Art is My Life: အောင်စာရင်းထွက်တဲ့နေ့ …..

Sunday, June 07, 2009

အောင်စာရင်းထွက်တဲ့နေ့ …..



မိုးရေတွေ တဖျောက်ဖျောက်နှင့် အိပ်မည်ဆိုလျှင် အတော်ပင်အိပ်ကောင်းမည့် အချိန်ဖြစ်သော်လည်း ကျွန်တော် အိပ်၍မပျော်။ အချိန်ကို ကြည့်တော့ ညနှစ်နာရီကျော်ကျော်၊ ဗိုက်ကလဲ ဆာသလိုလို။ အိပ်မပျော်သည့်အတူ အဆာပြေ တစ်ခုခုစားဖို့ ပန်းဆိုးတန်း လမ်းဘက်ကို ကျွန်တော် လမ်းထွက် လျှောက်ခဲ့သည်။

ပန်းဆိုးတန်း လမ်းက အလင်းဆိုင်လေးမှာ ကျွန်တော် လက်ဖက်သုပ် စားပြီးတော့ မအိပ်ချင်သေးသည့် အတူတူ လမ်းလျှောက်ဦးမည်ဟု တွေးကာ ပန်းဆိုးတန်း လမ်းအတိုင်း အနော်ရထာ လမ်းဘက်သို့ တက်ခဲ့သည်။ မိုးတိတ်သွား၍ တော်သေးသည် မိုးရေ တဖျောက်ဖျောက်နဲ့ ဆို ညကြီးမှောင်မှောင် လမ်းလျှောက်လို့ ကောင်းမှာ မဟုတ်ဘူးဟု စိတ်ထဲမှာ တွေးနေတုန်း၊ ဘယ်သူက ဂုဏ်ထူး ဘယ်နှစ်ခုပါတယ်၊ ဘယ်သူကတော့ ရိုးရိုးပဲ အောင်တယ် ဆိုတဲ့ အသံကို ကြားမိလိုက်သည်။ အသံလာရာကို ကြည့်လိုက်တော့ ကျောင်းသားလေးတွေ။

သြော်ဒီနေ့ ဆယ်တန်းတွေ အောင်စာရင်းထွက်တာပဲ။ ဆယ်တန်းတွေ အောင်စာရင်း ထွက်တယ်ဆိုတာ ကြားလိုက်ရတော့…….. ကျွန်တော် ဆယ်တန်းအောင်ခဲ့တာ ဘာမှ မကြာသေးသလို စိတ်ထဲမှာ ထင်နေပေမယ့် သေချာ ပြန်စဉ်းစားကြည့်တော့ နှစ်အနည်းငယ်တောင် ကြာနေပြီ။ ဘာပဲ ဖြစ်ဖြစ်လေ အိပ်မပျော်သေးသည့်အတူ သူများ အောင်စာရင်းလေးတွေ သွားဖတ်ဦးမှပဲ ဆိုပြီး ကျွန်တော် ဗိုလ်တစ်ထောင်ခြောက်ဘက်ဆီသို့ ထွက်လာခဲ့မိသည်။


ကျွန်တော် ဆယ်တန်းအောင်စာရင်း သွားကြည့်မယ်ဆိုတော့ အဖေက ဘူတာရုံကို လိုက်ပို့သည်။ ညနေ ငါးနာရီတွင် ၀င်မည့် ၅၆ အစုန် အမြန်ရထားအလာကို စောင့်ရင်း ဘူတာရုံထဲမှာ အဖေက ကျွန်တော့်ကို စကားမပြောသလို ကျွန်တော်လည်း အဖေကို စကားမပြောဖြစ်။ ကျွန်တော်က မနက်ဖြန် မနက်မှာ ကြည့်ရမဲ့ ကျွန်တော် ဆယ်တန်းအောင်စာရင်း အကြောင်းကို တွေးနေသည်။ မနက်ဖြန် ဆယ်တန်းအောင်မည် ဆယ်တန်းအောင်ပြီးရင် ဘာလုပ်မည် အစရှိသဖြင့် လေထဲမှာ တိုက်အိမ်ဆောက်တဲ့ အတွေးတွေနဲ့ ကျွန်တော် လျှောက်တွေးနေမိသည်။ အဖေကတော့ ဘာတွေတွေးနေသည်မသိ။


စာမေးပွဲဖြေပြီးကတည်းက ဆယ်တန်းကို သေချာပေါက်အောင်ပြီဆိုတာ ကိုယ့်ကိုယ် သိထားပေမယ့် ကိုးတန်းကိုတောင် နှစ်နှစ်ဖြေခဲ့သည့် ကျွန်တော့်ကို အဖေက သိပ်ယုံရဲပုံမရ။ ဒီနှစ်မှာ ကျွန်တော်ဆယ်တန်းကျရင် ကိုးတန်းက တက်လာသည့် ကျွန်တော်ညီနှင့် အိမ်မှာ ဆယ်တန်း ကျောင်းသားနှစ်ယောက်၊ တစ်နှစ်တစ်ထက်တစ်နှစ် ကျူရှင်စရိတ်တွေကလည်းကြီး၊ ထို့ကြောင့် ကျွန်တော် ဆယ်တန်းမအောင်မည်ကို အဖေက တွေးပူနေပုံရသည်။

ပေါ်ပူပေါ် ဆိုသည့် ရထားဥသြသံကြောင့် အတွေးကိုယ်စီနှင့် ထိုင်နေသည့် ကျွန်တော်တို့ သားအဖနှစ်ယောက် အတွေးစကိုယ်စီကို ခေတ္တရပ်ပြီး…. “ အောင်စာရင်း ကြည့်ပြီးရင် ဖုန်းခေါ်ဦးနော် သူငယ်ချင်းတွေနဲ့ လျှောက်ပြီး သွားမနေနဲ့ဦး၊ ငါက ဒီလောက် မဟုတ်ဘူး မင့်အမေက သိချင်ရှာမှာ၊ အိတ်ချိန်းက ဖိုးသားကို မှာမရရင် ဆေးရုံကို လှမ်းမှာ” ကျွန်တော် ခေါင်းငြိမ့်ပြပြီး ရထားပေါ်သို့ တက်လာခဲ့သည်။ ရထားသည် ဘူတာရုံတွင် သုံးမိနစ်ခန့်သာ ရပ်ပြီး မြစ်ကြီးနား မန္တလေး လမ်းမကြီးအတိုင်း မန္တလေးဘက်ဆီသို့ ထွက်ခွာလာခဲ့သည်။

မိုးဦးရာသီရောက်ပြီ ဖြစ်တာကြောင့်ထင့် ဘုံချောင်း ဘူတာမှ ထွက်ပြီးကတည်းက မိုးတွေ သည်းသည်းမဲမဲ ရွာချသည်။ မိုးကသည်း နေက၀င်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးလည်း ဘာမှ မမြင်ရတော့ပေ။ ရထားတွေ ခဏခဏ ဘီးချော်၊ တိမ်းမှောက်သည်ဟု ထိုဒေသမှာ နာမည်ကြီးသည့် ဘုံချောင်း နှင့် နမ်းခမ်း ကျောက်တောင်ကြားမှာ ကျွန်တော်စီးလာသည့် ရထားက သွားနေခြင်း ဖြစ်ပြီး၊ မိုးသံက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးထားသည့်အတွက် ရထားဘရိတ်အုပ်သံ တစ်ချက်တစ်ချက်သာ တစ်ခါတစ်ခါ ပေါ်လာသည်။ ယုခု ကျောက်တောင်ကြားကို ခါတိုင်းကျွန်တော် အခေါက်ခေါက် အခါအခါ ရထားစီးပြီး ဖြတ်သန်းခဲ့ပေမယ့် တစ်ကြိမ်မှ ဘီးချော်တာနှင့် မကြုံဘူးပါ။ ယခုတောင်ကြားတွင် ရထား ဘီးချော်လျှင် တစ်ရက်ခန့် ကြာတတ်သည်။ ယခင်အကြိမ်တွေတုန်းက သွားနေရင်း ရထား ဘီးချော်သွားလျှင် ဟူ၍လည်း တစ်ကြိမ်မှ စိတ်မပူဘူးပါ။ သို့ရာတွင် ဒီတစ်ကြိမ်တော့ ကျွန်တော် စိတ်ပူပါသည်။ အကယ်၍သာ ဘီးချော်ခဲ့လျှင် မနက်ဖြန် မနက် ဆယ်တန်းအောင်စာရင်းကို ဦးဦးဖျားဖျား ကြည့်ခွင့် ရတော့မည် မဟုတ်။ ကျွန်တော်ကတော့ ကိုယ်ဖြေထားသည့် စာမေးပွဲ အောင်စာရင်းကို ကိုယ်ကိုယ်တိုင်ပဲ ကြည့်ချင်သည် ကျန်လူများ အားလုံးလဲ ထိုကဲ့သို့ပဲ ဖြစ်မည် ထင်ပါသည်။

ကျွန်တော် ကောလင်း ဘူတာရုံရောက်တော့ ညကိုးနာရီခွဲပြီ၊ ထိုအချိန်တွင် မိုးကလည်းတိတ်ပြီ။ သိပ်မဝေးလှသည့် ဘူတာနှင့်အိမ်ကို ကျွန်တော် ကတိုက်ကရိုက်ပြန် ပစ္စည်းတွေချပြီး စက်ဘီးလေးဆွဲကာ အပြင်ကို ထွက်ခဲ့မိသည်။ ကောလင်းမြို့ရဲ့ ညလင်းပေါက် လင်းပေါက် လက်ဖက်ရည်ဆိုင်တွေမှာ သူငယ်ချင်းတွေ ထိုင်နေကြသည်။ သူတို့လည်း ဒီညတော့ အိပ်ပြန် မအိပ်ပဲ အောင်စာရင်း ကပ်တာကို စောင့်ကြည့်ကြမည့် သူများဖြစ်ကြသည်။ ခဏလောက်နေတော့ သူငယ်ချင်းတွေစုပြီး ကျောင်းအရှေ့ကို စက်ဘီးကိုယ်စီနှင့် သွားကြည့်ကြသည်။ ကျောင်းသားတွေ သူ့အစုကိုယ့်အစုလိုက် ကျောင့်အရှေ့ကို ဖြတ်ဖြတ်သွားကြပြီး အောင်စာရင်း ဘယ်အချိန်ကပ်မလဲ ဆိုသည့် မျှော်လင့်ချက်ဖြင့် ကျောင်းကြီးကို လှမ်းမျှော်မျှော် ကြည့်နေကြသည်။ ကျောင်းကတော့ အမှောင်ထု အတွင်းမှာ အိပ်မောကျလို့ ကောင်းတုန်း။

ဒီလိုနဲ့ ကျွန်တော်တို့ ကျောင်းအရှေ့ အုတ်တံတားလေးမှာ ဂစ်တာတီးတဲ့သူကတီး ဟိုအကြောင်းဒီအကြောင်း လျှောက်ပြောတဲ့သူပြောနှင့် သူ့အစုကိုယ့်အစု ထိုင်ကာ အောင်စာရင်း ကပ်မည့်အချိန်ကိုစောင့်နေကြသည်။ မနက်ဖြန် အောင်စာရင်းထွက်မည်ဟုသာ တစ်ယောက်စကား တစ်ယောက်ကြား၍သာ လာစောင့်နေကြရခြင်း ဖြစ်သော်လည်း သေချာပေါက် အောင်စာရင်းထုတ်လိမ့်မည်ဟု တော့မည်သူမှ မပြောနိုင်ကြ။ ညဆယ့်နှစ်နာရီ ကျော်တော့ ပညာရေးမှူးရုံးဘက်က ဆရာတစ်ယောက် အိပ်သာသွားဖို့ ထွက်လာသည်ကို မြင်ရသည်။ ကျောင်းသားများက ၀မ်းသာအားရနှိင့် အောင်စာရင်းထွက်မှာလား ဟုဝိုင်းအော်မေးကြသည်။ သူက ဘာမှ ပြန်ပြောခြင်းမရှိပဲ ရုံးအတွင်းသို့ ၀င်သွားကာ တံခါးပြန်ပိတ်သွားသည်။ ကျွန်တော်တို့ ကျောင်းဝင်းသည် တော်တော်ကျယ်သည့် ကျောင်းဝင်းဖြစ်ပြီး ကျောင်းအုတ်တံတိုင်းနှင့် အောင်စာရင်းများကပ်မည်ဆိုသည့် ပညာရေးမှူးရုံးသည် အနည်းဆုံး ပေသုံရာခန့်အကွာဝေးရှိသည်။ ကျွန်တော် ကျောင်းအုတ်တံတိုင်း အပေါက်မှ ပညာရေးမှူးရုံး အရှေ့ကို လှမ်းကြည့်လိုက်ရာ စာရွက်များ ကပ်ထားသည်ဟု ယူဆရာသော ဘုတ်လေးတစ်ခုကို ထောင်ထားသည်ကိုမြင်ရသည်။ ထို့ကြောင့် ထိုစာရွက်ကပ်ထားသော ဘုတ်သည် အောင်စာရင်းများ ဖြစ်နိုင်သည်ဟုယူဆကာ ကျွန်တော် ကျောင်းအုတ်တံတိုင်းကို ကျော်တက်ပြီး ကျောင်းထဲဝင်လိုက်သည်။ ကျွန်တော်နောက်က သူငယ်ချင်းတစ်ယောက်လည်း ကပ်လိုက်ပြီး ၀င်လာသည်။ ကျွန်တော် ထိုစာရွက်များကပ်ထားသော ဘုတ်အရှေ့ကို ရောက်ပြီ ဆိုသည်နှင့် လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။


လက်နှိပ်ဓာတ်မီးရောင် အောက်တွင် ကွန်ပျူတာ စာလုံးများနှင့် စာစီထားသော နာမည်များကို တွေ့လိုက်ရသည်။ ကျွန်တော် ခုံနံပါတ်ကို ကျွန်တော် လိုက်ရှာကြည့်သည်။ တွေ့ပါပြီ စန- ၉၂၉ ပြီးတော့ ကျွန်တော့်နာမည် ပြီးတော့ အဖအမည် ဂုဏ်ထူးရ ဘာသာစာရင်းဘက်ကို ကြည့်လိုက်တော့ ဂုဏ်ထူးမပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အောင်ပြီ အောင်ပြီဟေ့လို့ အော်လိုက်တော့ အပြင်ဘက်မှာ ဆယ်တန်းအောင်စာရင်း စောင့်နေသည့် ကျောင်းသားများလည်း ကျောင်တံခါးဆီသို့ ပြေးလာကြပြီး ကြွက်ဆူကြွက်ဆူ ဖြစ်ကုန်သည်။ ယေကျာင်္းလေး တော်တော်များများကတော့ တံခါးဖွင့်တာကို စောင့်မနေတော့ပဲ အုတ်တံတိုင်းကို ကျော်ပြီးပြေးဝင် လာကြသည်။ ပညာရေးမှူးရုံးထဲက ဆရာတွေလဲ ထွက်လာပြီး တိတ်တိတ်ကြည့်ကြဖို့ ဆူညံဆူညံ မလုပ်ဖို့ ပြောသည်။ ကျွန်တော်ကတော့ အောင်စာရင်းကြည့်ပြီးပြီ ဖြစ်သည့်အတွက် ကျောင်းအုတ်တံတိုင်းကို ပြန်ကျော်ထွက်ခဲ့ပြီး စက်ဘီးကို အိမ်ရှိရာသို့ ခြေသုတ်တင်နင်းခဲ့လိုက်တော့သည်။


ဗိုလ်တစ်ထောင်ခြောက် ကျောင်းထဲကို ရောက်တော့ မနက်စောလွန်းသေးလို့ ဖြစ်မည်ထင်သည် အောင်စာရင်းလာကြည့်သူ တော်တော်နည်းသေးသည်။ ဂုဏ်ထူးတွေ တစီကြီးရသွားသည့် ကျောင်းသား ကျောင်းသူများကတော့ ပျော်ပြီးပြန်ကြသည်။ အောင်စာရင်း မပါသည့် ကျောင်းသားများကတော့ တိတ်ဆိတ်လို့။

ဗိုလ်တစ်ထောင်ခြောက်တွင် ကပ်သည့်အောင်စာရင်းကို ဘာရယ်မဟုတ် လာကြည့်ခြင်းသာ ဖြစ်ပြီး သိသူလည်းမပါ၊ နာမည်တပ်ပြီး ကြည့်စရာလူလည်းမရှိ၊ မနက်ကျရင် Class ရှိသေးသည်။ ထို့ကြောင့် အောင်စာရင်းဘုတ်တွေ အရှေ့မှာ နည်းနည်းပါးပါး လျှောက်ကြည့်ပြီး ကျွန်တော် အိမ်သို့ ပြန်ခဲ့သည်။ ထိုအချိန်တွင် မိုးကဖွဲဖွဲကျလာသည်။ မိုးဖွဲဖွဲကျနေသော လမ်းမှာထီးမပါပဲ လမ်းလျှောက်ရင် ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။


အောင်စာရင်းဟု ပြောလျှင် စာမေးပွဲဖြေပြီး နံရံမှာထုတ်ပြန်ကြေငြာ ပေးသည့် စာမေးပွဲ အောင်စာရင်းဟု သာလူတော်တော်များများက မြင်ကြသည်။ တကယ်တော့ ဘ၀မှာ စာသင်ခန်းထဲမှာ မဟုတ်ပဲ ဘ၀ထဲမှာ သင်ခန်းစာတွေ ထပ်တက်နေရသည်။ စာသင်ခန်းထဲမှာ စာမေးပွဲမဖြေပဲ လက်တွေ့ဘ၀ထဲမှာ ဒုက္ခတွေ ပြသနာတွေကို ဖြေနေရသည်။ နံရံပေါ်မှာ ကပ်မထားပေမယ့် ကိုယ်လုပ်ထားတဲ့ အရာတစ်ခုရဲ့ အောင်မြင်မှုကို ဘ၀မှာ အမြဲတမ်း စောင့်မျှော်နေရသည်။ ထို့ကြောင့် ကျွန်တော်တို့ အသက်ရှင်သရွှေ့ ကျွန်တော်တို့ လက်တွေ့ဘ၀ထဲမှာ စာမေးပွဲတွေ အကြိမ်ကြိမ်ဖြေရင်း ဘ၀အောင်စာရင်းတွေ ထွက်မည့်နေ့များကိုလည်း အသက်ရှင်နေသရွေ့ ကြုံတွေ့ဖြတ်သန်းနေကြရဦးမည် ဖြစ်သည်။




5 comments:

phoe thu taw said...

ဘ၀ စာမေးပွဲတွေကတော့ ဖြေလိုက် အောင်လိုက် ကျလိုက် ထပ်ကြိုးစားလိုက်ပေါ့ ဘိုဝရယ်။။။ ခင်ဗျား ကျွန်တော့် ဆော်တွေ လုမယ် ဆိုတာလည်း ဘ၀ ရဲ့ monthly test တစ်မျိုးပါ.. ဟတ်ဟတ်..

MANORHARY said...

ဘဝစာမေးပွဲတွေ..လို့တွေးရင်းရေးမလို့ကြံလိုက်ကာမှ
ရှေ့က ဖိုးသူတော်ရေးထားတဲ့ monthly test ကြောင့် ဘာမှမပြောတော့ပါဘူး ..း) တာ့တာ

khin oo may said...

ဖတ်သွားတာဘဲ။ ဘာဘဲရေးရေး

khin oo may said...

စထရိုက်အသံကလေးများမကြားဘူးလား. ပျေက်နေလို့။

စိုးဇေယျထွန်း said...

စထရိုက် ကြီးပွားသွားပြီ ဘလော့ဂ်တွေမှာ ကော့မင့်မရေးတော့ဘူးတဲ့။

There was an error in this gadget