Art is My Life: ၀ါဆိုဝါခေါင် ကင်မရာပေါင်

Friday, September 26, 2008

ဝါဆိုဝါခေါင် ကင်မရာပေါင်

ကျွန်တော် သတင်းထောက်လုပ်တုန်းက ဓာတ်ပုံဆရာဆိုတဲ့လူတွေကို ကျွန်တော် ပြောဖူးတယ်။ ခင်ဗျားတို့ကတော့ အာရကေ တော်တော်လျှံမှာပဲလို့ ......
အဲဒီတုန်းက အဲဒီဓာတ်ပုံသမားက ညဉ်းတယ်။ ဘယ်ကလာကွာ။ ဒီအချိန်က ဓာတ်ပုံတွေ အလုပ်ဖြစ်တဲ့ရာ သီချိန်မဟုတ်ဘူးကွ။ ၀ါဆိုဝါခေါင် ကင်မရာ ပေါင်တဲ့။ ဓာတ်ပုံ ဆိုတာ သတင်းကျွတ်ပြီးမှ အလုပ်ဖြစ်တာကွတဲ့............

အဲဒီအချိန်တုန်းကတော့ ကျွန်တော် အမှုမဲ့ အမှတ်မဲ့ပါပဲ ..........

ဒီနေ့ မနက်မိုးလင်းလို့ အိပ်ယာထတော့။ ရေချိုးတယ်။ ရေချိုးပြီးတော့ အပြင်သွားဖို့ ယောင်ယမ်းပြီး ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ .... နှစ်ရာတန် အစုတ်လေး နှစ်ရွက်ရယ် တစ်ဆယ်တန် အစုတ်လေး တစ်ရွက်ရယ်။ ဟုတ်တာပဲ ကျွန်တော် ပိုက်ဆံ မရှိတော့ဘူး မေ့နေလိုက်တာ။ လောလောဆယ် ငွေဝင်ဖို့ အပေါက်အလမ်းကလဲ မရှိသေးဘူး။ လက်ရှိ ကျန်နေတဲ့ ငွေလေးရာ့ တစ်ဆယ်က မနက်စာစားဖို့တောင် မလုံလောက်ဘူး။ အဲဒီတော့ ကြံစမ်း လတ်တလော လိုနေတဲ့ အာရကေကို ဘယ်လိုဖြေရှင်းရပါ့ .............

ဘာမှ မခက်ပါဘူး လိုက်ချည်းတာပေါ့။ ဟိုလူ့ဆီ ဖုန်းဆက် ဒီလူ့ဆီဖုန်းဆက်။ နေ့လည် ဆယ့်နာရီ ထိုးသွားပြီ။ ဘယ်သူ့ဆီကမှ ပိုက်ဆံချည်းလို့ မရသေးဘူး။ အဲဒါဆိုရင်တော့ ဘယ်လိုလုပ်ရပါ့။ စဉ်းစားနေတုန်း ရှိသေးတယ် ၂၄ နာရီမှာ တစ်စက္ကန့်မှ မနားရအောင် ဆာလေ့ရှိတဲ့ ကျွန်တော့်ဗိုက်က အသံထွက်လာတယ် ကွီတဲ့........... ။ ဟေ့ကောင် ခဏနေဦး မကွီနဲ့ ဒီမှာ မင့်ဆရာ အကြံထုတ်နေတုန်း။

အင်း........။ အမတွေ ဆီသွားတောင်းရအောင်ကလည်း တောင်းထားတာ မကြာသေးဘူး။ ထပ်သွားတောင်းရင် နင်ပေးထားတာ ရှိလို့လားလို့ မေးနေဦးမယ်။ ပိုက်ဆံလိုက်ချည်းတာလဲ တပြားမှ မရဘူး။ ပိုက်ဆံမရှိလို့ သွားချည်းသွား။ ငါ့မှာ ပိုက်ဆံမရှိဘူးလို့ လူတကာကို လိုက်ပြောနေရသလိုပဲ။ မထူးပါဘူး။ ကျောပိုးအိတ်ထဲက ကင်မရာရယ် မင်းအပေါင်ဆိုင်မှာ ခဏနားပေးတော့။ မဟုတ်ရင် မင့်သခင်က မင့်ကို သွားလေရာ ကျောပိုးအိတ်ထဲ သယ်ပြီး မိုးရွာရွာနေပူပူ လျှောက်သွားနေတာ။ တော်ကြာနေ မိုးရွာချလို့ တုပ်ကွေးမိနေမယ်။ တုပ်ကွေးမမိရအောင် လုံခြုံတဲ့နေရာ အပေါင်ဆိုင်မှာ မင့်ကို ခဏထားခဲ့မယ်ဆိုပြီး ကျွန်တော် အပေါင်ဆိုင် ရှိရာဆီသို့ ချီတက်လို့ သွားပါတော့တယ်။

အပေါင်ဆိုင်ရှေ့ရောက်တော့။ ပြောလို့သာ ပြောရတာ ဟုတ်ဘူး။ ဒီအသက်အရွယ်အထိ အပေါင်ဆိုင်တစ်ခါမှ မရောက်ဖူးဘူးလေ။ ဆိုင်ထဲဝင်ရမှာ ဟိုရှက်တာလိုလို ဒီကြောက်တာလိုလိုနဲ့ မ၀င်ရဲဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အပေါင်ဆိုင်ကို ကျော်ကျော်ပြီး ခေါက်တုန့် ခေါက်ပြန်လျောက်နေမိတယ်။ အဲဒီမှာ တစ်ခုစဉ်းစားမိတာက ...........

ဟေ့ကောင် မင့်ဆံပင်က စုတ်တိစုတ်ဖွား။ အ၀တ်စားကလည်း ပေစုတ်စုတ်နဲ့ အပေါင်ဆိုင်သွားရင် ဘယ်ကခိုးလာတာလဲလို့ မေးလိမ့်မယ်။ မဖြစ်ချိမ့်ဘူး။ နောက်ပြီးတော့ ဘယ်မှာလည်း မှတ်ပုံတင်။ သြော်ဟုတ်ပေသားပဲ ........

အဆောင်ရောက်တော့ ကျွန်တော်ရေချိုးတယ်။ ဘေးအခန်းချင်း ကပ်လျှက်က ကောင်ဆီက မီးပူးငှားပြီး ကျွန်တော့်ဆီမှာ အသန့်ဆုံးဟု ယူဆရတဲ့ အကျီတစ်ထည်ကို မီးပူတိုက်တယ်။ ပြီးတော့ မကြာသေးခင်ကမှ ၀ယ်ထားတဲ့ ဘောင်းဘီရှည်ကို ၀တ်တယ်။ ပြီးတော့ တစ်ခန်းကျော်မှာနေတဲ့ ကောင်ဆီက ခေါင်းလိမ်းဆီကို တောင်းလိမ်းတယ်။ ပြီးတော့ မှန်ထဲမှ ကိုယ့်ကိုယ်ပြန်ကြည့်တယ်။ အိုကေ ငါ့ရုပ်က သူခိုးဂျိပိုးပုံ မပေါက်တော့ဘူး။ ပြီးတော့ အပေါင်ဆိုင်ကို ချီတက်ခဲ့တယ် ...........

အပေါင်ဆိုင်ရှေ့ရောက်တော့ သေချာအောင် ကျွန်တော့်အိပ်ကို စမ်းကြည့်တယ်။ ဘယ်မှာလဲ ကင်မရာ။ ဇစ်တွေနဲ့ ရှုပ်ပွနဲ့ ကျွန်တော့် အိပ်ထဲမှာ တစ်အိပ်ပြီးတစ်အိပ် ဖွင့်ပြီးလိုက်ရှာတယ်။ ကင်မရာကို မတွေ့ဘူး။ သြော်မှတ်မိပြီ အပေါင်ဆိုင်သွားခါနီး ကင်မရာကို နုတ်ဆက်အနမ်းပေးပြီးတော့ အိပ်ထဲ ပြန်မထည့်မိတာကိုး။ ကဲ စိတ်မရှိနဲ့ ကိုယ့်လူ အဆောင်ပေါ် ပြန်တက်ဦး ..........

အပေါင်ဆိုင်ရောက်တော့ ..........
ကင်မရာ အပေါင်မခံဘူးကွာ
ဗျာ ......... ဟုတ်ကဲ့ကဲ့

ဟန်မပျက်နဲ့ ကျွန်တော်ထွက်လာတယ်။ စာဆိုထဲမှာက ၀ါဆို ၀ါခေါင် ကင်မရာပေါင်တဲ့။ အခုကျွန်တော့်အဖြစ်က ကင်မရာတောင် အပေါင်မခံနိုင်ရှာပါလား။ အင်းလေ မထူးတော့ပါဘူး .............။ ထုံးစံအတိုင်းပဲ ပေါ့။

ဘာလုပ်တာလဲ
ကျွန်တော့်အမကမေးတယ်။ သူက အစိုးရ ရုံးတစ်ရုံးမှာ ၀န်ထမ်းလေ
ဘာရယ်မဟုတ်ပါဘူး။ လမ်းကြုံလို့ ၀င်လာတာပါ

အဲဒီလိုနဲ့ စကားလေးဘာလေး ပြော။ ပြန်ခါနီးတော့ ကျွန်တော် မုန့်ဖိုးတောင်းတာ ထောင့်နှစ်ရာပေးလိုက်တယ်။ ထပ်ပေးပါဦးလားလို့ တောင်းဖို့က မကောင်း။ အဲဒီတော့ ငွေထောင့်နှစ်ရာကို လက်ဝယ်ပိုက်ပြီး လေးဖင့်သော ခြေလှမ်းများနဲ့ ကျွန်တော် ရန်ကုန်မြို့ရဲ့ ဒေါင်းတောင်းဟု ခေါ်သော အရပ်ဒေသများကို ဦးတည်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ တွေ့တဲ့ ကောင်ဆီက ပိုက်ဆံ ချည်းပစ်မယ်ပေါ့ဗျာ ..။

မြို့လည်ကောင်ရောက်မှာ သတိရတယ်။ ပုစွန်တောင်က ဂိုလ်ထောင်တစ်ခုမှာ ကျွန်တော်သူငယ်ချင်းရှိတယ်။ သူကတော့ အဲဘား အာရလန်းတယ် လက်စွပ်တစ်ကွင်းကိုလဲ အမြဲစွပ်ထားတယ်။ ငယ်သူငယ်ချင်းဖြစ်တာကြောင့် ဒီကောင်ဆီမှာ ချည်းရင်တော့ သေချာပေါက်ရလိမ့်မယ်။ နောက်ဆုံး မရရင်တောင် လက်စွပ်ပေါင်ခိုင်းမယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီကောင်ဆီကို ဖုန်းဆက်ဖြစ်တယ်။ ဖုန်းထဲမှာတော့ ဟေ့ရောင် မင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲလို့ ဘလိုင်းကြီး မေးလို့ မကောင်းဘူးလေ။ အဲဒါကြောင့် ကျွန်တော်မေးလိုက်တယ်

ဟေ့ကောင် ရှိလား
အေးရှိတယ်
အေးအဲဒါဆို ငါလာခဲ့မယ်
လာခဲ့လေ

အဲဒီလိုဆိုတော့လည်း အိုကေသွားတာပေါ့နော်။
ငွေရေးကြေးရေး အိုကေပြီဆိုတော့လည်း လက်ဝယ်ပိုက်ထားတဲ့ ထောင့်နှစ်ရာကို စီမံခွံခွဲမှ သင့်တော်ရော့မယ်။ ဗိုက်ကလည်း ဆာနေပြီကိုး။ အဲဒါနဲ့ ခေါက်ဆွဲစားတယ်။ ရှစ်ရာ။ လေးရားပိုတယ်။ ကားတောင် မစီးတော့ဘူး နှမျှော့လို့ ဆူးလေးကနေ ပုစွန်တောင် လမ်းလျောက်သွားလိုက်တယ် ...........။

သူ့ဂိုထောင်ရောက်မှ သတိရတယ်။ မေ့နေလိုက်တာ တာမွေဘက်က အိမ်တစ်အိမ်ကို စင်္ကာပူ ဒေါ်လာတစ်ရာ ပေးဖို့ အသိတစ်ယောက်က အကူညီတောင်းထားတာ။ သူ့ပေး ပေးဖို့ ပြောဖထားတဲ့ စင်္ကာပူ ဒေါ်လာတစ်ရာက ကျောပိုအိတ်ထဲမှာ။ သူများပိုက်ဆံကို အကြာကြီး ယူထားလို့ မသင့်ချေဘူး။ အဲဒါကြောင့် သတိရတုန်း သွားပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ပုစွန်တောင်ကနေ ရွေဧည့်သည် ကားစီးသွားရင် သုံးရာ။ အသွားအပြန်ခြောက်ရာ ကျမယ်။ ကျွန်တော့ဆီမှာ ရှိတာ လေးရာ။ မဖြစ်သေးဘူး။ အပြန် လမ်လျှောက်ပြန်နေရမယ်။ အဲဒါကြောင့် အခု ကျွန်တော်နေရာက်နေတဲ့ ပုစွန်တောင် ဂိုလ်ထောင်က သူငယ်ချင်းကိုပါ ခေါ်သွားဖို့ စိတ်ကူးလိုက်တယ်.......။

ကားခလေးတွေပေးကြပါ ......
ပုစွန်တောင်ဈေးရှေ့ရောက်တော့ ရွေဧည့်သည် စပါယ်ယာက ကားခတောင်းပြီး။ ကျွန်တော်က ကျွန်တော်နဲ့ လိုက်လာတဲ့ သူငယ်ချင်းကို ကြည့်တယ်။ သူကလဲ ကျွန်တော့်ကို ပြန်ကြည့်တယ်။ ကျွန်တော့်စိတ်ထဲက ဒီကောင်ကို ကျိန်ဆဲနေမိတယ်။

ခက်ရန်ကော။ ခွေးမသား အလိုက်မသိလိုက်တာ။ ထုတ်ပေးမယ် မရှိဘူး ပေါ့။ စိတ်ထဲက အဲလို ကျိတ်ဆဲနေတာ။ နောက်ဆုံ မထူးတော့ပါဘူး ဆိုပြီ ကျွန်တော်က ပြောလိုက်တယ် .
ဟေ့ရောင် ကားခ ပေးလိုက်လေကွာ ဆိုတော့ ။ မပါဘူး တဲ့.............

ကျွန်တော်က ပြောတာပေါ့။ မင်းပြောတော့ ရှိတယ်ဆိုလို့။ ဟုတ်တယ်လေ ဒီကောင်ပဲ ဖုန်းထဲမှာ ဟေ့ကောင်ရှိလားလို့ မေးတော့ ဒီကောင်က ရှိတယ်လို့ ဖြေခဲ့တာ။

ဟာ....... ။ ရှိတယ်ဆိုတာက မင့်ငါကို ဂိုလ်ထောင်မှာ ရှိလားလို့ မေးတာ မှတ်လို့ကွ ငါက ရှိတယ် လာခဲ့လို့ ပြောလိုက်တာ။ ပိုက်ဆံရှိတယ်လို့ ပြောတာ မဟုတ်ဘူး။

သေလိုက်ပါတော့လား ခွေးသားရယ် .........။

ဘာပဲ ဖြစ်ဖြစ်လေ ဘယ်လောက်ပါလဲပါတာ အကုန်ထုတ်

နှစ်ရာပါတယ်

အေးမင့်နှစ်ရာရယ် ငါ့လေးရာရယ် ပေါင်းရင် ခြောက်ရာ။ ရွေဧည့်သည်က တစ်ယောက်သုံးရာ။ ပေးဖို့ လောက်တယ်ဆိုပြီး ကျွန်တော ရွေဧည့်သည် ကားခကို ပေးလိုက်ရတယ်..........

အခု အသွားကားခတော့ အိုကေ သွားပြီ ...။ အပြန်ကားခ ဘယ်လို လုပ်ကြမလဲ။
ဝါဆို ၀ါခေါင်ဆိုပေမယ့် ကင်မရာက ပေါင်လို့ မထွက်ဘူးကွယ် .........

3 comments:

Hay Mar said...

အဲဒီ ကင်မရာ တို့ ဆီယူလာခဲ့လေ။ အပေါင်ခံလိုက်မယ်။ တော်သလင်းလ ဆိုရင်ပြန်ရွေးရ
မယ်။ သဘောတူလား။

mm thinker said...

မင်းလာလည်တုန်းက တို့တွေ ဘိုင်ပြတ်တာ သွားသတိရသေးတယ်။

သင်ကာ

Hteink Min said...

ဟားဟား မလွယ်ပါလားဗျ.. ကင်မရာပေါင်ချင်တာတောင် ပေါင်မရဘူးလားး)