Art is My Life: ဖိုးမောင်လာပြီ

Thursday, February 07, 2008

ဖိုးမောင်လာပြီ

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

မိုးမောင်သံကြား ကင်းသမားက
တံကားကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲတင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .
မှိုင်းညိုညဥ့်ရိပ် လူခြေတိ၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။
(မင်းသုဝဏ်)

ဆရာမင်းသုဝဏ်သည် ထိုကဗျာကို ၁၉၄၂/၃ ၀န်းကျင်က ရေးခဲ့ခြင်းဖြစ်ပြီး ဂျပန်ပြေး၍ အင်္ဂလိပ်ဝင်ခါစ အချိန်ကာလလေးကို နောက်ခံထား၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုအချိန်က အုပ်ချုပ်မှုနှင့် အလှမ်းကွာဝေးသော ဒေသများတွင် သူပုန် ဓါးပြများ ထကြွသောင်းကျန်း လျှက်ရှိကြသည်။ ထို့အတွက်ကြောင့် ကျေးရွာများကို ခြံစည်းရိုး အမြင့်ကြီးများ ကာရံထားက ရွာကိုအလုံ ပိတ်၍ နေကြရသည်။ ဖိုးမောင်လာပြီ ဆိုသော ကဗျာလေးသည် အလုံပိတ် နေရသော ရွာလေး တစ်ရွာမှ တံငါသည် လေးတစ်ယောက်၏ ကိုယ်ကျိုးစွန့်ပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။


မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ညကား မှောင်မိုက်လျှက်ရှိပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်တွင် ရွာထိပ်မှ ဂုတ်ကြား အမည်ရှိ ခွေးက ကျယ်လောင်စွာ ဟောင်လိုက်သည်။ ဤကဲ့သို့သော အချိန်တွင် ဂုတ်ကြားဟောင်ပါက ဖိုးမောင်ပြန်လာသည့် အချိန်ဖြစ်သည်ဟု ရွာသားများက သဘောပေါက်ကြသည်။


ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ

ခွေးဟောင်သံ ရပ်သွားသည်နှင့် တပြိုင်နက် နောက်ထပ်ပေါ်လာသည့် အသံကား ဖိုးမောင်၏ အသံပင်ဖြစ်သည်။ သူသည် ရွာတောင်ဘက်ရှိ ချောင်းရိုးလေးတွင် ငါးထောင်ရာမှ ပြန်လာခဲ့ခြင်းဖြစ်သည်။


မိုးမောင်သံကြား ကင်းသမားက
တံကားကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

ဖိုးမောင်အသံကို ကြားသည်နှင့် ရွာတံခါးကို စောင့်သည့် ကင်းသမားက၊ တံခါးကြီးတွင် လူတစ်ယောက် ၀င်စာအရွယ် ထပ်ဖောက်ထားသော ခွေးတိုးပေါက်လို တံခါးလေးကို ဖွင့်ပေးလိုက်သည်။ ထိုအခါတွင် ဖိုးမောင်သည် လက်ယာဘက်တွင် ငါးအုပ်ဆောင်းကိုကိုင် လက်ဝဲဘက်တွင် လှေလှော်တက်ကိုကိုင်ပြီး ခါးမှာတော့ ငါးပုလိုင်းကိုလွယ်လျှက် ရွာထဲသို့ ၀င်လာခဲ့သည်။ အမှောင်ထု အတွင်း မြင်ရသော သူ့၏ပုံသဏ္ဌန်မှာ တစ္ဆေတစ်ကောင် နှင့်အလားသဏ္ဌန်တူလှသည်။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

အခြားသော ရွာသားများ ရွာအပြင် မထွက်ရဲလောက်အောင် မငြိမ်မသက်ဖြစ်နေသော ထိုခေတ်ကာလ ကြီးတွင် ဖိုးမောင်သည် ညမှောင်မှောင်ကြီးမှာ တစ္ဆေလဲ မကြောက် မြွေလဲမကြောက်ပဲ ငါးရှာထွက်လျှက်ရှိသည်။ အကယ်၍သာ ဖိုးမောင်သာ ငါးရှာမထွက်ပါက ရွာသူရွာသာများ အတွက် ငါးဟင်းစားရဖို့ မမြင်။


ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီးကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

တစ်ခုသော ညတစ်ညတွင် . . .
ညသည် အလွန်ပင် အေးစက်လှသည်။ ကောင်းကင်ပြင်၌ လလေးက ကွေးကွေးသာ လျှက်ရှိသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲ တိတ်ဆိတ်လျှက်ရှိသည်။ ရွာဘေးရှိ စပါးကျီ အပျက်အတွင်းက ဇီးကွက်အော်သံနှင့် တောက်တဲ့အော်သံတို့က ညအမှောင် အတွင်းက ထွက်ထွက်လာသည်။ ထိုအချိန်တွင် ဂုတ်ကြား အလန့်တကြား ဟောင်လိုက်သည့် အသံ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသော ကြောင့် ဂုတ်ကြားဟောင်သံသည် တရွာလုံးကို လွမ်းမိုးသွားသည်။ ဂုတ်ကြားဟောင်သံကို ကြားပြီ ဆိုသည်နှင့် ဖိုးမောင်ပြန်လာသည့် အချိန်ဖြစ်သည်ဟု တရွာလုံးက သိလိုက်ကြသည်။


သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲတင် ထပ်သတည်း။

ဖိုးမောင်သည် ခါတိုင်း ပြန်လာသည့် အချိန်တွင် တံခါးဖွင့်ပေးဖို့ ကင်းသမားကို ပြောလေ့ရှိသည်။ သို့သော် ယခုအခါတွင် တံဖွင့်ပေးဖို့ မတောင်းဆိုပဲ၊ ကင်းသမားကို မောင်းထုဖို့ လူစုဖို့ နှင့် ဓါးပြများက သူ့ကို ဖမ်းထားပြီ ဖြစ်သောကြောင့် ရွာကို တိုက်မည့်ဓါးပြ ရန်ကို ကာကွယ်ကြပါတော့ လို့ သူလှမ်းအော် ပြောသည်။ သူရဲ့ အော်သံ မဆုံးခင်မှာပဲ သေနတ်သံများ ထွက်ပေါ်လာသည်။ ထိုသေနတ်သံများသည် တစ်ရွာလုံးကို လွမ်းမိုးသွားပြီး ချောင်းရိုးတစ်လျှောက် အထိပဲ့တင့်သံ ထပ်သွားသည်။

ဓါပြများ အနေဖြင့် စည်းရိုး အလုံပိတ်ထားသော ရွာကို အလစ်အငိုက် ၀င်တိုက်လုယူဖို့ လွယ်ကူခြင်း မရှိပေ၊ ထို့ကြောင့် ညဘက် ညဘက်တွင် ရွာအပြင်ထွက်ပြီး ငါးဖမ်းလေ့ရှိသည့် ဖိုးမောင်ကို အရင်ဖမ်းလိုက်ကြသည်။ ထို့နောက် ဖိုးမောင်ကို အရှေ့မှ သွားခိုင်းသည် ကင်းသမားက ဖိုးမောင် ပြန်လာပြီ အထင်နှင့် တံခါးဖွင့်ပေးသည့် အခါ ဓားပြများက ရွာထဲသို့ ၀င်က အလစ်အငိုက် စီးကြမည်။ သို့ပေမယ့် စီစဉ်ထားသည့် အတိုင်း တံခါးပေးဖို့ ဖိုးမောင်က မပြောပဲ၊ ဓါးပြများ ၀ိုင်းထားပြီ ဖြစ်ကြောင်းကို တစ်ရွာလုံး သိအောင် အော်ပြောလိုက်သည်။ ခိုင်းသည့် အတိုင်းမလုပ်သည့် အတွက် ဖိုးမောင်ကို ဓားပြများက ပစ်သတ်လိုက်ကြတော့သည်။


ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .

ဖိုးမောင်သေသွားခဲ့ပြီ ဖြစ်ပေမယ့် ရွာအတွက် အသက်စွန့်သွားတဲ့ ဖိုးမောင်ကို တရွာလုံးက မမေ့နိုင်ကြပဲ ရှိကြတော့သည်။ တစ်ရွာလုံး ဘယ်သူမှ အပြင်မထွက်ရဲသည့် အချိန်တွင် တစ်ယောက်တည်း ငါးရှာထွက် သွားနေကြ ဖိုးမောင်ရဲ့ ပုံရိပ်တွေ၊ လှေလှော်တက်တွေ ငါးပလိုင်းတွေနဲ့ ရွာထဲကို ပြန်လာတတ်တဲ့ ဖိုးမောင်ရဲ့ အငွေ့အသက်တွေ ရွာကို ဓါးပြဘေးမှ ကာကွယ်ရင်း အသက်ပေးသွားတဲ့ ဖိုးမောင်ရဲ့ လုပ်ရပ်တွေက ရွာသားတွေရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်သလို အကြိမ်ကြိမ်း အဖန်ဖန် မြင်ယောာင်ကာ နေကြတော့သည်။


မှိုင်းညိုညဥ့်ရိပ် လူခြေတိ၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။

ညကား မှောင်မိုက်လျှက်ရှိပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်တွင် ဂုတ်ကြားသည် ဖိုးမောင်ပြန် အလာကို စောင့်မျှော်နေသည်။ ဂုတ်ကြားသည် ဖိုးမောင်ကို ပြန်လာချိန်ရောက်ပေမယ့် မတွေ့သည့်အခါတွင် ရွာထိပ်တံခါးကနေ ရေဆိပ်ဆီကို ယောင်ယမ်းပြီး ဟောင်လိုက်သည်။

ရက်တွေ လတွေ ကြာခဲ့သော်လည်း ဂုတ်ကြား ဟောင်သံ ကြားသည့် အခါတိုင်းတွင် ဖိုးမောင်ကို မမေ့နိုင်သည့် ရွာသားများ၏ ရင်ထဲတွင်တော့ ဖိုးမောင်လာပြီ မှတ်ထင်နေလျှက် ရှိကြသည်။

2 comments:

Angel said...

လယ်တောကအပြန်
ပန်ချင်တယ်စပယ်ဖူးဆိုလို့ 
မောင်ခူးကာပေး။

တနေ့ တုန်းဆီက
ကြော့ဆုံးကိုမောင်မြင်တော့
သူ့ ဆံပင်နှင်းဆီပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး။ ။

အဲဒီကဗျာလေးလည်းဆရာကြီးမင်းသုဝဏ်ရေးခဲ့တာမှတ်တယ်။ ဆရာကြီးရေးခဲ့တဲ့စာတွေ
အားလုံးရသအရမ်းပါတယ်။
အခ“ုဖိုးမောင်လာပြီ” ကဗျာမှာဆိုရသတွေအများကြီးပဲ။ဖိုးမောင်ရဲ့ အနစ်နာခံခဲ့ပုံ၊ဂုတ်ကြား
ရဲ့သစ္စာရှိပုံ၊နောက်ပိုင်းဂုတ်ကြားဟောင်သံကြားတိုင်းရွာသူရွာသားတို့ ရဲ့ခံစားချက်..စသဖြင့်
ပေါ့။
ဒို့ ဆွေးနွေးချငိတာက..ခြံစည်ရိုးကာထားမှလုံခြုံရတဲ့လူ့ ဘ၀အကြောင်းပါ။
Civilized society ဆိုတဲ့လူယဉ်ကျေးအသိုင်းအ၀ိုင်းမှာတော့စည်းတွေမလိုဘူးလေ။ စည်း
ကာလိုက်မှလုံခြုံတယ်ဆိုတာကခဏပဲခံမှာပေါ့။ အပြင်ထွက်အစာရှာလို့ လည်းမရတော့
ကြာရင်ငတ်ပြီးသေကုန်ရလိမ့်မယ်။ စည်းတွေကာထားစရာမလိုအောင်လူတွေယဉ်ကျေး
ကြရင်……ဆိုတာဒို့ ရဲ့အိပ်မက်ပါ။

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျာ ... အိန်ဂျယ် ပြောတာလဲ ဟုတ်တယ် ဗျ :D