။ ပခုက္ကူတွင် တစ်ညအိပ်ပြီး အခုမန္တလေးသို့ ခရီးဆက်ခဲ့ ပြန်သည်။ ထို့ကြောင့် အားလုံးနား ချင်နေကြပြီ။

မုံရွာလမ်းဆုံရောက်တော့ မိုးက ရပ်သွားသည်။ အားလုံး ပျော်ကြသည်။ ကားကိုလဲ အရှိန်မြင့် မောင်းနှင်ခဲ့သည်။ လူတို့သည် အရမ်းအိပ်ချင် သော်လဲ ခရီးသွားရင်း မအိပ်ရသည့် အခါ၌ မိမိအိပ်ရာလေးကို မျက်စိထဲ ပြေးမြင်ကာ တမ်းတမိကြသည်။ ငယ်ငယ်က အခုလို မိုးတွေရွဲလာရင် အမေက အိမ်မှ ဆီးကြို၍ တစ်ကိုယ်လုံး ခြောက်အောင် သုတ်ပေးကာ စောင်လေးထဲ တွင်နွေးထွေးစွာ ကွေးနေခဲ့ဘူးသည့် ရက်တွေကို ပြေးကာ မြင်ယောင်နေမိသည်။ အခုတော့ ကျွန်တော်က အမေနဲ့ အဝေးမှာ . . . . .

ဘာပဲ ဖြစ်ဖြစ်အခု မြင်းမူတောင်ရောက်လာ ပြီဆိုတော့ နောက်တစ်နာရီလောက် ဆိုရင် နားရတော့မည်။ အားလုံးလဲ ကိုယ်အိပ်ရမဲ့ ဟိုတယ်က အိပ်ရာလေးကို ပြေးမြင်ကာ တမ်းတနေ ကြရော့မည် ထင်ပါသည်။ မိုးကြောင့် ညဆယ်နာရီ လောက်ရောက်မည်ဟု ခန့်မှန်း ထားခဲ့သော ကားက အခု ညတစ်နာရီကျော် နေပြီ မရောက်သေး။ ညတစ်နာရီ ခွဲလောက်ရောက်တော့ စစ်ကိုင်းကောင်းမူတော် ဘုရားလေးကို ရောက်ပြီ။ အဲကိုရောက်တယ် ဆိုရင်ပဲ တိတ်နေသောမိုးက ရုတ်ရက် ရွာချလိုက်ပြန်သည်။ မကြာခင်အိပ် ရတော့မယ်ဆိုတဲ့ မျော်လင့်ချက်လေးတွေက ရွာကျလာသော မိုးရေစက်များ နှင့်အတူ လွင့်မျှောကာ ပျေက်ကွယ်ကုန်ကြပြီ။

အဲဒီအချိန်တွင် မန္တလေးသား တစ်ယောက်က သူတို့နှင့်သိသော သီလရှင် ကျောင်းတစ်ကျောင်း စစ်ကိုင်းတောင်ခြေတွင် ရှိသည်ဟုဆိုသည်။ ကားသည် မန္တလေးသို့ ဆက်မမောင်းနိုင်သည့် အတူတူတော့ အဲဒီသီလရှင်ကျောင်းမှာပဲ သွားနားကြဖို့ရာ ဆုံးဖြစ်လိုက ကြတော့သည်။

ကားသည် စစ်ကိုင်းတောင်ခြေ နားက ကုန်းလေးတွေ ကိုတက်ရင် လမ်းကျဉ်းလေးများကို ကွေ့ဝိုက်ကာ မောင်းရင်းနဲ့ သီလရှင်ကျောင်းသို့ ရောက်ရှိသွား ပါတော့သည်။ စစ်ကိုင်းတောင် ခြေတွင် သီလရှင်ကျောင်းများ တော်တော်ပေါများသည်။ အော်ခေါ်လိုက်တယ် ဆိုရင်ပဲ သိပ်မခေါ်လိုက်ရ။ ကျောင်းထဲမှာ သီးလရှင် အဖွားအို ထွက်လာသည်။ ကျွန်တော် တို့အထဲက သီလရှင်နဲ့ ရင်နှီးသော လူက အကျိုးအကြောင်းကို တင်လျှေက်တော့ ဘွားသီလက ကျွန်တော်ကို အိပ်ဖို့ နေရာပေးသည်။ သီလရှင် ကျောင်းက အိပ်ရာကား ကြမ်းပြင်တွင် ဖျာခင်းပေးထား ခြင်းမျှသာဖြစ်သည်။

သို့သော်မတတ်နိုင် အားလုံးဒီတိုင်း အိပ်ရသည်။ အားလုံးပင် ပမ်းလာ၍လား မသိ အိပ်ပြီးမကြာမှီတွင်ပင် ငြိမ်သက် သွားကြသည်။ စောစောက စက်ရုံရိပ်သာကို စုတ်လို့ မအိပ်ချင်ဘူး ဆိုသည့် ပုဂ္ဂိုလ်ပင်လျှင် တင်ဖြူးဖျာ ခင်းထားသော အိပ်ရာလေးပေါ်တွင် အိပ်ပျော်သွားပြီ။ ကျွန်တော်ကတော့ အိပ်ရာခင်းမပါ၍ မအိပ်တတ ဖြစ်နေသည်။ ကျွန်တော်သည် တစ်သက်နှင့်တစ်ကို ခရီးသွားရင်း သီလရှင်ကျောင်းတွင် တစ်ခါမျှ မအိပ်ဘူးပါ။ ထို့ပြင် ကျွန်တော်သည် အိပ်ရာကို ဇီဇာကြောင်သူ ဖြစ်သည်။ အိပ်ရာတွင် အနည်းဆုံး အိပ်ရာခင်းမပါလျှင် မအိပ်တတ်။ အခု ဘွားသီလ ကျောင်းမှာကား တင်ဖြူးဖျာကြမ်းလေး ခင်းပေးသည် အိပ်ရာခင်းမပါ။ ခြုံဖို့ပေးထားသည့် စောင်ကို ခင်းအိပ်ကြည့်တော့ ရွာနေသည့် မိုးအရှိန်ကြောင့် ချမ်းလာသည်။ ထို့ကြောင့် မခင်းပဲ ပြန်ချုံလိုက်သည်။ မိုးအသံသည် သွပ်မိုးပေါ်သို့ ဆူညီညံစွာ ခုန်ဆင်းလျှက်ရှိသည်။ ကျွန်တော့နားထဲ တွင်သွပ်မိုးသံများသည် ဆူညံစွာ ကြားနေရသည်။ ခဏအကြာမှာတော့ ထိုအသံများသည် တဖြည်းဖြည်းတိုး၍ တိုး၍ပျေက်ကွယ် သွားကြသည်။ မိုးတိတ်သွား၍ကား မဟုတ်ပါ။ ဘာကြောင့် အသံတိတ် သွားတာလဲ။ အိပ်ရာတွင် ဇီဇာကြောင်သော ကျွန်တော် ဖျာကြမ်းခင်းထားသော အိပ်ရာလေးတွင်အိပ်ပျော်သွားခဲ့ ပြီလေ။

Read More...

Friday, May 04, 2007

အခုမန္တလေးမှာ

ညနေကားနဲ့ ရန်ကုန်ပြန်လာပြီ

Read More...