Art is My Life: ကြောင်စာ

Sunday, February 10, 2008

ကြောင်စာ



အဒေါ်အိမ်ကို ရောက်ပြီဆိုသည်နှင့် ကြောင်များက ၀ုန်းဒိုင်း ဆန်နေသည်။ အဒေါ်အိမ်တွင် ကြောင်ကြီး ကြောင်လတ် ကြောင်သေး ကြောင်မွေးစပါက် အစရှိသဖြင့် အမျိုးအစား စုံလင်လှသည်။ ထိုသို့ အမျိုးစား စုံသော ကြောင်များကို စီးပွားတက်သည်ဟူသော အယူဆတစ်ခု တည်းဖြင့် မြောက်စားထား ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က အဒေါ်အိမ်သို့ ကြောင်ဝါမလေး တစ်ကောင်ရောက်လာသည်။ ထိုကြောင်မလေး ရောက်လာပြီး နောက်ပိုင်းတွင် ကြောင်များ တစ်သုတ်ပြီး တစ်သုတ် မွေးဖွားခဲ့ရာ ယခုအချိန်တွင် ကြောင် အကောင်နှစ်ဆယ် ကျော်သွားပြီး ဖြစ်သည်။

ကြောင်မွေးသည် ဆိုသည်က လွယ်သည့် အလုပ်တော့ မဟုတ်။ ကြောင်များကို နံနက် နှင့် ညနေတွင် ငါးပုစွန် အစရှိသည့် အသားဟင်း နှင့် ကျွေးရသည်။ ထို့ပြင် ကြောင်များတွင် ရာသီအလိုက် ဖြစ်တတ်သော ရောဂါများကို ကာကွယ်ရန် အချိန်ရာသီအလိုက် တိရိစ္ဆာန် ဆရာဝန်ဖြင့် ဆေးထိုး ပေးရသေးသည်။ ညပိုင်းတွင် ကြောင်များအတွက် ညလည်စာ အစာခြောက် ကိုကျွေးရသေးသည်။ ထိုကဲ့သို့ တိုင်ပင်ကိုက်အောင် ကျွေးမွေး စောင့်ရှောက်နိုင်မှသာ ကြောင်များသည် ကြီးထွားပြီး လှလှပပနှင့် ရောဂါကင်းသည်။


တစ်ရက်တွင် အစ်မဖြစ်သူက အိမ်ပြန်လာလျှင် ကြောင်စာ ၀ယ်လာရန် ကျွန်တော့်ကို မှာလိုက်သည်။ ကြောင်စာဆိုသည်မှာ ထွေထွေထူးထူးမဟုတ်ပါ ရပ်ကွပ်ထိပ် ဈေးအတွင်းမှ ငါးများ သာဖြစ်သည်။

ကျွန်တော် လက်ရှိတက်နေသော သင်တန်းက ညနေ ငါးနာရီတွင် ဆင်းသည်။ ဘတ်စ်ကားစီးသည့် အချိန်နှင့် တွက်လိုက်ပါက ညခုနှစ်နာရီခန့်တွင် အဒေါ်အိမ်ရှိရာ ရန်ကုန်မြို့စွန်ရှိ ရပ်ကွက်သို့ရောက်သည်။


ကျွန်တော် ဘတ်စ်ကားပေါ်က ဆင်းတော့ ရပ်ကွက်ထိပ် တွင် ဖရောင်းတိုင် တို့ဖြင့် အတိပြီးသော ဈေးတန်းလေးမှာ ကျိုးတိကျိုးကြဲဖြစ်သည်။ ကျွန်တော်သည် ထိုကျိုးတိကျိုးကြဲဖြစ်နေသော ဈေးတန်းလေးကို ဖြတ်၍ အိမ်သို့ ပြန်ရမည် ဖြစ်သည်။

ထိုဈေးတန်းလေးသည် ကျွန်တော်တို့ အဒေါ်များ နေထိုင်ရာ ရပ်ကွက်ထိပ်တွင် တည်ရှိပြီး ညနေပိုင်း ရုံးဆင်းချိန်တွင် ဈေးဝယ်သူများ နှင့် တော်သင့်ရုံစည်ကား သောဈေးလေးတန်းလေး တစ်ခု ဖြစ်သည်။ ယခု အချိန်တွင်တော့ မိုးအနည်းငယ် ချုပ်နေပြီ ဖြစ်သောကြောင့် ရောင်းသူ ရောဝယ်သူပါ ကျဲပါးနေရခြင်း ဖြစ်သည်။

ကျွန်တော် ထိုဈေးတန်းကို ဖြတ်လျှောက်စဉ် ငါးဝယ်နေသူများကို တွေ့တော့မှ မနက်က အမဖြစ်သူ မှာလိုက်သည့် ကြောင်စာကို သွားသတိရသည်။ ထို့ကြောင့် လက်နှစ်လုံး အရွယ်ခန့်ရှိ အမျိုးအမည်မသိ ငါးများကို ဈေးပေါပေါနှင့်ရသောကြောင့် ကြောင်စာအဖြစ် ၀ယ်လာခဲ့သည်။ အိမ်ရောက်တော့ ကျွန်တော် ၀ယ်လာသော ငါးများကို အစ်မဖြစ်သူအား ပေးလိုက်သည်။

“ဟင်. . . နင်ဝယ်လာတဲ့ ငါးတွေက အပုတ်နံ့ထွက်နေတယ်” ဟု အစ်မဖြစ်သူက ငါးများကို ရေဆေးရင်း လှမ်းပြောသည်။ ကြောင်စားမှာပဲဟာကို အပုတ်နံ့ထွက်တော့လဲ ဘာဖြစ်လဲဟု ကျွန်တော်က ပြန်ပြောလိုက်သည်။

“ကြောင်တွေက အပုတ်နံ့ထွက်တဲ့ငါးတွေဆိုရင် မစားဘူး” ဟု အစ်မက ပြန်ပြောသည်။ ဘာဖြစ်ဖြစ် ထိုနေ့က မိုးလည်း ချုပ်သွားပြီ ဖြစ်သောကြောင့် ထိုငါးများကိုသာ ကြောင်စာအဖြစ် ချက်လိုက်ရသည်။

နောက်နေ့ နံနက်ရောက်တော့ မနေ့ကချက်ထားသော ငါးဟင်းများဖြင့် ကြောင်များကို အစာကြွေးသည်။ ကြောင်များသည် ထိုငါးဟင်းများဖြင့် နယ်ထားသော ထမင်းကို အနည်းငယ်သာ စားပြီး ဆက်မစားပဲနေကြသည်။ အချို့ကြောင်များကတော့ နမ်းရုံသာ နမ်းပြီး လုံးဝ မစားပဲနေကြသည်။

အဲတော့မှ သိလိုက်သည် ငါးတွေက အပုတ်နံ့ထွက်ရင် ကြောင်တွေ မစားဘူးကိုး။ ဒီလိုဆိုရင် ကြောင်တွေတောင် မစားတော့တဲ့ ငါးကို ဘာဖြစ်လို့ရောင်းနေရ ရပါလိမ့်ဟု ကျွန်တော် တစ်ယောက်တည်း စဉ်းစားနေမိသည်။

ထိုသို့စဉ်းစားရင်း ကျွန်တော် သတိရသွားသည်။ ကျွန်တော် ပုတ်စပြုနေပြီဖြစ်သော ခပ်ရိရိ ငါးများကို ၀ယ်စဉ်က ကျွန်တော်တစ်ယောက် တည်းမဟုတ်။ ကျွန်တော်ဘေးတွင် ထိုင်ကာ ခပ်ရိရိ ငါးပုံထဲက ပိုလတ်မည်ထင်သော ငါးများကို ရွေးနေသည့် အမျိုးသမီးကြီး တစ်ဦးကို သတိထားမိသည်။ ထိုအမျိုးသမီးကြီးသည် ဘာအလုပ်လုပ်ကိုတော့ ကျွန်တော်သေ ချာမသိသော်လည်း ခေါင်းရင်းအိမ်တွင် အ၀တ်လာလာ လျှော်ပေးသည်ကိုတော့ ရံဖန်ရံခါတွေ့ဖူးသည်။

ထိုနေ့က ပုတ်စပြုနေသော ငါးများကို ကျွန်တော်ကတော့ ကြောင်ကျွေးရန်အတွက် ကြောင်စာ အဖြစ်ဝယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ထို့ကဲ့သို့ အပုတ်နံ့ထွက်နေသော ငါးများကို ကြောင်များ မစားပါ။ ထိုကဲ့သို့ ကြောင်များမစားသော ငါးများကို ထိုအမျိုးသမီးကြီးသည် ဘာအတွက် ၀ယ်နေသည်မသိ။

ကျွန်တော်သိသလောက် သူတို့အိမ်မှာ ကြောင်တွေ မရှိကြပါ။

1 comment:

စိုးထက် - Soe Htet ! said...

ကြောင်စာ .... တော်တယ်ဗျာ .. ရေးပြတာ :)