Art is My Life

Tuesday, March 06, 2007

အိမ်မက်ခွင့်

မျှော်လင့် ချက်တွေနဲ့

ဘယ်နေ့ ရောက်လာမလဲ။

ခံစားချက်တွေနဲ့

ဘယ်လို ဖွင့်ဟရမှာလဲ။

ဘယ်အခါ ဘယ်တော့မှ

ဘယ်တော့မှ ဘယ်အခါမှ

မဝေးချင် ပါဘူး။

စကားလေး တစ်ခွန်သာ

ပြောခွင့်ရှိသေးရင် ခံစားချက်တွေ

အသက်ဝင်လာဦးမလား။

ပြန်မဆုံနိုင်တဲ့ စည်းရဲ့ တစ်ဘက်စီမှာ

ခံစားချက်တွေနဲ့အတူ ရပ်ကြည့်နေရင်နဲ့ပဲ

အချစ်ရဲ့နိဂုံး အဆုံးသတ်လိုက်တော့မှာလား။

တမာပင်ကြီးတွေ ငြိမ်သက်နေပြီ

အေးမြတဲ့လေနုတွေကရော ကြားဝင်မစေ့စပ်နိုင်တော့ဘူးလား။

တ၀ီဝီမည်နေတဲ့

မော်တော်ဆိုင်ကယ်သံတွေနဲ့ ကျောက္ကာလမ်းမကြီးကရော

ဘာများတတ်နိုင်သေးလို့လဲ။

တကယ်တော့ အချစ်ဆိုတာ

အတ္တတွေ မာန်မာနတွေ ဂုဏ်ပကာသနတွေ နဲ့ ဖွဲ့စည်း ထားတာ မဟုတ် သလို

အတ္တတွေ မာန်မာနတွေ ဂုဏ်ပကာသနတွေ ကို အားပြိုင် ဖို့ရာ အတွက် ယောင်္ကျား တစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်ခဲ့ ကြတာမှ မဟုတ်တာ။

အချစ် ဆိုတာ ခံစား ချက်တွေ ကို တစ်ယောက် နဲ့ တစ်ယောက် မျှဝေပြီး နှစ်ဦးသား ညီမျှစွာ ခံစား ဖို့လေ

ချစ်သူ ရေ ကျေးဇူး ပြုပြီး မင်းမာန်မာန တွေကို တမာပင် အောက်မှာ မြုတ်နှံပါ အတ္တတွေကို ထရံကြားမှာ ထိုးထား ခဲ့ပါ။ နံစော် နေတဲ့ ဂုဏ်ပကာသန တွေကို ဆေးကြောဖို့ ချင်းတွင်း မြစ်ထဲ ကို စီးဝင်ခဲ့ပါ။ ကျောက်ဆောင် တွေကို တိုးမိရင် ထွက်လာမယ် တေးသွားတွေ ကို ကူးတို့ငှက်တွေ ကြိုနေကြတယ်။ ပေါင်းစပ် ခြင်းရဲ့ ဒက်ဖနေးရှင်း ကို ရေပျော် ငါးတွေ သီဆို နေကြပြီ။ အိမ်မက် တွေကို လန့်မနိုးဖို့ မျှော်လင့်ချက် တံခါးအို ကို လာမခေါက် ကြပါနဲ့ ငါ ဆက်ပြီး အိပ်စက် ပါရစေ

Read More...

အချစ်ဆိုတာ ဘာလဲ


အချစ် ဆိုတာ ဘာလဲ။ ကျွန်တော် ခံစား ကြည့်ချင်တယ်။ သူဟာ ဖြူသလား မဲသလား ချိုသလား ခါးသလား။ သူများတွေ ပြောတဲ့ ပေးဆပ်တာတွေ ရယူတာတွေ ပြန်တောင်း တာတွေ ပြန်ရောင်း တာတွေ၊ အဲဒါတွေကို စိတ်ဝင် စားတာ မဟုတ်ဘူး။ ကျွန်တော် သိချင် တာက ဘောလုံး ဆိုရင် လုံးမယ်။ ခဲတံ ဆိုရင် ရှည်မျှောမျှော လေးနေမယ်။ စီးကရက် ဘူးဆိုရင် လေးထောင့် စပ်စပ် ရှိမယ်။ အဲဒါ မျိုးကို သိချင်တာ။ အချစ် ဆိုတာရော ဘယ်လို ပုံလဲ…….

ဟေ့ကောင် ထထ

နှုးညံ့ နွေးထွေး တဲ့အရာ တစ်ခုက ကျွန်တော်ကို လာလုပ်နိုးတယ်။ မျက်စိ ဖွင့်ကြည့် လိုက်တော့ အမှောင် ထဲမှာ မဲနေတာပဲ ဘာမှ သဲသဲ ကွဲကွဲ မမြင် ရဘူး။ ပြီးတော့ သူက သူ့ကိုယ်သူ ပြောတယ် အချစ် ဆိုတာ သူပဲ တဲ့……..

ဒီခေတ် ကြီးမှာ လူလိမ်တွေ ဒီလောက် ပေါနေတာ ခင်ဗျား ပြောတာကို ဘယ်လို ယုံရ မှာလဲ။ အမှန်တိုင်း ပြောပါ ခင်ဗျား ဘယ်သူလဲ

မင်း သိချင် နေတဲ့ အချစ် ဆိုတာ ငါပဲလေ

ခင်ဗျားကို ဘယ်သူက အချစ်လို့ ပြောတာလဲ

ငါကပြောတာ

သူပြောပြော ဆိုဆို ကျွန်တော့ နားကို ထပ်တိုး လာပြီး ပွတ်တယ်။ သူရဲ့ အထိ အတွေ့က နှုးညံ့ ပြီး နွေးထွေး စေတာတော့ အမှန်ပဲဗျ။

ဒါဆိုရင် ခင်ဗျား အချစ် ဖြစ်ကြောင်းကို ဘာနဲ့ သက်သေ ပြမှာလဲ

မင်းဆိုတဲ့ကောင် ငတုံးပဲ

ဘာဆိုင်လို့ လဲဗျ

ကိုယ့် ဘေးနားမှာ အချစ် တစ်ခုလုံး ရောက်နေ တာတောင် ဘယ်လို အသုံး ချရမလဲ ဆိုတာကို မစဉ်းစားပဲ ….

ခင်ဗျားကို အချစ် စစ်ပါတယ် လို့ ဘယ်သူက အာမခံ ပေးထား လို့လဲ

ဒါကြောင့် ပြောတာ မင်းက ငတုံး ပါဆို

ခင်ဗျား လွန်လာပြီနော်…. ကျွန်တော် စိတ်ဆိုးတဲ့ လေသံနဲ့ ပြောလိုက်တယ်

သူက ဘာမှ ပြန်မပြောပဲ နောက်ထပ် ပွတ်သပ် ပြန်တယ်။ သူ့ရဲ့ အထိတွေ့ ကြောင့် ကျွန်တော် တော်တော် တွေဝေ သွားတယ်။ ကျွန်တော် ကြားဖူး တာက အချစ် ဆိုတာ နူးညံ့တယ် နွေးထွေးတယ် အလုံး အထည် ဖော်လို့ မရဘူး။ ဟာ . . ဒါဆိုရင် ဒီကောင်က အချစ်ရဲ့ ၀ိသေသ တွေနဲ့ ကိုက်နေပြီ။ ဒါပေမယ့် အချစ်ဟာ ဘယ်လို အနံ့ ရှိတယ် ဆိုတာတော့ ဘယ်ဝိသေသ မှာမှ ဖေါ်ပြ ထားတာ မရှိ ကြဘူး။ ဒါဆိုရင် အချစ်မှာ ဘယ်လို အနံ့ မျိုးရှိ နေမလဲ။

အချစ် ဆိုတာ ဘယ်လို အနံ့မျိုး ရှိသည်ကို သိရအောင် ကျွန်တော် ကောက်နမ်း လိုက်သည်

အချစ် ဆိုတဲ့ ရနံ့က. . . ချဉ်စုပ်စုပ်နဲ့ပါလား. . .

ဟာ . . . ဘာကြီးလဲ

ကျွန်တော် စိတ်တိုတိုနဲ့ ထ ကန်ထည့်လိုက်တယ်။ တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ

သိပ်မကြာလိုက် ပါဘူး ကြားလိုက်ရတာကတော့

အမေ့ရဲ့ ဆဲသံ

သူရဲ့ ရွှေဝါ လေးကို ကန်လို့ တဲ့လေ

Read More...

Sunday, March 04, 2007

ဆွေးနွေးချက်များ

လောလောဆယ် siminar တစ်ခု ကို MICT မှာ လုပ်ဖို့ စီစဉ်နေပါတယ်။ အဲဒီအတွက် Service+ က MD နဲ့ အသေးစိဆွေးနွေး ဖို့ရာသူက ခရီးလွန်နေလို့ပါ။ Siminar ကိစ္စကို ဒီတစ်ပတ် အတွင်းမှာ ပဲ အပြီး တင်ပြနိုင်မှာ ဖြစ်ပါတယ်။
စာမူရွေးချယ်တဲ့ အပိုင်းမှာ တရားမျှတမှုရှိအောင်
၁။ blogspot နှစ်ခုထပ်တင်ပြီး Username နဲ့ Password ကို အားလုံးသိအောာင် ပြောထားမယ်
၂။ တစ်ခုက ကိုယ်ရဲ့ ဘလော့ထဲမှာ အကြိုက်ဆုံးပို့ ရှိတဲ့လင့် ကို ပြောပြီး ဘာကြောင့် ကြိုက်တယ် ဆိုတာကို အကြောင်းပြချက်ပေးရပါမယ်။ နောက်တစ်ခုကတော့ ကိုယ်ဖတ်ဖူးတဲ့ ဘလော့တွေထဲက စာအုပ်မှာ ပါသင့်တယ်လို့ ထင်တဲ့ ပို့တွေရဲ့ လင့်ကို လာရောက်တင် ပေးရပါမယ်။ အကြောင်ပြချက် ပေးရပါမယ်
၃။ အကြောင်းပြ ချက်ပေးတယ် ဆိုတဲ့နေရာမှာ ဒီစာကို လူတွေ ဘာကြောင့်ဖတ်သင့်တယ် ဒီစာမှာ ဘယ်လို အားသာချက်တွေ၊ အားနည်းချက်တွေရှိတယ်၊ ဆိုတာမျိုးတွေပေါ့
၎။ ဘာဖြစ်လာနိုင်သေးလဲ ဆိုတော့ ပိုင်ရှင်ကတော့ စာအုပ်တစ်အုပ်ကနေ ကြိုကလို့ ကူးပြီး တင်ထားပို့ကို ဘလော်ကတစ် ယေက်က မသိလို့ စာအုပ်မှာ ပါသင့်ကြောင့် ညွှန်းဆိုမိရင် လည်း အဲဒီပို့သည် ပြည်တွင်းစာအုပ်မှာ မှီငြမ်း ကိုးကား ရေးထားခြင်းဖြစ်သည် ဆိုတာကို ပိုင်ရှင်ကသော် လည်းကောင်း သိသူတစ်ဦးဦးကသော် လည်းကောင်း ၀င်ရောက် ပြောပြပေးရမှာ ဖြစ်ပါတယ်။
၆။ ပါသင့်ကြောင်း တင်ပြထားတဲ့ပို့ တွေကို ကောမင့်ပေးရာမှာ ကောင်ပါတယ် ဆိုတာ လောက်နဲ့ မလုံလောကပါဘူး၊ ဘာကြောင့်ကောင်းတယ် ဆိုတာကို မိမိကော့မင့် ပေးလိုတဲ့ ပို့ ကစာသားမျာကို ကိုးကားပြီး ရေးရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်တာ အကြမ်းဖျင်းကြည်ရင် ရှတ်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်လုပ် ကြည့်ရင် မရှတ်ပါဘူး။ နည်းတော့ အလုပ်ပို တာပေါ့။ အလုပ်ပိုတယ် ဆိုတာလဲ ကျွန်တော်တို့ ရဲ့ အားတစ်ခုကို စိုက်ထုတ်ခြင်းသာလျှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ များများ အလုပ် လုပ်လေ စာအုပ်က ပိုကောင်းလေပါ ပဲ။
ကျွန်တော်ခံယူချက်ကတော့ စာအုပ်ကို ပီးပီးရော အဖြစ်ကလေး မလုပ်ခြင်ပါဘူး။ စာအုပ်ပြီးသွား တာနဲ့ အောင်မြင်တယ်လို့ မခေါ်ပါဘူး။ အဲဒီစာအုပ်က ဘယ်လောက်ထိ ခရီးရောက်သလဲ ဆိုတာနဲ့ပဲ အောင်မြင်မူကို တိုင်းချင်ပါတယ်။ ဒါကြောင့် စာအုပ်ဟာ ထွက်ပြီးသွားရင် လည်းခရီးများများသွားနိုင်အောင် စွမ်းအင်များများကို ကျွန်တော်တို့ ထည့်ပေးလိုက်ဖို့လိုပါမယ်။
စာအုပ်ကို လုပ်တဲ့နေရာမှာ ကျွန်တော် ဈေးနှုန်းတွေ အကြမ်းဖျင်းစုံ စမ်းထားပါတယ်။
စာအုပ်မှာ အကြောင်း အရာတွေ ခွဲဦးမှာ ဖြစ်တဲ့ အတွက် စာအုပ်ရဲ့ ဆိုဒ်ကို ဗလာစာအုပ် ဆိုဒ်အရွယ်နဲ့ စာမျက်နှာ ၁၆၀ ထည့်ရင် ပိုလှတယ်၊ ပိုသင့်တော်တယ် လို့ထင်ပါတယ်။ ( သင့်ဆန္ဒကို ပြောပါ ) ။ စာရွက်သားကတော့ ကောင်းသန့် စာအုပ်တွေ ကိုရိုက်တဲ့ စာရွက် အတိုင်းဖြစ်ပါတယ်။ ကုန်ကျ စရိတ် အကြမ်း

13 1/2" x 17 " = 8 ချိုး
စာမျက်နှာ ၁၆၀ = ဖောင် ၂၀
စာအုပ်ရေ တစ်ထောင် အတွက်
စက္ကူ = ၁၁ ၁/၂ ထုပ်
မျက်နှာဖုံ အပ်ပေပါ လိုအပ်ချက် = ၁၁၃ ရွက်
စက္ကူဖိုး =၂၈၇၅၀၀
မျက်နှာဖုး စာရွက်ဖိုး = ၃၃၉၀၀
အဖုံးရိုက်ခ= ၁၃၀၀၀
အတွင်းရိုက်ခ = ၄၀၀၀၀
အတွင်းဖလင် = ၆၇၂၀၀
အဖုံးဖလင် = ၃၁၁၅
ချုပ်ခ = ၁၀၀၀၀
စုစုပေါင်း = ၄၅၄၉၁၅ + စာပေစိစစ် ရုံးတင်စရိတ် ၊ Proof Reader စရိတ် + Layout ဒီဇိုင်း စရိတ်
အားလုံးပေါင်းလိုက်ရင် ၆ သိန်း ကျော်ဆိုတာ အနည်းဆုံ ကုန်ကျ ဖွယ်ရာ ရှိပါတယ်။ ဒါကြောင့် စာအုပ်တိုက် တစ်ခုခုကို စာအုပ်ပြီးသည် အထိအပ်ရင် ကုန်ကျမဲ့ စရိတ်နဲ့ ကိုယ်တိုင် လုပ်တဲ့စရိတ် ကွာမကွာ ဆိုတာ စုံစမ်းနေပါတယ်။
ဆရာကောင်သန့် ကတော့ ခရီးလွန်နေလို့ နှောက်နှစ်ရက်လောက် နေမှာ ပြန်ရောက်ပါမယ်။ ကျွန်တော် သူစာအုပ်တိုက်ကို အပ်ပြီလုပ်ခိုင်းရင် ဘယ်လောက် ကျမယ်ဆိုတာ မေးကြည့်ပါမယ်။ နောက်ထပ် ကျွန်တော်နဲ့ ဆရာတပည့်လို ရင်နှီးတဲ့ စအုပ်တိုက်တွေ ရှိပါသေးတယ်။ ထပ်ပြီး စုံစမ်းပေးပါမယ်။

Read More...

Saturday, March 03, 2007

လူမသိ သူမသိ သို့သော် သတ္တိရှိသည်

အချိန်ကား ၁၉၄၄ ခုနှစ်
ဖက်ဆစ်ဂျပန်တို့ကို မြန်မာပြည်သူတွေ မုန်းတီးနာကျဉ်းနေချိန်။ ဖိုးသောက်ကြာ ကအသက် ၁၇ နှစ် အရွယ်ကောာင်း။
ခောတ်ကာလကလည်း လူမှန်းသိတတ်စ ကလေးတောင် လွတ်လပ်ရေးလို့ ကြွေးကြော် နေချိန်သည်။ လူတိုင်းလွတ်လပ်ရေး လို့အော်နေချိန်မှာ ဖိုးသောကြာလည်း ဗိုလ်ချုပ်ကို ထောက်ခံတဲ့ ကျောင်းသား သံမဏိတပ်သား အဖွဲ့ကိုဝင်ခဲ့သည်။ အဲဒီအချိန်တုန်းက လွတ်လပ်ရေးကို ကြွေးကြော်လုပ်ရှား ကြရာမှာ လက်မောင်းမှာ ၀လုံး တံဆိပ်တွေ ကပ်ထားတဲ့ `၀´ အဖွဲ့၊ လက်ရုံးတံဆိပ်ကို သုံးတဲ့ လက်ရုံးအဖွဲ့ နှင့် အင်္ကျီ အစိမ်းရောင်ကို ၀တ်ဆင်သည့် သံမဏိကျောင်းသားတပ်ဖွဲ့ တို့က လူသိများတဲ့ အဖွဲ့ကြီးများဖြစ်ကြသည်။ ဖိုးသောကြာ အနေဖြင့် သံမဏိကျောင်းသား တပ်ဖွဲ့ကို ၀င်ခဲ့တာ နိုင်ငံရေးအမြင်အရ နားလည် တတ်ကျွမ်း၍မဟုတ် မိမိနေထိုင်ရာ ညောင်တုန်းတမြို့လုံးရှိ ကျောင်းသားများ အာလုံး သံမဏိကျောင်းသား အဖွဲ့ဝင်များဖြစ်သောကြောင့်သာ ၁၃ နှစ်သား ကတည်းက ၀င်ခဲ့ခြင်းဖြစ်သည်။
အဖွဲ့ ၀င်ချိန်တွင် ဖိုးသောကြာသည် မိဘအုပ်ထိန်းမှု အောက်တွင်ရှိသော ကလေးတစ်ဦးမျှသာ ဖြစ်သောကြောင့် စစ်မျက်နှာပြင်တွင် မပါဝင်ရဘဲ မြို့ပေါ်တွင် နေထိုင်ပြီး သတင်းပေးရသော အလုပ်ကိုသာ လုပ်ရသည်။ မြို့ထဲမှာ ဂျပန်အင်းအား ဘယ်လောက် ၀င်လာသည် ဘယ်နေရာမှာ တပ်စွဲထားသည်။ ဘယ်အချိန်မှာ ဘယ်လမ်းကြောင်းကနေ ထွက်မည် အစရှိသဖြင့် စုံစမ်းသတင်းပေးရသော အလုပ်ကိုလုပ်သည်။
ဒီလိုသတင်းပေးရင်း ဖိုးသောကြာ သတိထားမိတာက ဂျပန်အုပ်စု ရောက်လာတိုင်း ဗမာ သို့မဟုတ် တိုင်းရင်သူ အမျိုးသမီးလေးများ ပါလာတတ်ကြသည်။ အချို့သော အမျိုးသမီးများသည် မသက်သာ၍ လိုက်ခဲ့ရသည် ဟုပြောပြနေသည့် အလား မျက်နှာများ ငြှိးငယ် နေကြသည်။ အချို့သော အမျိုးသမီး များကတော့ သူ့ဖအေက ပေးစားလိုက်သည့် အလား ပြုံးပြုံးပျော်ပျော်၊ သူတို့ကို ကြည့်ရသည်မှာ ဖက်ဆစ်တွေကို လင်လုပ်နေရတာ ဂုဏ်ယူနေသည့်အလား ဆောင့်ကြွား ဆောင့်ကြွား နိုင်လှသည်။ နောက်တစ်ခုက ဂျပန်များသည် လူမြင်ကွင်းမှာ ၀တ်လစ်စလစ်ဖြင့် ရေချိုးကြသည်။ တစ်ခါတစ်ရံတွင် သူတို့နှင့်ပါလာသော ဗမာ အမျိုးသမီးများကို သူတို့နှင့်အတူ ၀တ်လစ် စလစ် ဖြင့်ပင် ရေချိုးခိုင်း သည်ကိုလည်း ကိုတွေ့ရသည်။
တစ်ရက်တော့ G.H.S ( ယခု အ.ထ.က (၂) ညောင်တုန်း ) ကျေင်းတွင် ယာရီတပ်စွဲထားသော ဂျပန်တပ်၏ အင်းအား အခြေအနေကို တိတ်တဆိတ် စုံစမ်းစဉ် ဂျပန်များနှင့်အတူ ၀တ်လစ်စလစ် အနေထားဖြင့် ပျော်ရွင်စွာ ရေချိုးနေကြသော ကရင်မလေး နှစ်ဦးကို တွေ့ရသည်။ ဖိုးသောကြာ ကိုယ်တိုင်လည်း ကရင်ကပြား ဖြစ်သောကြောင့် စကားပြောသည့် လေယူလေသိမ်း ပုံပန်းသဏ္ဌန် များကိုကြည့်၍့ ကရင်မလေး များဖြစ်ကြောင်း သိရှိရခြင်းဖြစ်သည်။ ဖိုးသောကြာစိတ်တွင် အမျိုးဂုဏ်ကို မစောင့်စည်းသော ယင်းအမျိုးသမီးနှစ်ဦးကို ဖြစ်နိုင်ပါက ပြေး၍သာ သတ်ပစ်လိုက်ချင်သည်။ သို့သော် မိမိမှာ လုပ်စရာတာ ၀န်များရှိသေးတာ ကြောင့်စိတ်ကို ချုပ်တည်းခဲ့ရသည်။
နောက်တစ်ရက်မှာ ထပ်စုံစမ်းကြည့်တော့ ကရင်မလေးနှစ်ဦးသည် သူနာပြုဆရာမလေးများ ဖြစ်ကြောင်းသိခဲ့ရသည်။ ဂျပန်ဆရာဝန်လည်း ပါလာသည်။ ဂျပန်ဆရာဝန် နှင့် ကရင်မလေး နှစ်ဦးတို့မှာ တပူးတွဲတွဲရှိလှသည်။ ကောင်မလေး တစ်ယောက်မှာ အသက် ၂၀ ကျော်ခန့် တစ်ယောက်မှာ ၂၅ နှစ်ခန့် နှစ်ယောက်စလုံး အသားဖြူ၍ ရုပ်ရည် ချောမောကြသည်။
ဂျပန်များနှင့် ပါလာသော ကရင်မလေး နှစ်ယောက်ရဲ့ သတင်းက တစ်မြို့လုံးတွင် ပြော၍မဆုံး၊ ကာလသားများ ကလည်း စုပ်သပ်လို့ မဆုံးကြ။ ဒီလိုရုပ်ရည် ချောချောနှင့် အရွယ်ကောင်း ကောင်မလေးတွေ ငပုကောင်များနှင့် တွဲနေသည်ကို အမျိုးသားရေး အမြင်မရှိသော ကာလသားများပင် နှမျှောကြသည်။
ဂျပန်များတပ်စွဲပြီး တစ်ပတ်ခန့် အကြာ။ ယင်းနေ့ညတွင် ဂျပန်များ ညောင်တုန်း မြို့ ဘေးရှိ ပန်းလှိုင်မြစ် ( ယင်းမြစ်သည် ရန်ကုန် မြစ်နှင့် ဧရာဝတီမြစ်တို့ ကို ဆက်စပ်ပေး ထားသည့် မြစ်တစ်စီး ဖြစ်ပြီး ရန်ကုန် တွင်လှိုင်မြစ်ဟု ခေါ်ကြသည် ) အတိုင်း စုန်ဆင်းမည်ဟု ဖိုးသောကြာ သတင်းရသည်။ သတင်းက ခိုင်လုံသည်။ ယင်းအဖွဲ့တွင် လူအင်အားနှစ်ရာခန့် နှင့် လက်နက် ဗုံးသီးများ အပါဝင်ပြီး ရိက္ခာပြည့်စုံသည်။ ညဦးပိုင်းတွင် သင်္ဘောငယ် ရှစ်စီးခန့် ဖြင့် ညောင်တုန်းမြို့ ကထွက်ခွာ သွားသည်ကို ဖိုးသောကြာ ကိုယ်တိုင်မြင်လိုက်ရသည်။ ထို့ကြောင့် တောထဲကအဖွဲ့ကို သတင်းပို့ရာတွင် ခါတိုင်းလို ဆက်သား မလွတ်တော့ပဲ ကိုယ်တိုင် သွားသတင်းပို့သည်။
ဖိုးသောကြာ ပါဝင်သော သံမဏိကျောင်သား တပ်ဖွဲ့သည် ဂျပန်သင်္ဘာများ နံနက်တစ်နာရီ ခန့်တွင် ရောက်ရှိ မည်ဟု ခန့်မှန်းရသော ပန်းလှိုင်မြစ်ကမ်းဘား တစ်နေရာက စောင့်နေကြသည်။ ( ရေကြောင်းခရီး ထက် ကုန်းလမ်း ခရီးက ပိုမြန်ပါသည် )
သေနတ် မကိုင်ရတာ ကြာပြီဖြစ်သော ဖိုးသောကြာ တစ်ယောက် လက်တွေ ယားနေပြီ။ ညတစ်နာရီက မရောက်နိုင်သေး။ စောင့်ရချိန်ကို ကြာလွန်းလှသည်ဟု ဖိုးသောကြာ ထင်နေမိသည်။ ဖိုးသောကြာသည် ငါးမျှားသူ တစ်ဦး ဖော့တံကို ဘယ်အချိန်မြုတ်မလဲ ဆိုတာကိ စိုက်ကြည့်နေသည့်အလား ဂျပန်များ လာမည့် မြစ်ပြင်ဘက်ကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ လူက ငြိမ်နေရသော်လည်း စိတ်ထဲကမငြိမ်လှ။ ဖြစ်နိုင်ရင် ဂျပန်များ အလာကို မစောင့်ဘဲ ဂျပန်များ ရောက်ရာနေရာကို သွားရောက် တိုက်ချင်လှသည်။ ညတစ်နာ ထိုးပြီ။ ဂျပန်တွေ အရိပ်အရောင် ပင်မတွေ့ရသေး။ ဖိုးသောကြာ စိတ်တွေ ပိုလုပ်ရှားလာသည်။ နှစ်နာရီထိုးပြီ ဂျပန်တွေ ရောက်မလာကြသေး။ နှစ်နာရီ ထိုးပြီးကွမ်းတစ်ရာ ညှက်ခန့်အကြာ ဖိုးသောကြာတို့နှင့် ရေလမ်းခရီး နှစ်နာရီခန့် သွားရမည်ဟု ယူဆရသော အကွာရှိ ပန်းလှိုင်မြစ်တွင်း တစ်နေရာမှာ ပေါက်ကွဲသံ ကြီးထွက်ပေါ်လာသည်။ ပေါက်ကွဲသံနှင့် အတူ မီးလုံးကြီးများ လည်း ကောင်းကင်ထက်သို့ တက်လာသည်။ နောက်ထပ် ပေါက်ကွဲ သံများကိုလည်း ဆက်တိုက် ဆက်တိုက် ကြားရပြန်သည်။ မီးလုံးများလည်း ယင်းနေရာမှ ဆက်တိုက် ဆက်တိုက်ပင် ထွက်ပေါ် လျှက်ရှိတော့သည်။ ဖိုးသောကြာတို့ လည်း မီးလုံးပေါ်ထွက် ပေါက်ကွဲရာနေရာသို့ ချက်ခြင်း ချီတက်ခဲ့ကြသည်။
ပေါက်ကွဲမှုက ထင်ထားသည့်အတိုင်း ဂျပန်သင်္ဘများ မှပင်ဖြစ်သည်။ ဘယ်ကနေ ဘယ်လိုဖြစ်သွားသည် မသိ သင်္ဘေအားလုံး ပျက်စီးနေပြီ။ သေသူများလည်း သေကြပြီ။ ပြေးသူများလည်း ပြေးကြပြီ။ မီလောင်သင်္ဘောများက ရေပေါ်မှာ လောင်ကျွမ်းလျှက်။ သင်္ဘောက မီးလောင်သည့် အချို့အစိတ်ပိုင်းတွေ တစ်ဖြည်းဖြည်းခြင်း ရေထဲကိုကြွေ ကြနေကြသည်။ မီးက ယန်းများ ရှိသည့်နေရာများကို လောင်သွားမိလျှင် တစ်ချက်တစ်ချက် ထထပေါက်ကွဲသည်။ ဒီညတော့ ဖိုးသောကြာတို့ အုပ်စု သေနတ် တစ်ချက်မှ မပစ်ပဲ အောင်ပွဲ ခံလိုက်ရသည်။
သင်္ဘောပေါက်ကွဲ ရာက မသေပဲ ထွက်ပြေးသည့် ဂျပန်စစ်သားအချို့ကို နောက်နေ့နံနက်မှာ ဒေသခံရွာသားများက ဖမ်း၍ ဖိုးသောကြာတို့ အဖွဲ့ကို လာပြီးအပ်ကြသည်။ သူတို့ကို သင်္ဘောများ ပေါက်ကွဲရခြင်း၏ အကြောင်းကို မေးတော့ . . . .
မအံ့သြပါနဲ့ကွာ အဲဒီကရင်မလေး နှစ်ယောက်က ငါတို့ သံမဏိကျေင်းသား အဖွဲ့က။ သူတို့ကို ဂျပန်တွေထဲမှာ သူလျှိုထည့်ထားတာ
ရန်ကုန်က လာသော တော်လှန်ရေး ခေါင်းဆောင်၏ စကားကို နားထောင်ပြီး ဖိုးသောကြာ မျက်လုံးပြူးသွားသည်။ ဒီကရင်မလေးတွေကို အရင်က ဖိုးသောကြာ တော်တော်လေး စိတ်နာခဲ့သည်။ အခုတော့ ဒီကောင်မလေးတွေက တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို တည်ဆောက်ရာမှာ မိမိတို့ရဲ့ အသက်ကို အုပ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်စတေး သွားခဲ့ကြသည်။ ဖိုးသောကြာ အပါအ၀င် ညောင်တုန်း တစ်မြို့လုံး ၀မ်းနည်းလို့ မဆုံး။ ဖိုးသောကြာ လည်းငယ်သေးသူ တစ်ယေက်ဖြစ်သည့် အတွက် တိုင်းပြည်အတွက် အသက်ပေး သွားသော ကရင်မလေးနှစ်ဦးသည် မည်သူ မည်ဝါ ဖြစ်သည်ကို မစပ်စုမိခဲ့။
အဲဒီညက ဂျပန်သင်္ဘော အုပ်စုထဲက တစ်စီးသည် ရေလမ်းပြ၏ မကျွမ်းကျင် မှုကြောင့် တူးချေင်းရွာနှင့် ဆီဖြူကျွန်းကျေးရွာ အကြားတွင် သောင်တင်သွားသည်။ အုပ်စုမကွဲစေရန် အတွက် သောင်တင်သည့် သင်္ဘောဘေးတွင် ကျန်သင်္ဘောများလည်း ရပ်စောင့်ပေးရသည်။ ယင်းကဲ့သို့် လက်နက်သင်္ဘော များစုနေချိန်ကို အခွင့်ကောင်းယူ၍ ကရင်မလေး နှစ်ဦးက ကိုယ်ကိုကိုယ် အသေခံကာ လက်နက်များကို ဖောက်ခွဲ ပစ်လိုက်သည်။
ယနေ့ဆိုရင် လွတ်လပ်ရေး ရခဲ့သည်မှာ ကြာခဲ့ပြီ။ လွတ်လပ်ရေး တိုက်ပွဲဝင်ချိန်ကာလတွင် အသက်သွေးများစွာ စတေးခဲ့ရသည်။ အချို့က လူသေသော်လည်း နာမည်မသေ သေးသူများ ရှိကြသည်။ အများစုက စစ်မြေပြင်မှာ လူမသိသူမသိ တိုင်းပြည် အတွက် အသက်ကို ပေးလှုခဲ့ ကြသည်။ ကရင်မလေး နှစ်ယောက်လို လူမသိသူမသိ အသက်ပေး ခဲ့ကြသူတွေ ကျွန်တော်တို့ တိုင်ပြည်မှာ ဘယ်လောက်အထိ ရှိခဲ့ မည်မသိ။ သို့သော် . . . . သူတို့ သတ္တိရှိ ကြပါသည်
ဤဖြစ်ရပ်မှန် သမိုင်းနှောက်ခံကို လွတ်လပ်ရေး မော်ခွန်းဝင် ဒုတိယအဆင့် ဦးခင်မောင်လေး ကပြောပြခဲ့ခြင်း ဖြစ်သည်။ ဦးခင်မောင်လေးသည် စစ်ကြိုခောတ်နှင့် လွတ်လပ်ရေးကြိုးပမ်း ချိန်ကာလက တိုက်ပွဲဝင်ခဲ့ပြီး စစ်ပြီးခောတ်နှင့် လွပ်လပ်ရေး ရပြီးနှောက်ပိုင်တွင် သတင်းစာသမား တစ်ဦးအနေဖြင့် သတင်းဆောင်း ပေါင်းမျာစွာကို ဖိုးသောကြာ ( ခောတ် + မိုး ) အမည်ဖြင့် ရေးသားခဲ့ပြီး၊ ယခုအခါတွင် သူ၏သတင်းထောက် တစ်သက်တာ အတွေ့ကြုံကို စာအုပ်ထုတ်ရန် စီစဉ်လျှက် ရှိသည်။

Read More...

ဘလော့နှင့် သီချင်း

ဘလော့တွေမှာ ဖွင့်လိုက်တာနဲ့ သီချင်းလေတွေ တက်လာအောင် လုပ်ထားကြတာကို တွေ့ရပါတယ်။ သီချင်းတွေကတော့ အစုံပါပဲ တချို့ကလည်း ကိုယ်နှစ်သက်ရာ နှစ်သက်ကြောင်း သီချင်းလေးတွေကို တင်ပေးထားပါတယ်။ တချို့ကြတော့လည်း ကိုယ်ပိုင်ခံစား ချက်တွေကို ကိုယ်တိုင် ဂစ်တာသံလေးနဲ့ တင်ထားတာကိုတွေ့ ရပါတယ်။ သေချာနား ထောင်ကြည့်တော့ သီချင်းလေး တွေကကောင်းပါတယ်။ သို့သော် . . .
ပြသနာက ဘာလဲဆိုတော့ … ကွန်ပျူတာမှာက သီချင်းတစ်ပုတ် ဖွင့်ထားတယ်။ ဘလော့တစ်ခု ဖွင့်လိုက်တော့ သီချင်းတစ်ပုတ် တက်လာတယ်။ နောက်ဘလော့တစ်ခု ဖွင့်လိုက်တော့ နောက်တစ်ပုတ်က ထပ်တက်လာပြန်ရော။
အဲဒီတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ မျိုးကြီးက ကွန်ပျူတာထဲကနေ နားညှီးအောင်အော် နေချိန်မှာ အယ်စိုင်းဇီက မိုးရေထဲကနေ ငိုနေတယ်။ ဆောင်ဦးလှိုင်ကလည်း ခပ်ဆွေးဆွေး ဥာည်းနေတယ်။ ဘလော်ကာတစ်ယေက် ကလည်း ခံစားချက်တွေကို ဂစ်တာ တစ်လက်နဲ့ ဖောက်ခွဲနေတယ်။ ကဲမိတ်ဆွေ စိတ်ကူးနဲ့တာ နားထောာင် ကြည့်ပေတော့။
စိတ်ကူးကောင်းကောင်း နဲ့ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေနဲ့ လာလည်သူတွေ အပမ်းပြေပါစေကြောင်း စေတနာကောင်းနဲ့ ဖျော်ဖြေပေး တာဖြစ်ပေမယ့် တစ်ခါတစ်ရံတွင် ထိုသို့ ဖြစ်တတ်ပါကြောင်း ………

Read More...

Friday, March 02, 2007

မြန်မာဘလော့ ဖိုရမ်

တောင်ရှာ မြောက်ရှာနဲ့ လိုက်ရှာရင်နဲ့ မြန်မာ ဘလော်ကာတွေ အတွက်လုပ် ထားတဲ့ မြန်မာ ဘလော်ကာ ဖိုရမ်လေးကို တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ ဘလော့စာအုပ် လုပ်မဲ့ ကိစ္စကိုလဲ Topic တစ်ခု အနေနဲ့ တင်ထားပါတယ်။ မြန်မာ ဘလော်ကာ ဖိုရမ်ကို သွားချင်တယ် ဆိုရင်တော့ ဒီနေရာကို

  • နှိပ်ပါ
  • Read More...

    My Photo


    ဒီနေ့ ညောင်တုံး မြို့ကိုရောက်ခဲ့တယ်။ ရောက်တုန်းရောက်ခိုက် ညောင်တုံးမြို့ဘေးက ပန်းလှိုင်မြစ်ထဲမှာ လှေစီးရင်းနဲ့ ဘေးနားက ဖြတ်သွားတဲ့ စက်လှေတွေ ၀ါးဖောင်တွေကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။

    Read More...

    မြန်မာကနုတ်ပန်း


    Update မလုပ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မြန်မာကနုတ်ပန်းတွေကို ဒီနေ့ Update လုပ်ဖြစ်တယ်။ နောက်ကို လဲစုလို့ ရသမျှ မြန်မာကနုတ်ပန်းတွေကို ဆက်လက် တင်သွားမှာပါ။ မြန်မာကနုတ်ပန်း တွေကိုကြည့်ချင်ရင်တော့ ဒီကိုသွားပါ

    Read More...

    Thursday, March 01, 2007

    ကိုစစ်အိမ်ရဲ့ အကြံပြုချက်ကို ဆွေးနွေးခြင်း

    ဒီအစီအစဉ်ကို ကိုစိုးဇေယျ တစ်ဦးတည်းဖြစ်စေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ဖြစ်စေ လုပ်ဖို့ဆိုတာက တော်တော်ခက်ခဲမယ့်ကိစ္စပါ။

    အားလုံးစုစီးပါဝင်ကြမှာ ဖြစ်တဲ့အတွက် ပြောလောက်အောင် မခက်နိုင်ပါဘူး။ ခက်ရင်လည်း အဲဒီအခက်ခဲတွေကို ကျွန်တော်တို့တွေ့ စုစည်း ပြီးကျော်လွှားကြတာပေါ့။


    (၁) မြန်မာဘလော့ခ်တွေက နေ့စဉ်နဲ့အမျှတိုးနေတာကတစ်ကြောင်း၊ တိတိပပ စာရင်းတစ်ခု မရှိတာကတစ်ကြောင်း ကြောင့် လက်ရှိရှိနေတဲ့ မြန်မာဘလော့ခ်ဆိုဒ်များကို စုစည်းဖို့ဆိုတာက ပထမဆုံးအခက်အခဲပါပဲ။

    ဟုတ်ပါတယ် အဲဒီအတွက် စုစည်းနိုင်ဖို့ရာ ဆင်မနာ တစ်ခုလုပ်ဖို့လဲ လျာထားပါတယ်။ ဂျာနေတွေကနေလဲ သိအောာင်ထည့်သွင်း ဖော်ပြသွားမှာပါ။ မြန်မာဘလော်ကာ တော်တော်များများနဲ့ ရင်းနှီးတဲ့ ကိုညီလင်းဆက် ကိုလည်းအကူညီတောင်ထားပါတယ်။ သူကလဲ မကြာခင်မှာ ပြည်ပကို ပြန်သွားတော့မှာ ဆိုတော့ မြန်မာရှိသူရှိနေတုန်းမှာ တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။


    (၂) ဘယ်ဘလော့ခ်တွေကို ရွေးပြီးထည့်မလဲ
    (၃) ဘလော့ခ်ဂါတစ်ဦးချင်းစီရဲ့ ဘယ်လိုအကြောင်းအရာတွေကို ရွေးပြီးဖော်ပြမှာလဲ (ကျနော်ဆိုလိုတာက နည်းပညာဦးစားပေးအနေနဲ့ ဖော်ပြမှာလား)
    ဘလော့တွေကိုတော့ ဘလော့ပိုင်ရှင်က သူဆန္ဒအရ ထည့်ပေးစေချင်တဲ့ ပို့တွေကို ထည့်သွင်းဖော်ပြမှာ ဖြစ်သလို။ မြန်မာစာဖတ် ပရိတ်သတ်အတွက် လိုအပ်နေတဲ့ Information တွေကို ဘလော့ရေးသူရဲ့ ကျွမ်းကျင်တဲ့လိုင်း အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို အကြောင်းရာလေးတွေ ရေးပေးပါ ဆိုတာမျိုးလည်း တောင်းဆိုသွားမှာပါ။

    (၄) ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ဝေမှာလဲ၊ တစ်ခါတည်း တစ်အုပ်တည်းထုတ်ရုံပဲလား။ အပတ်စဉ်၊ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းတစ်ခုခုအနေနဲ့ဆိုရင်ရော။

    လောလောဆယ် ရည်ရွယ်တာကတော့ လာမဲ့ World Blog Day အထိမ်းအမှတ် အနေနဲ့ ထုတ်ဖို့ပါ။ စာအုပ်အနေနဲ့ ထုတ်ရင်ကောင်းမလား နှစ်လည် မဂ္ဂဇင်းလို ပုံစံနဲ့ ထုတ်မလားဆိုတာတော့ ပူးပေါင်းပါ ၀င်ကြမဲ့ သူငယ်ချင်းအများစု ရဲ့ဆန္ဒသဘောထားကို ရယူပြီးလုပ်သွားမှာပါ။ တစ်နှစ်ကို နှစ်ကြိမ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အပတ်စဉ်လစဉ် ထုတ်ချင်တယ်ဆိုရင်တော့ စီးပွားရေးဆန်သွားပါ လိမ့်မယ်


    (၅) အရေးကြီးဆုံးအချက်ကတော့ ဘလော့ခ်ရေးသူအားလုံးက ကိုယ်သိတဲ့အကြောင်းအရာတွေကို ကိုယ့်ဘလော့ခ်လေးတွေမှာ အလကားကြည့်ဆိုပြီး ဖော်ပြထားတာကို တစ်ဖက်မှာ စက္ကူစာမျက်နှာတွေပေါ်တင်လိုက်တဲ့အခါကျ ဒါတွေဟာ ငွေပေးဖတ်ရပါတော့မယ်။ အဲဒီအတွက်ကြောင့် အခုထုတ်မယ်ဆိုတဲ့ စာအုပ်ဆိုတာကို ရောင်းဈေးသတ်မှတ်တဲ့အခါကျ စီးပွားရေးသိပ်မဆန်သွားဖို့။

    တကယ်တော့ မြန်မာနိုင်ငံမှာ အင်တာနက်သုံတဲ့ လူဦးရေဟာ တစ်သိန်း မပြည့်သေးပါဘူး။ အင်တာနက် သုံးတဲ့လူတွေ ထဲကမှ ကိုဆယ့်ငါး ရာခိုင်နှုန်းကျော်က ချက်သုံးကြတယ်။ သုံးရာခိုင် နှုန်းလောက်က ဆက်သွယ်ရေး အတွက်သုံး ကြတယ်၊ ကျန်တဲ့အပိုင်းက စီးပွားရေး အလုပ်သုံးနဲ့ ပညာရေးအတွက် သုံးကြတာပါ။

    ဘလော့ရေးတဲ့လူက တော်တော်လေးကို နည်းပါသေးတယ် ငါးရာမပြည့်သေးပါဘူး။ ဖတ်တဲ့လူလဲ အဲလိုပါပဲ။ ဘလော့တွေကို အစဉ်မပြတ်လိုက် ဖတ်နေတဲ့လူ ငါးရာမပြည့်သေးပါဘူး။ ဒါကြောင့် ဘလော့က ရေးသားချက် ဘယ်လောက် အသုံးဝင်တယ်ဆိုတာ ဒီလို ဘလော့ဖတ်တဲ့ လူအနည်းစုပဲ သိပါတယ်။

    ဒါကြောင့် ဘလော့ကနေ လူအများစု ဖတ်ဖို့သင့်တော်တဲ့ အကြောင်းအရာတွေကို အင်တာနက် မသုံးနိုင်ကြသေးတဲ့ လူတွေကိုလဲ ဖတ်စေချင်တဲ့ ဆန္ဒရယ်၊ နောက်တစ်ခုက ကျွန်တော် သတိထားမိသလောက် ဘလော့မှာရေးတဲ့ အကြောင်းအရာ အချို့က လက်ရှိ စာပေလောက နဲ့ဘာမှမဆိုင်ဘူး ထူးခြားကွဲပြားတယ်။ ဒါကြောင့် ထူခြားကွဲပြားအောင် ရေးနိုင်တဲ့ မြန်မာ ဘလော်ကာတွေကို ဘလော့မှာ တင်မဟုတ်ပဲ မြန်မာစာပေလောက မှာပါ ပါဝင်ရေးသားတဲ့ စာရေးဆရာ ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ထုတ်တာပါ။

    ကျွန်တော်တို့ စာအုပ်ရောင်းလို့ ရတဲ့ ပိုက်ဆံအားလုံးကို လှုဒန်းမှာဖြစ်တဲ့ အတွက် စီးပွားရေးလုပ် သလိုမဖြစ်ပါဘူး။ ရတဲ့ အမြတ်ကို ဘလော်ကာတွေ ဝေယူကြမယ် ဆိုရင်တော့ စီးပွားရေးလုပ် တယ်လို့ ပြောရမှာပေါ့။

    ဖြစ်နိုင်မယ်ဆိုရင်တော့ အတွေ့အကြုံရှိတဲ့ လက်ရှိလည်း စာအုပ်/စာပေထုတ်ဝေနေတဲ့အဖွဲ့ တစ်ခုခုက ဦးစီးလုပ်ဆောင်မယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်လို့ ထင်မြင်ပါတယ်။

    ကျွန်တော့ရဲ့ သဘောထား ခံယူချက်ကတော့ ဘယ်သူကမှ မွေးကတည်းက အတွေ့ကြုံတွေ ပါလာကြတာ မဟုတ်ပါဘူး။ လုပ်ရင်နဲ့ သင် သင်ရင်းနဲ့ တတ်သွားတာပါ။ မဖြစ်ဖြစ် အောင်လုပ်မယ် ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှု ဘယ်လိုလုပ်ရင် ဖြစ်နိုင်တယ် ဆိုတဲ့ တွေးခေါ်စဉ်း စားနိုင်တဲ့ ဦးနှေက် လိုအပ်တဲ့ အချက်တွေကို ပံ့ပိုးပေးမဲ့အရာတွေ ရှိနေရင် ဘယ်အရာမဆို မဖြစ်နိုင်တာ မရှိပါဘူး။

    အခုဆိုရင် ကျွန်တော်တို့မှာ ပြင်းပြတဲ့ ဆန္ဒကလည်းရှိနေ ကြပြီ။ ဦးနှေက်တွေကလည်း တစ်လုံးတည်း မဟုတ်ဘူး။ ပံ့ပိုးပေးနိုင်မဲ့ လော်ကတွေက လည်းညီညွှတ်နေကြပြီ။ ကျွန်တော်တို့ အလုပ်တကယ်လုပ်ဖို့ ပဲကျန်ပါတော့တယ်။

    နောက်ထပ် ပေးကြမဲ့ အကြံဥာဏ်များကို လဲကြိုဆိုလက်ခံ ပါတယ်။ အခုလို အကြံပြုပြောပေးတဲ့ ကိုစစ်အိမ် ကိုလဲ အထူးပင်ကျေးဇူးတင်ရှိပါတယ်


    Read More...

    ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိသည်။

    RAVE: ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိသည်။
    ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိကြောင်းသိရသည်။

    မရမ်းကုန်းမြို့နယ်ရှိ မွေးမြူရေးခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါပိုး H5N1 တွေ့ရှိသည်ဟု မြန်မာနိုင်ငံတိရစ္ဆာန်မွေး မြူရေးနှင့်ကုသရေးဦးစီးဌာန (တိမွေးကု) က ယမန်နေ့က အတည်ပြုပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အစီရင်ခံသည်ဟု မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ်စား လှယ် ဒေါက်တာတန်ဇန်ပင်းက ပြောသည်။

    ကနဦးစမ်းသပ်ချက် အတည်မပြုမီ (၂) ရက်ခန့်၌ ထိုမွေးမြူရေးခြံတခြံ၌ ရောဂါဖြစ်ကြောင်း စတင်တွေ့ရှိခြင်းဖြစ် ပြီး ရောဂါပိုးတွေ့သည့် ကြက် (၆၈) ကောင်သေဆုံးကာ ရောဂါရှိသည်ဟုသံသယဖြစ်သည့် ကြက် (၁,၂၉၂) ကောင်ကို ယမန်နေ့၌ သုတ်သင်ပြီးဖြစ်သည်ဟု ဒေါက်တာတန်က ပြောသည်။

    “တိမွေးကုရဲ့ ကနဦးစမ်းသပ်တွေ့ရှိချက်အရ H5N1 ပေါ့စတစ်ပါ။ နောက်ထပ်အသေးစိတ် စမ်းသပ်စစ်ဆေးနေပါ တယ်။ အဖြေရဖို့ (၂) ရက်စောင့်ရပါမယ်” ဟု ဒေါက်တာတန်က ပြောသည်။

    ရောပိုးတွေ့ရှိသည့်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ထိုနေရာကို သီးသန့်ခွဲခြားခြင်း စသည် တို့အပါအ၀င် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ကူးစက်ရသည့်အကြောင်းရင်း ကို ရှာဖွေနေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

    “ဒီဗိုင်းရပ်စ်ဟာ သဘာဝငှက်ရိုင်းတွေကနေကူးစက်တာလာ
း၊ တခြားအကြောင်းကြောင့်လားဆိုတာ ရှာဖွေနေပါ တယ်။ ဒီ့ထက်ပိုပြီး စူးစမ်းလေ့လာဖို့လိုပါသေးတယ်” ဟု ဒေါက်တာတန်က ပြောသည်။

    ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ်နှင့် FAO တို့ကလည်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၌ အကူအညီများပေး နေသည်။

    ရန်ကုန်ရှိဈေးအချို့၌ ယနေ့နံနက်မှစ၍ ကြက်ဘဲရောင်းဝယ်ခြင်းကို မြို့တော်စည်ပင်သာယာရေးကော်မတီက ထိန်းချုပ်ရန်စတင်နေကြောင်း ရန်ကုန် မြို့ခံတဦးက ပြောသည်။

    ၎င်းက “မနက်က အင်းစိန်ဈေးနဲ့ မြောက်ဥက္ကလာ (၂) ရပ်ကွက်ဈေးမှာလိုက်ဖမ်းတယ်။ ကြက်ဥသွားဝယ်တော့ ၀ယ်နေတုန်းတန်းလမ်းကြီး လိုက်ဖမ်းတာ။ နောက်ပြီး ကြက်ငှက်တုပ်ကွေးဖြစ်ပြီ၊ ကြက်သားမရောင်းရဆိုတဲ့
    စာတွေလိုက်ကပ်ဖို့လုပ်နေတာ မြင်ခဲ့တယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံးကြက်ငှက်ရောဂါဖြစ်ပွားမှုကို ယမန်နှစ်ဧပြီတွင် မန္တလေးတိုင်း၌ စတင်တွေ့ရှိသည်။

    ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် တိမွေးကုက လုပ်ဆောင်ခဲ့ပြီး ရောဂါဖြစ်ပွားမှု ထပ်မတွေ့တော့ဟု စက်တင်ဘာ၌ ထုတ်ပြန်ကြေညာသည်။

    မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်မှု မတွေ့ရှိသေးဟု မြန်မာစစ်အစိုးရက ကြေညာထားသည်။

    မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လူ (၂၅) ဦးကို ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခဲ့ပြီး (၁၇) ဦးသေဆုံးပြီးဖြစ်သည်။ ဤရောဂါ ကြောင့် ၂၀၀၃ခုမှစ၍ ကမ္ဘာတ၀န်း လူ (၁၆၇) ဦးသေဆုံးခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာသည်။

    ယခုလ (၂၇) ရက်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် လူကိုကူးစက်မှုတခုအား အိမ်နီးချင်းလောနိုင်ငံ ဗီယံကျင်းမြို့တော်ရှိ အသက် (၁၅) နှစ်အရွယ်မိန်းကလေးတဦး၌ တွေ့ရှိသည်။

    ကြက်ငှက်တုပ်ကွေးရောဂါ လူအချင်းချင်းကူးစက်ကာ ကမ္ဘာ့လူသားသန်းချီသေဆုံးမည်ကို ကျွမ်းကျင်သူပညာ ရှင်များက စိုးရိမ်လျက်ရှိသည်။
    Source : www.khitpyaing.org


    Read More...