Art is My Life

Sunday, April 01, 2007

အိမ်မက် ၁

ကောင်မလေးရေ နင်နဲ့ငါမတွေ့ ဖြစ်ကြတာ ဒီနေ့ဆိုရင် ငါးလတောင်ကြာခဲ့ပြီ။ မှတ်မှတ်ရရ တဆောင်မုန်း လပြည့်နေ့ နင်တို့လမ်းထဲမှာ တွေ့ပြီးကတည်းက နောက်ထပ် မတွေ့ ဖြစ်ကြတော့ဘူးနော်။ အဲဒီနေ့က နင့်ငါ့ကို ရှပ်တစ်ဘူး ၀ယ်တိုက်တယ်။ နင်တို့ လမ်းထိပ်က ကုန်စုံဆိုင်လေးမှာလေ။ ငါမသောက်ဘူးလို့ ပြောတော့ ကလေးကျွေးတာကို လူကြီးဆိုတာ စားရတယ်လို့ နင်ပြောခဲ့တာလေ။ နင်နဲ့ငါ စကားတောင် အသေချာ မပြောရသေးဘူး အမေပြန်လာတော့မှာ မို့လို့သွားလိုက်ပါ ဦးမယ်တဲ့။ လူကြီးကို ဦးစားပေးတဲ့ အနေနဲ့ အရင်သွားပါတဲ့။ ငါထွက်လာခဲ့တော့ ၀ထ္တုဇာတ်လမ်းထဲမှာလို နင်ငါ့ကြောပြင်ကို ငေးနေမလားလို့ ..........။
ဒီနေ့ ငါကျောင်း သွားတက်တယ်။ ငါတို့လမ်းထဲက သင်တန်းပေါ့။ ကျောင်းရောက်တော့ ငါနည်းနည်းနောက်ကျ နေပြီ။ စာသင်ခန်း ထဲရောက်တော့ ဆရာစာသင်နေပြီ။ ငါလဲစာအုပ်လေးဖွင့်ပြီး ဆရာသင်တာကို လိုက်မှတ်တယ်။ အဲဒီမှာ ဆရာက ဒီနေ့မှလာတဲ့ ကျောင်းသူသစ် လိုက်နိုင်ရဲ့လား မလိုက်နိုင်ရင် ဒီထက်နှိမ့်တဲ့ အတန်းမှာ လာတက်လို့ရတယ်တဲ့။ ဆရာပြောတဲ့ ကျောင်းသူသစ်ကို ငါကြည့်လိုက်တယ်။ ငါ့မျက်လုံးတွေကို မယုံနိုင်ဘူး။ အဲဒီကျောင်းသူသစ်က အနောက်ကကြည့်ရင် နင်နဲ့တော်တော်ကို တူတာပဲ။ ငါ ဆရာစာသင်တာကို စိတ်မပါတော့ဘူး။ အဲဒီကျောင်းသူကိုပဲ ကြည့်နေတယ်။ ငါကြည့်နေတုန်းမှာ အဲဒီကျောင်းသူက ဘေးကိုလှဲ့လိုက်တယ်။ ငါအသက်ရူမှားသွားတယ်။ နင်နဲ့တော်တော်ကို တူတာပဲ။ ဘယ်ဘက်နားရွက်ကို ကြည့်လိုက်တော့ နားသုံးပေါက်ဖောက်ထားတယ်။
ဟင်......... ငါအံ့သြသွားတယ် နင်နဲ့တူတာ မဟုတ်ဘူး ကောင်မလေး နင်ကိုတိုင်ရောက် နေတာပါလား။ ဘုရားဘုရား။ ငါပျော်သွားတယ် ကောင်မလေးရယ်။ ဒါပေမယ့် ငါ့ပျော်ရွင်မှုတွေ ကြာရှည်မခံပါဘူး။ ဒီကျောင်းမှာ ငါ တက်နေတာ ကို နင်မသိလို့ လာတက်တာပဲဖြစ် မယ်။ ငါဒီမှာ ရှိနေမှန်း နင်သိသွားရင် နင်နောက်ရက်ကို လာတော့မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ ဒီတစ်ကြိမ်မှာ အခွင့်ရေးတစ်ခုအနေနဲ့ နင်ငါ့ကို ဘာ အကြောင်းပြချက် မှ မပေးပဲ ဘာကြောင့်အဆက်သွယ် ဖြတ်ချင်နေရတာလဲ ဆိုတာကိုတော့ မေးခွင့်ရတာပေါ့။ ကောင်မလေးရယ် ရှောင်မပြေးပါနဲ့ ငါမေးတဲ့ မေးခွန်းလေးကို တော့ဖြစ်ပါ။
အရင်က ဒီကျောင်းကို တစ်ချိန်မှာ တစ်နာခွဲပဲ သင်လို့ တက်ရတာ မတန်ဘူးလို့ တောင်ထင်မိတယ်။ ဒီနေ့တော့ အဲဒီတစ်နာရီခွဲကို ငါ့အသက် နှစ်ဆယ့်နှစ်နှစ် နေခဲ့ရချိန်ထက် တောင်ပိုကြာနေသလားလို့။ ဆရာကလည်း ဒီနေ့မှ လေကြောရှည်နေတယ်။ ကျောင်းကတော်တော်နဲ့ မဆင်းနိုင်ဘူး။ ရယ်စရာတွေ ပြောနဲ့ ဆရာကြောင့် တစ်တန်းလုံး တ၀ါးဝါး တဟားဟား ရယ်နေချိန်မှာတော့ ငါ့ရင်ထဲမှာ ကမ္ဘာပြိုလို့ ခံစားချက်တွေ ထွက်ပြေးနေကြပြီ။ ကျောင်းရယ် မြန်မြန်ဆင်းပါတော့။
ကျောင်းဆင်းတာနဲ့ နင်ထိုင်နေတဲ့ ခုန်ကိုသွားပြီး ခံစားချက်တွေကို ဖောက်ခွဲပစ်မယ်လို့ ကျိန်းထားပေမဲ့ တကယ် ကျောင်းဆင်းချိန် ရောက်တော့ ငါ့ခြေထောက်တွေ ဆွံ့အနေတယ်။ နင်ကို စကားပြောဖို့ ငါမှာ သတ္တိနဲ့ ခွန်အား မရှိတော့ပါလား။ ဒါပေမယ့် ငါထိုင်နေတဲ့ ခုံဆီကို ဦးတည်ပြီး နင် လျှောက်လာတယ်။ ငါ့အရှေ့ကိုရောက်တော့ နင်ရပ်ပြီး ငါ့ကို ကြည့်နေတယ်။ ငါလဲထိုင်ရကနေ ရပ်လိုက်တယ်။ အရင်က ပစ်ကွင်းကို ရောက်တာနဲ့က တရစပ် ပစ်ဖို့ ချွန်ထားတဲ့ ငါ့စကားလုံးတွေ အအေးပတ်ကုန်ကြပြီ။ ငါ့နားထဲမှာ ငါ့အသိစိတ်ထဲမှာ ငါ့နှလုံသားတွေ ခုန်နေကြပါလား ဆိုတာကလွဲရင် ကျန်တာ ဘာမှ မသိတော့ဘူး။
နင်ကစမေးတယ် နေကောင်းလားတဲ့။ ဒီစကားလုံးက နင့်ရဲ့ ကိုယ်ပိုင်စကားလုံး ဖုန်းထဲမှာ တွေ့တွေ့ ဂျီတော့မှာ တွေ့တွေ့ အပြင်မှာ တွေ့တွေ့ တွေ့ချင်တဲ့နေရာမှာတွေ့ အရင်ဆုံးစပြောလေ့ရှိတာ က ဒီစကားလုံးပဲလေ။
ကောင်းပါတယ်။ ကျောင်းလာတက်တာလား
ငါအဲလိုမေးလိုက်တော့ ခေါင်းခါပြတယ်။ ဒါဆိုဘာလုပ်လုပ်တာလဲ လို့မေးတော့။ အစ်ကို လာတွေ့တာတဲ့။ ဘုရားရား ငါ့နားထဲက ဆော့ဝဲတွေ ဗိုင်းရပ် ၀င်ကိုက်သွားပြီလား။ ဟက်ဒစ်ဆီကို ဒေတာ အမှားတွေပို့နေတယ်။
အစ်ကိုနားကြားမမှား ပါဘူး ညီမ အစ်ကိုကို တွေ့ချင်လို့ ဒီကျောင်းကိုလာတာပါ။
ငါဒီမှာ တက်နေတာ ဘယ်လိုသိတာလဲ လို့မေးတော့ ဒီလိုပါပဲတဲ့။ ငါဝမ်းသာသွားတယ် ကောင်မလေး။ နင်နဲ့ငါဒီလိုဆိုရင် အမြဲတွေ့လို့ ရပြီပေါ့။ အေးပါ အရင်ကဘာကြောင့်ပဲ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ ငါမေ့လို့ရပါတယ်။ ငါ့အရှေ့မှာ နင်တစ်ယေက်လုံရှိနေပြီပဲ။ မနက်ဖြန် စောစော လာလေ လို့ငါက ပြောတော့ နင်ခေါင်းခါပြတယ်။ ဘာဖြစ်လို့လဲ လို့မေးတော့ ။ မလာတော့ဘူးတဲ့။
နောက်ရက်တွေရော ..............
နောက်ထပ် ဘယ်တော့မှာ လာဖြစ်တော့မှာ မဟုတ်ဘူး အစ်ကိုနဲ့ လဲတွေ့ဖြစ်ကြတော့မှာ မဟုတ်ဘူး
ဘာဖြစ်လို့လဲ
တစ်နေ့တော့ အလိုလိုသိလာမှာပါ
ကောင်မလေး နင်က ဘာလဲဟာ ဒူးထောက်ပြီး ခေါင်းငုံ့နေတဲ့ လူကို ခေါင်းပေါ်တက် နင်းချင်တာလား။ ရပါတယ်။ နင်းပါ။ ငါဘ၀ တစ်ခုလုံးကို နင့်ကိုပေးဖို့ ဆုံးဖြတ်ပြီးပြီပဲ။ ငါအဲလို ပြောလိုက်တော့ နင်တည်တည် ငြိမ်ငြိမ်ပဲ။
အစ်ကိုကို ပေးစရာရှိလို့
ဆိုပြီး ငါ့ကို ဂျူးရေးတဲ့ ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဆိုတဲ့ စာအုပ်ကို နင်ကပေးတယ်။ ငါက အပိုင်ပေး တာလားလို့ မေးတော့ မဟုတ်ဘူး
ညီမလဲ သူများဆီက ငှားလာတာ ပြန်ယူမှာတဲ့။
နင်ပြောတော့ မတွေ့တော့ ဘူးဆို
အိမ်က ကောင်မလေး တစ်ယောက်ယောက် ကိုလွတ်လိုက်မယ်။ အဲဒီအချိန်မှာ ဆရာက ငါ့ကို ခေါ်လို့ လည့်ကြည့်လိုက်တယ်။ သူ့အကောင်ကား ပြန်ယူလာဦးတဲ့ ။ ဟုတ်ကဲ့လို့ ပြောပြီး ပြန်လည့်လိုက်တော့ ငါ့အရှေ့မှာ နင်မရှိတော့ဘူး။ ငါလှေကား အတိုင်း နင်နာမည်ကို အော်ခေါ်ပြီး ပြေးလိုက်ခဲ့တယ်။ လှေကားရင်း ရောက်တော့ အဖြူရောင် မှတ်တူး ကားလေး တစ်စီး စက်နိုးပြီး ထွက်ဖို့ အရှိန်ယူနေတယ်။ ငါပြေးသွား ပြီး အရှေ့က ရပ်လိုက်တယ်။ ငါ့ပါးစပ် ကလဲ အော်နေတယ် ကျေးဇူးပြုပြီး မသွားပါနဲ့။
နင်က ကားနောက်ခန်းမှာ ငါ့ကို မြင်ပုံ မရဘူး။ ကားမောင်းတဲ့ အော်တာ လိုလို ဟစ်ဟော့လိုလို ၀တ်စား ထားတဲ့ ကောင်က။ ဟိတ်ကောင် အရူး ကားထွက်တော့မယ် ဖယ် သေချင်တားလားတဲ့။ ငါလည်းဖယ်မပေး တိုက်ချင်လဲတိုက်လိုက်ပေါ့။ ဖြစ်သမျှကို ငါခံရဲတယ်။ ကားက နောက်ကို နည်းနည်း ဆုတ်သွားတယ်။ ပြီတော့ အရှိန်ယူ ပြီးငါ့တည့်တည့် ဆီကို မောင်းလာတယ်။ ငါရပ်ကြည့်နေတယ်။ ရပ်ကြည့်နေတုန်းမှာ ကားကငါနဲ့ လက်တစ်ကမ်းမှာ ရောက်နေပြီ။ နေထိုးတဲ့ အရောင်က ကားလေကာမှန်ကို ကျနေတယ်။ အဲဒီရောင်က လက်ပြီး ငါ့မျက်စိကို စူးတော့ ငါမျက်စိမှိတ် လိုက်တယ်။ နားထဲမှာ ကားမောင်းသံ လူးအော်သံတွေကြားနေရတယ်။ မျက်စိပြန်ဖွင့် လိုက်တော့ အ၀ါရောင် အင်္ကျီလေးမှာ အနီရောင်သွေး တွေစွန်းသွားတယ်။ နင့်အလှတွေကို ခံစားတဲ့ မျက်လုံးက အပြာရောင်တွေ သန်းနေတယ်။ နှလုံးသား တစ်ခုက သွေးအိုင်ထဲမှာ လူးနေတယ်။ အဲဒီနေ့က အဖြူရောင် ဆေးဆိုးထားတဲ့ ကားက အနီရောင် နှလုံသား တစ်လုံသား တစ်ခုကို နင်းဖြတ်ပြီးပြီ အမည်းရောင် ကတ္တရာ လမ်းအတိုင်း မောင်းနှင်သွားလေရဲ့။

Read More...

Wednesday, March 28, 2007

အော်သံ

ညနေ အလုပ် ဆင်းပြီ ဆိုတာနဲ့ အင်တာနက်ပေါ် တက်ဖြစ် ပါတယ်။ အင်တာနက်ပေါ် ရောက်တာနဲ့ ဖိုရမ်မှာ ဘယ်သူတွေ ၀င်ရေး သွားသေးလဲ။ ငါ့ကို ဘယ်သူတွေ မေးလ်ပို့ထားသလဲ။ ဂျီတော့ခ်မှာ ဘယ်သူတွေ ရှိနေသလဲ။ အစရှိသဖြင့် သိချင် စိတ်ပေါင်း များစွာဖြင့် တစ်ခုပြီး တစ်ခု ဖွင့်ဖြစ်ပါတယ်။ အဲလိုဖွင့်နေတုန်း ဂျီတော့ခ်မှာ ကိုရန်အောင်ကြီးကို တွေ့လိုက် ပါရော။ အိုကေ ဒီလူနဲ့ တော်ကီ ပွားရမယ်ဆိုပြီး ကလစ်ခေါက် လိုက်ပါတယ်။ ကျွန်တော်လုပ်နေတာကို ဘယ်အချိန် ကတည်းက ချောင်းကြည့် နေသလဲ မသိဘူး။ ကလစ် ခေါက်လိုက် တာနဲ့ အော်သံကြီး တစ်ခု ထွက်လာတယ်။ တီတီတဲ့။ အဲဒီအသံကို ကျွန်တော် အမုန်းဆုံးပဲ ယူပီအက်စ်ကအော်တဲ့အသံ။ သြော် လူဖြစ်ရတဲ့ ဒုက္ခ။

မဖြစ်ခြိမ့်ဘူး လုပ်စရာလေးတွေ ရှိသေးတယ်။ မီးဆိုတာက ဘယ်အချိန် ပြန်လာမယ်ဆိုတာ အီးပီစီက လူတွေတောင်မှ အသေချာမသိတာ။ ကျွန်တော်လို ခပ်ညံ့ညံ့ဘလော့ဂ်ကာ တစ်ကောင်က ဘယ်လို ခန့်မှန်း နိုင်မှာလဲ။ ဆိုက်ဘာကဖေးကို ပြေးလေမှ။ ဆိုင်ဘာကဖေး ရောက်တော့ မီစက်သံတွေက ဆူညံလို့။ လားလား အပြိုင်အဆိုင်ချက်နေကြတာတွေ အင်တိုက်အားတိုက်ပဲ။ ကျွန်တော် ပြုံးလိုက်မိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါတို့လဲ ဒီလိုပါပဲ :P။

ဆိုင်ကလူက ကွန်ပျူတာ လာဖွင့်ပေးတယ်။ မီးပျက် နေလို့ တစ်နာရီ ခြောက်ရာတဲ့ ပြောသွား လိုက်သေးတယ်။ မြန်မာပြည်မှာ သိတော်မူကြတဲ့ အတိုင်း အင်တာနက် ကွန်နက်ရှင်ကတော့ စပါယ်ရှယ်ပဲ။ ဂူဂဲလ်မေးလ် စာမျက်နှာကို ခေါ်နေတာနဲ့တင် ၁၅ မိနစ်ကြာ သွားပြီ။ လုံးဝကို မသုံးရသေးဘူးနော်။ ကျွန်တော့်ရဲ့ ၁၅ မိနစ်စာကတော့ အလားကားကုန် သွားပြီ။ အဲဒီ အချိန်မှာ မီးက ပြန်လာ ပါတယ်။ တော်ပြီ ပြန်တော့မယ်ပေါ့။ ကုန်သွားတဲ့ ၁၅ မိနှစ်စာက ဘယ်လောက်တန် လဲလို့သိချင်တာနဲ့ ကဖေးဇီးဆော့ဖ်ဝဲလေးကို မေးကြည့်လိုက်ပါတယ်။ ၃၀၀ ကျပ်တဲ့။ ဟိုက်ရှားပါး အခုမှသတိရတယ် ပိုက်ဆံ ပါလာဘူးဗျ။ သွားပါပြီ။

ကောင်တာမှာထိုင်နေတဲ့ ကောင်မလေးကို လှမ်းရှိုးလိုက်တော့ ချောချောလေး။ ငါကတော့ သောက်ရှက် ကွဲတော့မှာပဲ။ အရှက်ကတော့ အကွဲမခံဘူးဗျို့။ ဂျီတော့ခ်ပွင့်လာအောင်စောင့်ပြီး အွန်လိုင်းကသူငယ်ချင်း တွေကို အကူညီ လှမ်းတောင်းတော့မယ်။ အရေးထဲမှာ ဂျီတော့ခ်က ဖွင့်မရဘူး။ ကဖေးဇီးကို ကြည့်လိုက်တော့ ၄၅၀။ အကျိုးကတော့ နည်းတော့မှာပဲ။ ဟုတ်ပြီ။ ဒိန်းဆို ကျွန်တော့ခေါင်းထဲကို အကြံဝင်လာတယ်။ ကျွန်တော် အမ်အိုင်အာစီ ထဲ ၀င်လိုက်တယ်။ ပြီးတော့ ချက်ထဲက လူတွေကို လိုက်နှုတ်ဆက်တယ်။ တဟိုင်းဟိုင်း နဲ့ပေါ့ဗျာ။ စကားလေး နဲနဲပါးပါး အင်ထရိုဝင်ပြီး ကျွန်တော့အခက်ခဲကို ပြောပြတယ်။ သူတို့က ယုံကြည်ပုံမရဘူး။ မဟုတ်ပါဘူးကွာ။ မင်းတို့ကိုယ်တိုင် ငါ့ဆီကို လာစရာမလိုပါဘူးကွာ။ ငါပေးတဲ့ ဖုန်းနံပါတ် ကိုသာ ဆက်ပြီး ငါမှာတာလေး ပြောပေးဆိုတော့ ဆိုင်ဘာကဖေးမှာ ဖုန်းရှိတာပဲတဲ့။ သြော် ပြောရ လက်ပေါက်ကပ်တဲ့ လူတွေပဲ။ ကဖေးဇီးကိုကြည့်လိုက်တော့ ငါးရာတဲ့။ အဲ ဒီတိုင်းနေလို့ ကတော့ မဖြစ်တော့ဘူး။ တခုခုတော့ကြံမှပဲ။ ထွက်စမ်းဟဲ့ ဥာဏ်နီဥာဏ်နက်။

ကဖေးကဖုန်းနဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်ရင်ကော။ အင်း....... ဖုန်းဆက်ခေါ်လို့မတွေ့ရင် တစ်ပူပေါ် နှစ်ပူဆင့် ဖုန်းဖိုးပါ အကြွေး ထပ်တင်မှဖြင့် မလွယ်သေးပါဘူး။ တခြားနည်းကော လုံးဝမရှိပါ။
ကျွန်တော် ဆိုင်းအောက် လုပ်လိုက်တာ့ ကျသင့်ငွေက ငါးရာ့ငါးဆယ်ကျပ်။ ကျွန်တော့်ခြေထောက်တွေက ကောင်တာဆီသို့...........
ကောင်တာက ခပ်ချောချောနဲ့ကောင်မလေးကိုကြည့်ပြီး ကျွန်တော် လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။
ဖုန်းတစ်ကောလောက်ခေါ်လို့ရမလား..............
ရပါတယ်ရှင့်။
ကောာင်မလေးက ချိုချိုသာသာ ပြန်ပြောသည်။ အင်း ဒီလိုချိုသာပုံအရဆိုရင် ပိုက်ဆံ မပါဘူးလို့ပြောရင်လဲ အရှက် နည်းနည်း ကွဲရုံ ကလွဲလို့ အကြည်တော်ဝထ္တုထဲက ဘတ်စ်ကားစပါယ်ရာတွေလို ပိုက်ဆံမပါတာ လူသိရှင်ကြာဖြစ်အောင် အော် မပြော လောက်ပါဘူး။ အဲလိုအဲလို ကိုယ့်ကိုကို အားပေးရင်း...........
ဟလို မျိုးကြီး ရှိပါလား
ရုံးကပြန်မလာသေးဘူး။ ဘာပြောမှာ ထားမလဲသား။
ရတယ် အန်တီ ကျွန်တော် ဆက်တယ်ပဲ ပြောလိုက်ပါ။
သြော်သားလား အန်တီတို့ အိမ်ကို မလာတာကြာပြီပဲ။ နေကောင်းလားသား။
ဟုတ်ကဲ့
အန်တီတောင် မျိုးကြီးကို ပြောပြောနေတာ သားကို အိမ်အလည် ခေါ်လာပါဦးလို့။ ဟိုတခါ သားဆေးရုံတက်တုန်းက အန်တီလေ ကိုယ်တိုင်လာမလို့ပဲ။
အဲပိုက်ဆံမရှိပါဘူးဆိုကမှ လေကြောကရှည်ရော့မယ်
ဟုတ်.......
ဒါပေမယ့် သားရယ် သိတဲ့အတိုင်းပဲ ။ မျိုးကြီးဖေဖေကလဲ သင်္ဘော ပြန်တက်မှာ ဆိုတော့ အလုပ်တွေ ရှုပ်နေတာနဲ့
အန်တီ မရောက်ဖြစ်ဘူး သားရယ်။ လာမလို့ မေးလိုက်တော့ သားဆင်းသွားပြီတဲ့။ အားနာလိုက်တာ သားရယ်။
ရပါတယ် အန်တီရ။
အခုကော ဘယ်လိုလဲ ကျမ္မာရေးကိုဂရုစိုက်။ အေးကွယ် သားတို့က ရန်ကုန်မှာ တစ်ယောက်တည်းနေရတာဆိုတော့ အရေးအကြောင်းရှိရင် အန်တီတို့ကိုပြောပါ။ ဘာမှ အားမနာနဲ့နော်။
ဟုတ်ကဲ့ အန်တီ။
သြော် ပိုက်ဆံမပါဘူးဆိုကာမှ ဒုက္ခတွေ စပါယ်ရှယ် ဝေနေ ပါရောလားဟ။ မဖြစ်ချိမ့်ဘူး အန်တီရေ။ အန်တီ့စေတနာကို စော်ကား တာတော့ မဟုတ်ဘူး ပေါ့ဗျာ။ ပိုက်ဆံ မရှိတော့လဲ ဖုန်းခွက်ကို ချလိုက်ရတယ်။
ပြီးဆုံးသွားပြီ။ ကျန်တဲ့ သူငယ်ချင်း ဖုန်းတွေ ကျွန်တော် အလွတ်မရ။ မထူးတော့ ပါဘူးဗျာ။ အဲဒီနေရာမှာ မာနတွေကို ခ၀ါချပြီး အရှက်တွေကို မျိုဆို့လို့ ကြယ်ကြွေမဲ့ အပြုံးတွေနဲ့ ကျွန်တော်သည် ဟိုဘက်တိုက်မှာ နေပါကြောင်း ပိုက်ဆံပါ မလာပါကြောင်း ..... ........ ...........

ဝီး ...... မောလိုက်တာ
စကားမစပ် ကျွန်တော်နေတဲ့ နေရာက နတ်ပြည်ထက် မြင့်တယ်။ နတ်ပြည်က ခြောက်ထပ်ရှိတာ ကျွန်တော်နေတာက ခုနှစ်ထပ်မှာ :D ။ အဲလို နတ်ပြည်ထက်မြင့်တဲ့ လှေကား ၉၉ ထစ်ကို တက်ပြီး ကျွန်တော့ ကွန်ပျူတာရှေ့ကို ရောက်ပါတယ်။ အဖြစ်အပျက် အစုံအလင် မသိရှာလေသော ကွန်ပျူတာလေးက လေးတိလေးကန်နဲ့ ကျွန်တော့ကို နှုတ်ဆက်တယ်။ အင်း စောစောကဖြစ်ခဲ့တာ အိပ်မက်လေလား . . . ။ ပြန်စဉ်းစားနေတုန်း ကျွန်တော်ခေါ်ထားတဲ့ ဂျီးမေးလ် စာမျက်နှာလေး တက်လာပါပြီ။ ယူဇာနေရာမှာ နာမည်ရိုက် ပတ်စ်စ၀ပ်နေရာကို ကာဆာချလိုက်တော့ အော်သံရှည်ကြီး ကြားလိုက်ရပါတော့တယ်။ တီ................ တဲ့

Read More...

ဘလော့လာ မိတ်ဆွေအပေါင်းတို့ ခင်ဗျား

ဘလော့လာ မိတ်ဆွေအပေါင်းတို့ ခင်ဗျား
ကျွန်တော် နောက်ပိုင်းမှာ ဘလော့ကို အရင်လို နေ့စဉ်ပုံမှန် ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာဘလော့စာ အုပ်အတွက် အချိန်နည်းနည်းပေးနေရလို့ပါ။ ဒါကြောင့် ကျွန်တော့ ကိုယ်ပိုင်ဘလော့ကို သုံးရက်မှ တစ်ကြိမ်လောက်တာ ပို့အသစ်တင်ဖြစ် တော့မှာဖြစ်ပါတယ်။
မြန်မာ ဘလော့ကာတွေရဲ့ စုစည်းညီညွှတ် မှုကြောင့် ကျွန်တော်တို့ လော်စာအုပ်လေးဟာ အခုဆိုရင် တော်တော်လေးကို ခရီးရောက်နေပါပြီ။ ဘုရင်နောင်ဖောင်ဖျက် ဆိုသလိုပဲ အခုဆိုရင် ပြည်တွင်း ဂျာနယ်တွေမှာ ဒီဘလော့စာအုပ် သြဂုတ်လ အတွင်းမှာ ထွက်ပါမယ် ဆိုတဲ့ အကြောင်းကိုလည်း ထဲ့သွင်း ကြေငြာလိုက်ပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ ဒီစာအုပ်ကို ဘယ်လိုအခက်ခဲတွေ ရှိနေရှိနေ ကျော်ဖြတ်ဖို့ရာ တာဝန်ရှိလာပါပြီ။
>>>>>မကြာခင်မှာလဲ ဘလော့စာအုပ်နဲ့ ပတ်သက်ပြီး ရောက်နေတဲ့ခရီး၊ ထုတ်ပြန်ချက်တွေကို သတင်းတစ်ရပ် အနေနဲ့ ဘလော့တစ်ခု သီးခြား တင်သွားဖို့ရှိပါတယ်။
>>>>>စာအုပ်ကို သုသနဲ့ ရသ အတွက် အဓိကဦးတည်ပြီး ထုတ်ပါမယ်။ နည်းပညာပိုင်း ဆိုင်ရာများကတော့ ကွန်ပျူတာနှင့် အလှမ်းကွာဝေးနေ သေးတဲ့ လူအများစုအတွက် အသုံးတည့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘလော့ဆိုတာ ဘာလဲ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာမျိုး တွေကိုတော့ သုတအနေနဲ့ ထည့်သွင်းသွားဖို့သင့်တော်ပါတယ်။ ဘလော်ကာများ ဆန္ဒရှိပါက နည်းပညာ ပိုင်းအတွက် သီသန့် စာအုပ်ကို ထပ်မံ ထုတ်ဝေပါမယ်။
>>>>>လောလော ဆယ်တော စာအုပ်လေးကို နာမည်ပေးပွဲ စနေပါပြီ မိတ်ဆွေလဲ www.myanmarbloggers.forum5.com လော်ဘီ အောက်မှာ နာမည်လာရွေးပေးပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။
>>>>>စာအုပ်မှာ အခုထိလိုအပ်နေတဲ့ စာမူကတော့ မြန်မာတွေ လက်လှမ်းမှီတဲ့ နိုင်ငံတကာက တက္ကသိုလ်တွေ ဖြစ်ပါတယ်။ ဒီစာမူကတော့ စုပေါင်းရေးရမှာပါ ဥမာ စလုံးမှာ နေတဲ့ လူက သူကျွမ်းကျင်တဲ့ စလုံးကျောင်းကိုရေးမယ် အဲလိုပဲ သြစတျေးလျှ ယူကေ ကနေဒါ ယူအက် အစရှိ သဖြင့် ရေးပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံချင်ပါတယ်။
>>>>>ရံပုံငွေကိုတော့ အရင်လို သုံးသောင်းဆိုတာမျိုး သတ်မှတ်ချက် မရှိတော့ပါဘူး။ သဒ္ဒါသလောက်ထည့်ကြပါ လုံးဝမထည့်ရင်လည်းရပါတယ်။ ပိုထည့်ရင်လဲ စိတ်ဆိုးလိမ့်မည် မဟုတ်ပါ။ လိုအပ်တဲ့ ငွေကိုတော့ အမာခံ ဘလော်ကာများက ၀ိုင်းဝန်း စိုက်ထုတ် ပံ့ပိုးပေးသွားကြမှာပါ။
>>>>>ကျွန်တော်တို့ လောလောဆယ် စီစဉ်ထားတာကတော့ မြန်မာဘလော်ကာ အားလုံးရဲ့ ပို့တွေကို စာအုပ်မှာ ထည့်ဖို့ပါ။ ဒါပေမယ့် တစ်ခုရှိတာက ဘလော့အားလုံးပါအောင် လုပ်ရင် စာအုပ်က ထူသွားပါမယ်။ စာအုပ် ထူတာနဲ့အမျှ ပြန်ရောင်းတဲ့ ဈေးနှုန်းကလဲ ကြီးမြင့်သွားပါလိမ့်မယ်။ အဲဒါကို ကာမိအောင် တစ်ခုလုပ်လို့ရ နိုင်တာ ကြော်ငြာ ကောက်ခံခြင်းပါ။ အဲလို ကြော်ငြာ ကောက်ခံပြီးလုပ်ရင် စာအုပ်ထုတ်လုပ် မှုစရိတ်ကို ကာမိသွားပြီး စာအုပ်ကို ဈေးနှုန်းသက်သာစွာရောင်း ချနိုင်ပါတယ်။ သို့သော် ဒုတိယ ပုံနှိပ်ခြင်း ကဲ့သို့သော ကိစ္စများ ပေါ်လာရင် ပြသနာ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြော်ငြာရှင်က ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် ပိုက်ဆံ ထပ်မံပေးနိုင်ခြင်းရှိ မရှိဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စကိုတော့ သေချာစဉ်းစား ရပါမယ်။
>>>>>စာမူဖောင်ပိတ်ရက်ကို မေလ ၁ ရက်နေ့လို့ အကြမ်းဖျင်းသတ်မှတ်လိုက်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘလော့ဒေးက သြဂုတ် ၃၁ ။ စာထွက်ဖို့ သင့်တော်တာက သြဂုတ်လ ပထမပတ်။ သြဂုတ်လ ပထပတ်မှာ စာအုပ်ထွက်နိုင်အောာင် မေလ ပထမပတ်မှာ စာပေစိစစ်ရေးတင်ရပါမယ်။ စာပေ စိစစ်ရေးက စောစောကျမှာ ကျွန်တော်တို့ စာအုပ်ကို အချော အတွင်း လေးအောက် ဒီဇိုင်းထိုင်ရာမှာ အမှားအယွင်းနည်းစွားနဲ့ အရည်သွေးကောင်းကောင်း ဖြစ်အောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။
>>>>>စာအုပ်ဆိုဒ် ဘယ်လောက် စာမျက်နှာဘယ်လောက် ဆိုတာ အတိအကျ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စာအုပ်မှာ စာမူတွေ ဘယ်လောက်ပါ မလဲဆိုတာ အခုထိ မသိသေးလို့ပါ။ စာမူတွေ စုံစုံလင်လင်ရရင် ထပ်မံကြေငြာ သွားပါမယ်။
>>>>>ဘယ်နေရာမှာ လှုမယ်ဆိုတာကိုတော့ စာအုပ်ထွက်ပြီးမှ ဘယ်နေရာတွေမှာ မိဘမဲ့ကလေး ကျောင်းတွေရှိတယ်။ ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် စာရင်းလုပ်ပေးပါမယ်။ အဲဒီတော့ မှာဘယ်မှ လှုသင့်တယ်ဆိုတာ ဆုံးဖြတ်ကြတာပေါ့။
>>>>>စာအုပ်ဖြစ် မြောက်ရေးအတွက် ကိုစွမ်း ဥာဏ် စွမ်းရှိသရွေ့ ကြိုစား ဆောင်ရွက်ပေးနေတဲ့ ဘလော်ကာများနှင့် ကိုဇင်ကိုလတ်၊ ကိုရန်အောင်၊ ကိုကျော်ဇေယျ နဲ့ ကိုဝေယံလင်း တို့ကို အထူပင်ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။
>>>>>မိတ်ဆွေရဲ့ မတူညီတဲ့ အမြင်များနှင့် အကြံပြုချကို စောင့်ကြိုနေပါတယ်

Read More...

Monday, March 26, 2007

ဆုံဆည်းခွင့်


ကောာင်မလေးရေ ဆယ်နှစ်ကျော်ကျော် နေ့စဉ် မပျက် မှန်ကြည့်ဖြစ်ခဲ့ ပေမဲ့ ငါ့နဖူး ဆံစပ်က အမာရွှတ်ကလေးကို အမှတ်တမဲ့ပဲ။ ဒီနေ့တော့ အဲဒီအမှာ ရွှတ်လေးရ လာတာကို စဉ်းစားရင်း နင်ကို ပြန်ပြီး တသိရသွားတယ်။ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ် နီးပါးလောက်က ပေါ့။ အတွေးတွေ လည်းဟိုးအဝေးဆီ …. … ….

ဟိုးအဝေဆီကို လှမ်းမျှော်ကြည့်လိုက်ရင် တောင်တန်းတွေကို မြူတွေက အုပ်ဆိုင်းထားတုန်း နေရောင်ကို ကောင်းကောင်း မမြင်ရသေးဘူး။ ဆောင်းကုန်ခါနီးရဲ့ နံနက်ခင်းလေး တစ်ခုပေါ့ကွာ။ အိပ်ရာက နိုးတယ်ဆိုတာနဲ့ ငါနင်တို့ အိမ်ကို ဦးတည် လာခဲ့တယ်။ အဲဒီတုန်းက အခုလိုငါ အိပ်ရေး မပုတ်သေးပါဘူး။

အဲဒီတုန်းက ငါ့အသက်က၊ စကားပြောတတ်ပြီ။ လမ်းလျှောက်တတ်ပြီ။ ကျောင်းတော့ မနေသေးဘူး လို့ထင်တယ်။ ဘယ်နှစ်သား အရွယ်ဆိုတာတော့ ငါအတိအကျ မမှတ်မိတော့ဘူး။ နင်နဲ့ ငါနဲ့က သက်တူ ရွယ်တူ နင်တို့အိမ်နဲ့ ငါတို့အိပ်က မျက်စောင်းထိုးမှာ။ နင်မှတ်မိသေးလားတော့ မသိဘူး နင်နာမည် အိဖြူကို ငါ့အစ်မက အီးဖြူလို့ ခေါ်ရင် နင်ခေါင်းလေး ငုံ့ပြီး စပ်ဖြီးဖြီးလေးနဲ့ လုပ်ပြနေတဲ့ နင့်ကို ငါမျက်စိ ထဲမှာ ခုချိန်ထိ မြင်ယောင် နေတုန်း။ နင်ငါတို့ အိမ်ကို မနက် အစောကြီးရောက်လာရင် ငါ့အဖေက ဟာချွေးမကြီး လာပြီလို့ နင်ကိုကို စစ နေတတ်တယ်လေ။ အဲဒီတုန်းက ချွေးမဆိုတာ ဘာကိုပြောတာ လဲလို့ ငါ့အဖေကို ငါမေးခဲ့ မိသေးတယ်ဟ။

လူကြီးတွေ အ၀တ်လျှော်သွာတဲ့ နောက်လိုက်ရင်း နင်နဲ့ငါ ချောင်းကမ်းစပ် ကသဲပြင်လေးမှာ ရေတွင်း လေးတွေတူး ခြေထောက်ကို သဲထဲမြုတ် အပေါ်က လက်လေးနဲ့ ရိုက်ပြီး သဲအိပ်လေးတွေ ဆောက်နဲ့ ဆော့နေတုန်း ငါတို့ ဆောက်ထားတဲ့ သဲအိမ်လေးတွေကို နွားနင်းသွားလို့ နင်ငိုခဲ့သေးတယ်လေ။

နောက်တခါ ငိုတာက ငါ့အလည့်ပေါ့။ ငါတို့ အိမ်မှာ စိုက်ထားတဲ့ ၀က်မလွတ် ငှက်ပျောပင် ကပျောသီးကို နင်စားချင်တယ် ဆိုလို့ ကြက်သွန် လှီးတဲ့ ဓါးလေးနဲ့ ငါတို့ နှစ်ယောက် တစ်ယောက် တစ်လည့် စီခုတ်ခဲ့ ကြတာလေ။ ၀က်မလွတ် ငှက်ပျောခိုင်လေးက ငါတို့ အရပ်နဲ့ အနေတော်လေးနော် ။ လက်တွေ ညှောင်းလှပြီ ငှက်ပျောခိုင်က တော်တော်နဲ့ မပြတ်ဘူး။ ငှက်ပျောခိုင် သေးသေးလေးကို နင်နဲ့ ငါနှစ်ယောက်သား မနိုင်မနင်းနဲ့ မနေတုန်း ချောင်းထဲက အ၀တ်လျှော် ပြန်လာတဲ့ အမေက တွေ့သွားလို့ အရိုက် ခံလိုက် ရတယ်လေ။ ငါလည်း စပါးတိုက် ကိုပတ်ပြေး ပါသေးတယ်။ အခုလောက် အပြေးမသန်တော့ ရိုက်ခံလိုက်ရတာပေါ့။

နင်မသိလိုက်တာ တစ်ခုက နင်နဲ့စိတ်ဆိုးသွားရင် ငါမနေတတ်ဘူးဟ။ တစ်ခါက ဆိုရင် နင်စိတ်ဆိုးသွားလို့ အဲဒီညကတော်တော်နဲ့ မအိပ်ဘူး။ အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့် နဲ့ လူးနေတဲ့ ငါ့ကို ဘာဖြစ်လို့ မအိပ်တာလဲလို့ အဖွားက ယပ်ခပ်ပေးရင်း မေးတယ်။ ညနေက နင်ဘောင်းဘီထဲမှာ ရှုးပေါက်ချလို့ ငါကတုတ်နဲ့ နင့်ကိုရိုက်လိုက်မိတော့ နင့်ကငါ့ကို မပေါင်(ခေါ်)တော့ဘူး လို့ပြောသွားလို့ပါလို့ အဖွားကို ငါပြန်ပြောပြတယ်။ ဒီတော့ အဖွားက မဟုတ်ပါဘူး သားသားကို သူက ပေါင်(ခေါ်)မှာ ပါတဲ့ ဖွားဖွားကို လာပြောသွားတယ် လို့ပြော မှ ငါစိတ်ချ လက်ချ အိပ်ပျော်သွားတယ်။ ငါ့အဖွား အခုချိန်ထိ မသေ သေးပါဘူး နင်ကြုံရင် မေးကြည့်ပါ။ အခုချိန် ထိလဲ ငါ့ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စတုန်း။ ငါကို သုံးတန်းလေးတန်း တုန်းက အဲဒီအကြောင်းကို ပြောပြီးစရင် ငါအော် ငိုလိုက်တယ် ရှက်လို့ ။

နင်နဲ့ငါ ငယ်ငယ်လေးကတည်းက အခုချိန်ထိ အဲလိုသာ နေခွင့်ရဦးမယ်ဆိုရင် ငါတို့ တွေချစ်သူ ဖြစ်ခဲ့ကြမလား။ အရွယ်ရောက်တဲ့ အချိန်ထိ အတူ မနေခဲ့ရရင်တောင် စာရေးတတ် တဲ့အချိန်ရောက်မှ ကွဲကွာခဲ့ရင်နင်နဲ့ ငါစာချင်းဆက်သွယ် ဖြစ်ခဲ့ကြမှာပဲ။ နင်နဲ့ ငါခွဲခွာရတဲ့နေ့ ငါဒီနေ့ အထိမမေ့ပါဘူး ….. ….. …..

ရထားသံကြားရင် နင်နဲ့ ငါ အိမ်ထဲကနေ ပြေးထွက်ပြီး ရထားကြီးကို တာ့တာ တာ့တာ ဆိုပြီး လက်ပြခဲ့ကြတယ်လေ။ တချိန်က ပျှော်ရွှင်စွာ လက်ပြနုတ်ဆက် ခဲ့တဲ့ရထား ကြီးဘေးမှာ ငါ့တို့ နှစ်ယောက် မျက်ရည်တွေနဲ့ နုတ်ဆက်ခဲ့ ကြတယ်။ ငါအတင်း လိုက်ချင်တယ် ပြောလွန်းလို့ အမေတောင် မျက်ရည်တွေ ကျတယ်။ နင်မမေ့ သေးဘူး ဆိုရင် ဘူတာရုံထဲမှာ အော်ငိုနေတဲ့ ငါ့ရဲ့ ပြောင်နေတဲ့ ခေါင်းထိပ်က ပလာစတာ ကပ်လေးကို မှတ်မှိဦးမှာပါ။

ငါ့အမရဲ့ ချာလီထီးရိုးထဲက ပလပ်စတစ် အမြုတ်လုံးလေးတွေကို ဘော့လုံးလို့ ထင်တဲ့နင်က လိုချင်တယ်လို့ ပြောတယ်လေ။ ချာလီထီကို သနပ်ခါး ကျောက်ပြင်ပေါမှာ တင်ပြီး သနပ်ခါတုန်းနဲ့ ငါထုကွဲ လိုက်တယ်။ အသံကြားတော့ ငါ့အစ်မရောက်လာပြီး ငါ့ခေါင်းကို သနပ်ခါးတုန်းနဲ့ တေလိုက် တော့တာပေါ့။ ငါခေါင်းက စီးကျလာတဲ့ သွေးတွေ ကိုကြည့်ပြီး နင်ပါငါနဲ့ ရောငိုခဲ့တယ်။ သွေးတွေကို ကြောက်လို့ ငိုတာလား ငါ့ကို သနားလို့ ငိုတာ လားဆိုတာတော့ ငါလဲမပြောတတ်ဘူး။ သိပ်မကြာလိုက်ဘူး နင်တို့ မော်လမြိုင်ကို ပြောင်းသွားကြတယ်။ နင်ထွက်သွားတဲ့ နေ့က မေကငါ့ကို ပြောတယ် ပြန်လာမှာပါတဲ့။

နင်မရှိတဲ့ နောက်တစ်ရက် မနက်ဟာ ငါ့အတွက် ယောင်ချာချာကြီးပဲ။ နင်ပြန်လာမှာပါ လို့ အမေက ပြောထားတော့ နင်တို့ အိမ်ကို မိုးလင်းရင် လှမ်းလှမ်း ကြည့်မိတယ်။ ငါကတော့ ပြန်လာနိုး ပြန်လာနိုးနဲ့ စောင့်မျှော်နေခဲ့ ပေမယ့်နင် ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

အချိန်နဲနဲ ကြာလာတော့ အလုံးပဲ မေ့မေ့ပျောက်ပျောက်နေ လိုက်ကြတယ်။ ငယ်ငယ်ကတော့ ၀ိုင်းစကြတာကိုရှက်လို့ နင့်မိဘတွေ အကြောင်းကို မေးချင်ပေမယ့် ငါမမေးဖြစ်ခဲ့ဘူး။ ငါနင့်ကို မေ့သွားပြီ လို့ထင်ထားပေမယ့် ဒီအမှာရွတ်လေး ဘာကြောင့်ရတာ ဘာလိမ့် လို့စဉ်းစာမိကာမှ နင့်အကြောင်းကို ပြန်သတိရလာတယ်။ ၀တ္ထုဇတ်လမ်း တွေထဲကလို နင်ငါ့တို့ နယ်ကို တစ်ခါပြန်လာပြီး ငါ့ကိုရှာ ဦးမလားလို့ တွေးလိုက် မိပါသေးတယ်။ နင်လဲ ငါ့တို့ နေခဲ့တဲ့ တောမြို့လေးကို ပြန်လာမရှာသလို ငါကိုတိုင်လဲ နင့်ကို မရှာဖြစ်သေးဘူး။ ဒါပေမယ့် တစ်နေ့မှာ ငါနင့်ကို တွေ့အောင် ရှာသွားမှာပါ။

နင်ရှိတဲ့ နေရာကို စုံစမ်းပြီး လာရှာမဲ့ ငါကို နင်ကိုတိုင်ရော မျှော်နေလေမလား . . . . . .

Read More...

Tuesday, March 20, 2007

သေဒဏ်

စောင့်နေခဲ့တာလဲ ကြာပြီ
နာခံရန်လဲ အဆင့်သင့်ပါ

တရားသူကြီးရယ်
ကျွန်တော့ကို စီရင်ချက်ချလိုက်ပါတော့
ဖြစ်နိုင်ရင် အမြန်ဆုံးပေါ့

ရက်ချိန်းလား
တောင်းပန်ပါရစေ ထပ်ရွှေ့ပါနဲ့

သေဆိုရင်
အခုပဲသေလိုက်ပါမယ်
စောင့်စားနေရတဲ့ နှလုံးသားတွေ
အညှောင်းမိနေကြပြီ

တရားသူကြီး စီရင်ချက်ချလိုက်သည်

သိပ်မကြာလိုက်ပါဘူး
အာဏာပကွက်သားတွေ ကျွန်တော့ကိုဆွဲခေါ်သွားတယ်

သံယောဇဉ် တွေကိုကွင်းလုပ်ပြီး
ကျွန်တော့ နှလုံးသားကို ကြိုးပေးသတ်လိုက်ကြတယ်

အဲဒီနေ့က မတ်လ ၂၀ ရက် ၁ နာရီနဲ့ ၃၅ မိနစ် ၂၀၀၇ နှစ်အတွင်းမှာပေါ့




Read More...

မူးချင်လို့

ငါ အရက်မသောက် တာကြာပြီ

ဘုရား မကြိုက်လို့လဲမဟုတ်ဘူး

အမေမကြိုက်လို့ လဲမဟုတ်ဘူး

ငါ ကိုယ်တိုင်မကြိုက်လို့

ဒီနေ့တော့ ငါ သောက်လိုက်တယ်

ဘာဖြစ်လို့လဲ လို့မေးရင်

မူးချင်လို့ ။


မူးခြင်းသည် ထွေ၏

ထွေသည့်အခါတွင် ဘာကိုမျှမသဲကွဲတော့

အဲဒီလိုပဲ ငါ့ရဲ့ ပစ္စုပ္ပံ ကာလကို

သဲသဲကွဲကွဲ မသိချင်တော့လို့

အတွေးတွေကို အရက်နဲ့ ဖျော်လိုက်တယ် ….

လုံးဝရေမရောဘူး။




Plz ………………. လူဦးနောက်ကို ကွန်ပျူတာ မှတ်ဥာဏ်တွေလို မလိုတဲ့ အပိုင်းလေးတင် ကွက်ပြီး ဖျက်လို့ ရတဲ့ ဆော့ဝဲ ရှိရင် လမ်းညွှန်ပေးပါ။ ကျွန်တော် ဖျက်ပါရစေ

Read More...

Monday, March 19, 2007

ရုံးချိန်းတဲ့နေ့


မနက်ဖြန်ဟာ
ငါ့အတွက်တော့ ရုံးမိန့်ချမဲ့နေ့ပါ

ငါကံကောင်းမလား ကံဆိုးမှာလား
ငါကိုယ်တိုင် မသိပါဘူး

အခုလိုအချိန်မျိုးမှာ
မနက်ဖြန်ကို စောင့်နေသူငါ့အတွက်
ရင်တွေခုန်လျက်ပေါ့

မနက်ဖြန်ရယ် အမြန်လာပါ
ရက်စွဲတွေကို ခုန်ကျော်လို့ရအောင်
ငါ့အဖြစ်က သိပ္ပံဇတ်ကာား မဟုတ်ပြန်ဘူး

ငါ့မှာ ရှေ့နေတွေ မရှိဘူး
သက်သေတွေ မရှိဘူး
အဲဒီအမှုကို ငါနိုင်ဖို့ လဲမလိုဘူးလေ

ဘာဖြစ်လို့လဲဆိုတော့
ငါဟာ
အပြစ်ရှိတဲ့ တရားခံတစ်ယောက်ပါ

တရားသူကြီးရေ ကျွန်တော်ဖြေင့်ချက်ပေးမယ်
တကယ်တော့ကျွန်တော်
ဥပဒေပုဒ်မ ၁၅၀၀ ကိုကျူးလွန်ခဲ့မိပါတယ်
တစ်သက်တစ်ကျွန်း သာချလိုက်ပါ
နှလုံးသား ထောင်ထဲမှာ ထာဝရ အိပ်စက်ပါရစေ

Read More...

Sunday, March 18, 2007

ငိုမလား ရယ်မလား

တစ်ခါတုန်းက အညှာက လူတွေ အုပ်စုလိုက် ရန်ကုန်ကို ဘုရားဘူးလာ ကြတယ်။ အဲလို ဘုရား ဖူးလာကြတာ ဆူးလေ ဘုရားကိုရောက်ခဲ့တယ်။ သူတို့ အုပ်စု ဆူးလေ ဘုရားမှာ ဘုရား ဖူးပြီးတော့ အဖွားကြီး တစ်ယောက်က ဘုရာဖူး အုပ်စုနဲ့ ကွဲသွားတယ်။ အဖွားကြီးလဲ မသွားတတ် မလာတတ်နဲ့ လျှောက်သွား လိုက်တာ နောက်ဆုံးတော့ ရန်ကုန် ဘူတာကြီး ကိုရောက်သွားတယ်။
ရန်ကုန် ဘူတာကြီး ထဲမှာ အဖွားကြီးက ယောာင်နန နဲ့ဖြစ်နေတာပေါ့နော်။ ဘယ်သွားလို့ ဘယ်လာ ရမှာလဲ မသိဘူး ဖြစ်နေရှာတယ်တာပေါ့။အဲဒီမှာ ဘူတာက လူတွေက အဖွားကြီးကို ခေါ်ပြီး မေးတာ ပေါ့နော်။ ဘယ်သွားမှာလဲ ဘယ်ကလဲ လို့ ၀ိုင်းပြီး မေးကြတော့ အဖွားကြီးက မဖြေနိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ဘူတာက လူတွေက အဖွားကြီးကို မေးလိုက်တယ်။ ခင်ဗျားနဲ့ ရန်ကုန်မှာ သိတဲ့လူ မရှိဘူးလားလို့။ အဲဒီတော့ အဖွားကြီးက ခဏလောက် စဉ်းစာပြီး ဝေဠုကျော်ကို သိတယ်လို့ ပြောလိုက်တယ်။့ အဲဒီတော့ ဘူတာကလူတွေက ဝေဠုကျော်ရဲ့ ဖုန်းနံပါတ်ကို စုံစမ်းပြီး ဝေဠုကျော် ကြီးကို ဖုန်းဆက် ခေါ်လိုက်တယ။်
ခဏလောက်နေတော့ ဝေဠုကျော်ကြီးက ကားနဲ့ရောက်ချလာတယ်။ ဝေဠုကျော်က ဘူတာကို ရောက်တော့ ဘယ်မှာ လဲကျွန်တော့ရဲ့ အသိ လို့မေးတယ်။ အဲဒီတော့ ဘူတာက လူတွေက အဖွားကြီးကို ပြကြတယ်။ ဘူတာက လူတွေ ပြတဲ့ အဖွားကြီးကို ကြည့်ပြီး ဝေဠုကျော်က မသိပါဘူးလို့ ငြင်းလုက်တယ်။ အဲဒီမှာ အဖွား ကြီးက ဘာပြော လိုက်သလဲဆိုတော့ ........
ရောမောင် မင်းမှာ ငါ့ကို ဘယ်နှယ်မသိဘူးလို့ ပြောလိုက်ရတာလဲ ငါမှာ မင်းကို ညတိုင်း တစ်ဆယ် တစ်ဆယ် ပေးပေးပြီး ကြည့်နေတာလေ ငါ့ကို မမှတ်မိဘူးလား လို့အညှာလေသံနဲ့ပြောလိုက် ပါတော့တယ်။ အဲဒီမှာ ဘူတာ လူတွေရော ဝေဠုကျော်ရော ငိုအားထက် ရယ်အားသန် ဆိုသလို ပွဲကျအေင် ရယ်လိုက်ကြ ရပါတော့ တယ်။ နောက်ဆုံးတော့ ဝေဠုကျော်ကပဲ အဖွားကြီးတည်းတဲ့ ဘုန်းကြီးကျောင်းကို စုံစမ်းပြီး လိုက်ပို့ ထားခဲ့ရပါတယ်။
မိတ်ဆွေ သင်လည်း ကိုရီးယားရောက်လို့ မျက်စိလည်ပြီး ဘယ်မသွား ဘယ်မလာတတ် ဖြစ်နေရင် စိတ်မပျက်ပါနဲ့ အထက်ပါနည်း အတိုင်းကျင့်သုံးပါ လေ။

Read More...

ကျေးဇူးတင်ရျိခြင်း

ပုဂံကို ကျော်ခွနည်းသင်ပေး ခဲ့သော သူငယ်ချင်း တစ်ဦးကို အထူးကျေးဇူးတင်လျှက်ရှိနေပါကြောင်း

Read More...

Thursday, March 15, 2007

နိုင်ငံကျော် သတင်းထောက် တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

ကဲဗျာ ဒီတခါတော့ အယ်ဒီတာမင်း က သင်္ကြန် အတင်းတွေ (မှားလို့) သတင်းတွေ နဲ့ အတူ သတင်းဒေါက် မှားပြန်ပီ သတင်းထောက် တွေရဲ့ သင်္ကြန်အပေါ် ခံစားချက်တွေပါ ရေးပေးပါလို့ တောင်းဆိုလို့ လာပြန်ပါတယ်။ ငါ နိုင်ငံကျော် သတင်းထောက် ကြီးပဲလို့ အိုက်တင်ခံ နေချင်ပေမယ့် သနားစဖွယ် အယ်ဒီတာရဲ့ မျက်နှာကို ငှဲ့ကွက်လို့ သင်္ကြန်တွင်း ခံစားချက်တွေကို ဖွင့်ဖောက်ရေးပေး လိုက်ပါတယ်။

မှတ်မိပါသေးတယ်ဗျာ ကျွန်တော်တို့ ခပ်ငယ်ငယ်က သင်္ကြန်ရောက်ရင် တူးပို့တူးပို့ ဆိုင်းသံလေးတွေ ကြားရတာကြောင့် တူးပို့တူးပို့ သင်္ကြန် ရယ်လို့ ခေါ်ကြပါတယ်။ နောက်ပိုင်း မှာတော့ ဒုံဂွမ်ဒုံဂွမ်နဲ့ ဒရမ်သံတွေ ကြောင့် ဒုံဂွမ် သင်္ကြန်ဖြစ်ခဲ့ ရပြန်ပါတယ်။ ယနေ့ ဒီဂျေတွေ စီဆတ်တွေ ဘီသမင်တွေ လက်စွမ်းကြောင့် တူးပို့တူးပို့နဲ့ ဒုံဂွမ်ဒုံ၈ွမ် ပေါင်းမိသွားပြီ ဖြစ်တာကြောင့် ဒီနှစ် သင်္ကြန်ကို တူးပို့ဒုံဂွမ် ဂျန်ဂျန် လို့နာမည် ပေးရင် ကောင်းမလားလို့။

အဲလို တူးပို့ဒုံဂွမ် သံတွေက ဖေဖ်ာဝါရီလ ကုန်ပြီဆိုတာနဲ့ နေရာ အနှံ့မှာ ကြားနေရပါပြီဗျ။ သတင်းထောက် ဆိုတာလဲ ကဗျာဆန်ဆန် ပြောရရင် အရိုးနဲ့ အသားနဲ့ အသွေးနဲ့ နှလုံးသားနဲ့ ဖွဲ့စည်း တည်ဆောက် ထားတဲ့ လူတွေပဲမို့ ဂီတ သံဇဉ်လေးတွေ နားထဲ ၀င်သွားတာနဲ့ ခံစားချက်တွေ ထဲမှာ သင်္ကြန်ရနံ့လေးတွေက သင်းလို့ပေါ့။

အဲလိုသင်္ကြန်ရနံ့တွေ သင်းလာတယ်လို့ ပြောတော့ အလိုက် မသိတဲ့ သူငယ်ချင်း သတင်းထောက် တစ်ယောက်က မင်းရနေတဲ့ အနံ့က ဘီယာနံ့နဲ့ မှားတာများ မဟုတ်ဘူးလားတဲ့။ အဲလိုအဲလို လာမေးတော့ ဟေ့ကောင် သိရင်လည်း တိတ်တိတ်နေ လျှာမရှည်နဲ့ ဒါမျိုးတွေ ဂျာနယ်မှာ ထဲ့ရေးရင် သတင်းထောက်တွေ သိက္ခာကျ မှာပေါ့ကွလို့ ပြောလိုက် ရပါသေးတယ်။

သင်္ကြရောက်တော့ မယ်ဆိုတော့ ပျိုမဒီကလျှာ ကလည်း အပြတ်ကဲမယ်ဆိုပဲ။ နှစ်ရက်က မဏ္ဌပ် ထိုင်မယ် နောက်ဆုံးရက်မှာ လျှောက်လည်မယ်တဲ့ ဗျ။ အလိုက်မသိတဲ့ ပျိုမဒီကို ပိုက်ဆံမရှိတဲ့ သတင်းထောက် ကိုကိုက ညီမရယ် အမေက လွမ်းတယ်ဆိုလို့ တောပြန်ရမယ်လို့ ပြောလိုက်ရပါတယ်။ အဲလိုအဲလို နိုင်ငံကျော် သတင်းထောက်ကြီး ဘိုင်ပြတ်နေတာကို မသိရှာလေသော တောက ဆွေမျိုးတွေက သင်္ကြန်ပြန်လာဖို့ ဖုန်းတဂွမ်ဂွမ် ဆက်လို့ခေါ်နေ ကြပြန်ပါသေးတယ်။ သတင်းထောက်က ပိုက်ဆံမရှိပေမယ့် အာကတော့ ရှိတယ်ဗျာ။ ညီလေးရယ် အစ်ကိုမှာကွာ မိသားစု ရေးထက် ၅၄ သန်းသော ပြည်သူတွေ သိသင့် သိအပ်သော သတင်းတွေ ရေးပေးရမှာမို့ ပြန်မလာ နိုင်သေးပါ ဘူးလို့ ပြောနေတုန်း Reception ထိုင်တဲ့ ကောင်မလေးက လမ်းစရိတ် မရှိလို့ မပြန်ရင် မပြန်ဘူးပေါ့ ကြီးကြီး ကျယ်ကျယ် လျှောက်ပြောနေသေးတယ် လို့ လှမ်းအော်လိုက်တာကြောင့် ညီတော်မောင် မကြားအောင် တယ်လီဖုန်းခွက်ကို ကဗျာကယာ လက်နဲ့အုပ်လိုက် ရပါသေးတယ်။ တော်တော်ကို အထူအပါး နားမလည်တဲ့ Reception ပေပဲ။

ကဲဗျာ ပြသနာတွေကတော့ ရှင်းသွားပါပြီ။ ရှင်းစရာ ကျန်သေးတာက သင်္ကြန်တွင်းမှာ နိုင်ငံကျော် သတင်းထောက်ကြီး ဘယ်သွားနေမလဲ။ ရန်ကုန်မှာ နေပြန်ရင် မဒီကလျှာရဲ့ ဘေးရန်က မသေးဘူး။ တောမပြန်ရင် သူနဲ့ မဏ္ဌပ် လိုက်ထိုင်ရမှာ။ ပိုက်ဆံလဲကုန် ဘီယာလဲ ငတ်။ ဘီယာ ဆိုတာကလည်း ကြင်ရာမှာ မဒီကလျှာထက် စီနီယာ ဖြစ်တာကြောင့် သူများသောက်လို့ ကိုယ်မသောက်ရရင် မအီမသာ ဖြစ်မှာ သေချာတယ်ပေါ့ဗျာ။ ဒီတော့ သတင်းထောက် ကျော်ကြီးမှာ တစ်ကိုယ်ထဲ စဉ်းစား အတွေးတွေထဲမှာ အချင်းများလို့နေပြန် ပါတော့တယ်။ ဟေ့ကောင် မင်းဘာလုပ်မှာလဲ။

ဘုန်းကြီးဝတ်မလား။ ပိုဆိုးတောပေါ့ ညစာပါ ငတ်မှာ။ တရားစခန်းဆိုရင် ကော။ တော်ပါ ဘီယာ မှသောက်လို့ မရတာ။ ဟေးကောင် စဉ်းစာနော် မင်းမှာ ရွေးစရာ ဒီလမ်းပဲ ရှိတော့တယ်။ တစ်လမ်းက ပိုက်ဆံလဲကုန်မယ် ဘီယာလဲ ငတ်မယ်။ ဒီလမ်းက ဘီယာတော့ ငတ်မယ် ပိုက်ဆံမကုန်ဘူး။ အဲ …… မဆိုးဘူးဗျာ

နောက်ဆုံး ရရှိတဲ့ သတင်းမှာတော့ နိုင်ငံကျော် သတင်းထောက်ကြီး တစ်ယောက် အလှုငွေ ထည့်စရာ မလိုပဲ ထမင်း အလားကား ကျွေးမည့် တရားစခန်းများကို လိုက်ရှာလျှက်ရှိနေ ပါကြောင်း ခိုင်လုံသော သတင်းရပ်ကွက် မှ သိရှိရပါသည်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံမှ သတင်းထောက်များသည် ဘီယာကို များများ မသောက်ကြပါ။ တစ်ကြိမ်မှာ တစ်ခွက်သာ သောက်ပါသည်။ တစ်ခွက်မှာ တစ်ပီပါ ဆံ့ပါသည်။

Read More...