Art is My Life

Monday, October 13, 2008

စာရေးရမှာ ပျင်းတဲ့ကျွန်တော် ..........

တကယ်တော့ ကျွန်တော်၊ တော်တော်ပျင်းပါသည်။ အိပ်ရာ စောစောထရမှာ ပျင်းပါသည်။ ကျွန်တော် စာကျက်ရမှာ ပျင်းပါသည်။ မိုးရေစက်လက် မိုးရွာထဲမှာ လမ်းလျှောက်ရမှာ ပျင်းပါသည်။ နေပူလျှင် အပြင်ထွက်ရမှာ ပျင်းပါသည်။ အလုပ်ကြမ်းတွေ လုပ်ရမှာ ပျင်းပါသည်။ ထိုကဲ့သို့ ကျွန်တော် တော်တော် အပျင်းကြီးပါသည်။ ကျွန်တော်ပျင်းတတ်သည် ဆိုတာကို ကျွန်တော်ကိုယ့် ကျွန်တော်ငယ်ငယ်ကတည်းက သိပါသည်။ သို့ရာတွင် စာရေးမှာကို ပျင်းလိမ့်မည်ဟု ထိုအချိန်က တွေးမထင်ခဲ့မိပါ။

ကျွန်တော်စာရေးမှာ တော်တော်ပျင်းသည် ဆိုတာကိုတော့ ၀ါသနာပါလှချည်ရဲ့ဆိုပြီး စာရေးခြင်းအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းသည့်အခါမှ သြော် .... ငါဆိုတဲ့ အကောင်စာရေးရမှာလဲ ပျင်းတာပဲ ဆိုတာကို သိလိုက်ရသည်။

ကျွန်တော်တို့ သတင်းထောက်လုပ်တုန်းက ဖြစ်သည်။ အယ်ဒီတာက သတင်းပေးပါ သတင်းပေးပါ။ သတင်းထောက်ဆီမှာ တစာစာ လိုက်တောင်းသည်။ သတင်းထောက်တွေကလည်း ကျွန်တော့်လိုပဲ စာရေးရမှာ ပျင်းကြသည်(လူတိုင်းကို မဆိုလိုပါ)။ ဒီနေ့ရတဲ့ သတင်းကို ဒီနေ့မရေးချင်ကြ။ နောက်ဆုံး ဖောင်ပိတ်ပြီ Last minute ရောက်မှ ပြူးကာ ပြာကာ ရေးကြသည်။ တစ်ပတ်လည်း မဟုတ် နှစ်ပတ်လည်းမဟုတ် အမြဲတမ်းဖြစ်သည်။ ထိုသို့ရေးနေရင်းက ဒီတစ်ပတ်တော့ တွက်ခြေကိုက်သွားပြီ ကျန်တာနောက်အပတ်မှ ရေးမည်ဆိုသော ကိုယ့်ထက်ပျင်းသည့် သတင်းထောက်များလည်း ရှိသေးသည်။ ထိုစဉ်က ကျွန်တော်ထင်မိသည်။ သတင်းမို့ ပျင်းတာဖြစ်မှာပါ။ လုံးခြင်းတွေ ပါတွေရေးရင်တော့ ပျင်းမည်မထင်ပါဘူး။ ထိုကဲ့သို့သာ လျှောက်တွေးနေသည်။ လုံးခြင်းရေးဖို့ ခေါင်းစဉ်ကို စဉ်းစားရမှာတောင် ပျင်းနေခဲ့သည်ကို ကိုယ့်ကို သတိမထားမိခဲ့။

တစ်ခါတစ်လေ ကိုယ့်ကို ပြန်မေးကြည့်မိသည်။ မင်းရန်ကုန်ကိုလာတာ ဘာလုပ်ဖို့လဲ။ ပြန်ဖြေကြည့်သည် စာရေးဆရာလုပ် မလို့။ စာရေးဆရာ လုပ်မယ်ဆိုရင် မင်းဘာကိုရေးမှာလဲ။ စာရေးဆရာ လုပ်မည်ဟု ပြောတော့သာ လွယ်သည်။ ရေးချင်တာတွေကလည်း များသည်။ ဘာကိုရေးမှာလဲ ဆိုတော့ လိုင်းတွေရွှေးနေတာနဲ့ ပင်အချိန်တွေက သုံးလေးနှစ်ကုန်သွားခဲ့သည်။ ထိုသုံးလေး နှစ်အတွင်း ကျွန်တော့်ခေါင်းထဲမှာတော့ လုံခြင်းအုပ်ရေပေါင်း မြောက်များစွာကို ရေးပြီးသွားပြီ။ သို့ပေမယ့် စာရွက်ပေါ်ကိုတော့ ရောက်လာခဲ့ခြင်းမရှိ။

တစ်နေ့တော့ ဆရာဖေမြင့်ရဲ့ ဂျက်လန်ဒန် အကြောင်းကို ဖတ်မိသည်။ ဂျက်လန်ဒန်သည် စာရေးဆရာ ဖြစ်ရန် ရေးစရာ ရှိချင်ရှိ မရှိချင်နေ တစ်နေ့ အနည်းဆုံး ငါးမျက်နှာတော့ရအောင် ရေးသည်ဟုဆိုသည်။ ထိုစာကို ဖတ်ပြီးချိန်တွင် မဖြစ်ချေဘူးဆိုပြီ ကျွန်တော် ခေါင်းထဲမှာ ရှိနေသော ၀တ္ထုလေးရဲ့ ဇာတ်လမ်း အစကို ပျိုးလိုက်သည်။ ငါးမျက်နှာ ပြီးပါသည်။ အပျိုးလေးကို ကျွန်တော်လည်း ကြိုက်ပါသည်။ ထို့အတူ ဆက်ရေးမည်ဟု ကတိက၀တ်ခံပြီး ဘလော့ဂ်ပေါ်မှာပင် ခပ်တည်တည်နှင့် ကောက်တင်လိုက်သေးသည် (ကြည့်ချင်ရင် ဒီနေရာကိုနှိပ်)။ သို့ပေမယ့် ကျွန်တော်ဆက်မရေး ဖြစ်ခဲ့ပါ။

ငယ်ငယ်တုန်းက တင့်ဆန်း ရေးသည့် စာအုပ်တစ်အုပ်ထဲတွင် သူသည် စာရေးရမှာ ပျင်းသည်ဟု ဖတ်ဖူးသည်။ ထိုစဉ်က ဒီလူနှယ် စာရေးဆရာ လုပ်နေပြီး စာရေးရမှာ ပျင်းရန်ကောဟု အပြစ်တင် ဝေဖန်ခဲ့ဖူးသည်။ ယခု ကိုယ်တွေ့ ကြုံတော့မှ အော် သူပြောတာ ဟုတ်ပေသားပဲဟု ထောက်ခံမိသည်။

တစ်ရက်တွင် ဇင်ယောက်နီ ရေးသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မင်းသိင်္ခကို အလုပ်အရမ်းပင်ပန်း နေပြီ မအိပ်သေးဘူးလာဟု ဇင်ယော်နီက မေးကြည့်သည်ဟုဆိုသည်။ မအိပ်သေးဘူး စာရေးဦးမယ်ဟု မင်းသိင်္ခက ပြန်ပြောသည်ဟု ဆိုသည်။ ထိုအခါ ဇင်ယော်နီက ဆရာကြီး ပင်ပန်းနေပြီ ဖြစ်တာကြောင့် အိပ်သင့်ပြီဟု တိုက်တွန့်သည့်အခါတွင် ပင်ပန်းလို့သာ စာမရေးပဲ အိပ်ခဲ့ရင် မင်းသိင်္ခ ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ဟု ဆရာ မင်းသိင်္ခက ပြန်ပြောခဲ့သည်ဟု ဆိုသည်။ ထိုဆောင်းပါးကို ဖတ်ပြီးတော့ ကျွန်တော် ရေးလိုက်ပါသေးသည်။ နှစ်ညသုံးည။ သို့ပေမယ့် ဆက်မရေးဖြစ်ခဲ့။

ထို့သို့ ထိုသို့ဖြင့် ပြန်စဉ်းစားကြည့်တော့ ရန်ကုန်ရောက်တာ ငါးနှစ်ကျော်လာခဲ့ပြီ။ ခြောက်လကို တစ်အုပ်ပြီးရင်တောင် စာအုပ်ဆယ်အုပ်ခန့် ပြီးစီနေလောက်ပြီ။ ယုခုတော့ တိုတိုမွမွ စာတွေက လွှဲလို့ အုပ်လိုက် ပြစရာ တစ်ခုမှမရှိ။ ထို့ကြောင့် ကျွန်တော်၏ အပျင်းများကို ပြင်ဆင်ပြီး ခေါင်းထဲမှ စာများကို ယခုအခါ ပြန်လည်ရေးသား နေသည်။ သို့ရာတွင် ဘယ်နှစ်ရက်ခံမည်ကား ကျွန်တော်ကိုယ် တိုင်မသိသေး။


Read More...

ရန်ကုန်နေ၀င်ချိန်



Central တာဝါပေါ်ကနေ အင်တာနက်သုံးနေရင်း လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းလေးကို ရိုက်ထားတာပါ။

Read More...

Sunday, October 12, 2008

ပန်းသီး

မနေ့ညက ဖိုတိုရှေ့နဲ့ ဆွဲထားတဲ့ ပန်းသီးပုံလေးပါ။ အဲဒီပုံကို ညဆယ့်တစ်နာရီခွဲ ကနေစဆွဲတာ မနက် လေးနာရီခွဲပြီးမှ ပြီးသွားတယ်။ ပန်းသီးနဲ့ ချွတ်ဆွတ် မတူပေမယ့် ကျွန်တော်ကတော့ ပြန်ပြန်ကြည့်ပြီး သဘောကျတယ်။

Read More...

Friday, October 10, 2008

အေးမြတ်သူ







Canon Camera Club မှာရိုက်ခဲ့တဲ့ ပုံတွေပါ

Read More...

Wednesday, October 08, 2008

ခေမီကို






Canon Member Club မှာ လာပြီး အလှပြတဲ့ ခေမီကို ကို ဘလော့ဂ်ကို လာလာဖတ်တဲ့ ကျွန်တော့်ကိုကို တွေ ညီညီ တွေကြည့်လို့ ရအောင် တင်ပေးလိုက်ပါတယ်။ :P

Read More...

Tuesday, October 07, 2008

၁၂၃၄ ကဗျာ

၁-၂ သူ့ကိုချစ်
(ကောင်မလေးက ချောတာကို ချစ်မိတာပေါ့)


၃ - ၄ စာလိုက်ပေး
(ပါးစပ်နဲ့ မပြောရဲမှတော့ စာရေးပြီး ပေးရတာပေါ့။ စာပေးတယ်ဆိုတာ ရှေးအကျဆုံးနဲ့ ခေတ်အမှီဆုံး နည်းလမ်းပဲ )

၅ - ၆ ဂါတ်ထဲရောက်
(မတော်ရသေးတဲ့ ယောက္ခမက ကဂျိုးကကြောင် လုပ်တော့ တစ်ခါတစ်လေ ရုံးရောက် ဂါတ်ရောက်ပေါ့)

ရ - ၈ အကြံသစ်
( ဒီတိုင်းနေလို့ တော့မဖြစ်သေးပါဘူး။ ဒီထက်ကောင်းတဲ့ မဟာဗျူဟာတွေကို စဉ်းစားဦးမှ)

၉-၁၀ ခိုးပြေးမယ်
(သဘောတူတူ မတူတူ ကားတင်ပြေးတာ အေးရော)

Read More...

Saturday, October 04, 2008

ခရစ္စတီးနား


ဒါက ဖိုးဝ ၀က်ဆိုက်တွက် ရိုက်ပေးထားတဲ့ ပုံတွေပါ။ ဆက်ပြီး ကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာကို နှိပ်လိုက်ပေါ့ .........

Read More...

Thursday, October 02, 2008

တစ္ဆေဆိုတာ တကယ်ရှိရဲ့လား.........

သင်္ကန်းကြီးရွာသို့ ရောက်ရှိခြင်း

ရွာကို လှေဆိုက်တော့ နေ၀င်သွားပြီ။ လှေကို ကမ်းကပ်ဖို့ လုပ်နေတုန်း ရွာထဲကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ သောင်စပ်တွင် ခွေးသုံးကောင် ကစားနေကြနေသည်။ ထိုနေရာသည် ရွာဟုသာ ပြောရသော်လည်း မုန်တိုင်းဒါဏ်ကြောင့် ရွာနှင့်လုံးဝ မတူတော့ပေ။ ခပ်လှမ်းလှမ်းမှာတော့ သာသနာ့အလံ ထူထားသော ဘုန်းကြီး ကျောင်းပျက်ကြီး တစ်ခုကို လှမ်းတွေ့နေရသည်မှပ လူနှင့်တူသော အရိပ်အယောင် တစ်ခုမှ မတွေ့ရ။

`` လေမုန်တိုင်း တိုက်တော့ အဲဒီဘုန်းကြီး ကျောင်းကြီး ကယ်လိုက်လို့ လူငါးရာကျော် အသက်ရှင်တာ ´´ ဟု လှေပေါ်တွင် ပါလာသည့် ရွာသားတစ်ယောက်က ကျွန်တော်တို့ မြင်တွေ့နေရသော ဘုန်းကြီးကျောင်းပျက်ကို ညွှန်ပြကာ လှမ်းပြောသည်။

ထိုရွာသည် ပင်လယ်ဝပိုင်းနှင့် ပိုနီးသောကြောင့် ချောင်းကမ်းက သာမန်ကမ်းမျိုးမဟုတ်ပဲ ကမ်းခြေကဲ့သို့ ဖြစ်နေကာ လှိုင်းဂယက်များလည်း ရှိသဖြင့် လှေကို ကမ်းရောက်အောင် ကပ်၍ မရပေ။ လှေဦးမှနေသော လူတစ်ယောက်က ၀ါးလုံးနှင့် ထောက်ကြည့်ပြီး ခါးလောက်နက်သည့် နေရာရောက်သောအခါ ကျွန်တော်တို့ကို လှေပေါ်က ဆင်းခိုင်းသည်။ ကျွန်တော်တို့ လှေပေါ်က ဆင်းပြီးသောအခါတွင် လှေကမောင်းထွက် သွားသည်။ ထိုနေရာသည် ပင်လယ်ဝ ဖြစ်သဖြင့် လှိုင်းဂယက်များ ရှိသောကြောင့် လှေကို ကြာရှည်စွာ ကမ်း၍ ကပ်ထား၍ မရပေ။ ထို့ကြောင့် ချောင်းသွယ် လေးတစ်ခုအတွင်း သို့မောင်းသွား ခြင်းဖြစ်သည်။


ကမ်းခြေတစ်လျှောက်တွင် ခရု ကမာခွံ လေးများနှင့် ပင်လယ် ကမ်းခြေ တစ်လျှောက် တွေ့ရသည့် အကောင်များ ကိုတွေ့ရသည်။ နေ၀င်သွားပြီ ဆိုပေမယ့် ပတ်ဝန်းကျင်တွင်တော့ အလင်းရောင်ကို ကောင်းစွာ ရသေးသည်။ ချောင်းသာလို နေရာမျိုးတွင် ရှားပါးလှသော ခရုခွံများသည် ထိုနေရာတွင် ပေါများလှသည်။ ကျွန်တော်က ကောက်မလို့ လုပ်တုန်း ရှိသေးသည် `ဟိုမှ လူသေကြီးကွ ´ ဆိုသည့် အသံကြားလို့ ကြည့်လိုက်တော့ ကမ်းခြေတွင် သဲတစ်ဝက်ဖုံးနေသော လူသေ အလောင်းကို တွေ့ရသည်။ ထိုအချိန်က လေမုန်တိုင်း တိုက်ပြီး တစ်ပတ် အကြာ ဖြစ်သောကြောင့် လူသေ အလောင်းမှာ အစွမ်းကုန် ပုတ်ပွနေတော့သည်။


ရွာသားတစ်ယောက်က ဦးဆောင်ပြီး အရှေ့ကသွားသည် ကျွန်တော်တို့က အနောက်က လိုက်သည်။ ကျွန်တော်တို့ လျှောက်နေရသည့် လမ်းဘေးဝဲယာ တစ်လျှောက်တွင်တော့ ပုတ်ပွနေသော လူသေ အလောင်းများကို မြင်တွေ့ရသည်။ ယခင်က ပင်လယ်လေသည် ရှုရိုက်၍ အကောင်းဆုံး ဖြစ်သည်ဟု ဆိုပေမယ့် ယခုပင်လယ်လေမှာသော လူသေ ကျွဲသေ အနံ့များ ထောင်းထနေသောကြောင့် အသက်ကိုပဲ မနည်းရှုရသည်။ ပိုဆိုးသည်က ကျွန်တော်က နှားခေါင်းပိတ်ကို မတတ်တတ်ပါ။ ထိုနှားခေါင်းပိတ်ကို တပ်လိုက်လျှင် အသက်မရှု တတ်တော့ပါ။ ထို့ကြောင့် လေကို နည်းနည်းလေးရှုလိုက် အသက်ကို အောင့်လိုက်နှင့်သာ လမ်းလျှောက်လာရသည်။

ခပ်လမ်းလမ်းက ထန်းပင်ကြီး တစ်ပင်အောက်တွင် ခွေးတစ်ကောင်က လူသေ အလာင်းတစ်ခုကို ဆွဲစားနေသည်။ ကျွန်တော်ယခင်က ထင်ထားသည်က ခွေးများသည် လူသေကို မစားဟု ထင်ထားသည်။ ထို့ကြောင့် ခွေးက လူသေအလောင်းကို စားသလားဟု မေးတော့ ရွာသားများက စားတာပေါ့ဟု ပြန်ဖြေသည်။ အနီးနား ရောက်သွားတော့ ခွေးစားနေသည်မှာ လူသေ အလောင်းမဟုတ်ပဲ နွားသေကြီး ဖြစ်နေသည်။


ကျောင်းပျက်နှင့်အပုတ်နံ့ . . . .

လေမုန်တိုင်း ဒဏ်ကြောင့် အိမ်များပြို သစ်ပင်များကျိုး သဖြင့် ရွာမှာ လမ်းဆိုတာ မရှိတော့ပေ။ အိမ်ပြို အိမ်ပျက် များကြားမှ ကျွန်တော်တို့ ညအိမ်မည့် ဘုန်းကြီး ကျောင်းပျက်ကို ရောက်အောင် သွားရသည်။ ထိုအပြိုအပျက်များ ကြားမှ သွားရသည်က တစ်ကြောင်း ဟိုဟာ လျောက်လှန်ကြည့် ဒီဟာလျှောက်လှမ်းကြည့်နှင့် ကြည့်သည်က တစ်ကြောင်းကြောင့်၊ ဘုန်းကြီးကျောင်းနှင့် ကမ်းခြေ သိပ်မဝေးပေမယ့် လမ်းတွင် မိနစ်နှစ်ဆယ်ခန့် ကြာသွားသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်း ပျက်ရောက်သည့် အခါတွင် အလင်းရောင် ကွယ်စပြုနေပြီ။

ဘုန်းကြီးကျောင်းကို တိုင်လုံးကြီးများဖြင့် အခိုင်အမာ တည်ဆောက်ထားသော ပျဉ်ထောင် သွပ်မိုးကျောင်းတစ်ကျောင်း ဖြစ်ပြီး။ ယခုတော့ လေမုန်တိုင်ဒါဏ်ကြောင့် ကျောင်းမှာ ယိုင်နဲ့နဲ့ ဖြစ်နေသည်။ သွပ်မိုးများလည်း လန်ထွက်နေသည်။ ကျောင်းကို ပြိုလှဲမသွားအောင် ကျောင်းတိုင်များတွင် ကျားကန် ရိုက်ထားသည်ကို တွေ့ရသည်။

ဘုန်းကြီးကျောင်း ပျက်ပေါ်ရောက်တော့ ကျောင်းတစ်ခုလုံး စိုရွှဲနေသည်။ အမိုးတစ်ခုလုံးလည်း ကြယ်မြင်လမြင် ဟာလာဟင်းလင်း ဖြစ်နေသည်။ ကျောင်းပေါ်တွင် ကျေးရွာကို စောင့်ရှောက်ဖို့ဟုဆိုကာ ကျန်ရစ်ခဲ့သည့် ကျေးရွာစောင့် ခုနှစ်ယောက် ကိုတွေ့ရသည်။ ထိုရွာစောင့်များသည် အသက်ခြောက် ဆယ်အထက် အဖိုးကြီး များဖြစ်ကြသည်။

ညနေလက်ကျန် အလင်းနည်းနည်းလေးရှိတုန်းမှာ ကျောင်းပြူတင်းပေါက်ကနေ ပတ်ဝန်းကျင်ကို ကျွန်တော် လေ့လာကြည့်သည်။ ကျောင်းခြေရင်း လှေကားအတက်နားတွင် ကျွဲသေတစ်ကောင်ရှိပြီး ရွာထဲတွင်လည်း ယေင်္ကျား မိန်းမ ကလေး အလောင်းများ စုံလင်လှသည်။ ထိုကျွဲသေ လူသေများမှ ထွက်သော အပုတ်နှံ့များက လေတိုက်လိုက်တိုင်းမှာ သင်းနေအောင် ရသည်။ လူသေ အလောင်းအပုတ်နံ့သည် ကြွတ်ပုတ်နံ့လို ဟောင်နေအောင် နံခြင်းမျိုးမဟုတ်ပဲ ရှုရှိုက်လိုက်သည့် အခါတွင်မှ ရသည် အီလည်လည် အနံကြီးဖြစ်သည်။

ရွာသားများက ကျွန်တော်တို့ကို ကာဘီလူး ငါးဟင်းဖြင့် ထမင်းကျွေးသည်။ ကာဘီလူးငါးဆိုသည်မှာ လက်တစ်လုံးသာသာ ငါးလေးများဖြစ်သည်။ ထိုငါးလေးများကို ဘယ်ကရတာလဲဟု ကျွန်တော်က မေးတော့ ရေမျှောပါလာသည့် ပိုက်အစုတ်လေးဖြင့် လယ်ကွင်းထဲတွင် သွားထောင်ခြင်း ဖြစ်သည်ဟုဆိုသည်။ လယ်ကွင်းတလျှောက်မှာ လူသေရော ကျွဲသေ နွားသေတွေပါ အတုံးရုံး ကျွန်တော် မြင်ခဲ့သည်။ ထို့ကြောင့် လယ်ကွင်းထဲမှာ ထောင်လာသည်ဆိုသော ထိုကာဘီလူး ငါးများကို ကျွန်တော် မစားတော့ပေ။ ဟင်းချိုအဖြစ် သောက်ရန် ခေါက်ဆွဲ ခြောက်ထုတ် တစ်ထုတ်ကို ပြုတ်ပေး ပေမယ့် ရွာစောင့် ခုနှစ်ယောက်နှင့် လှေပေါ်တွင် ပါလာသော လူဆယ့်တစ်ယောက် အားလုံး ပေါင်းလိုက်သည့်အခါ ထိုခေါက်ဆွဲ ခြောက်ထုတ်သည် လူတစ်ယောက် အတွက် နှစ်စွန်းသုံးစွန်းစာမျှသာ ရသည်။ ဒါကြောင့် ထမင်းတစ်စွန်း နှစ်စွန်းစားပြီး ပါလာသည့် ရေဘူးလေး ဖွင့်သောက်ကာ ထိုနေ့ ညစာကို အဆုံး သတ်လိုက်ရသည်။

နေ၀င်သွားပြီဆိုတော့ ဓာတ်ဘူးကို ဘေးနားချကာ ကျွန်တော်တို့ ၀ိုင်းဖွဲ့စကား ပြောကြသည်။ ထို့သို့ ၀ိုင်းဖွဲ့ စကားပြောရင်း စကားစပ်မိကာ သရဲသစ္ဆေများ အကြောင်းသို့ ရောက်သွားသည်။ သူတို့ ပြောသည့် ရှေးဟောင်း နှောင်းဖြစ် သရဲများအကြောင်းကို နားထောင်ပြီး တစ်ချက်ချက် ကျွန်တော် ကျောထဲမှာ စိမ့်စိမ့်သွားသည်။ ညမီးရောင် အောင်တွင် ရွာစောင့်ဆိုသော လူတစ်ယောက်၏ မျက်လုံးမှာ ပုံမှန်ထက် ပိုနီနေသည်ဟု ထင်မိသည်။ ထို့ကြောင့် ယခုရွာသားများ ဆိုသူများသည် အမှန်တကယ်ပင် လူစင်စစ်များဟုတ်မှ ဟုတ်ရဲ့လား၊ ကျွန်တော် ငယ်ငယ်က ကြားဘူးသော ကြတ်သရဲများ ဖြစ်နေမလား ဆိုသည့် အတွေးများ ၀င်လာသည်။

အစာမရှိသော ကြောင့်ရေနွေးကြမ်းတွေ စွတ်သောက်ပြီး ကျွန်တော် သေးပေါက်ချင်လာသည်။ အောက်မှာ လူသေအလောင်းများ ရှိသလို ပြောနေသည်ကလဲ တစ္ဆေအကြောင်း ဖြစ်သောကြောင့် တစ်ယောက်တည်း သွားရန် သင့်မသင့် ကျွန်တော်စဉ်းစားကြည့်သည်။ ကြောက်လို့ မပေါက်ပဲ နေပြန်လျှင်လည်း ကျန်းမာရေးအရ မကောင်းပေ။ ထို့ကြောင့် အဖော်ခေါ်ပြီး သွားပြန်လျှင်လည်း ဒီကောင်ကလဲ သူရဲဘော ကြောင်လိုက်တာဟု ထင်ကြမည်ကိုလည်း စိုးသေးသည်။ ထို့ကြောင့် ကျွန်တော် တစ်ယောက်တည်း သွားမည်ဟု ဆုံးဖြတ်ကာ ဓာတ်မီးလေးကို ဆွဲပြီး ထလိုက်သည်။ တံခါးနားရောက်တော့ ………
“ ဟေ့ကောင်လေး ”
အနောက်မှ ခေါ်သံရုတ်ရက် ထွက်လာသည် ။ ဘယ်ကလာသည့် အသံမှန်းမသိပေမယ့် ကျွန်တော်ဗျာဟု ထူးပြီး လှည့်ကြည့်တော့ မျက်လုံးနီနှင့်လူကြီး။
ကျွန်တော်ကဘာလဲ ဆိုသည့် အမူရာနှင့် သူ့ကိုမေးငေါ့ပြတော့
“ သေးသွားပေါက်မလို့လား” ဟုပြန်မေးသည်။
ကျွန်တော်က ခေါင်းငြိမ့်ပြတော့။ တစ်ယောက်တည်း မသွားနဲ့ အန္ဒရာယ်များတယ် သူလိုက်ပို့မယ်ဟုဆိုသည်။ အမှန်တိုင်းပြောလျှင် သူ့ကို ကျွန်တော် မယုံပါ။ ဘာကြောင့်လည်းဆိုတော့ သူ့မျက်လုံးများသည် သာမာန်ထက် ပိုနီသည်။ စကားဝိုင်းတွင်လည်း စကားကို ဟက်ဟက်ပက်ပက် ၀င်မပြောပဲ ကျွန်တော်တို့ကို မျက်ထောင့်နီကြီးဖြင့်သာ စိုက်ကြည့်နေသည်။ ထို့ကြောင့် မူလက တစ်ယောက်တည်း သွားရမှာ သိပ်မကြောက်ပေမယ့် သူပါလာတော့ ကြောက်သလို ရှိလာသည်။

ကျွန်တော်က ကျောင်းအောက်ကို ဆင်းမည်လုပ်တော့ မဆင်းနဲ့ လှေကားထိပ်ကပဲ ပန်းချဟု ဆိုသည်။ အဲဒီတော့ ကျွန်တော် စဉ်းစားစရာ ဖြစ်လာသည်။ အောက်အထိ မဆင်းစေချင်တာ ကျွန်တော့်ကို အန္ဒရာယ်ဖြစ်မှာ စိုးလို့ပဲဟု သာမန်အားဖြင့် တွေးနိုင်ပေမယ့် ထိုလူအကြောင်းကို ကျွန်တော် မသိပါ။ ထိုလူကို ခေတ်လူငယ်တစ်ယောက် အသိနှင့် လူအစစ် ဖြစ်သည်ဟု လက်ခံ၍ ရသည့်တိုင် ထိုလူသည် လူကောင်းလော စိတ်ဖောက်တတ်သူလော ကျွန်တော် မသိပါ။ အကယ်၍များ စိတ်ဖောက်တတ် သူဖြစ်ပါက လှေကားထပ်မှ တွန်းချမှာကို ကြောက်ရသည်။ ထို့ကြောင့် ထိုလူသည် လူကောင်း ဖြစ်ပါစေဟု ဆုတောင်း၍သာ သေးကို ပေါက်ရပါတော့သည်။

ကျွန်တော် သေးပေါက်ရင်း ပတ်ဝန်းကျင်ကို လျောက်ငေးကြည့်သည်။ ထိုရက်ပိုင်းက လဆန်းပိုင်း ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကို ရိုးတိုးရိတ်တိတ် မြင်နေရသည်။ လုံးဝ အရှင်းမမြင်ရပဲ အရာအားလုံး မှောင်နေသည်ထက် အခုကဲ့သို့ ရိုးတိုးရိတ်တိတ် မြင်ရသည်က ပိုကြောက်ဖို့ ကောင်းသည်။ မှောင်နေလျှင်လည်း ဘာမှ မမြင်ရသည့်အတွက် မျက်ကန်း တစ္ဆေမကြောက် ဆိုသလို ကြောက်ဖို့ မလို။ အားလုံး မြင်သာအောင် လင်းနေလျှင်လည်း အရာအားလုံးကို သဲကွဲစွာ မြင်နိုင်သည့်အတွက် ကြောက်ဖို့ မလို။ ယခုတော့ ထိုရိုးတိုးရိတ်တိတ် အလင်းရောင်လေး အောက်တွင် ချုံပင်လိုလို လူလို ပုံသဏ္ဍန် မသဲမကွဲ မဲတဲ မဲတဲများက လေတိုက်သည့် အခါတွင် လုပ်လုပ် လုပ်လုပ်နှင့် ယိမ်းထိုးနေကြသည်။ ထိုတိုက်သည့် လေနှင့်အတူ အပုတ်နံ့များကလည်း တစ်ချက် တစ်ချက် ဆိုးဆိုးရွားရွား နံသည်။

* * * * * *

ညဆယ့်တစ်နာရီ လောက်ရောက်တော့ ကျွန်တော်တို့အထဲမှ လှေသမားတစ်ယောက်က ထပြီး သူ့လှေသမားများကို ခေါ်ကာ ချောင်းသွယ်လေး အတွင်းတွင် ရပ်ထားခဲ့သည့် လှေကို ရေသွားပက်ရမည် ဟုဆိုသည်။ ထိုသို့ရေမပက်က လှေဝမ်းအတွင်း ရေများဝင်ကာ ချောင်းထဲတွင် နှစ်သွားပေလိမ့်မည်။ လှေနှစ်သွားပါက လှေတွင် တပ်ဆင်ထားသော အင်္ဂျင်ထဲကို ရေများဝင်ကာ နောက်တစ်ရက်ကျ လပွတ္တာသို့ ပြန်၍ ရတော့မည်မဟုတ်ပေ။ ထို့ကြောင့် ညကြီးသန်းခေါင် လှေရေပက်ရန် သူတို့အုပ်စု ဓာတ်မီးတစ်လက်နှင့် ဆင်းသွားကြသည်။

ခဏလောက်ကြာတော့ သူတို့ပြန်ရောက်လကြသည်။ “ ကျွန်တော်ထင်ထားတာက အနည်းဆုံတစ်ခု အော်သံတော့ ကြားမယ်လို့ထင်ခဲ့တာ ဘာသံမှ မကြားရဘူး ထူးတော့ ထူးဆန်းတယ် ” ဟု လှေရေပက်ရာမှ ပြန်လာသည့် လှေသမားတစ်ယောက်က ပြောသည်။ သူသည် တစ္ဆေခြောက်ခံရမည်ဟု ထင်ထားပေမယ့် လုံးဝမခြောက်သည်ကို ရည်ညွှန်းပြောဆိုးခြင်း ဖြစ်သည်။

ညတော်တော်လေး မှောင်လာတော့ ကျောင်းတံခါးကြီးကို သံနှင့်အသေ ရိုက်ပိတ်လိုက်ကြသည်။ ရွာသားများ အကြောင်းပြသည်ကတော့ လူရှိကြောင်း သိပါက လုယက်သူများ လာရောက်မည်ကို စိုးရိမ်ရသောကြောင့် ကျောင်းတံခါးကို အသေပိတ်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ပြီးတော့ သူ့နေရာ ကိုယ့်နေရာ ခွဲကာ အိပ်ဖို့ လုပ်ကြသည်။ ဘုန်းကြီးကျောင်းက အမိုးမရှိတော့သဖြင့် ကျောင်းပေါ်တွင် ခြောက်ပေ ဆယ်ပေခန့်ရှိသော တာပေါ်လင်စလေးကို တစ်ဘက်ရပ်မိုးထားသည်။ ထိုခြောက်ပေ ဆယ်ပေခန့်ရှိသော တာပေါ်လင် စလေးအောက်တွင် လူဆယ်ယောက် လောက် အိပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ အိပ်သည့်အခါတွင် ဒူးများကို တတ်နိုင်သလောက် ကွေးကာ ခွေခွေလေး အိပ်ကြရသည်။

ကျွန်တော်တို့အတွက် စောင်နှင့် ခေါင်းအုံးများ ည၀တ်အိပ်ရန် ပုဆိုးများကို ရွာသားတစ်ယောက်က ထုတ်ပေးသည်။ ထိုစောင်နှင့် နှင့် ပုဆိုးများမှာ ကော်တင်ထားသလို ခပ်ဆပ်ဆပ်ဖြစ်နေသည်ကို ကျွန်တော် သတိထားမိသည်။ ထို့အပြင် ထိုစောင်များမှ မိုးရေလိုလို ပုံမှန်မဟုတ်သော အနံ့တစ်မျိုးကို ရသည်။ ထို့ကြောင့် ထိုစောင်တွေကို မသင်္ကာ၍ မေးကြည့်တော့ အိပ်ပြိုအိပ်ပျက်များ ကြားမှာ ရှာဖွေထားသော စောင်နှင့် ပုဆိုးများ ဖြစ်ပြီး ပင်လယ်ရေဖြင့် လျှော်ထားခြင်း ဖြစ်သည်ဟုဆိုသည်။
ခရီးပန်းလာတော့ ကျွန်တော်အိပ်ချင်သည် သို့ပေမယ့် နေရာ စိမ်းသည်က တစ်ကြောင်း အိပ်ရသည့်အနေအထားက ပုံမှန် မဟုတ်သည်က တစ်ကြောင်းကြောင့် ကျွန်တော် ကောင်းစွာ အိပ်မပျော်ပေ။ ကျွန်တော် အိပ်မပျော်ပေမယ့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူတွေ အားလုံး အတုံးအရုံးနှင့် အိပ်ပျော်နေကြသည် ကိုတွေ့ရသည်။ ဖရောင်းမီးကို ကြည့်လိုက်တော့ ကုန်ဖို့ရာ တစ်လက်မလောက်သာ ကျန်တော့သည်။ ကျွန်တော်လည်း ကုန်လုကုန်ချင် ဖရောင်းတိုင်လေးကို ကြည့်ကာ မေးကနဲ အိပ်ပျော်သွားသည်။

ဝုန်းကနဲ ဆိုသည့် အသံတစ်ကို ကြားလိုက်သည်နှင့် ကျွန်တော် မေးနေရာမှ လန့်နိုးလာသည်။ ထိုအသံသည် ကျောင်းအောက်ထပ်မှ ဖြစ်သည်။ ကျောင်းအောက်ထပ်တွင် ကျွဲအရှင်နှစ်ကောင်ကို ကြိုးချည်ထားခြင်း ဖြစ်သောကြောင့် ထိုကျွဲများ တစ်ခုခုကို ၀င်တိုက်မိ၍ မည်လာသော အသံဖြစ်လိမ့်မည်ဟု စိတ်ထဲမှာ တွေးထားလိုက်သည်။ ထိုသို့ တွေးနေစဉ်မှာပင် ရွာထိပ်မှာ ဆွဲဆွဲ ငင်ငင် အူသော ခွေးအူသံကို ကြားရသည်။ ထိုခွေးအူသံ မဆုံးခင်မှာပင် ကျောင်းအောက်က ကျွဲများက ဂနာမငြိမ်ပဲ နှာသံတရူးရူးမုတ်ကာ လုပ်လုပ်ရွရွ ဖြစ်နေကြသည်။ ထိုအချိန်တွင် လေကလည်း တစ်ဖြူးဖြူး တိုက်နေသောကြောင့် အပုတ်နံ့များမှာလည်း အသက်မရှုရဲအောင်ပင် ဟောင်နံနေသည်။

ထို့နောက်တွင်တော့ မိုးက သည်းကြီးမဲကြီး ရွာချပါတော့သည်။ သည်းသည်းမည်းမည်း ရွာသော ထိုမိုးဒဏ်ကို ကျွန်တော်တို့ မိုးထားသည့် တာပေါ်လင်စက မခံနိုင်ပေ။ ထို့ကြောင့် တာပေါ်လင်စမှ ရေများယိုကျလာသည်။ ထိုယိုကျလာသော ရေများသည် ကျွန်တော်ပေါင်တည့်တည့်သို့ စီးကျလာသည်။ အမိုးလေးသေးသေး အောက်မှာ လူများ တန်းစီအိပ်နေခြင်း ဖြစ်သောကြောင့် ထိုရေးစီကြောင်းကို ကျွန်တော်လျှောင်တိမ်းနိုင်ခြင်း မရှိပေ။ ကြာလာတော့ ထိုရေများသည် ကျွန်တော် ခါးအောက်ပိုင်း တစ်ခုလုံးကို စိုရွှဲသွားတော့သည်။ ထိုရေစိုစို အပုတ်နံသင်းသင်းဖြင့် ဘယ်အချိန် တစ္ဆေလာခြောက်မလဲ ဆိုသည့် သံသယဖြင့် ထိုညတွင် ကျွန်တော် အိပ်မပျော်တော့ပါ။ အိပ်မပျော်သည့်အခါတွင် တောင်စဉ်ရေမရ လျောက်စဉ်းစားရင်း မိုးလင်းမည့်အချိန်ကိုသာ မျှော်လင့်နေမိတော့သည်။

ထိုသို့မိုးရေစိုစိုထဲတွင် အိပ်မပျော်ဖြစ်နေတုန်း လင်းခါနီးအချိန်တွင် ကျွန်တော့်အနောက်မှာ တစ်စုံတစ်ခု ရောက်ရှိနေသည်ဟု ခံစားရသည်။ လူတွင်တစ်ခု ထူးဆန်းသည်က မျက်စိမိတ်ထားသည် ဖြစ်ပါစေ မမြင်ရပဲ ဖြစ်ပါစေ အနောက်တွင် ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ တစ်စုံတစ်ခု ရောက်ရှိလာပါက အသိစိတ်က အလိုလိုသိနေသည့် အရုံရှိသည်။ အခုလည်း ကျွန်တေ်၏ အနောက်တွင် တစ်စုံတစ်ခုရောက်ရှိဆိုသည်ကို ကျွန်တော်အလိုလို သိသည်။ သို့ပေမယ့် ကျွန်တော်နောက်လှည့်ကြည့်ဖို့ရာ မ၀ံ့မရဲဖြစ်သည်။
ကျွန်တော်ကြားဖူးသည်က တရဲတစ္ဆေဆိုသည်မှာ လူကို အယောင်ပြရုံလောက်ပဲ တတ်နိုင်သည်။ လူကို ထိခိုက်အောင် အန္တရာယ် ပြုနိုင်ခြင်းမရှိ။ ထို့ကြောင့် လှည့်ကြည့်လိုက်လျှင် အစွယ်ကြီးပြူးပြချင် ပြနေဦးမည်။ ထို့ကြောင့်လှည့်မကြည့်ပဲ မျက်စိတ်မိတ်နေလိုက်သည်က ပိုကောင်းမည်ဟုတွေးမိပြီ ကျွန်တော် လှည့်မကြည့်ပဲ မျက်လုံးကို မှိတ်ထားလိုက်သည်။

ထိုသို့မျက်စိကို မိတ်ထားပြီး ဘာဖြစ်ဖြစ် လှည့်မကြည့်ဘူးဟု စိတ်ပိုင်းဖြတ်ကာ နေပေမယ့် တကယ်တမ်းကြတော့လည်း ကျွန်တော် ထိုကဲ့သို့ မနေနိုင်ပါ။ လှည့်ကြည့်ချင်စိတ်က ဖြစ်ပေါ်လာမိသည်။ ထိုအခါတွင် မကြည့်နဲ့ မကောင်းဘူးဟု ဆိုကာမျက်စိကို ပြန်မှိတ် နေလိုက်သည်။ သို့ပေမယ့် လှည့်ကြည့် လိုက်ပါကွာ မင့်အနောက်မှာ ဘာမှမရှိပါဘူး။ မင့်စိတ်ထဲမှာ ထင်နေတာပါ ဟူသည့် စိတ်ကလည်း ပြန်ဝင်လာပြည်သည်။ ထို့ကြောင့် ကျွန်တော်လှည့်ကြည့်ရ ကောင်းနိုးနိုး ဒီတိုင်းပဲ မျက်စိမိတ်နေရ ကောင်းနိုးနိုးနှင့် ကျွန်တော် ဝေခွဲမရပဲ ဖြစ်နေသည်။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော် လှည့်ကြည်မည်ဟု ဆုံးဖြတ်လိုက်သည်။

လှည့်ကြည့်လိုက်တော့ လူနှင့်တူသည့်မဲမဲကြီးသည် ကျောင်းတိုင်ကို မှီပြီးငုတ်တုပ်ကြီး ထိုင်နေသည်ကို ဝေလင်းဝေလင်း အလင်းရောင်အောက်တွင် ကျွန်တော်မြင်ရသည်။ ကျွန်တော်လည်း ကြက်သီးထသွားသည်။ ထို့ကြောင့် ထိုငုတ်တုပ်ထိုင်နေသော အရာကို ကျွန်တော်ဓာတ်မီးနှင့် ချက်ခြင်းထိုးကြည့်လိုက်သည်။ မျက်လုံးနီနီနှင့် လူကြီး။ သူ့မျက်လုံးကြီးဖြင့် ကျွန်တော့်ကိုပြန်ကြည်သည်။ ကျွန်တော်လည်း ဓာတ်မီးကို ပိတ်ကာ ပြန်လှဲအိပ်လိုက်သည်။ ဒီလူက ညအိပ်တုန်းက ဘယ်ရောက်နေမှန်းမသိ ထိုတိုင်နားတွင် ရှိနေသည်လည်း မဟုတ်ဘူး မည်သည့်အတွက်ကြောင့် အခုမှ ထိုတိုင်နားကိုရောက်လာရတာလဲ။ နောက်ပြီးတော့ သူ့မျက်လုံးက သာမန်ထက်ပိုနီနေရတာလဲ။

ကျွန်တော်ကြားဖူးတာက သရဲတို့ ဘီလူးတို့ဆိုတာ ဘယ်လိုပဲ လူယောင်ဆောင်ထားပါစေ သူတို့မျက်လုံးတွေ နီနေတာကို ရုပ်ဖျက်လို့မရဘူးဟု ဆိုသည်။ ထို့ကြောင့် ယခုမျက်လုံးနီနှင့်လူသည် တကယ်လူဟုတ်ပါ့မလား။ လူယောင်ဆောင်ထားတဲ့ သရဲလား။ သရဲဆိုလည်း ဘာကြောင့် ဘုန်းကြီးကျောင်းပေါ် တက်လာရတာလဲ။ တကယ်သရဲဆိုရင် ဘုန်းကြီးကျောင်းပေါ် တက်မလာနိုင်ပါဘူး။ ဒါပေမယ့် တစ်ချို့ ပုံပြင်တွေထဲမှာ သရဲတွေက ဘုန်းကြီးကျောင်းပျက်တွေမှာလည်း နေကြတာပဲ။ အစရှိသဖြင့် ထိုမျက်လုံးနီနှင့်လူသည် လူလားသရဲလား အစရှိသဖြင့် ကျွန်တော်တွေးမိတွေးရာတွေ လျှောက်တွေး နေမိသည်။

ပိုဆိုးသည်က ညနေတုန်းက မျက်လုံးနီနဲ့လူကြီးကို စကားဝိုင်းမှာ ဘယ်သူကမှ အဖက်လုပ်ပြီးစကား မပြောခဲ့ကြဘူး။ ထို့ကြောင့် ထိုလူသည် သရဲဖြစ်နေသောကြောင့် စကားဝိုင်းအတွင် ရှိနေသော်လည်း တခြားလူများ မမြင်ရပဲ ကျွန်တော်တစ်ယောက်တည်းပဲ မြင်နေရသည်လား။ သေးသွားပေါက်တုန်းက သူလိုက်ခဲ့သည့် အကြောင်းကို တခြားရွာသားများကိုလည်း ပြောမပြထားရဘူး။ အခုမှအိပ်နေတာကို နိုးပြီး သွားမေးရမည်ဆိုလျှင်လည်း သရဲမဟုတ်ခဲ့ပါက အရှက်ကွဲလိမ့်မည်။ ညနေကတည်း သူဘယ်သူဘယ်ဝါ ဆိုတာကို ရွာသားတွေကို မေးထားမိခဲ့လျှင် အကောင်းသား။
ယခုအချိန်တွင် ကျွန်တော်တွေးနေတာသည် အဖြေမှန် ထွက်လာမည်မဟုတ်။ မနက်မိုးလင်းရင်တော့ ဒီလူသည် သရဲလား လူလားဆိုတာ ကွဲကွဲပြားပြား သိရပေလိမ့်မည်။ ထို့ကြောင့် မနက်မိုးလင်းပါစေတော့ဟုသာ ဆုတောင်းလိုက်မိပါတော့သည် …………။

* * * * * * *

ဒုတိယဖြစ်ရပ် သို့မဟုတ်ဘူး လှေပေါ်က ညတစ်ည . . . .

ယနေ့တွင် လပွတ္တာမြို့ပေါ်က သစ်များကို ဆိပ်ကမ်းသာလေး ခေါ် ဆိပ်ကလေးဆိုသည့် ရွာကို ကျွန်တော်နှင့် မောင်စပ်ဖြဲသို့ လာပို့ကြသည်။ ပင်လယ်နားနီးပိုင်းများတွင် သွားလာရသည်မှာ ဒီရေအတက်အကျကို ကြည့်ပြီး သွားလာရခြင်းဖြစ်သည်။ လပွတ္တာမှ အောက်ပိုင်းရွာများကို သွားမည်ဆိုပါက ရေကျမှာ သွားရသည်က အချိန်ကုန်သက်သာသလို ဆီကုန်လည်းသက်သာသည်။ ထို့အတူ အောက်ပိုင်းရွာများက လပွတ္တာဘက်သို့ သွားမည်ဆိုပါကလည်း ဒီရေအတက်ဖြင့်သွားပါက ဆီကုန်သက်သာသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ဒီရေအကျကို စောင့်ပြီးမှလာခဲ့ခြင်းဖြစ်သောကြောင့် ညနေခင်းမှ ထိုရွာသို့ ရောက်လာခြင်းဖြစ်သည်။

ရောက်သည်ဆိုလျှင်ပဲ ကျွန်တော်တို့ အိမ်တစ်လုံး၏ အကြမ်းထည်ကို ဆောက်ကြည့်ကြသည်။ သို့မှသာ အိမ်တစ်လုံးတွက် သစ်မည်မျှကုန်သည် တစ်ရွာလုံးစာအတွက် သစ်မည်မျှအော်ဒါ ထပ်မှာရမည်ကို သိရှိရမည်ဖြစ်သည်။ ရွာထဲမှာ ရှိသော ကျောင်္းများအားလုံး ထွက်ဆောက်လိုက်ခြင်း ဖြစ်သောကြောင့် အိမ်တစ်လုံးမှာ ခဏအတွင်းမှာပင် ပြီးစီးသွားသည်။ အိမ်ပြီးသည်နှင့် နေစောင်းသည်က အနေတော်ဖြစ်သည်။ နောက်တစ်ရက်တွင်လည်း နောက်ထပ်ကျန်နေသေးသည့် အိမ်များကို ဆက်ဆောက်ရမည် ဖြစ်သောကြောင့် အဲဒီညက လပွတ္တာသို့ မပြန်ပဲ ထိုရွာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ကျွန်တော်တို့ အိပ်မည်ဆိုသောကြောင့် ရွာတွင် သြောဇာညောင်းသော လူကြီးက လေဘေးကယ်ဆယ်ရေးမှ ရလာသော စောင်အသစ် ခေါင်းအုံးအသစ် ခြင်ထောင်အသစ်လေးများကို ထုတ်ကာ သူ့တဲလေးထဲတွင် ခင်းကျင်းပေးသည်။ သို့ပေမယ့် ကျွန်တော်တို့မှာ ညအိပ်ရင် ဒီတိုင်းကြီးဖြစ်နေမည်စိုးသောကြောင့် ၀ီစကီတစ်လုံးပါလာသေးသည်။ ရွာရှိရပ်မိ ရပ်ဖလူကြီးအရှေ့တွင် ကျွန်တော်တို့ အရက်သောက်ရန် မသင့်တော်ပေ။ ထို့ကြောင့် ကျွန်တော်တို့ လှေပေါ်မှာပဲ အိပ်တော့မည်ဟု ဆိုကာ အတင်းငြင်းပြီး လှေပေါ်တွင် စတည်းချရန်တက်လာခဲ့သည်။

လှေပေါ်တွင် ၀ီစကီပုလင်းလေးကို လှေသမားရယ် မောင်စပ်ဖြဲရယ် သောက်ကြသည်။ ခဏလောက်နေတော့ ရွာသားတစ်ယောက်က ပုစွန်ထုပ်ကြော်များ ငါးကြော်များ ယူလာသည်။ လှေကလှိုင်းမှာ လူးနေတဲ့အတွက် လုပ်တုပ်လုပ်တုပ်။ အမည်းကကောင်းကောင်းနဲ့ ဆိုတော့ သူတို့ဝိုင်းက ကြိုက်တတ်ရင်တော့ တော်တော်လေး သောက်ချင်စရာ။ မောင်စပ်ဖြဲက ကျွန်တော့်ကို ၀င်သောက်ဖို့ပြောပေမယ့် ကျွန်တော်က အရက်ကို မကြိုက်သောကြောင့် မသောက်ဖြစ်ပေ။ ကျွန်တော်က အမြည်းဝင်စားရင်း အင်းဒီလိုအချိန်မှာ ဘီယာလေး နှစ်လုံးလောက်သာ ရလိုက်လျှင် ကောင်းလေစွဟုသာ စဉ်းစားနေမိတော့သည်။


သုံးယောက်သား သောက်လိုက်ကျတာ ညဥ့်လည်း အတော်နက်တော့ ၀ီစကီပုလင်းလေးလည်း ကုန်သွားသည်။ ၀ီစကီပုလင်းလေးကုန်တော့ လှေဝမ်းတွင်းထဲတွင် အိပ်ရန်အတွက် စောင်နှင့်ခြင်ထောင်များကို ခင်းကျင်းကာ အိပ်ရာကို ပြင်ဆင်သည်။ အိပ်ကျဖို့ ပြောတော့ လှေသမားက လှေပေါ်တွင် မအိပ်ဘူးဟုပြောသည်။ ထို့အတူ ရွာခံကလည်း မိန်းနှင့်ကလေးရှိသဖြင့် အိမ်ပြန်အိပ်ရမည်ဟု ပြောသည်။ ထိုအခါလှေပေါ်တွင် အိပ်ရမည်သူမှာ ကျွန်တော်နှင့် မောင်စပ်ဖြဲနှစ်ယောက်တည်းဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်က ရွာခံတစ်ယောက်ယောက် တော့လှေပေါ်မှာ ရှိမှ ကောင်းမည်ဟုပြောသည်။ သို့ပေမယ့် မောင်စပ်ဖြဲကတော့ ကောင်းနေပြီဖြစ်တာကြောင့် ရတယ် ရတယ်ဟု တသွင်သွင်ပြောနေသည်။

ညပိုင်းတွင် လေပြင်းပြီး လှိုင်းကြီးလာကာ လှေကျောက်ကြိုး ပြတ်သွားနိုင်သည်။ ထိုကဲ့သို့ အရေးပေါ် အခြေအနေမျိုး ပေါ်ပေါက်လာပါက လှေကို ကျွမ်းကျင်သောရွာသား တစ်ယောက်ယောက် ရှိဖို့ရာလိုအပ်သည်။ သူတို့က လှေပေါ်မှာ မအိပ်ချင်ကြဘူး ဆိုတော့လည်း ကျွန်တော်တို့လည်း အတင်းခေါ်မနေတော့ပဲ လှေပေါ်တွင် နှစ်ယောက်တည်း အိပ်ဖို့ ဆုံးဖြတ်ကြသည်။ မောင်စပ်ဖြဲက လှေဝမ်းထဲမှာ မအိပ်ချင်ဘူး အိုက်သည်ဟုဆိုသည်။ ထို့ကြောင့် လေတဖြူးဖြူးနှင့် လှေအမိုးပေါ်တွင် ကျွန်တော်တို့ စောင်လေးတွေခြုံပြီး တက်အိပ်ကြသည်။

မောင်စပ်ဖြဲကတော့ တုံးလုံးလှဲပြီးမကြာခင်မှာတင် အိပ်ပျော်သွားသည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း အိပ်မပျော်သေး။ အိပ်မပျော်သည့်အတူ ငုတ်တုပ်ထကာ ထိုင်နေမိသည်။ ယခုအခါတွင် မုန်တိုင်းဖြစ်ပြီးတာလဲ တော်ကြာနေပြီဖြစ်သောကြောင့် လူသေအလောင်းများမှာလည်း အရိုးကျကုန်ပြီ ဖြစ်ပြီး အပုတ်နံ့ကဲ့သို့ အနံ့အသက်များလည်း မရှိတော့ပေ။ သို့ပေမယ့် မှောင်မှောင်မည်းမည်း လှေပေါ်တွင် တစ်ယောက်တည်း ငုတ်တုပ်ထိုင်နေရတာက ကြက်သီးထဖို့တော့ကောင်းသည်။ ရွာဆီကို မျှော်ကြည့်လိုက်တော့ အကုန်လုံး တိတ်ဆိပ်လို့ အကုန်အိပ်နေကြပြီ။

ကျွန်တော်ထိုင်နေရင်း ကမ်းခြေကို ကြည့်လိုက်တော့ ကမ်းစပ်မှာ မည်းမည်းနှင့် ရွှေ့ရှားနေသည့် အရာတစ်ခုကို ကျွန်တော်မြင်မိသည်။ ထို့ကြောင့် ထိုရာကို ကျွန်တော် ဓာတ်မီးနှင့်လှမ်းထိုးလိုက်တော့ အဖွားကြီးတစ်ယောက် ဓာတ်မီးရောင်ကြောင့် ကုန်းပေါ်ပြေးတက်သွားသည်။

“ ဟေ့လူ ကမ်းစပ်မှာ မဲမဲမြင်တိုင်း ဓာတ်မီးနဲ့ လျှောက်ထိုးမနေနဲ့ ရွာဆိုတာ အခုလိုညမှောင်မှ ကမ်းစပ်မှာဆင်းပြီး အပေါ့အလေးစွန့်ရတာ ” ဟု မောင်စပ်ဖြဲ မအိပ်ခင်က မှာထားသည်ကို အဖွားကြီး ကုန်းပေါ်တက်ပြေး သွားတော့မှ သွားသတိရသည်။ ထို့ကြောင့် ထိုင်မနေတော့ပါဘူး အိပ်တာပဲ ကောင်းပါတယ်ဟု ဆိုကာ ကျွန်တော် စောင်လေးနဲ့ ကွေးပြီး အပြီးအိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

* * * * * *

လှေက လုပ်တုပ် လုပ်တုပ် ဆိုတော့ ကျွန်တော် နိုးလာသည်။ ယခုအချိန်သည် ဒီရေကျသွားပြီ ဖြစ်တာကြောင့် လှေကကုန်းပေါ်မှာ တင်နေပြီ။ ကုန်းပေါ်မှာ တင်နေသောလှေသည် အကြောင်းမဲ့ လုပ်စရာမရှိ။ သေချာပြီ လှေပေါ်ကို တစ်စုံတစ်ယောက် တက်လာပြီ။ ထို့ကြောင့် ကျွန်တော် ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့ ကျွန်တော့်အိပ်နေသည့် လှေအမိုး ခြေရင်းရင်းနားမှာ လူတစ်ယောက် ငုတ်တုပ်ထိုင်နေသည်။ ကျွန်တော်က ဘာလာလုပ်တာလဲဟု မေးတော့ လှေပေါ်မှာ လူတွေ့လို့ တက်လာတာဟု ပြောပြီး လှေအောက်သို့ ပြန်ဆင်းသွားသည်။ တော်တော်အူကြောင်ကြောင် နိုင်တာပဲဟု ရေရွတ်ကာ ကျွန်တော်ပြန်အိပ်ဖို့ ပြင်လိုက်သည်။

ပြန်အိပ်ကာခါနီးမှာ တစ်ခုစဉ်းစားမိပြန်သည်။ ဒီလူသည်ရွာထဲမှာ တကယ်ရှိရဲ့လား။ ကျွန်တော်တို့ ကြားဖူးထားသည်က….၊ ညပိုင်းတွင်လေမုန်းတိုင်းကြောင့် ရေအတူတူ မျှောသွားသည့် တစ်ရွာတည်းသား နှစ်ယောက်ကို မနက်မိုးလင်းတော့ ပြန်တွေ့ကြသည်ဟုဆိုသည်။ ထိုသို့ အတူတူ လာရင်းနဲ့ တစ်ယောက်က အကြောင်းအမျိုးမျိုးကြောင့် လမ်းမှာ ကျန်ထားရစ်ခဲ့သည်။ ရွာကိုလည်း ပြန်ရောက်တော့ မနက်က ကိုယ့်နဲ့ အတူတူလာသော ရွာသား၏ အလောင်းကို ရွာအနီးတွင် ပြန်တွေ့ရသည်။ ထိုအခါကျမှ မနက်က မိမိနဲ့ အတူလိုက်လာသည်မှာ လူအစစ်မဟုတ်ပဲ ၀ိဥာဉ်သာ ဖြစ်နေသည်ဆိုတာကို သိရသည်။

ထို့အပြင်တလောကလည်း လေဘေးကယ်ဆေးရေး လာသည့်အဖွဲ့ဝင်များကို ရွာခံတစ်ယောက်က လမ်းလိုက်ပြသည် ဟုဆိုသည်။ ရွာနားရောက်ခါနီးရောက်တော့ ပိုက်သွားဖော်မည်ဟုဆိုကာ ထိုရွာခံက နေရစ်ခဲ့သည်။ ရွာထဲရောက်တော့ ထိုရွာခံ အမည်နဲ့ ပုံပန်းသဏ္ဍန်ကို ပြောပြပြီး မေးသည့်အခါတွင် ထိုရွာခံသည် မုန်းတိုင်းတုန်းက သေသွားခဲ့ပြီး သူနေရစ်ခဲ့မည်ဟု ပြောသည့် နေရာအနီးတွင် သဂြိင်္ုလ်ထားသည်ဟု သိလိုက်ရသည်။ ထိုကဲ့သို့သော အလားတူ ဖြစ်ရပ်များကို ပါးစပ်ပုံပြင်လို ကြားနေရသည်က ခဏခဏဖြစ်သည်။

ထို့ကြောင့် ယုခုလှေပေါ်သို့ အူကြောင်ကြောင်နဲ့ တက်လာသည့်လူကရော ………။ ကျွန်တော်ပြန်စဉ်းမိပြီး ကြက်သီးများထလာသည်။ ဒါပေမယ့် လူအစစ်ဖြစ်မှာပါဟု ကိုယ့်ကိုသာ အားတင်းသာ နေရသော်လည်း လူကကြောက်ချင်သလိုလို ဖြစ်လာသည်။ နောက်ဆုံးတော့ သရဲဖြစ်နေတာ့ရော ဘာဖြစ်လဲကွာ လှေပေါ်က သူဆင်းသွားပြီပဲ။ ပြန်တက်လာရင် ဘယ်လိုလုပ်မလဲ။ တက်လာဘာဖြစ်လဲကွာ သူကိုက်ရင် နောက်ဆုံး သေရုံအပြင်ဘာမှ မဖြစ်ပါဘူးဟု စိတ်ကို ပိုင်းဖြတ်ကာ အိပ်ဖို့သာ ကြိုးစားလိုက်မိပါတော့သည်။

* * * * * * *

မနက်က မိုးလင်းသွားပြီ။ မိုးလင်းပြီဆိုသည်နှင့် ကျွန်တော်ရွာထဲသို့ ပြေသွားသည်။ ရွာထဲတွင် လူကြီးများ စုထိုင်ပြီးတစ်စုံတစ်ခုကို တိုင်ပင်နေကြသည်။ ဘာကို တိုင်ပင်နေသည်ကိုတော့ ကျွန်တော် အတိအကျမသိ။ သို့မေမယ့် ကျွန်တော်သတိထားမိသည်က သူတို့ မျက်နှာတွေ မကောင်းကြ။ သူတို့မျက်နှာတွေ ကောင်းတာမကောင်းသာ အသာထား ညကကျွန်တော်တို့ အိပ်နေသည့် လှေပေါ်သို့ တက်လာသည့်လူ ရွာထဲမှာ တကယ်ရှိမရှိ မေးကြည့်မိသည်။ လူပုံပန်းသဏ္ဍန်ကိုလဲ ပြောလိုက်ရော ရွာသားတွေ မျက်နှာ ပျက်သွားပြီး တစ်ချို့လူတွေဆို ပါးစပ်အဟောင်းသား၊ တစ်ချို့လူတွေက မျက်နှာ သွေးဆုတ်သွားကြသည်။

“ အေး …… ငါတို့လဲ အခုအဲဒါကို ပြောနေတာကွ။ သူက လေမုန်းတိုင်းတိုက်တုန်းက သေသွားပြီ ”
“ဗျာ”
“ ဟုတ်တယ်ကွ ညကတွေ့လိုက်တာ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ဒီထဲကလူတွေရောပဲ ”

အဲဒီအချိန်မှာ လေတွေတိုက်လာပြီး အရမ်းချမ်းလာသလိုခံစားရသည်။ ထိုးနောက်မိုးသီးမိုးပေါက်များ ရွာချပါတော့သည်။ ထိုရွာချသော မိုးသည် အမိုးအောက်တွင် ထိုင်နေသော ကျွန်တော့်ကို ဘာကြောင့် စိုရတာလဲဟု စဉ်းစားနေတုန်း …..

“ဟေ့လူထထ။ မိုးရွာပြီ လှေဝမ်းထဲကို ရွှေ့အိပ်ရအောင် ”
မောင်စပ်ဖြဲက နိုးတော့ ကျွန်တော် လူးလှဲထလိုက်သည်။ ထို့နောက် စောင်လေးကို ဆွဲကာလှေဝှမ်းထဲသို့ ဆင်းလာခဲ့လိုက်သည်။ လှေဝမ်းထဲ ရောက်တော့ စောင်လေးကိုခြုံပြီး ကျွန်တော်ကွေးလိုက်သည်။ အခုလိုမိုးအေးအေးမှာ စောင်လေးကို နွေးနွေးထွေးထွေး ခြုံပြီး ကွေးရတာ တော်တော် အရသာရှိသည်။ သင်္ကန်းကြီးရွာမှာ တုန်းကတော့ ထိုလူသည် ရေငန်မုန်တိုင်း ပင်လယ်ထဲတွင် အချိန်တော်တော်ကြာ အသက်လွတ်ရုန်းကူးခတ်ရင်း မျက်စိသွေးကျပြီး မျက်လုံးများ နီရဲနေခြင်းဖြစ်သည်ကို မနက်ရောက်မှ သိလိုက်ရသည်။ သို့ပေမယ့် မနက်မိုးလင်းရင်တော့ ညကလှေပေါ် တက်လာသည့် လူသည်တကယ်ရှိ မရှိဆိုတာကို ရွာထဲတွင်သွားမေးရဦးမည်။




Read More...

Friday, September 26, 2008

ဝါဆိုဝါခေါင် ကင်မရာပေါင်

ကျွန်တော် သတင်းထောက်လုပ်တုန်းက ဓာတ်ပုံဆရာဆိုတဲ့လူတွေကို ကျွန်တော် ပြောဖူးတယ်။ ခင်ဗျားတို့ကတော့ အာရကေ တော်တော်လျှံမှာပဲလို့ ......
အဲဒီတုန်းက အဲဒီဓာတ်ပုံသမားက ညဉ်းတယ်။ ဘယ်ကလာကွာ။ ဒီအချိန်က ဓာတ်ပုံတွေ အလုပ်ဖြစ်တဲ့ရာ သီချိန်မဟုတ်ဘူးကွ။ ၀ါဆိုဝါခေါင် ကင်မရာ ပေါင်တဲ့။ ဓာတ်ပုံ ဆိုတာ သတင်းကျွတ်ပြီးမှ အလုပ်ဖြစ်တာကွတဲ့............

အဲဒီအချိန်တုန်းကတော့ ကျွန်တော် အမှုမဲ့ အမှတ်မဲ့ပါပဲ ..........

ဒီနေ့ မနက်မိုးလင်းလို့ အိပ်ယာထတော့။ ရေချိုးတယ်။ ရေချိုးပြီးတော့ အပြင်သွားဖို့ ယောင်ယမ်းပြီး ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ .... နှစ်ရာတန် အစုတ်လေး နှစ်ရွက်ရယ် တစ်ဆယ်တန် အစုတ်လေး တစ်ရွက်ရယ်။ ဟုတ်တာပဲ ကျွန်တော် ပိုက်ဆံ မရှိတော့ဘူး မေ့နေလိုက်တာ။ လောလောဆယ် ငွေဝင်ဖို့ အပေါက်အလမ်းကလဲ မရှိသေးဘူး။ လက်ရှိ ကျန်နေတဲ့ ငွေလေးရာ့ တစ်ဆယ်က မနက်စာစားဖို့တောင် မလုံလောက်ဘူး။ အဲဒီတော့ ကြံစမ်း လတ်တလော လိုနေတဲ့ အာရကေကို ဘယ်လိုဖြေရှင်းရပါ့ .............

ဘာမှ မခက်ပါဘူး လိုက်ချည်းတာပေါ့။ ဟိုလူ့ဆီ ဖုန်းဆက် ဒီလူ့ဆီဖုန်းဆက်။ နေ့လည် ဆယ့်နာရီ ထိုးသွားပြီ။ ဘယ်သူ့ဆီကမှ ပိုက်ဆံချည်းလို့ မရသေးဘူး။ အဲဒါဆိုရင်တော့ ဘယ်လိုလုပ်ရပါ့။ စဉ်းစားနေတုန်း ရှိသေးတယ် ၂၄ နာရီမှာ တစ်စက္ကန့်မှ မနားရအောင် ဆာလေ့ရှိတဲ့ ကျွန်တော့်ဗိုက်က အသံထွက်လာတယ် ကွီတဲ့........... ။ ဟေ့ကောင် ခဏနေဦး မကွီနဲ့ ဒီမှာ မင့်ဆရာ အကြံထုတ်နေတုန်း။

အင်း........။ အမတွေ ဆီသွားတောင်းရအောင်ကလည်း တောင်းထားတာ မကြာသေးဘူး။ ထပ်သွားတောင်းရင် နင်ပေးထားတာ ရှိလို့လားလို့ မေးနေဦးမယ်။ ပိုက်ဆံလိုက်ချည်းတာလဲ တပြားမှ မရဘူး။ ပိုက်ဆံမရှိလို့ သွားချည်းသွား။ ငါ့မှာ ပိုက်ဆံမရှိဘူးလို့ လူတကာကို လိုက်ပြောနေရသလိုပဲ။ မထူးပါဘူး။ ကျောပိုးအိတ်ထဲက ကင်မရာရယ် မင်းအပေါင်ဆိုင်မှာ ခဏနားပေးတော့။ မဟုတ်ရင် မင့်သခင်က မင့်ကို သွားလေရာ ကျောပိုးအိတ်ထဲ သယ်ပြီး မိုးရွာရွာနေပူပူ လျှောက်သွားနေတာ။ တော်ကြာနေ မိုးရွာချလို့ တုပ်ကွေးမိနေမယ်။ တုပ်ကွေးမမိရအောင် လုံခြုံတဲ့နေရာ အပေါင်ဆိုင်မှာ မင့်ကို ခဏထားခဲ့မယ်ဆိုပြီး ကျွန်တော် အပေါင်ဆိုင် ရှိရာဆီသို့ ချီတက်လို့ သွားပါတော့တယ်။

အပေါင်ဆိုင်ရှေ့ရောက်တော့။ ပြောလို့သာ ပြောရတာ ဟုတ်ဘူး။ ဒီအသက်အရွယ်အထိ အပေါင်ဆိုင်တစ်ခါမှ မရောက်ဖူးဘူးလေ။ ဆိုင်ထဲဝင်ရမှာ ဟိုရှက်တာလိုလို ဒီကြောက်တာလိုလိုနဲ့ မ၀င်ရဲဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အပေါင်ဆိုင်ကို ကျော်ကျော်ပြီး ခေါက်တုန့် ခေါက်ပြန်လျောက်နေမိတယ်။ အဲဒီမှာ တစ်ခုစဉ်းစားမိတာက ...........

ဟေ့ကောင် မင့်ဆံပင်က စုတ်တိစုတ်ဖွား။ အ၀တ်စားကလည်း ပေစုတ်စုတ်နဲ့ အပေါင်ဆိုင်သွားရင် ဘယ်ကခိုးလာတာလဲလို့ မေးလိမ့်မယ်။ မဖြစ်ချိမ့်ဘူး။ နောက်ပြီးတော့ ဘယ်မှာလည်း မှတ်ပုံတင်။ သြော်ဟုတ်ပေသားပဲ ........

အဆောင်ရောက်တော့ ကျွန်တော်ရေချိုးတယ်။ ဘေးအခန်းချင်း ကပ်လျှက်က ကောင်ဆီက မီးပူးငှားပြီး ကျွန်တော့်ဆီမှာ အသန့်ဆုံးဟု ယူဆရတဲ့ အကျီတစ်ထည်ကို မီးပူတိုက်တယ်။ ပြီးတော့ မကြာသေးခင်ကမှ ၀ယ်ထားတဲ့ ဘောင်းဘီရှည်ကို ၀တ်တယ်။ ပြီးတော့ တစ်ခန်းကျော်မှာနေတဲ့ ကောင်ဆီက ခေါင်းလိမ်းဆီကို တောင်းလိမ်းတယ်။ ပြီးတော့ မှန်ထဲမှ ကိုယ့်ကိုယ်ပြန်ကြည့်တယ်။ အိုကေ ငါ့ရုပ်က သူခိုးဂျိပိုးပုံ မပေါက်တော့ဘူး။ ပြီးတော့ အပေါင်ဆိုင်ကို ချီတက်ခဲ့တယ် ...........

အပေါင်ဆိုင်ရှေ့ရောက်တော့ သေချာအောင် ကျွန်တော့်အိပ်ကို စမ်းကြည့်တယ်။ ဘယ်မှာလဲ ကင်မရာ။ ဇစ်တွေနဲ့ ရှုပ်ပွနဲ့ ကျွန်တော့် အိပ်ထဲမှာ တစ်အိပ်ပြီးတစ်အိပ် ဖွင့်ပြီးလိုက်ရှာတယ်။ ကင်မရာကို မတွေ့ဘူး။ သြော်မှတ်မိပြီ အပေါင်ဆိုင်သွားခါနီး ကင်မရာကို နုတ်ဆက်အနမ်းပေးပြီးတော့ အိပ်ထဲ ပြန်မထည့်မိတာကိုး။ ကဲ စိတ်မရှိနဲ့ ကိုယ့်လူ အဆောင်ပေါ် ပြန်တက်ဦး ..........

အပေါင်ဆိုင်ရောက်တော့ ..........
ကင်မရာ အပေါင်မခံဘူးကွာ
ဗျာ ......... ဟုတ်ကဲ့ကဲ့

ဟန်မပျက်နဲ့ ကျွန်တော်ထွက်လာတယ်။ စာဆိုထဲမှာက ၀ါဆို ၀ါခေါင် ကင်မရာပေါင်တဲ့။ အခုကျွန်တော့်အဖြစ်က ကင်မရာတောင် အပေါင်မခံနိုင်ရှာပါလား။ အင်းလေ မထူးတော့ပါဘူး .............။ ထုံးစံအတိုင်းပဲ ပေါ့။

ဘာလုပ်တာလဲ
ကျွန်တော့်အမကမေးတယ်။ သူက အစိုးရ ရုံးတစ်ရုံးမှာ ၀န်ထမ်းလေ
ဘာရယ်မဟုတ်ပါဘူး။ လမ်းကြုံလို့ ၀င်လာတာပါ

အဲဒီလိုနဲ့ စကားလေးဘာလေး ပြော။ ပြန်ခါနီးတော့ ကျွန်တော် မုန့်ဖိုးတောင်းတာ ထောင့်နှစ်ရာပေးလိုက်တယ်။ ထပ်ပေးပါဦးလားလို့ တောင်းဖို့က မကောင်း။ အဲဒီတော့ ငွေထောင့်နှစ်ရာကို လက်ဝယ်ပိုက်ပြီး လေးဖင့်သော ခြေလှမ်းများနဲ့ ကျွန်တော် ရန်ကုန်မြို့ရဲ့ ဒေါင်းတောင်းဟု ခေါ်သော အရပ်ဒေသများကို ဦးတည်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ တွေ့တဲ့ ကောင်ဆီက ပိုက်ဆံ ချည်းပစ်မယ်ပေါ့ဗျာ ..။

မြို့လည်ကောင်ရောက်မှာ သတိရတယ်။ ပုစွန်တောင်က ဂိုလ်ထောင်တစ်ခုမှာ ကျွန်တော်သူငယ်ချင်းရှိတယ်။ သူကတော့ အဲဘား အာရလန်းတယ် လက်စွပ်တစ်ကွင်းကိုလဲ အမြဲစွပ်ထားတယ်။ ငယ်သူငယ်ချင်းဖြစ်တာကြောင့် ဒီကောင်ဆီမှာ ချည်းရင်တော့ သေချာပေါက်ရလိမ့်မယ်။ နောက်ဆုံး မရရင်တောင် လက်စွပ်ပေါင်ခိုင်းမယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီကောင်ဆီကို ဖုန်းဆက်ဖြစ်တယ်။ ဖုန်းထဲမှာတော့ ဟေ့ရောင် မင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲလို့ ဘလိုင်းကြီး မေးလို့ မကောင်းဘူးလေ။ အဲဒါကြောင့် ကျွန်တော်မေးလိုက်တယ်

ဟေ့ကောင် ရှိလား
အေးရှိတယ်
အေးအဲဒါဆို ငါလာခဲ့မယ်
လာခဲ့လေ

အဲဒီလိုဆိုတော့လည်း အိုကေသွားတာပေါ့နော်။
ငွေရေးကြေးရေး အိုကေပြီဆိုတော့လည်း လက်ဝယ်ပိုက်ထားတဲ့ ထောင့်နှစ်ရာကို စီမံခွံခွဲမှ သင့်တော်ရော့မယ်။ ဗိုက်ကလည်း ဆာနေပြီကိုး။ အဲဒါနဲ့ ခေါက်ဆွဲစားတယ်။ ရှစ်ရာ။ လေးရားပိုတယ်။ ကားတောင် မစီးတော့ဘူး နှမျှော့လို့ ဆူးလေးကနေ ပုစွန်တောင် လမ်းလျောက်သွားလိုက်တယ် ...........။

သူ့ဂိုထောင်ရောက်မှ သတိရတယ်။ မေ့နေလိုက်တာ တာမွေဘက်က အိမ်တစ်အိမ်ကို စင်္ကာပူ ဒေါ်လာတစ်ရာ ပေးဖို့ အသိတစ်ယောက်က အကူညီတောင်းထားတာ။ သူ့ပေး ပေးဖို့ ပြောဖထားတဲ့ စင်္ကာပူ ဒေါ်လာတစ်ရာက ကျောပိုအိတ်ထဲမှာ။ သူများပိုက်ဆံကို အကြာကြီး ယူထားလို့ မသင့်ချေဘူး။ အဲဒါကြောင့် သတိရတုန်း သွားပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ပုစွန်တောင်ကနေ ရွေဧည့်သည် ကားစီးသွားရင် သုံးရာ။ အသွားအပြန်ခြောက်ရာ ကျမယ်။ ကျွန်တော့ဆီမှာ ရှိတာ လေးရာ။ မဖြစ်သေးဘူး။ အပြန် လမ်လျှောက်ပြန်နေရမယ်။ အဲဒါကြောင့် အခု ကျွန်တော်နေရာက်နေတဲ့ ပုစွန်တောင် ဂိုလ်ထောင်က သူငယ်ချင်းကိုပါ ခေါ်သွားဖို့ စိတ်ကူးလိုက်တယ်.......။

ကားခလေးတွေပေးကြပါ ......
ပုစွန်တောင်ဈေးရှေ့ရောက်တော့ ရွေဧည့်သည် စပါယ်ယာက ကားခတောင်းပြီး။ ကျွန်တော်က ကျွန်တော်နဲ့ လိုက်လာတဲ့ သူငယ်ချင်းကို ကြည့်တယ်။ သူကလဲ ကျွန်တော့်ကို ပြန်ကြည့်တယ်။ ကျွန်တော့်စိတ်ထဲက ဒီကောင်ကို ကျိန်ဆဲနေမိတယ်။

ခက်ရန်ကော။ ခွေးမသား အလိုက်မသိလိုက်တာ။ ထုတ်ပေးမယ် မရှိဘူး ပေါ့။ စိတ်ထဲက အဲလို ကျိတ်ဆဲနေတာ။ နောက်ဆုံ မထူးတော့ပါဘူး ဆိုပြီ ကျွန်တော်က ပြောလိုက်တယ် .
ဟေ့ရောင် ကားခ ပေးလိုက်လေကွာ ဆိုတော့ ။ မပါဘူး တဲ့.............

ကျွန်တော်က ပြောတာပေါ့။ မင်းပြောတော့ ရှိတယ်ဆိုလို့။ ဟုတ်တယ်လေ ဒီကောင်ပဲ ဖုန်းထဲမှာ ဟေ့ကောင်ရှိလားလို့ မေးတော့ ဒီကောင်က ရှိတယ်လို့ ဖြေခဲ့တာ။

ဟာ....... ။ ရှိတယ်ဆိုတာက မင့်ငါကို ဂိုလ်ထောင်မှာ ရှိလားလို့ မေးတာ မှတ်လို့ကွ ငါက ရှိတယ် လာခဲ့လို့ ပြောလိုက်တာ။ ပိုက်ဆံရှိတယ်လို့ ပြောတာ မဟုတ်ဘူး။

သေလိုက်ပါတော့လား ခွေးသားရယ် .........။

ဘာပဲ ဖြစ်ဖြစ်လေ ဘယ်လောက်ပါလဲပါတာ အကုန်ထုတ်

နှစ်ရာပါတယ်

အေးမင့်နှစ်ရာရယ် ငါ့လေးရာရယ် ပေါင်းရင် ခြောက်ရာ။ ရွေဧည့်သည်က တစ်ယောက်သုံးရာ။ ပေးဖို့ လောက်တယ်ဆိုပြီး ကျွန်တော ရွေဧည့်သည် ကားခကို ပေးလိုက်ရတယ်..........

အခု အသွားကားခတော့ အိုကေ သွားပြီ ...။ အပြန်ကားခ ဘယ်လို လုပ်ကြမလဲ။
ဝါဆို ၀ါခေါင်ဆိုပေမယ့် ကင်မရာက ပေါင်လို့ မထွက်ဘူးကွယ် .........

Read More...

Wednesday, September 24, 2008

အပိုင်းအစ

အဲဒီအပိုင်းအစဟာ ပုံပြင်တစ်ပုဒ်ရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။ အဲဒီအပိုင်းစဟာ ချစ်ခြင်းရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။ အဲဒီအပိုင်းအစဟာ လူတစ်ယောက်ရဲ့ နှလုံးသားရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်

* * * * * *

လမင်းက ပြောတယ် .....

သူဟာ ကမ္ဘာမြေကို အကြိမ်ပေါင်းများစွာ ပတ်ပြီး သူ့ရဲ့ ကြင်ယာဖက်ကို ရှာနေခဲ့ဖူးတယ်တဲ့ ....


သစ်ခြောက်ပင်က ပြောတယ် ........

သူဟာ ကမ္ဘာပေါ်မှာ အမွှေးဆုံးပန်းတစ်ပွင့်ကို ပွင့်ပေးချင်ခဲ့တာတဲ့ .........

ငှက်ကလေးတစ်ကောင် ကတော့ အမြဲတမ်း ပျံသန်းနေတယ် သူဘာမှ မပြောဘူး

* * * * *

တစ်ခါတုန်းက ကမ္ဘာပေါ်မှာ လ တစ်စင်းရယ်။ သစ်ရွက်တစ်ရွက်မှ မကျန်တဲ့ သစ်ခြောက်ပင်ကြီး တစ်ပင်ရယ်။ မရပ်မနား ပျံသန်းနေတဲ့ ငှက်ကလေး တစ်ကောင်ရယ် ရှိကြတယ်။ သူတို့ဟာ တစ်နေရာစီမှာ နေပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း မသိကြဘူးပေါ့။ ဒါပေမယ့် သူတို့မှာ တူညီနေတဲ့အချက်က ရယ်ရွယ်ချက် တစ်ခုတော့ ရှိနေကြတယ် ... ။

* * * *

ငါကမ္ဘာမြေကို ပတ်လာတာ နှစ်တွေ သန်းပေါင်းမြောက်များစွာ ကြာခဲ့ပြီ

သေချာတာကတော့ ဒီကမ္ဘာမြေမှာ ငါ့ရဲ့ကြင်ရာဖက် မတွေ့နိုင်တော့ပါဘူး .....

စိတ်ပျက်အားငယ် ဟန်နဲ့ လမင်းက ငြီးတွားရှာတယ်။


တကယ်တော့ ငါက ကမ္ဘာမြေမှာ အမွှေးဆုံးပန်းလေးတစ်ပွင့် ပွင့်ချင်ခဲ့တာပါ

အခုတော့ ငါ့ကို သင်းသတ်သွားကြလို့ အပွင့်မပြောနဲ့ အရွက်တောင်မရှိတဲ့ဘ၀။ ငါဘ၀က သေဆုံးခဲ့ရပြီးကိုး။

သစ်ပင်က သူ့ရဲ့ ရိုးတန်းကြဲနေတဲ့ အကိုင်းခက်တွေကို ကြည့်ရင်းငိုတယ်..။


ငှက်ကလေးကတော့ ဘာမှ မပြောဘူး ..........

* * * *

တစ်ရက်မှာ လမင်းရယ်။ သစ်ခြောက်ပင်ရယ်။ ငှက်ကလေးရယ် သွားဆုံးမိကြတယ်။ လမင်းကတော့ အရှေ့မှာ ထိန်ထိန်သာလို့၊ သစ်ခြောက်ပင်ကတော့ လရောင်အောက်မှာ မားမားရပ်လို၊ ငှက်ကလေးကတော့ စွန်းထွက်နေတဲ့ သစ်ကိုင်းခြောက်လေးမှာ နားခိုလို့ . . .။ အဲဒီလို သူတို့ တွေ့ဆုံဖြစ်ချိန်မှာ တစ်ယောက်အကြောင်း တစ်ယောက် ပြောဖြစ်ကြတယ်

* * * *

ငါကတော့ ဒီကမ္ဘာကို တတ်နိုင်သလောက် အလင်းရောင်လေး ပေးပြီး နေတော့မယ်။ ငါဆက်ရှာနေလည်း အပိုပဲလေ...

လမင်းကသူ့ရဲ့ နောက်ဆုံး ရည်မှန်းချက်ကို ပြောပြတယ်။

တကယ်တော့ငါက ရိုးရိုး သစ်ပင်မဟုတ်ဘူး။ အနှစ်တစ်ရာမှာ တစ်ပွင့်တည်းပွင့်တဲ့ သစ်မွှေးပင်လေ။ အနှစ်တရာ ပြည့်ခါနီးမှာ ငါ့ကိုလူတွေက သင်းသတ်သွားတယ်။ မကြာခင်မှာပဲ ငါဟာခုတ်လှဲခံရလိမ့်မယ်......

သစ်ပင်က သူ့ရဲ့ အဖြစ်ကို ပြောပြတယ်။

ငှက်ကလေးက ဘာမှ မပြောဘူး ................... ။ သူဆိတ်ဆိတ်ပဲနေတယ်။

* * *

နောက်ဆုံးမှာ သစ်ပင်နဲ့ လမင်းက မရမက အတင်းမေးတော့ ငှက်ကလေးက ဖြေတယ် ....

ငါက ရိုးရိုက် ငှက်မဟုတ်ဘူး။ အောက်ချင်းငှက် .....

အောက်ချင်းငှက်ဆိုတာ တွန်သံကို နားထောင်ပြီး ကြင်ယာဖက်ကို ရွေးချယ်တယ်။ တစ်သက်မှာ တစ်ကောင်ပဲ ပေါင်းတယ်။ အဖိုသေရင် အမလိုက်သေတယ်။ အမသေရင် အဖိုလိုက်သေတယ်။ အခု ငါ့ကြင်ယာဖက်ရဲ့ အသံကို ငါကြားနေရပါပြီ။ ဒါပေမယ့် သူက အချိန်မတန်သေးလို့ပါဆိုပြီး အတွေ့မခံပဲ ပုန်းနေတယ်။ ဒါကြောင့် သူ့ရဲ့ တွန်သံကြားရာ နောက်ကိုလိုက်ပြီး ရှာနေမိခဲ့တာပေါ့.........

* * * *

ငှက်ကလေးရဲ့ စကားသံဆုံးတာနဲ့ ကောင်းကင်က ရုတ်တရက် တိမ်မည်းတွေတက်လာတယ်။ ပြီးတော့ မိုးတွေရွာချပြီး တိမ်မည်းတွေက လမင်းကို ဖုံးကွယ်သွားတယ်။ အဲဒီမိုးရေတွေကြားမှာ လွှဆွဲသံကို ကြားရတယ်။ ခဏကြာတော့ သစ်ခြောက်ပင်ဟာ သစ်ငုတ်တိုဖြစ်သွားတယ်။ ငှက်ကလေးကတော့ မှောင်မည်းနေတဲ့ ကောင်းကင်ထဲကို တိုးဝင် ပျံသန်းသွားလေရဲ့ ........

* * * * *

ပျံသန်းသွားတဲ့ ငှက်ကလေးရဲ့ ရင်ဘတ်ထဲမှာ တစ်ခုခုကို စိုးရိမ်ကြောင့်ကျနေတယ်။ အဲဒါကတော့ သူ့ဘ၀ဟာ လမင်းနဲ့ သစ်ခြောက်ပင်လို အဖြစ်မျိုးကြုံတွေ့ရမှာ သူကြောက်နေတာလေ. .. . .

* * * *

ကိုယ်ပြောတဲ့ ပုံပြင်လေးက ဒီမှာ ပြီးပါပြီ ..........။

ဒါပေမယ့် အဆုံးအထိ မပြီးသေးဘူး။ အခုပြောခဲ့တာက ပုံပြင်တစ်ပုဒ်ရဲ့ ပိုင်းစလေးတစ်ခု။ ကျန်နေတဲ့ လက်ကျန်အပိုင်းစရဲ့ ဇာတ်သိမ်းက ဘယ်လိုသိမ်းမလဲ ဆိုတာ ကိုယ့်ထက် မိန်းကလေးက ပိုသိမှာပါ။

မိန်းကလေးရေ ......

နင်ဆက်ပြောမဲ့ ပုံပြင်ရဲ့ ဇာတ်သိမ်းပိုင်းလေးကို ငါရင်ခုန်စွာနဲ့ စောင့်မျှော်နေမယ်နော်..........

Read More...