Art is My Life: မှတ်မိသေးတဲ့ သတင်းထောက်ဘ၀က နေ့ရက်များ

Thursday, January 10, 2008

မှတ်မိသေးတဲ့ သတင်းထောက်ဘ၀က နေ့ရက်များ

လွန်ခဲ့တဲ့ တစ်ပတ် ကျော်လောက်က လေးနှစ်နီးပါး လုပ်ခဲ့သော သတင်းထောက် အလုပ်ကို ကျွန်တော် ကျောခိုင်းခဲ့သည်။ သုံးနှစ်ကျော် လေးနှစ် ဆိုသည့် အချိန်သည် ဘာမျှ မကြာဟု ထင်ရသော်လည်း ကလေး တစ်ယောက်ကို စတင် မွေးဖွားသည့် အချိန်က စတင် ရေတွက်ကြည့်မည် ဆိုပါက သုံးနှစ်ခွဲ ကျော်ကလေး တစ်ယောက်သည် စကား ပြောတတ် လမ်းလျှောက်တတ်ပြီး မူကြိုပင် ထား၍ ရသော အရွယ်ရောက်နေ ပေပြီ။

ထိုကဲ့သို့ လေးနှစ်နီးပါး ရှင်သန်ခဲ့သော ပတ်ဝန်းကျင်ကို ကျွန်တော် ရုတ်တရက် မေ့ပျောက်လို့ ရလိမ့်မဟုတ်ပါ။ ထိုအခါ ထိုပတ်ဝန်းကျင်တွင် ကျွန်တော် အသက်ရှင်စဉ်က အဖြစ်အပျက် အချို့ကို ပြန်လည် အမှတ်ရလာပါသည်။ အမှတ်ရလာချိန်တွင် မှတ်မိသေးတဲ့ သတင်းထောက် ဘ၀ကို ပြန်လည် ချရေး မိပါတော့သည်။


* * * *

နယ်မှာ နေတုန်းက ကျွန်တော့်ကို သူများတွေက သတင်းထောက်ကြီးလို့ ခေါ်ကြတယ်။ အဲဒီတုန်းက ကျွန်တော် သတင်းထောက် လုပ်လို့ သတင်းထောက် လို့ခေါ်တာ မဟုတ်ပါဘူး။ ဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ် နဲ့ နေတာကြောင့် ရပ်ကွက်ထဲမှာ မြို့ထဲမှာ ဘာပဲ ဖြစ်သွား ဖြစ်သွား၊ မသိလို့ ကျွန်တော်ကို လာမေးရင် ကျွန်တော်က တော်တော်များများကို သိနေတာကြောင့် သတင်းထောက်လို့ ခေါ်ကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာ သတင်းထောက် တစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားမိခဲ့ဘူး ……..

* * * * * *

ကျွန်တော် ရန်ကုန်ကို ရောက်လာတဲ့ အဓီက ရည်မှန်းချက်မှာ တစ်ခုတည်းရှိသည်။

အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ . . .

ကျွန်တော် ရန်ကုန် ရောက်ရောက်ချင်း လုပ်နေရသည့် အလုပ်က စာပေ အသိုင်းအ၀ိုင်းနှင့် မည်သို့မျှ သက်ဆိုင် ပတ်ခြင်းမရှိသည့် အလုပ်ဖြစ်နေသည်။ ထို့ကြောင့် ရန်ကုန်ရောက်ပြီး တစ်နှစ်လောက် အတွင်းမှာ စာရေးဖို့ မပြောနဲ့ ရုံးက အလုပ်တွေ ပင်ပန်းတာကြောင့် စာပင် မဖတ်အား နိုင်အောင် ရှိနေသည်။

ကျွန်တော်စာရေး ဆရာဖြစ်ဖို့ အတွက် နည်းလမ်းတွေကို ကျွန်တော် စဉ်းစားကြည့်သည်။ မုဆိုးနားနီး မုဆိုး တံငါနားနီး တံငါ ဆိုသလို၊ မုဆိုးဖြစ်ချင်ရင်တော့ မုဆိုးနား သွားရမည်ဟု ကျွန်တော် နားလည်သည်။ ထို့ကြောင့် စာပေနှင့် သက်ဆိုင်သော အသိုင်းအ၀ိုင်းတွင် အလုပ်လုပ်ရန် စီစဉ်လိုက်သည်။

၂၀၀၄ ဧပြီလ ခုနှစ်ရက်မှ စတင်ကာ ကျွန်တော် သတင်းထောက် တစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်တော် သတင်းထောက်ဖြစ်ဖြစ်ချင်း ကျွန်တော့်ကို ရုံးကနေ စမ်းသပ်တဲ့ သဘောဖြင့် လိုက်ခိုင်းသည့် သတင်းက စာရေးကိရိယာ ဈေးကွက် အကြောင်းဖြစ်သည်။ ကျွန်တော်လည်း မင်္ဂလာဈေး မြို့ထဲနှင့် စာရေးကိရိယာ ဆိုင်တော်တော်များကနေ ဘောလ်ပင်၊ ခဲတံ၊ ကွန်ပါ၊ စာအုပ် အစရှိသည့် စာရေး ကိရိယာ ဈေးနှုန်းများကို လိုက်မေးပြီး ညရောက်တော့ စတင်ချရေးပါတော့သည်။

စာရေးကိရိယာဈေးကွက် အကြောင်းကို ချရေးလိုက်တာ စုစုပေါင်း လေးမျက်နှာခန့် ရှိသွားသည်။ မနက်ရုံးမှာ အယ်ဒီတာတွေကို သွားပေးတော့ ကျွန်တော်ဟားခံ လိုက်ရသည်။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းက သတင်းနဲ့ မတူပဲ ၀တ္ထုနှင့် တူနေသော ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ရှိစေတော့လေ ဒါကတော့ အစကိုး။

ကျွန်တော် သတင်းထောက် ဖြစ်ပြီး သိပ်မကြာခင်မှာပဲ အောင်ဆန်းကွင်းကို သွားဖို့ ဆရာက ကျွန်တော့်ကို ခေါ်သည်။ ဘာကြောင့် သွားသည်ကိုတော့ ကျွန်တော်လဲ မသိ။ ဆရာက လိုက်ခဲ့ဟု ခေါ်၍သာ လိုက်သွားခြင်း ဖြစ်သည်။

ဟိုရောက်တော့ ခရာတေးဒို လေ့ကျင့်ရေး ခန်းမသစ် ဖွင့်ပွဲဖြစ်သည်။ ခရာတေး ဒိုလေ့ကျင့်ရေး ခန်းမ ဖွင့်ပွဲပြီးတော့ ခရာတေးဒို အဖွဲ့ချုပ် ဥက္ကဌဆိုသူက့ ကျွန်တော့် ဆရာကို လာပြီး ပြောသည် “အင်တာလေး ဘာလေး မဗျူးတော့ဘူးလား ဆရာ” တဲ့။ ကျွန်တော် အကဲ ခတ်မိ သလောက် ခရာတေးဒို ဥက္ကဌနှင့် ကျွန်တော့်ဆရာက အနည်းငယ်တော့ ရင်းနှီးပုံရသည်။ ဆရာက ခရာတေးဒို ဥက္ကဌကို မေးခွန်းတွေ မေးသည်။ ပြီးတော့ ကျွန်တော်လည်း ဆက်မေးသည်။ ကျွန်တော် မေးခွန်းတွေ မေးပြီး မှတ်စုမှာ လိုက်မှတ်နေတုန်း အချိန်မှာ ဆရာက ကျွန်တော်နှင့် ဥက္ကဌ အင်တာဗျူးနေသည့် ပုံကို ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေသည်။

ကရာတေးဒို ဥက္ကဌက လူငယ်ပိုင်းပဲ ရှိဦးမည်။ ပြီးတော့ မေးလိုက်သည့် မေးခွန်းကို လိုရင်းကို မဖြေပဲ အရှည်ကြီး ဇာချဲ့ပြောနေသည်။ မေးတာကို လိုရင်း မဖြေတော့ ကျွန်တော် စိတ်ကောင်းကောင်း မရှည်။ မေးခွန်းလဲ မေးပြီးရော ကျွန်တော်က သူ့နာမည်ကို ဘယ်လိုခေါ်လဲ လို့မေးလိုက်သည်။ ဘာဖြစ်လို့လဲ မေးတာလဲ ဆိုတော့ သတင်းရေးမှာ နာမည် ထည့်ရေးဖို့ မေးခြင်းဖြစ်သည်။ အဲတော့ သူက ဖြန်ဖြေသည် ဒေါက်တာ ရဲနိုင်ဝင်း။

ကျွန်တော် နာမည်မေးလိုက် သည့်အတွက် ဆရာက အားနာသွားဟန် တူသည်။ လမ်းရောက်တော့ ကျွန်တော့်ကို ဆရာက ပြောသည်။ သူက ဒီလောက် နာမည်ကြီးတာ သူ့ကို မသိဘူးလားတဲ့။ ကျွန်တော်လဲ မိသိမှ မသိတာ မသိဘူးဟု ပဲ ဖြေလိုက်သည်။ အဲတော့ ဆရာက ထပ်ပြောသည်။

“ အဲဒါဗိုလ်ချုပ်ကြီးရဲ့ သားလေကွာ”

“ ဘယ်က ဗိုလ်ချုပ်ကြီးလဲ”

“ ဗိုလ်ချုပ်ကြီး ခင်ညွန့်”

“သြော် . . .”

ထိုခေတ်က ဗိုလ်ချုပ်ကြီး ခင်ညွှန့်မှာ တန်ခိုးထွားနေချိန် ဖြစ်သောကြောင့် တစ်ကြောင်း၊ ဒေါက်တာ ရဲနိုင်ဝင်းသည် ပုဂံဆိုက်ဘာတက်၏ ဖောင်တာ ဖြစ်တာက တစ်ကြောင်းကြောင့် လူတိုင်း မသိတဲ့ သူမရှိသလောက် ဖြစ်သည်။ အနည်းဆုံးတော့ လူကို မသိကြသည့်တိုင် နာမည်ကိုတော့ ကြားဖူးကြသည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးသည် ဗိုလ်ချုပ်ကြီး ဖြစ်သည် ဆိုသည်က လွဲ၍ ကျန်တာ ဘာမျှမသိပါ။

တကယ်တော့ ရာထူးတိုင်း အဆင့်တိုင်းတွင် သူ့နေရာနှင့်သူ လုပ်ပိုင်ခွင့်ရှိကြသည်။ ထိုလုပ်ပိုင် ခွင့်နှင့် အာဏာကို ကျွန်တော် ကောင်းစွာ မသိပါ။ ထို့ကြောင့် ကျွန်တော်သည် သတင်းကိစ္စ မေးစရာ ရှိလျှင် ဒီတိုင်း ၀င်မေးလိုက်သည်။

ထိုကဲ့သို့ မေးစရာ ရှိရင် အခန်းထဲကို ခပ်တည်တည်နဲ့ ဒီတိုင်း ၀င်ဝင်မေးတတ်သည့် ကျွန်တော် တကြိမ်မှာတော့ အခန်းထဲက မောင်းထုတ်ခံ လိုက်ရသသည်။

ဝန်ကြီး ဌာနတစ်ခု တွင်ဖြစ်သည်။ ထိုနေ့အထိ ကျွန်တော့်၏ သတင်းထောက် လုပ်သက်သည် သုံးလ မပြည့်သေးပါ။ ကျွန်တော်က သတင်းတစ်ခုကို သိချင်လို့ ၀န်ကြီးရုံး ၀င်ပေါက်တွင် စုံစမ်းကြည့်သည် ထိုသို့ စုံစမ်းရင်းဖြင့် သွားလိုက်ရာ ထိုသတင်းသည် ညွန်ချုပ်မှ ဖြေနိုင်မည်ဟု ဆိုသည်။ ကျွန်တော်လဲ သိပ်စဉ်းစား မနေပါ ညွန်ချုပ်အခန်း ရှိရာနေရာကို မေး၍ ညွန်ချုပ် အခန်းသို့ တန်းသွားခဲ့သည်။

အစိုးရ အရာရှိများ၏ ရုံးခန်းများသည် အဆင့်နှစ်ဆင့်နှင့် ရုံးခန်းများ ဖြစ်ကြသည်။ ပထမ အဆင့် တံခါးကို ဖွင့်ပြီး ၀င်သွားပါက ကိုယ်ရေး အရာအရှိကို အရင်တွေ့ရမည် ဖြစ်ပြီး ကိုယ်ရေး အရာရှိဆီမှာ ခွင့်တောင်းပြီးမှသာ အတွင်းမှ ပုဂ္ဂိုလ်ကို ၀င်ရောက် တွေ့ဆုံ ခွင့်ရခြင်း ဖြစ်သည်။

ထိုစဉ်က ထိုသဘော သဘာဝကို နားမလည်ပါ။ ထို့ကြောင့် အခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်သွားသည်။ အထဲရောက်တော့ ညွန်ကြားရေးမှုးချုပ်ဟု ဆိုင်းဗုဒ် တပ်ထားသည့် တံခါးတစ်ခုကို ထပ်တွေ့ရသည်။ ထိုတံခါး၏ ဘေးတွင် ကိုယ်ရေး အရှိဟု စာရေးထားသော စားပွဲ တစ်လုံးကို တွေ့ရပြီး ထိုစားပွဲတွင် လူမရှိ။

ပထမက ကျွန်တော် တံခါးကို ခေါက်ဖို့ စဉ်းစားကြည့် သေးသည်။ နောက်တော့ တံခါးခေါက်ရမှာ အားနာပါတယ်လေ ဆိုပြီး တံခါးကို တွန်းဖွင့်ဝင် သွားလိုက်သည်။ ကျွန်တော် တံခါးကို တွန်းဖွင့်ပြီးလဲ ၀င်သွားရော အထဲက ညွန်ချုပ်က ရုတ်တရက် လန့်သွားဟန်တူသည်။

ထို့နောက် ကျွန်တော့်ကိုမေးသည်။ ဘာကိစ္စလဲတဲ့။ ကြည့်ရတာ ကျွန်တော့်ကို အမြင်ကြည် ပုံမရ။ ကျွန်တော်ကလဲ ဂျာနယ်ကပါ။ သတင်းကိစ္စ မေးစရာ ရှိလို့ လို့လဲ ပြောရော။

“ဟေ့ကောင်၊ ငါ့အခန်းထဲကို မင်းဝင်ချင်သလို ၀င်ပြီး မေးချင်တိုင်း မေးလို့ရအောင်၊ ငါကို ကလေ အချေ ကောင်များ မှတ်နေလား။ ညွန်ချုပ်ကွ ညွန်ချုပ်၊ အခု ချက်ခြင်း ထွက်သွားစမ်း”

ကျွန်တော်လဲ ပြန်လည့်ထွက်ခဲ့သည်။

ကျွန်တော်လည်း ထွက်ခဲ့ရော သူ့တပည့်ကို လှမ်းခေါ်နေသံ ကြားရသည်။ သေချာသည်ကတော့ ထိုနေ့က သူ့တပည့် ပီအက်အို ဆိုသူကတော့ ကျွန်တော့် ကြောင့် ကောင်းကောင်း အဆဲခံရပေလိမ့်မည်။


နောက်ထပ်အမှတ်ရစာတွေကို သတိရလျှင် ဆက်ရေးပါမည်

1 comment:

Wai Phyo said...

ဖတ်လို့ကောင်းပါ့ဗျာ။

-W =)