Art is My Life: လူ့လောက နိဗ္ဗာန်ဘုံ

Thursday, January 24, 2008

လူ့လောက နိဗ္ဗာန်ဘုံ

ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်က သူ့တူလေး အကြောင်း ပြောပြသည်။ သူ့တူလေးသည် ငါးနှစ်အရွယ်ခန့် ရှိနေပြီ ဖြစ်ပြီး လန်ဒန်တွင်မွေးသည်ဟု ဆိုသည်။ မိဘများသည် မြန်မာနိုင်ငံသား များဖြစ်သော်လည်း လန်ဒန်တွင် နေရသောကြောင့် မြန်မာစကား တတ်ခြင်းမရှိဟု ဆိုသည်။

“ငါတို့ အစ်ကို အလည်ပြန်လာတော့ ငါတို့တူလေးလည်း ပါလာတယ်။ သူ့ကို မြန်မာစကား ပြောတတ်အောင် ဆိုပြီး ငါတို့ ၀ိုင်းသင်ကြတာ။ သူနေသွားတဲ့ နှစ်ပတ်လောက် အတွင်းမှာ တခြား စကားတွေ တတ် မတတ်တော့ မသိဘူး။ စကား နှစ်ခွန်းကိုတော့ ကောင်းကောင်း ပြောတတ်သွားတယ်”

သူ့တူလေး ပြော တတ်သွားသည့် စကားနှစ်ခွန်းက ဘာလဲဟု မေးကြည့်လိုက်တော့။

“ဟေး …. မီးလာပြီ”

“ဟာ…. မီးပျက်သွားပြီ”

* * * *

ကျွန်တော် အလုပ်အတွင်း၌ ရှိနေစဉ်က ဖြစ်သည် . . . . .

ကျွန်တော်တို့ ရုံးမှာ အိပ်ကြသော သူများသည် ညပိုင်းတွင် တော်ရုံ တန်ရုံနှင့် မအိပ်ဖြစ်ကြ။ အနည်းဆုံးတော့ ညတစ်နာရီကျော် နှစ်နာရီလောက်မှသာ အိပ်ဖြစ်ကြသည်။ ထို့ကြောင့် နံနက် စောစောစီးစီး ဖုန်းလာပါက ထကိုင်ရမှာ ပျင်းကြသည်။

ထိုနေ့က ကျွန်တော် မိုးလင်းခါနီးမှာ အိပ်သည်။ အိပ်ပြီး သိပ်မကြာသေး တယ်လီဖုန်းက မြည်လာသည်။ ကျွန်တော် ခေါင်းတစ်ချက် ထောင်ကြည့်လိုက်သည်။ ကျန်အိပ်နေသူများ တုတ်တုတ်မျှ မလုပ်ကြ။ ထို့ကြောင့် မြည်နေသော တယ်လီဖုန်းကို ကိုင်ရန် အတွက် ကျွန်တော် လေးဖင့်စွာ ထလာခဲ့သည်။ ဖုန်းကို ကောက်ကိုင် လိုက်တော့ ဖုန်းက ကျသွားပြီ။ ထို့ကြောင့် ကျွန်တော် ပြန်အိပ်ဖို့ အိပ်ရာဆီသို့ ပြန်လာခဲ့သည်။

အိပ်ရာပေါ်တွင် လှဲလိုက်ခါရှိသေးသည် ဖုန်းက မြည်လာပြန်သည်။ ထို့ကြောင့် ကျွန်တော် ဖုန်းကို ထပြီး ကိုင်ရပြန်သည်။ ကိုင်လိုက်တော့ စောစောက ကဲ့သို့ပင် ဖုန်းကျသွားပြန်သည်။ ကျွန်တော် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပြန်ချလိုက်တော့ ဖုန်းက ပြန်မြည်လာပြန်သည်။

နံနက်စောစော စီးစီး အိပ်ကလည်း အိပ်ချင် ဖုန်းကလဲ ကိုင်ရင်ကျ သွားလိုက် ပြန်ခေါ်လိုက် လုပ်နေသော ကြောင့် ကျွန်တော် စိတ်တိုသွားသည်။ ထို့ကြောင့် ဖုန်းကို ချက်ခြင်း ကောက်ကိုင်ပြီး ဘာကိစ္စလဲဟု မေးလိုက်သည်။ ကျွန်တော်သည် ထိုအချိန်တွင် စိတ်အနည်းငယ် တိုနေသောကြောင့် ကျွန်တော့် အသံမှာလည်း နဲနဲ မာဆတ်ဆတ် ဖြစ်သွားဟန် တူသည်။ ထိုကြောင့် တစ်ဖက်က ဖုန်းပြောသူ အသံက မ၀ံ့မရဲ ဖြစ်သွားသည်။

“ဂျာနယ်တိုက်က ပါလားကွယ် . . . . ”

တစ်ဖက်မှ အသံသည် အသက်ခြောက် ဆယ်ကျော် အရွယ်ခန့်ရှိသော အမျိုးတစ်မီး တစ်ဦး ဖြစ်ဟန် တူသည်။ ကျွန်တော်က ဂျာနယ်တိုက် ဟုတ်ပါကြောင်းနှင့် ဖုန်းဆက်ရင်း ကိစ္စကို မေးကြည့်တော့။ သူက တောင်ဒဂုံကပါတဲ့ သူတို့ တောင်ဒဂုံမှာ မီးပျက်နေလို့ဟု ဆိုသည်။ ကျွန်တော် စိတ်ထဲမှာ ရယ်ချင် သလိုဖြစ်သွားသည်။ မီးပျက်တာ လျှပ်စစ် ဌာနကို မဆက်ပဲ ဂျာနယ်တိုက်ကို ဆက်နေတော့ ကျွန်တော်တို့က ဘာလုပ်ပေးနိုင်မည်နည်း။

“အဖွားကလဲ၊ ကျွန်တော်တို့ ရုံးလည်း ပျက်တာပဲလေ”

ဟု ကျွန်တော်က ပြောလိုက်တော့

“အေးကွယ် မနက်စောစော စီးစီး ဒီအဖွားကြီး အလုပ် လိုက်ရှုတ်ပြီး ဟိုဖုန်းဆက် ဒီဖုန်းဆက် လျှောက်ဆက်နေတယ်လို့ ထင်မှာပဲလေ . .. ”

ဆိုပြီး သူ့စကားကို ခဏဖြတ်သွားသည်။ ကြည့်ရတာ သူ့စိတ်ထဲမှာ ထပ်ပြောချင်ပုံ ရသည်။

ထို့ကြောင့် ကျွန်တော်က

“သြော် . .. ရပါတယ် ကိစ္စမရှိပါဘူး”

ဟုပြောလိုက်တော့ သူစကားတွေ ဆက်ပြောသည်။

“အဖွားတို့ မီးမလာလို့ ရေမချိုးရတာ နှစ်ရက်ရှိပြီ။ အိမ်မှာက ရေစက်နဲ့ အ၀ီစိ တွင်းကနေ ရေတင်ရတာလေ။ မီးမလာတော့ ရေမတင်ရဘူး။ မီးကလည်း လာရင် ညဘက် ညဉ့်နက် သန်းခေါင်မှ လာတယ်။ မိုးလင်းရင် ပျက်သွားတယ်။”

“အဖွားကလည်း အဲလို မီးလာတဲ့အချိန်မှာ တင်လေ”

“အေးကွယ် အဖွားတို့က အိမ်မှာ ယေကျာင်္းလေးလဲ မရှိဘူး။ အသက်ကြီးကြီး မိန်းမတွေ ချဉ်းပဲဆိုတော့ ညဘက်ကို မထနိုင်ဘူးလေ။ အခုလဲ မီးမလာဘူး။ ရေမရှိတော့ ဘယ်လို လုပ်ရမှန်း မသိလို့ ဂျာနယ်တိုက်ကို ဖုန်းဆက်ကြည့်လိုက်တာ။”

ကျွန်တော်က ဒါများ ဖွားရယ် လျှပ်စစ်ရုံးကို ဖုန်းဆက် မေးကြည့်ပါလားလို့ ပြောတော့၊ လျှပ်ရုံး ဖုန်းနံပါတ်ကို မသိကြောင်း။ မီးပျက်နေတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိလို့ ဖတ်နေကျ ဂျာနယ်ထဲက ဖုန်းနံပါတ်ကို ဆက်ခြင်း ဖြစ်ကြောင်း ပြန်ပြောသည်။

“မီးကလဲပျက်။ ရေကလဲ ချိုးစရာမရှိဆိုတော့။ အဖွားတို့မှာ ဘယ်ကို ဘာပြောလို့ ဘာလုပ်ရမှန်း မသိဘူးလေ။ အဲဒါကြောင့် ဂျာထဲက နံပါတ်အတိုင်း ဆက်ကြည့်လိုက်တာပါ။ ဂျာနယ်တိုက်က ဘာမှ လုပ်ပေးလို့ မရမှန်းတော့ သိပါတယ်။ ဒါပေမယ့် အခုလို ပြောစရာ ရှိတဲ့ စကားကို ပြောလိုက်ရတော့လည်း စိတ်ထဲမှာ ပေါ့သွားတာပေါ့ကွယ်” ဟု ပြောပြီး ထိုအမျိုး သမီးကြီး ဖုန်းချသွားသည်။

* * * * *

အဒေါ်က ရိပ်သာ ၀င်မည် ဖြစ်သောကြောင့် အိမ်တွင် အစ်မတစ်ဦးတည်း ကျန်ခဲ့မည်ဟု ဆိုသည်။ ထို့ကြောင့် ကျွန်တော့်ကို အိမ်ကို လာအိပ်ပေးဖို့ အစ်မတစ်ဝမ်းကွဲ ဖြစ်သူက ခေါ်သည်။

ထို့ကြောင့် ကျွန်တော် အဒေါ်အိမ်တွင် အိပ်ရှိရာ ဒဂုံ အရှေ့သို့ ထွက်လာခဲ့သည်။ ထွက်သာ လာခဲ့ရသည် အဒေါ်အိပ်ရှိရာ ရပ်ကွက် မီးမှ လာပါ့မလား မသိ။

ကျွန်တော် ဒဂုံ အရှေ့ကို ရောက်တော့ မိုးချုပ်နေပြီ။ အဒေါ်အိမ်ရှိရာ ရပ်ကွက်ထဲကို ၀င်လိုက်တော့ မီးလေးတွေ လင်းနေသည်။ ကျွန်တော် စိတ်ထဲမှာ အဲဒီ အချိန် ရောက်မှာ သက်ပြင်း ချနိုင်တော့သည်။

အိမ်ရောက်တော့ ရေချိုး ထမင်းစားပြီး ကွန်ပျူတာသုံးမယ် လည်းလုပ်ရော။ အမက ဖွင့်လို့ မရသေးဘူးတဲ့။ ဘာဖြစ်လို့လဲ လို့မေးတော့ မီးအားကျနေတယ်ဟု ဆိုသည်။ ကျွန်တော် မီးအား အတက်ကျ ပြသည့် မီတာလေးကို ကြည့်လိုက်တော့ မီးအားက ၁၄၀ နှင့် ၁၅၀ ကြားမှာပဲ ရှိသည်။ ထိုကဲ့ သို့မီး အားကျနေခြင်းမှာ ကျွန်တော့် အထင်တော့ မီးလာသည့် အချိန်လေးတွင် မီးအားမြှင့်စက် ရှိသူများက မီးအားမြှင့်စက်များ ဖြင့် ၀ိုင်းဆွဲကြသော ကြောင့် မီးအား မြှင့်စက် မရှိသော အိမ်များ တွင်မီးအား ကျသွားကြ ဟန်တူသည်။

ထို့ကြောင့် မီးလာပြန်သော်လည်း မီးအားတက်လာရန် စောင့်ရပြန်သေးသည်။ ညဆယ်နာရီ လောက်ရောက်တော့ မီးအား ပြန်တက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ မီးအားက ၂၀၀ နှင့် ၂၁၀ ကြားမှာ ရှိသည်။ ထို့ကြောင့် ကျွန်တော် ကွန်ပျူတာကို ဖွင့်ပြီး ဓာတ်ပုံ ပြင်စရာရှိသည် များကို ပြင်နေသည်။ ညဆယ့်တစ်နာရီ လည်းထိုးရော မီးက ပျက်သွားပြန်သည်။ ထိုအချိန် ကတည်းက ပျက်သွားသော မီးသည် မနက် ကျွန်တော် အိမ်က ထွက်ခဲ့တဲ့ အထိပြန်လာခြင်း မရှိတော့ပေ။ မီးပျက်သွားသည့် အတွက် အလုပ်က မပြီးလိုက်။

* * * *

ကျွန်တော် အဒေါ်အိမ်ကပြန်လာတော့ ဘတ်စကားက ထုတ်ပေးစဉ် ပိုက်ဆံကြားမှ စာရွက်တစ်ရွက် ညှပ်ပါလာသည်။ ကျွန်တော် ကြည့်လိုက်တော့ မီတာ စာရွက်။ အဲတော့မှ သတိရသည် ကျွန်တော် မီတာ ဆောင်ရခြင်း မရှိသေး။

ကျွန်တော်သင် တန်းဆင်းသည်နှင့် မီတာရုံးသို့ တန်းလာခဲ့ရသည်။ မီတာဆောင်ရက်မှာ ရက်လွန်နေပြီ ဖြစ်သောကြောင့် ခါတိုင်းလို အောက်ထပ်တွင် မပြီးပေ။ မီတာရုံး အပေါ်ထပ်သို့ တက်ကာ ဒါဏ်ကြေး တစ်ထောင်သွင်းရသည်။

စာရေးမက ဒါဏ်ကြေးကို ဘောင်ချာ စာရွက်မှာ ရေးနေတုန်း ရုံးနံရံတွင် ကပ်ထားသော ဘုတ်များကို စပ်စပ်စုစု လိုက်ဖတ်ကြည့်သည်။ ထိုဘုတ်များထဲမှာ တစ်ခုမှာ လျှပ်စစ် ပေးဝေရေး အဖွဲ့၏ ရည်မှန်းချက်များကို ရေးထားခြင်းဖြစ်သည်။ ထိုရည်မှန်းချက်များ ထဲမှ အောက်ဆုံး အကြောင်းမှာ

လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးကို ဖော်ဆောင်အံ့

ဟုရေးထားသည်။ စာသား အနည်းငယ် လွဲကောင်း လွဲပါမည် ဆိုလိုရင်းကတော့ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးသဖွယ် ဖြစ်လာအောင် စွမ်းဆောင်ဖို့ ရည်းမှန်းထားသည်ဟူ၍ ဖြစ်သည်။

* * * *

ကျွန်တော် နေထိုင်ရာ လမ်းထဲကို ၀င်လိုက်သည့် နှင့် မီးစက်သံကြီးများက ကျွန်တော့်ကို ဖုန်းဒိုင်း ဖုန်းဒိုင်းနှင့် ဆီးကြိုနေကြသည်။ သောချာပြီ ကျွန်တော်တို့ လမ်းထဲမှာ မီးပျက်နေပြီ။ ကျွန်တော် စိတ်ပျက်လက် ပျက်နှင့်ပင် အိမ်ပေါ်သို့ တက်လာခဲ့သည်။ မီးပျက်တော့ ဘာအလုပ်မှ လုပ်စရာ မရှိသည့် အတူတူ အိပ်တာပဲ ကောင်းသည်ဟု ကျွန်တော် တွေးလိုက်မိသည်။

မနေ့ညက မပြီးဆုံးသေးသော အိမ်စာများကို လုပ်မည်ဆိုသည့် စိတ်ကူးများကို ဖုန်းဒိုင်း ဖုန်းဒိုင်း နှင့် မြည်နေသော မီးစက်သံကြီးများက လွမ်းမိုးသွားသည်။ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီး ပေါ်ပေါက်လာမည့် အချိန်ကို စိတ်ကူးကြည့်ရင်း ထိုနေ့ နေ့လည်ခင်းက မီးပျက်နေသော အခန်းကျဉ်းလေး တစ်ခုတွင် ကျွန်တော် အိပ်ပျော်သွားခဲ့သည်။

1 comment:

Kyaw said...

လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီး ပေါ်ပေါက်လာမည့် အချိန်ကို စိတ်ကူးကြည့်ရင်း
I can say only sorry for our life.

There was an error in this gadget