Art is My Life: တမာပင်

Wednesday, March 12, 2008

တမာပင်

တမာသည် အသိတရားများစွာပေးသည်

တမာခေါက်သည် ခါးသည်။ တမာရွက်သည် ခါးသည်။ တမာမြစ်သည် ခါးသည်။ တမာသည် တပင်လုံးခါးသည်။ ထိုကဲ့သို့ တပင်လုံးခါးသော တမာပင်က သီးသည့် အသီးသည်လည်း ခါးသည်။ သို့ရာတွင် တမာသီးသည် ရင့်မည့်လာချိန်တွင် ချိုသွားသည်။

ခါးသောပင်မှာ သီးလာပြီး ငယ်စဉ်က ကိုယ်တိုင်ခါးသော တမာသီးသည် ရင့်မည့်လာချိန်တွင် အချိုဘက်သို့ ကူးပြောင်းသွားနိုင်ပါက အတွေးအခေါ် စာပေနှင့် ယဉ်ကျေးမှု အသိုင်းဝိုင်းတွင် ရှင်သန်လာကြသော လူသားများကသည် ကြီးရင့်လာသည့် အချိန်မှာ ငယ်စဉ်ကလိုပဲ ခါးနေကြဦးမည်လော.......

* * * *

တမာပင်သည် သူ၏အိမ်ရှေ့တွင် တည်ရှိသည်။ အခုလို ဆောင်းအကုန် နွေးဦကာလတွင် သူ့အိမ်ရှေ့ တမာပင်မှ ၀ါကြံ့ကြံ့ သစ်ရွက်များ မြေပြင်ပေါ်သို့ ကြွေကျကြသည်။ သူသည် နေပူသော နေ့ခင်းများတွင် တမာပင် အောက်တွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို လက်ကကိုင်းရင်း လေနှင့်အတူ တဖြုတ်ဖြုတ်ကြွေကျလာသော တမာရွက်လေးများကို ငေးနေမိတတ်သည်။ ထိုအချိန်မျိုးတွင် သူသည် စာအုပ်ထဲမှ ဇာတ်ကောင် ဖြစ်သွားသည်၊ တခါတံရံတွင် လေနှင့်အတူ ကြွေကျလာသော တမာရွက်လေးများ ဖြစ်သွားသည်။

အခုလို တမာရွက်များ ကြွေချိန် ရောက်ပြီဆိုလျှင် အိမ်ရှေ့က ရေတွင်းကို နှီးဖြာကြီးတစ် ချပ်ဖြင့် အုပ်ထားရသည်။ အဘယ်ကြောင့်ဆိုသော် တမာရွက်များသည် ရေတွင်း အတွင်းသို့ ကြွေကျပါက ရေတွင်းရေ ပုတ်တတ်သောကြောင့် ဖြစ်သည်။

တမာပင်မှာ ပင်စည်တွင် အပွေးရှိသော တမာနှင့် အပွေးမရှိသော တမာဟူ၍ နှစ်မျိုးကွဲသည်။ အပွေးမရှိသော တမာပင်သည် ခါးသောကြောင့် ရေဖြင့် အချိန်အတန်ကြာ ပြုတ်ယူရသည်။ အပင်တွင် အပွေးရှိသော တမာပင်သည် သိပ်မခါးသောကြောင့် ရေနွေးပူပူတွင် ခေါက်ဆွဲစိပ်သလို သုံးမိနှစ်လောက် စိပ်ထားရုံဖြင့် စား၍ရသည်။ ရေနွေးတွင် အကြာကြီး ပြုတ်ရသော တမာရွက်သည် အပူချိန်များခြင်းကြောင့် ၀ါသွားလေ့ရှိပြီး ရေနွေးတွင် ခဏလေးစိမ်ရုံဖြင့် စား၍ရသောတမာရွက်သည် ရေနွေးစိပ်ချိန် မကြာသောကြောင့် စိမ်းစိမ်းစိုစိုနှင့် စားရသည်မှာ ပိုပြီးလတ်ဆတ်သည်။

သူတို့အိမ်ရှေ့က တမာပင်သည် ပင်စည်တွင် အပွေးရှိသော တမာအမျိုးစား ဖြစ်ပြီး နွေရောက်လို့ တမာရွက်တွေ နုပြီဆိုလျှင် သူသည် တမာပင်ပေါ်သို့ တက်ပြီး တမာရွက်များကို ခူးလေ့ရှိသည်။ တမာရွက်သည် ကိုင်းဖျားများ တွင်သာ နုလေ့ရှိသည်။ လူသည် ကိုင်းဖျားနားသို့ ရောက်အောင် သွား၍ မရနိုင်သဖြင့် သစ်ပေါ်တက်ပြီး ခူးရုံနှင့် တမာရွက်များကို့ လက်လှမ်းမမှီနိုင်ပေ။ ထို့ကြောင့် သူသည် တမာပင်ပေါ်သို့ တက်ပါက လက်ထဲတွင် ၀ါးခြမ်းပြားတံချူလေးကို ကိုင်သွားရသည်။

သစ်ကိုင်းခွဆုံတွင် ကားလားခွထိုင် လူပြုမကျအောင် လက်တစ်ဘက် တမာပင်ကိုဖက် ကျန်လက်တစ်ဘက်က ၀ါးခြမ်းပြား တံချူလေးကို ကိုင်းပြီး တမာနုလေးတွေကို ခူးရသည်မှာ လွယ်တော့မဟုတ်။ တခါတရံတွင် ၀ါးခြမ်းပြားတံချူနှင့် တံမာနုရှိသည့် သစ်ကိုင်းဖျားလေးကို လိမ်ချိုးရန် ကြိုးစားရင်း ချော်ထွက်သွားသည် လည်းရှိသည်။ တခါတရံတွင် ၀ါးခြမ်းပြားတံချူလေး ပဲသွားသည့် အခါမျိုးလည်းရှိသည်။ ၀ါခြမ်းပြား တံချူလေး ပဲ့သွားပြီ ဆိုလျှင် သစ်ပင်အောက်သို့ ပြန်ဆင်ကာ တံချူလေးကို ပြန်ပြင်ပြီး သစ်ပင်ပေါ်ပြန် တက်ရသည်။ ထို့ကြောင့် တခါတရံ သူစိတ်ထဲမှာ မိုးပေါ်ပျံပြီး တမာတစ်ပင်လုံး ပြောင်အောင် လိုက်ခူးပစ်လိုက်ချင်သည်။

သူကိုယ်တိုင် ခူးလာသော တမာရွက်ပြုတ်ကို ငါးပိရည်နှင့် တို့ပြီးစားရသည်ကို သူခံတွင်းတွေ့သည်။ တမာရွက်ဟု ဆိုသော်လည်း အရွက်ကြီးပဲ မဟုတ် တမာအဖူး လေးများပါသည်။ ထိုအဖူးလေးများ စိမ်းရွှေရွှေ အနံ့ရှိပြီး ထိုအနံ့ကို သူက မွေးသည်ဟု ထင်ထားကာ အဖူးလေးများသည် အရွက်များထက် အရသာပိုရှိသည်ဟု ထင်နေသည်။

သင်္ကြန်အကြို ရောက်ပြီဆိုလျှင် သူသည် ဓားတစ်ချောင်းဖြင့် ထိုတမာပင်သို့ တက်လေ့ရှိသည်။ သူ့ အဖွားက သူခုတ်ချလိုက်သော တမာကိုင်းများကို ဖဲ့၍ သိကြားကြိုသည့် အိုးတွင် ထိုးလေ့ရှိသည်။ ရပ်ကွက်ထဲမှာ သိကြားကြိုအိုးတွင် တမာခက် ထိုးလိုသူများလည်း သူခုတ်ချလိုက်သော တမာကိုင်းမှ တမာခက်များကို လာရောက်ချိုးယူကြသည်။ ထိုတမာပင်သည် မြောင်းကမ်းပါးတွင် ရှိသောကြောင့် အရမ်းမြင့်လာပါက ပြိုလှဲသွားမည်ကို စိုးရိမ်ရသောကြောင့် နှစ်စဉ် အပင်ကို ချိုင်ပေးရသည်။ သူသည် တစ်ချို့သော နှစ်များတွင် တမာရွက်နု ချိန်တွင်လည်းကောင်း၊ တစ်ချို့သောရက်များတွင် သင်္ကြန်အကြိုနေ့တွင် လည်းကောင်း တစ်ချို့သော နေ့များတွင် နှစ်သစ်ဆန်း တစ်ရက်နေ့တွင် လည်းကောင်း တမာပင်ကို ချိုင်လေ့ရှိသည်။

ထိုတမာပင်ကို သူငါးနှစ်သား အရွက်ခန့်က သူ့အဖွားဖြစ်သူက စိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ငယ်စဉ်က တမာပင်တွင် တခြားလူများ တမာရွက်လာခူးကြသည့် အခါ၊ တမာခေါက်လာခွာ ကြသည့်အခါ ထိုသူများကို သူက ရန်လုပ်လေ့ရှိသလို ဓာတ်ကြိုးနှင့် မလွတ်ဟု ဆိုကာ လျှပ်စစ်က လာခုတ်သည့် အခါတိုင်းတွင်လည်း သူနှမျှောရသည်။

မိုးကျပြီ ဆိုသည်နှင့် တမာသီးများ မည့်ကြပြီ။ တမာသီးသည် စိမ်းစဉ်က ခါးသော်လည်း မည့်လာသည့် အခါတွင် ချိုသည်။ သူငယ်စဉ်က တမာသီးမည့်များလည်း ကောက်စားခဲ့ဖူးသည်။ တမာသီးမည့်သည် ချိုသည်ဟုဆိုသော်လည်း အရသာရှိလောက်အောင် စားကောင်းသည့် အသီးမဟုတ်သည့်အတွက် တစ်ခါးစားလျှင် တစ်လုံးစ နှစ်လုံး ကောက်စားသည်မှ အပ တကူးတကကြီး ခူးစားတာမျိုးကိုတော့ သူမလုပ်ဖြစ်ပေ။ ထိုသမာသီး မည့်တို့သည် မိုးရေတို့နှင့် ကြွေကျ၍ မြေပြင်တွင် အပင်များ ပေါက်ကြသည်။ ထို့ကြောင့် မိုးရာသီတွင် တမာပင်ကြီး အောက်၌ တမာပင်ပေါက်လေးများက ဟိုတစ်စု ဒီတစ်စုဖြင့် ပေါက်ရောက်နေ တတ်ကြသည်။

သူသည် ထိုတမာပင် အောက်တွင် စာဖတ်ခဲ့ဖူးသည်။ သူသည် တမာရွက်များကို စားရန်အတွက်သော် လည်းကောင်း ခေါင်းလျှော်ရန် အတွက်သောလည်းကောင်း ခူးခဲ့ဖူးသည်။ ထိုတမာပင်၏ သစ်ကိုင်းများကို ဓားဖြင့်ချိုင်ခဲ့ဖူးသည်။ သူသည် ထိုအပင်မှာ တမာကိုင်းများ ဖြင့် သွားတိုက်ဖူးသည်။ တမာပင်ကို မကောင်း ဆိုးဝါး မကပ်နိုင်ဟု အယူအဆရှိသော ထိုနယ်တွင် သူငယ်စဉ်က ထိုအပင်က တမာသားလေးကို ပရိတ်ကြိုးတွင် ချည်ကာ လည်ပင်းတွင် ဆွဲထားခဲ့ဘူးသည်။

အခုတော့သူ ထိုတမာပင်နှင့် ဝေးခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ တမာပင်နှင့် သူခွဲခဲ့သည့်နှစ်က မွေးသည့် သူ့တူလေးပင် သူငယ်တန်း တက်နေပြီ။

အခုအချိန်တွင် အရံဟင်းအဖြစ် အရေးမပါစွာဖြင့် သခွားသီး ရုံးပတီသီးနှင့် ပူစီနှံနှံ ကြားတွင် ရောနှောနေသော တမာရွက်လေးများသည် တချိန်က သူ့အတွက် အဓိကဟင်း တစ်ခွက်ဖြစ်ခဲ့ဘူးသည်။ သူသည် ထိုတမာပင်ကို နေ့ရှိသရွေ့ အချိန်တိုင်း သတိရနိုင်ခြင်း မရှိပါ။ သို့ရာတွင် ထမင်းဆိုင်ရှိ တို့စရာ မြုတ်စရာတွင် တမာရွက်ကို တွေ့ပါက အချိန်အတော်ကြာ ခွဲနေရသော သူ့မိသားစုကို သတိရမိသည်။

ထိုတမာပင်ကြီးသည် သူ့အိမ်ရှေ့တွင် တည်ရှိပြီး တမာပင်ကြီး နောက်တွင် သူ့အိမ်တည်ရှိကာ သူ့အိမ်ထဲတွင် သူ့မိသားစု ရှိနေသည် မဟုတ်ပါလား……

3 comments:

Yi Yi Win said...

တ….တမာပင်…ရွာအ၀င်
ထ…ထမင်းပွဲ လက်ဆုံနွဲ….တဲ့။ ကလေးတွေအော်အော်ဆိုနေကြားလို့ အလွတ်ရနေ
ပေါ့။

ဒို့ ငယ်ငယ်က အဖေနဲ့ အညာကိုအလည်လိုက်သွားမှတမာပင်စတွေ့ ဖူးတာ။ မိုးဦးကျ
ကာလတစ်လပေါ့။ ဒို့ ကကားမူးပြီးအန်ရင် အဖေက ကားဆရာကိုလမ်းဘေးရပ်ခိုင်း
ပြီးဒို့ ကအန်ရတာ။ ဖြစ်ချင်တော့အမာပင်အောက်မှာဖြစ်နေတယ်လေ။ အဲဒီမှာစိုးဇေယျ
ပြောတဲ့အမာသီးမှည့်တွေကဖွေးလို့ ။ ဒို့ ကိုစားကြည့်ဖို့ ဖိတ်ခေါ်နေတာနဲ့ ကောက်စား
ပစ်လိုက်တယ်(အဖေမမြင်လိုက်အောင်လေ)။ ချိုမှန်းခါးမှန်းတောင်မသိလိုက်ဘူး။ အနံ့ 
မခံနိုင်လို့ ထပ်အန်ပြန်ရော။

ဒို့ ၃တန်းတုန်းက သင်္ကြန်စာမှာဘီလူးက ကလေးတွေစားမယ်ဆိုပြီး ကောလဟာလ
တွေကြားကြတော့ မင်းလိုပဲတမာလည်မှာဆွဲရမယ်ဆိုလို့ တမာလိုက်ရှာ
တာ။ ဘယ်တွေ့ မလဲ။ ရန်ကုန်မှာတမာဆိုတာမြင်တောင်မမြင်ဖူးတဲ့ဟာ။
ဒါပေမဲ့ လူကြီးတွေရှာရင်တော့တွေ့ မှာပေါ့။ ကိုယ့်ဘာသာကိုယ်ရှာနေတာလေ။
ဒါပေမဲ့ဘီလူးမ မကြောက်တဲ့ဒို့ ကိုဘီလူးမျက်စိနောက်လို့ လက်ရှောင်သွားလားမ
သိဘူး။

ခဏခဏချိုင်ပေးရင် အခါးလည်းလျော့ပုံရတယ်နော်။

Servidores said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Servidor, I hope you enjoy. The address is http://servidor-brasil.blogspot.com. A hug.

honey said...

တမာတောမှာ မနေခဲ့ဖူးပေမယ့် ဒီစာဖတ်ပြီး လွမ်းသလိုလိုဖြစ်သွားတယ်။
တကယ်ကောင်းတဲ့ စာမူတပုဒ်ပါ။

There was an error in this gadget