Art is My Life: အသိတရား ပေးသော စကားများ

Friday, January 04, 2008

အသိတရား ပေးသော စကားများ

ကျွန်တော်ကြားဖူးတဲ့ ဒိုင်အော်ဂျီးနစ်က ဘိုသီ ဘတ်သီ ၀တ်ပြီး မီးအိမ်တစ်လက်နဲ့ ရိုးသားတဲ့ လူကို လိုက်ရှာတာ။ အခုတွေ့နေတဲ့ ဒိုင်အော်ဂျီးနစ်က ရက်ပါလိုဝတ် ဓာတ်မီးကြီး တစ်လက်နဲ့ လူယုတ်မာကို လိုက်ရှာတာ .................

* * *

တစ်ခုသော တစ်ရက်တွင်
အခန်းအတွင်း၌ ကျွန်တော် တစ်ယောက်တည်း စစ်တုယှဉ် ထိုးနေတုန်း အခန်းတံခါးက ပြုန်း….. ဆိုပွင့်သွားတယ်။ ကျွန်တော် တံခါးရှိရာကို လှည့်ကြည့်လိုက်တော့၊ ဘောင်းဘီပွပွ အင်္ကျီပွပွ တွေကို ၀တ်ဆင်ထားပြီး ရှာထိုးဦးထုပ်ကို နောက်ပြန် ဆောင်းထားတဲ့ လူတစ်ယောက် အခန်းထဲကို ၀င်လာတယ်။ သူ့ကို သေသေချာချာ ကြည့်လိုက်တော့ အနောက် တိုင်းသား အဖိုးကြီး တစ်ယောက် ဖြစ်နေတယ်။ လည်ပင်းမှာလည်း ကျွဲခလောက် လောက်ရှိတဲ့ ဆွဲသီးကြီးနဲ့ ခွေးချည်ကြိုးလောက် ရှိတဲ့ စတီးဆွဲကြိုးကြီးကို ဆွဲထားပြီး လက်ထဲမှာ ဓာတ်ခဲ ၁၂ တောင့်ထိုး လက်နှိပ်ဓာတ်မီး အကြီးအကြီး တစ်လက်ကို ကိုင်ထားတယ်။

“ဟေ့လူ ဘာဖြစ်လို့ ခွင့်မတောင်း ပဲဝင်လာရတလဲ”
ကျွန်တော်က ပြောလိုက်တယ်

“ဘာဖြစ်လို့ အခန်းတံခါးကို ပိတ်မထားတာလဲ၊ အခန်းတံခါးကို ပိတ်မထားခြင်းသည် ဆန္ဒရှိသလို ၀င်ထွက်လို့ရပါတယ် ဆိုတဲ့ အဓိပ္ပယ် သက်ရောက်တယ်”
လူစိမ်းက ပြန်ပြောတယ်

“မဆိုင်တာပဲဗျ၊ ခင်ဗျားမှာ ယဉ်ကျေးမှု မရှိဘူးလား”
“ယဉ်ကျေးမှုဆိုတာဘာကို ပြောတာလဲ။ လူရှေ့သူရှေ့မှာ အတွင်းစိတ်တွေကို ဖုံးကွယ်တဲ့ အလေ့အထကို ပြောတာ မဟုတ်လား။ ဘာလုပ် မှာလဲ ပျင်းစရာကြီး”

“ထားလိုက်ပါ ခင်ဗျား လာရင်းကိစ္စကိုပြော”
“ဓာတ်ခဲ အားသွင်းချင်လို့”
သူ့ဓာတ်မီးကြီး ထောင်ပြပြီး ကျွန်တော့်ကို ပြောတယ်။

“ဆောရီးပဲ ကျွန်တော့်မှာ ဓာတ်ခဲ အားသွင်းတဲ့ စက်မရှိဘူး”
“မလိုဘူး ငါ့မှာ ပါလာတယ်”
လူစိမ်းသည် စကားပြောရင်း ဆိုရင်းဖြင့် သူ့၏ ဧရာမ ဘောင်းဘီ အိတ်အတွင်းမှ ဓာတ်ခဲ အားသွင်းစက်ကို ထုတ်၍ အားသွင်းဖို့ ပလပ်ပေါက်တွင် ထိုးလိုက်ပါတော့သည်။

“ကောင်လေး ဒီမှာ ဓာတ်ခဲ အားသွင်းရင် ဘယ်လောက်လောက် ကြာမှာလဲ”
“မီးမပျက်ရင်တော့ ခြောက်နာရီလောက်ပေါ့ဗျာ၊ မီးပျက်ရင်တော့ ကျွန်တော်လဲ မသိဘူး”

“မီးက ဘယ်အချိန်ပျက်လဲ”
“ပျက်ချင်တဲ့ အချိန်”

လူစိမ်းသည် ဓာတ်ခဲကို အားသွင်းတဲ့ စက်ကို ကြည့်လိုက်။ ကျွန်တော် တစ်ယောက်တည်း ထိုးနေသော စစ်တုယှဉ် အရုပ်များကို လာကြည့်လိုက်နှင့် ဂနာမငြိမ် ဖြစ်နေသည်။ သေချာတာတော့ ဒီလူ ပုံမှန် လူမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် သူ့ကို နည်းနည်းလောက် စပ်စု ကြည့်လိုက်တယ်။

“ဟေ့၊ ခင်ဗျားက ဓာတ်မီးကြီး တစ်လက်နဲ့ ဘာလုပ်တာတုန်းဗျ”
“ကမ္ဘာပေါ်မှာ အယုတ်မာဆုံး လူတစ်ယောက်ကို မီးထွန်းပြီး လိုက်ရှာနေတာ”

“အန် ခင်ဗျားက အဆန်းပဲ၊ ဒိုင်အော်ဂျီးနစ်ကို အားကျလို့လား”
“အားကျတာမဟုတ်ဘူး ဒိုင်အော်ဂျီးနစ်ဆိုတာ ငါပဲ”

ဟိုက်ဘယ်လို ဖြစ်တာပါလိမ့်။ ကျွန်တော်ကြားဖူးတဲ့ ဒိုင်အော်ဂျီးနစ်က ဘိုသီ ဘတ်သီ ၀တ်ပြီး မီးအိမ်တစ်လက်နဲ့ ရိုးသားတဲ့ လူကို လိုက်ရှာတာ။ အခုတွေ့နေတဲ့ ဒိုင်အော်ဂျီးနစ်က ရက်ပါလိုဝတ် ဓာတ်မီးကြီး တစ်လက်နဲ့ လူယုတ်မာကို လိုက်ရှာတာ။

“ကျွန်တော်ကြားဖူးတဲ့ ဒိုင်အော်ဂျီးနစ်က ရက်ပါလို မ၀တ်ပါဘူး”
ကျွန်တော် မ၀ံ့မရဲနဲ့ သူကို ပြောလိုက်တယ်
“ဟေ့ကောင် အလက်ဇန္ဒား လက်ထက်က အရူးတွေက ဘိုသီ ဘတ်သီဝတ်တယ်။ အခု ခေတ်အရူးတွေက ဘိုသီ ဘတ်သီ မ၀တ်ဘူး၊ အင်္ကျီပွပွ ဘောင်းဘီပွပွဝတ်ပြီး ဦးထုတ်ကို နောက်ပြန် ဆောင်းတယ်။ အဲဒါ ခေတ်သစ် အရူးတွေရဲ့ သင်္ကေတပဲကွ”

“ဒါဆိုရင် ခင်ဗျား မီးအိမ်ကြီးကရော ဘယ်ရောက် သွားတာတုန်း”
“သီဘောမင်း ပါတော်မူတုန်းက၊ ကာနယ်စလေဒင်က လိုချင်တယ်ဆိုလို့ ခဏငှားလိုက်တာ တခါတည်းဆုံးရော”

“ကာနယ်စလေးဒင်က ဘာဖြစ်လို့ ခင်ဗျား မီးအိမ်ကို ငှားရတာလဲ”
“သီဘောနဲ့ စုဘုရားလဒ်ကို ဂေါဝိန်ဆိပ်က သင်္ဘောပေါ် အတက်မှာ ပြစရာ မီးအိမ် မရှိလို့တဲ့လေ။ အရှင်နှစ်ပါး ပါတော်မှုခန်း ပန်းချီကား မမြင်ဖူးဘူးလား၊ အဲဒီအထဲက မီးအိမ်က ငါ့မီးအိမ်ပေါ့ကွ”

“ဒါများဖြင့်ဗျာ အသစ်တစ်ခု ထပ်ဝယ်ပေါ့”
“ဟေ့ကောင် မင်းမသိဘူးလား၊ ကမ္ဘာရေနံစိမ်း ပေါက်ဈေးက တစ်စည်ကို ဒေါ်လာ တစ်ရာကျော်နေပြီ၊ ဓာတ်ခဲက အားပြန်သွင်းရင် ရတယ်။ ငါက မီးအိမ်ကိုင်တဲ့ လူပဲ ကိုင်ချင်တာပေါ့။
ဒါပေမယ့် လူဆိုတာ စီးပွားရေး တွက်ခြေကိုက် အောင်နေ တတ်ရတယ်

“ဟုတ်ပါပြီ။ အယုတ်မာ ဆုံးလူကို လိုက်ရှာတာနဲ့ ကျွန်တော့် အိမ်နဲ့က ဘာဆိုင်လို့တုန်း”
“မင့်အိမ်နဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် ဒီတိုင်းပြည်မှာ လူယုတ်မာတွေ ပေါတယ်ကြားထားလို့ လာရှာတာ”

သြော်

“ကျေးဇူးပြုပြီး ၀င်လို့ရမလားခင်ဗျား”
ကျွန်တော်တို့ နှစ်ယောက် စကားပြောနေတုန်း အပြင်က လူတစ်ယောက်က ၀င်ခွင့်တောင်းတဲ့ အသံကို ကြားရတယ်။ ကျွန်တော်က ၀င်လာဖို့ ပြောဖို့ ကြံတုန်းရှိသေးတယ်

“ဟေ့ကောင် သောက်ပေါ၊ ရူးချင်ယောာင် ဆောင်မနေနဲ့၊ နိုင်ငံတစ်ခုကို ခွင့်ပြုချက် မရပဲ ၀င်တိုက်တဲ့လူက အိမ်တစ်လုံးအရှေ့မှာ ၀င်ခွင့် တောင်းတယ်ဆိုတာ ပုံစံမကျဘူး။ ၀င်လာခဲ့”
ဒိုင်အော်ဂျီးနစ်က အထက်ပါအတိုင်း ပြောချလိုက်တယ်။

အဲလို ၀င်ခွင့်လဲ ပြုလိုက်ရော အရပ်ရှည်ရှည် နဖူးကြော တွန့်တွန့် နာခေါင်းချွန်ချွန်နဲ့ လူတစ်ယောက် ကုတ်ချောင်း ကုတ်ချောင်းနဲ့ ၀င်လာတယ်။

“ကျွန်တော့်နာမည် ဂျော့ဒါဘယ်ယူဘုပါ”
ဂျော့ဘုက သူ့ကို သူမိတ်ဆက်တယ်

“စကား သိပ်များနဲ့ လိုရင်းပြော”
ဒိုင်အော်ဂျီနစ်က တားလိုက်တယ်

“ဒီလိုပါ၊ ကျွန်တော် တိုင်ပင်စရာလေး တွေရှိလို့ပါ”
“အေး အဲဒါဆိုလာကွာ စစ်တုယှဉ် တစ်ပွဲလောက် ထိုးရအောင်”

“အာ မလုပ်ပါနဲ့ ကျွန်တော် အချိန် မရတော့လို့ပါ”
“အချိန်မရရင် ပြန်တော့”

“ဗျာ”
“ဗျာ လုပ်မနေ့ မင်းပဲ အချိန်မရဘူးဆို။ ဘာလို့ လာနေတာလဲ ပြန်တော့”

ဂျော့ဘုတ်တစ်ယောက် မျက်နှာငယ်လေးနှင့် ခေါင်းလေးကုတ်ပြီး လှည့်ပြန်သွား ရှာတယ်။ ကျွန်တော် ဘာရယ်မဟုတ်ဘူး ဂျော့ဘုဘ်ကို ကြည့်ပြီး သနားနေမိတယ်။

“အဲဒါပဲကွ၊ လူတွေက သူတို့ အတွက်ဆိုရင်တော့ သူများ အချိန်ကို လာဖြုန်းချင်ကြတယ်။ အဲလိုလူတွေက သူများအတွက် သူ့အချိန်လေးကို နဲနဲလောက် သုံးပေးပါဆိုရင် တစ်ခါတည်း ထွက်ပြေးတော့တာပဲ

အဲလိုနဲ့ ကျွန်တော်နဲ့ ဒိုင်အော်ဂျီးနစ်တို့ စစ်တုယှဉ် တစ်ပွဲပြီး တစ်ပွဲ ဆက်ထိုးနေကြတယ်။ တစ်နာရီ လောက်လဲကြာရော ……….

“တဆိတ်လောက်ရှင် ကျွန်တော်မကို ၀င်ခွင့်ပြုပါ”
ကျွန်တော့် ကြည့်လိုက်တော့ ဖွင့်ထားတဲ့ တခါးအပေါက်ဝမှာ အမျိုးသမီး တစ်ယောက် ရပ်နေတယ်။

အဲဒါပဲကွ၊ လူတွေက ကွယ်ရာမှာ ပိတ်ထားတဲ့ တံခါးကိုတောင် ဖွင့်ကြည့် တတ်ကြပေမယ့်၊ လူအရှေ့ သူအရှေ့လဲ ရောက်ရော ဖွင့်ထားတဲ့ တံခါးအရှေ့မှာ ရပ်ပြီး ၀င်ခွင့်တောင်းတတ်ကြတယ်
ဒိုင်အောဂျီးနစ်က ကျွန်တော့ကို ပြောသည့်ဟန်ဖြင့် အပေါက်ဝက အမျိုးသမီးကို တမင်တကာ မကြားတကြား ပြောလိုက်တယ်။ အဲလို ပြောလိုက်တာကို ကြည့်ပြီး ကျွန်တော်လဲ အသိတရား အသစ်တစ်ခုရသွားတယ်

လူတွေက ပြောစရာရှိတဲ့စကားကို တိုက်ရိုက်မပြောကြပဲ မကြားတကြားပုံစံမျိုးနဲ့ တစ်ဘက်လူကို သိအောင် ပြောတတ်ကြတယ်။”

အမျိုးသမီး အိမ်ထဲကို ၀င်လာတယ်။ သူ့ပုံကိုကြည့်ရတာ မျက်နှာက စုတ်ချွန်းချွန်း နှာခေါင်းက ချွန်ချွန် နုတ်ခမ်းထော်ထော်နဲ့ မီးယပ်ပိန်ပိန်နေတဲ့ ကပ်ပလီ မတစ်ယောက်ပဲ။

“ကျွန်မနာမည် ကွန်ဒိုလီဇာရိုက်ပါ”
ဒါကြောင့် ကျွန်တော် မြင်ဖူးပါတယ်လို့ ကြည့်နေတာ သူက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက် ကိုး။

“လာရင်းကိစ္စက”
ဒိုင်အော်ဂျီနစ်က မေးလိုက်တယ်

“ဟုတ်.. ဟုတ်.. အကူညီ လေးတစ်ခုလောက် တောင်းချင်လို့”
ရိုက်က မ၀ံ့မရဲနဲ့ ပြောတယ်

“အေးရတယ်။ လောလောဆယ်ကွာ ငါ့ကို အရင်ကူညီပါဘူး။ စစ်တုယဉ် ထိုးနေလို့ မကုတ်အား ဖြစ်နေတယ်။ ငါ့ကြောက ပွေးတွေကို တချက်လောက် ကုတ်ပေးပါ”
ပြောပြော ဆိုဆို ဒိုင်အော်ဂျီးနစ်က သူ့အင်္ကျီကို လှန်လိုက်တယ်။ ကျွန်တော် တောင်ကြည့်ပြီး ကြက်သိန်း ထသွားတယ်။ နည်းတဲ့ ပွေးကွက်ကြီး မဟုတ်ဘူး။ ပြည်တွေကလဲ ရွဲလို့။

ကွန်ဒိုလီဇာကို ကျွန်တော်ကြည့်လိုက်တော့ ရွံ့နေပုံပဲ နှာခေါင်းရှုံ့နေတယ်။ သူ ပွေးကွက်ကြီးကို သေချာကြည့်နေတယ်။ နောက်တော့သူ နောက်ဆုတ် နောက်ဆုတ်နဲ့ ပြန်သွားလေရဲ့။

“အဲဒါပဲကွ။ လူတွေက သူတို့ အကူညီလိုရင်တာ တောင်းတတ်ကြတာ။ သူတို့ကို ပြန်ကူညီ ခိုင်းရင် ရှုံးလား မြတ်လား ချိန်တတ်ကြတယ်။
စောစောက သူအကူညီ တောင်းမဲ့ ကိစ္စက ပွေးကုတ်တာလောက် အရေးမကြီးလို့ပေါ့ကွာ။ တကယ်လို့သာ အဲဒီထက် ပိုပြီး အရေးကြီးရင် ပွေးထက်ဆိုးတဲ့ နေရာကို ကုတ်ခိုင်းရင်တောင် ငြင်းမှာ မဟုတ်ဘူး

အဲဒီနောက် ကျွန်တော်နဲ့ ဒိုင်အော်ဂျီးနစ် စစ်တုယှဉ်ကို ဆက်ကစားတယ်။ ကျွန်တော်က စစ်တုယှဉ် ကစားရာမှာ မြင်းနဲ့ ဘုရင်မကို အားသန်တယ်။ အဲဒီတော့ ဒိုင်အော်ဂျီနစ်က ပွန်းတွေနဲ့ ကျွန်တော့်ကို ထိုးစစ်ဆင်တယ်။ ကျွန်တော် မြင်းတွေ ဘုရင်မတွေက သူ့ပွန်းတပ် အရှေ့မှာ ထိုးစစ် မဆင်မဆင်နိုင်ပဲ ဖြစ်နေတယ်။

တကယ်တော့ ဘ၀ဆိုတာလဲ စစ်တုယဉ်ကစား သလိုပဲကွ၊ မင်းလဲ မင်းသန်တဲ့ ဘုရင်မတို့ မြင်းတို့နဲ့ ထိုးစစ်ဆင်သလို ငါလဲ ငါသန်တဲ့ ပွန်း(နယ်ရုပ်) တွေနဲ့ ထိုးစစ် ဆင်တယ်။
ဘ၀ တိုက်ပွဲကို တိုက်ရင်လည်း အဲလိုပဲ ကိုယ်အားသန်တဲ့ နယ်ပယ်ကနေ တိုက်ရတယ်။

ကစားရင်း ကစားရင်းနဲ့ ကျွန်တော် မြင်းက ရှေ့တန်းကို ရောက်သွားတယ်။ ကျွန်တော်က အဖြူကိုင် သူက အမည်းကိုင်။ ကျွန်တော် ရဲ့ ဘယ်ဘက်မြင်းက သူရဲ့ ညာဘက် ဘိရှော့အရှေ့က ပွန်းကို စားဖို့ အဆင်သင့် ဖြစ်နေပြီ။ အဲဒီအချိန်မှာ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ အရှေ့တိုင်းသား တစ်ယောက် ၀င်လာတယ်။

ဝင်လာတဲ့ အရှေ့တိုင်းသားက ကျွန်တော်တို့ ကစားနေတဲ့ စစ်တုယှဉ်ကစားကို ကြည့်နေတယ်။ ပြီးတော့

“အနက်ဘက်က ဘုရင်မကို မြင်းဘေးနားလေး ကပ်လိုက်” ကျွန်တော်တို့ ကစားဝိုင်းကို ၀င်ပြောတယ်။

“အဲလို ကပ်လိုက်ရင် ခွချက်မိပြီး ဘုရင်မ ကျသွားမှာပေါ့ကွ”
ဒိုင်းအော်ဂျီးနစ်က ပြန်ပြောလိုက်တယ်။

“သြော်ဟုတ်သားပဲ”
လူစိမ်းက အားနာသွားဟန်နဲ့ ပြောတယ်။

အဲဒါပဲကွ လူတွေက ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ ဘာမသိ ညာမသိနဲ့ ၀င်ဝင်ပြီး ဆရာလုပ်တတ်ကြတယ်
ဒိုင်အော်ဂျီးနစ်က ပြောလိုက်တယ်။

“ကျွန်တော် စကားပြောလို့ ရမလား”
လူစိမ်းက ပြောတယ်။

“ရပါတယ်”
ဒိုင်အော်ဂျီးနစ်က ပြန်ပြောလိုက်တယ်။

“ကျွန်တော့် နာမည် ဘန်ကီးမွန်းပါ၊ လက်ရှိ ကုလသမ္မဂမှာ အထွေအထွေ အတွင်းရေးမှုးချုပ် ရာထူးကို ယူထားပါတယ်”
“အဲတော့”

“ဒိုင်အော်ဂျီးနစ်ကို ကုလသမ္မဂမှာ အထူးအကြံပေး အရာရှိ အနေနဲ့ လာလျှောက်ပါလို့ အကြံပြုပါရစေ”
ဘန်ကီးမွန်းက ပြောတယ်။

“အဲဒီမှာ လုပ်တော့ ဘာရမှာလဲကွ မလုပ်ချင်ပါဘူး”

“အဲဒါ ခက်တာပဲ လူတွေက ချမ်းသာခြင်း လာပေးတာကို မယူတတ်ကြဘူး။ အခွင့် အရေးဆိုတာ နှစ်ခါ ပြန်မရဘူးနော် စဉ်းစားပါဦး”
ဘန်ကီးမွန်းက ဆရာကြီး လေသံနဲ့ ပြောတယ်။

“ချမ်းသာခြင်းဆိုတာ ဘာကို ပြောတာလဲ”
“ ကျွန်တော်တို့ ဆီမှာ လာလုပ်ရင် အခုလို ဓာတ်မီး တစ်လက်နဲ့ အရူးကြီးလို လျှောက်သွားနေ တာထက်တော့ ချမ်းသာမှာပါ”
ဘန်ကီးမွန်းက ပြန်ပြောတယ်။

“ကောင်းပြီး မင်းထမင်းကို ဘယ်အချိန် စားလဲ”
“ရုံးထမင်းစား ဆင်းချိန် နေ့လည် ဆယ့်တစ်နာရီပေါ့”

“ညအိပ်တော့ရော ဘယ်အချိန် အိပ်လဲ”
“အလုပ်တွေ ပြီးတဲ့ အချိန်ပေါ့။ တခါတစ်လေ မနက်စောစော အစည်းဝေးရှိရင်တော့ စောစော အိပ်ရာဝင်တယ်”

“အိပ်ရာထရင် ရောဘယ်အချိန်ထလဲ”
“ပုံမှန်နေ့တွေ ဆိုရင်တော့ ခြောက်နာရီ လောက်ထတယ်။ လုပ်စရာ ရှိတာတွေ လုပ်ရမှာနဲ့ ရုံးသွားရမှာနဲ့ ဆိုတော့ အဲဒီ အချိန်လောက် ထတာ အတော်ပဲ။ အစည်းဝေးရှိရင်တော့ စောစော ထပါတယ်”

“မင်း မသိသေးရင် ပြောပြမယ်။ မင်းက အဖွဲ့အစည်းအလိုကျ သတ်မှတ်ထားတဲ့ အချိန်မှာ ထမင်းစားတယ်။ ငါက ဗိုက်ဆာတဲ့ အချိန်မှာ စားတယ်။ မင်းက အဖွဲ့အစည်းအလိုကျ အိပ်ရာ ၀င်တယ်။ ငါ့ရဲ့ အိပ်ချိန်က ငါအိပ်ချင်တဲ့ အချိန်ပဲ။ မင်းက အဖွဲ့ အစည်းအလိုကျ သတ်မှတ် ထားတဲ့ အချိန်မှာ အိပ်ရာ ထရတယ်။ ငါအိပ်ရာ ထတဲ့ အချိန်က ငါအိပ်ရေးဝတဲ့ အချိန်ပဲ”

ဒိုင်အော်ဂျီးနစ် စကားဆုံးတော့ ဘန်ကီးမွန်း စိတ်ပျက်လက်ပျက်နဲ့ လှည့်ထွက်သွားတယ်။

“အဲဒါပဲကွ လူတွေက တော်တော့ တော်ကြတယ် ရည်ရွယ်ချက် မကောင်းကြဘူး”
“ဘယ် လိုမကောင်းတာလဲ”

“ ဥမာ ရေနစ်နေတဲ့ လူတစ်ယောက်ကို ကယ်မယ်ဆိုပါစို့။ အဲလို လူမျိုးတွေ ရေထဲဆင်းပြီး လူကို လိုက်ဆယ် နေတယ်ဆိုတာဟာ လူကို ကယ်ချင်တဲ့ စေတနာထက် သူတို့ကိုယ်သူတို့ ရေးကူး ကျွမ်းကျင်ကြောင်း ပြချင်တာက များနေတယ်


ထို့နောက် ကျွန်တော်နှင့် သူဆက်ပြီး စစ်တုယှဉ်ထိုးကြသည်။ ထိုးရင်း ထိုးရင်းဖြင့် ကျွန်တော် ဗိုက်ဆာလာသည်။ ထို့ကြောင့် တစ်ခုခု စားဦးမည်ဟု ဆိုကာ မီးဖိုးခန်းအတွင်းသို့ ၀င်လာခဲ့သည်။ မီးဖို ခန်းထဲတွင် ကျွန်တော် ထမင်းနှင့် ဟင်းများကို ဇလုံးအတွင်းသို့ ထည့်ကာ ဇွန်းတစ်ချောင်း တပ်ပြီး အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာခဲ့သည်။ အိပ်ရှေ့ရောက်တော့ ဒိုင်အော်ဂျီးနစ်ကို မတွေ့တော့ပါ။ ကျွန်တော် အသံပြု ခေါ်ကြည့်ပေမယ့် ပြန်ထူးတဲ့ အသံကို မကြားရဘူး။

ပလပ်ပေါက်ထားသည့် နေရာကို ကြည့်လိုက်တော့ ဓာတ်ခဲ အားသွင်းတဲ့ စက်တွေ မရှိတော့ဘူး။ တံခါးကို ကြည့်လိုက်တော့ ဟောင်းလောင်း ပွင့်နေသည်။ သေချာတာကတော့ သူပြန်သွားပြီ။ ကျွန်တော် ပွင့်နေသော တံခါးကို သွားစေ့ပြီး စစ်တုယှဉ် ခုံရှိရာဆီသို့ လာခဲ့သည်။

စစ်တုယှဉ် ခုံကို ရောက်တော့ ………………..
ဘုရင်ကြီး ရဲ့ အောက်မှာ စာရွက်လေး တစ်ရွက်ကို ခေါက်ထား တာတွေ့ရတယ်။ ကျွန်တော် အဲဒီ စာခေါက်လေးကို ယူပြီးဖွင့်ကြည့် လိုက်တယ်။

အထက် အရာရှိတို့ အလုပ်ရှင်တို့ဆိုတာ မီးလိုပဲ။ သူတို့နဲ့ နီးနီးနေလို့လဲ မရဘူး။ ဝေးဝေး နေလို့လဲ မရဘူး။
နီးလွန်းရင် ပူတယ်။ ဝေးလွန်းရင် အနွေးဓာတ်မရတော့ဘူး။
ဒိုင်အော်ဂျီးနစ်



3 comments:

mo3s3t said...

သိပ်ကိုကောင်းတဲ့ ပို့စ်တစ်ခုပါပဲ ...

Naing said...

I really enjoy to read this one.

Ideal said...

I like your post very much. May i copy your post?

There was an error in this gadget