Art is My Life: တရုပ်တွေ ဘာကြောင့်ချမ်းသာ ကြသလဲ

Monday, March 03, 2008

တရုပ်တွေ ဘာကြောင့်ချမ်းသာ ကြသလဲ


ကျွန်တော်တို့ မြို့တွင် အမြင့်ဆုံး တိုက်သည် သုံးထပ်တိုက်ဖြစ်၍ ထိုတိုက်ကို ပိုင်ဆိုင်သူသည် တရုပ်လူမျိုး ဖြစ်သည်။ မြို့လည်ခေါင်ရှိ တိုက်အိမ်များ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်သည် တရုပ်လူမျိုးများ ပိုင်ကြသည်။ အကြီးဆုံး စတိုးဆိုင် ဆိုလျှင်လည်း တရုပ်လူများပင် ပိုင်ကြသည်။ ကျွန်တော်တို့မြို့တွင် အချမ်းသာလူ ဆိုလျှင်လည်း ထိုလူသည် တရုပ်ဖြစ်သည်။ အဲဒါ ကျွန်တော်တို့ တစ်မြို့တည်းလား.... မဟုတ်ပါ မြို့တိုင်း တွင်ဖြစ်သည်။ နောက်ဆုံး ပြောရလျှင် မြန်မာပြည်တွင်း နေထိုင်သူများအနက် တရုပ်လူမျိုးများသည် ဆင်းရဲသူ မရှိသလောက် ရှားသည်။ တရုပ်လူမျိုးဟု ပြောသည်နှင့် ချမ်းသာကြသူများ ဖြစ်သည် ဆိုတာကို နားလည်ကြပြီးသား ဖြစ်သည်။

* * * * *

ကျွန်တော်တို့ အဖိုးမသေခင်က သူပြောဖူးသည်။
“ အဲဒီတရုပ်ကြီး ငါတို့မြို့ကို ရောက်လာတုန်းက လက်ဗလာ သက်သက်ပဲ၊ မြန်မာစကားတောင် မတတ်ဘူး၊ မြို့ထဲမှာ တုန်ဟိုး တုန်ဟိုး ဆိုပြီး လှည့်လှည့်ရောင်း နေတဲ့လူပေါ့”

အခုတော့ ကျွန်တော် အဖိုးလည်း သေသွားပြီ ထိုလူလည်း သေသွားပြီ။ သို့ရာတွင် ကျွန်တော့်အဖိုးသည် သာမာန် တောင်သူ တစ်ယောက် အနေနှင့် သေသွားခြင်းဖြစ်ပြီး ထိုတရုပ်ကြီးသည် ကျွန်တော်မြို့၏ အချမ်းသာဆုံး စာရင်းဝင် မြို့မျက်နှာဖုံး အဖြစ်နှင့် သေသွားခြင်းဖြစ်သည်။

လက်ဗလာချဉ်း ရောက်လာကြသော တရုပ်များသည် ထိုတရုပ် တစ်ယောက်တည်း မဟုတ်ပါ၊ ကျွန်တော်မြို့တွင် အချမ်းသာဆုံး ဆိုသော တရုပ်များအားလုံး လက်ဗလာ သက်သက်ဖြင့် ရောက်လာခဲ့ကြ ခြင်းဖြစ်သည်။ ယခုအခါတွင် ထိုသို့ လက်ဗလာ သက်သက်ဖြင့် ရောက်လာကြသော တရုပ်များ အားလုံးသည် သူဌေးများဖြစ်၍ မိရိုးဖလာ လယ်၊နွား ချောင်း လုပ်စား ကိုင်စားစရာနှင့် နေကြသော ကျွန်တော်တို့ လူမျိုးများကတော့ ဆင်ရဲလို့ ကောင်းတုန်းရှိကြသေးသည်။

ကိုယ့်လက်မှာ လယ်၊နွား အရင်းနှီးတွေနဲ့ လုပ်စားကိုင်စားစရာ ရှိတဲ့ ကျွန်တော်တို့ လူမျိုးတွေနဲ့ လက်ဗလာ သက်သက်ဖြင့် ရောက်လာကြသော တရုပ်လူများသည် နှစ်ပေါင်း ခြောက်ဆယ် ခုနှစ်ဆယ် အတွင်းမှာ အခြေအနေတွေ အရမ်းကွာခြား သွားကြသည်။ ဘာကြောင့်များ ထိုသို့ ကွားခြားသွာရသနည်းဟု ကျွန်တော် မကြာခဏ စိတ်ထဲတွင် မေးမေးနေ မိပါတော့သည်။



လေးနှစ်တစ်မှ တစ်ကြိမ်ကျင်းပခွင့် ရတဲ့ တရုပ်သဌေးသားရဲ့ မွေးနေ့ . . . .

ကျွန်တော်နှင့် သင်တန်း အတူတူတက်နေသော သူငယ်ချင်း တရုပ်တစ်ယောက် ရှိသည်။ သူသည် မန္တလေးမှ လာရောက် သင်တန်း တက်ခြင်း ဖြစ်ပြီး မန္တလေးတွင် တိုက်နှင့်ကားနှင့် နေသူဖြစ်သည်။ ရန်ကုန်တွင်လည်း ရွှေတိံဘုရားနားတွင် ခြံနှင့်အိမ်တစ်လုံး၊ အလံပြဘုရား လမ်းတွင် တိုက်ခန်းတစ်ခန်း ပိုင်သေးသည်။ ယခု ရန်ကုန်တွင် သင်တန်းတက်တော့ ထမင်းချက် တစ်ယောက် ခေါ်လာပြီး ရွှေတိံဘုရားနားလေးက ခြံတွင် နေသည်၊ အလံပြဘုရားလမ်းရှိ တိုက်ခန်းကတော့ သော့ပိတ်ထားသည် ဟုဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က သူ့အသက်နှစ်ဆယ် ပြည့်သည်။ သူက မွေးနေ့ကို လေးနှစ်မှ တစ်ကြိမ်သာ ကျင်းပခွင့် ရသည်ဟု ဆိုသည်။

“ဟေ့ရောင် သဘက်ခါကျရင် ငါ့မွေးနေ့ကွ၊ အိမ်မှာ မင့်ကို ထမင်းကျွေးမယ်၊ ကျောင်းက တခြားကောင်တွေကို လျှောက်မပြောနဲ့နော်၊ မင့်ကို စောက်ရမ်းခင်လို့၊ မင့်တစ်ယောက်တည်းကို သီးသန့်ကျွေးချင်လို့” ဟု ကျွန်တော့်ကို သူ့မွေးနေ့ မတိုင်မှီ သုံးရက်အလိုတွင် ကြိုပြောသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့

အဲဒီနေ့က အိပ်ယာထ နောက်ကျသွားသည်။ နာရီကြည့်လိုက်တော့ ဆယ်နာရီ ကျော်နေပြီ။ Missed Call ၁၃ ခုအနက် ၁၂ ခုက သူခေါ်ထားခြင်း ဖြစ်သည်။

“ဟေ့ ရောင် မင့်ကို ဖုန်းခေါ်ရတာ သေတော့မယ်၊ မလာသေးဘူးလား”

ကျွန်တော်လည်း လာပါပြီဟု ဆိုပြီး ရေကို ကဗျာကရာချိုး တက္ကစီလေး ငှားပြီး ရွှေတိံဘုရားနားလေးက သူ့ခြံကို ရောက်သွားသည်။ သူက အိမ်ရှေ့ကနေ ကျွန်တော့်ကို ထွက်ကြိုသည်။ ကျွန်တော့်ကို မြင်တော့ စောင့်ရတာ ဗိုက်ဆာလို့ သေတော့မည်ဟု ဆိုသည်။ ထိုနောက် ကျွန်တော့်ကို ထမင်းစားခန်း အတွင်းသို့ ခေါ်သွားသည်။ ပြီးတော့ စားပွဲပေါ်မှ အုပ်ဆောင်းကို ဖွင့်လိုက်သည်။ စားပွဲပေါ်တွင် ကျွန်တော့်ကို ကျွေးရန် ပြင်ထားသော ဟင်းများက ..... ။ ဘာလချောင်ကျော် ဘူးတစ်ဘူး မုန့်ညှင်းချဉ် ဘူးတစ်ဘူး ဆလပ်ရွက် တစ်ပန်းကန်နှင့် တို့စရာ ငါးပိရည် တစ်ခွက်တို့ ဖြစ်ကြသည်။ ထိုအရာများသည် တရုပ်သူဌေးသား တစ်ယောက်၏ လေးနှစ်မှ တစ်ခါကျင်းပသော မွေးနေ့ပွဲတွင် ကျွေးသည့် စားသောက်ဖွယ်ရာများ ဖြစ်ကြပါတော့သည်။

“ဟေ့ရောင် စားကွ၊ မင်းစားနိုင်တယ်ဆိုတာ ငါသိတယ်” ဟု ပြောပြီး ထမင်းခူး၊ ထမင်းပန်ကန်ထဲသို့ ဘာလချောင်ကျော် များနှင့် မုန့်ညှင်းချဉ်များကို ထည့်ပေးသည်။ ထိုမုန့်ညှင်းချဉ်သည် သူမန္တလေးမှ ယူလာခြင်းဖြစ်ပြီး ရန်ကုန်မုန့်ညှင်းချဉ်ထက် ကောင်းသည်ဟု ဆိုလိုက်သေးသည်။

ကျွန်တော် ထင်ထားသည်က သူဌေးလဲ ဖြစ်ပြန် ဆိုင်မှာ မကျွေးပဲ အိမ်မှာ ကျွေးမည် ဆိုသောကြောင့်၊ သူ့အိမ်က ထမင်းချက် လက်ရာကို ကြွားရင်း ဟင်းလျှာလေးငါး ခြောက်မျိုး ချက်ထားပြီး ရှယ်ကျွေးမည်ဟု ထင်ထားခဲ့မိသည်။ အခုတော့ အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲသွားသည်။

ထမင်းစားပြီးတော့ ယုဇန ပလာဇာ သွားချင်သည် ဆိုသောကြောင့် လိုက်ပို့ရသည်။ ယုဇန ပလာဇာသို့ ဘတ်စ်ကားဖြင့် လာခဲ့ကြသည်။ ပလာဇာရောက်တော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အပေါ်တက် အောင်ဆင်း လုပ်ပြီး ဈေးလိုက်ဆစ်နေသည်။ နောက်ဆုံးတော့ သူကြိုက်ဈေး မရဟု ဆိုကာ တစ်ခုမှ မ၀ယ်ပဲ ပြန်ဖို့ ပြင်သည်။ မိုင်မစ် အရှေ့ရောက်တော့ “ရေဆာတယ် ၀င်ဦးစို့ဟု” ကျွန်တော်ကပြောတော့ “ဟေ့ရောင် ပိုက်ဆံ သိပ်မပါဘူးကွ၊ အအေးပဲ သောက်နော် မုန့်မစားနဲ့တော့” တဲ့။

ယုဇန ပလာဇာက ပြန်တော့ ကပ်စေးအိုးက ကလပ်လိုက်ပို့ဖို့ ဆိုပြန်သည်။ ကျွန်တော်က သူကပ်စေးကုတ်မှန်း သိ၍ “ငါ့မှာတော့ ပိုက်ဆံ မရှိတော့ဘူးနော်” ဟု ကြိုပြောထားရသည်။ သူက သူစိုက်မည်ဟု ပြောသည်။ ထို့ကြောင့် သူ့အိမ်မှာပဲ ဇာတ်ကားကြည်ရင်း မိုးချုပ်အောင် စောင့်ကြသည်။ မိုးချုပ်တော့ ၂၀၄ ကားစီး၊ ဆောက်လုပ်ရေး မှတ်တိုင်မှာဆင်း၊ ပြီးတော့ ပါအိုနီးယား ကလပ်ကို ခြေကျင်လျှောက်ပြီး သွားကြသည်။

ကလပ်မှာ ကရတာ မောလာတော့ ရေဆာလာသည်။ ကျွန်တော့်မှာ ပိုက်ဆံက ပါမလာ။ ထို့ကြောင့် သူ့ကို ရေဘူးသွားဝယ် ဖိုပြောမလို့ လိုက်ရှာတော့ သကောင့်သားက ကောင်မလေး တစ်ယောက်နဲ့ ငြိသွားပြီး တွဲကနေသည်။ သူ့ကို ရေဘူး ၀ယ်ဖို့ ပြောတော့ “ဟေ့ရောင် အောင့်ထားက ဒီမှာ ရေကဈေးကြီးတယ်၊ တစ်ဘူးတစ်ထောင်တဲ့၊ ငါ့မှာ ပိုက်ဆံ အပိုပါမလာတော့ဘူး” ဟုဆိုသည်။

ကျွန်တော်လဲ သူ့ကို အမြင်ကတ်သွားသည်။ ထို့ကြောင့် “မင်းအဲလောက်တောင် ကတ်စေးကုတ်နေရင်လည်း မင်းတစ်ယောက် တည်းလာပါလားဟု” အမြင်ကတ်ကတ် နှင့်ပြောပြီး အိမ်ကို လမ်းလျှောက် ပြန်လာခဲ့တော့သည်။

* * * *

ကျွန်တော် အလုပ်ထဲမှာ ရှိစဉ်မှာရော အပြင်မှာရော ကျွန်တော်တို့ လူမျိုးများသည် ယက်ရောကြသည်။ ကျွန်တော် ပေါင်းဘူးသလောက် သူငယ်ချင်းများမှာ မွေးနေ့ဆိုလျှင် လူဆယ်ယောက် ဆယ့်ငါးယောက် အုပ်ကြီးကို ကောင်းကောင်း ကျွေးကြသည်။ ထိုသို့ ကျွေးဖို့အတွက် ထုတ်ထားတဲ့ လစာနှင့် မလောက်လျှင် နောက်လထဲက ကြိုထုတ်ကြသူများလည်း ရှိကြသေးသည်။ အခုကောင်ကတော့ လက်ထဲမှာ ရှိတဲ့ ပိုက်ဆံကိုကို ကတ်စေးကုတ်နေသည်။

* * * *

ကျွန်တော် အိပ်ရောက်တော့ စဉ်းစားကြည့်တော့ နှစ်ပေါင်းများစွာ မေးနေခဲ့ဖူးသော မေးခွန်းရဲ့ အဖြေ အပိုင်းအစ တစ်ခုကို မြင်လာသည်။ များသော အားဖြင့် တရုပ်လူမျိုးများသည် မြန်မာတွေလောက် အသုံးအဖြုံး မကြီးကြပါ။ သူတို့သည် သုံးသင့်သည့်နေရာမှ သုံးကြတာများသည်။ စီးပွားရေးနှင့် ငွေးကြေး ကိစ္စတွင် ခင်မင်မှု ဆိုတာကို ထည့်တွက်ထားခြင်း မရှိကြပေ။ ကျွန်တော်တို့ လူမျိုးများကတော့ အားနာတာနှင့်ပဲ ကိုယ်အနာခံလိုက်ရတာ များသည်။

ထို့ကြောင့် မြန်မာ အများစုသည် အလုပ်အကိုင် ခွင်တစ်ခွင် မိလို့ ချမ်းသာလာကြသည့်တိုင် အသုံးကြီးလွန်းသော ကြောင့် ခွေးလေး ကောင်းစား တစ်မွန်းတည့် ဆိုသည့် စကားပုံအတိုင်း မကြာမတင်မှာပင် မူရင်းဘ၀သို့ ပြန်လည် ရောက်ရှိသွားတတ် ကြပါတော့သည်။

ဆန္ဒရှိလျှင် ဆက်ရေးပါဦးမည် ..........

8 comments:

M.A said...

သူတို့ ကအရှာအဖွေလည်းတော်ကြတယ်လေ။
အလေအလွင့်မရှိအောင်လည်းလုပ်တတ်ကြတယ်။
တရုတ်စက် ဆိုရင်တော့ ရှောင်ရတယ်။ တစ်ရက်နဲ့ စုတ်တတ်လို့ ။(ဖွတာမဟုတ်ဘူးနော်)

မျက်လုံး said...

အို.... သုံးသာ သုံး။ သေရင် ကိုယ့်နောက်ပါတာ မဟုတ်ဘူး။ မသုံးရ မစားရ ရန်သူမျိုးငါးပါးကြောင့် ကုန်သွားရင် ရင်ခံနေရမယ်။ သေရင် ကိုယ့်နောက်ပါဖို့လဲ လုပ်၊ မသေခင်လည်း အဖြုန်း အရမ်းမကြီးရင်တောင် နည်းနည်းတော့ ဖြုန်းပေးရတယ်။ ဒါမှ တိုင်းပြည်ရဲ့ ၀င်ငွေ လည်ပတ်စီးဆင်းမှုလည်း ကောင်းမှာ။ ပိုက်ဆံတွေ မှိုတက်သွားရင် နှမြောစရာ။ :D

:) said...

တီရုပ်တွေကို မီကောင်းတာ မီရေးနဲ့နော်။ ၀ အားကီး စိတ်ဆိုးလယ်။ ၀တို့က ကောင်းရောင်းကောင်းဝယ် လုပ်စားလယ်။ တီရုပ်လိုရှာ ကီလားလိုစု ပီမာလို မီဖြုန်းနဲ့ ဆိုဒါ မီကြားဖူးဘူးလား။
Mr. Z
www.moemaka.com

စိုးထက် - Soe Htet ! said...

ဆက်ရေးပါဗျ ... ဒါမှ ပို မြင် လာကြမှာ ... မသိကြတာတော့ မဟုတ်ပါဘူး ... မကျင့် နိုင်ကြတာ :)

pandora said...

ရှိပူရသေး ကုန်မှအေး တဲ့ မကြားဖူးဘူးလား
ပျော်ပျော်နေသေခဲ ပါ။
:P

ကျွန်တော်ဘာလဲ said...

မရှိလို. မစား မစားလို. မရှိ အဲ.. ဆိုင်ဘူးနော် ။
း)
စား ချင် လို. စား သော ။ သုံးချင် ၍ သုံး သော ဗမာ လူမျိုးပဲဖြစ်ဖြစ် ကုလား ။. တရုတ် ဘယ်လို လူမျိုးပဲ ဖြစ်ဖြစ် စိတ်ကျေနပ် တာလုပ် လိုက် ရလို. ကျေနပ်မူတခုတော. ရမှာ သေချာပါတယ် ။

JulyDream said...

ကျွန်တော့် အမြင်လေးပါ... တရုတ်တွေ ချမ်းသာတာ ရှာဖွေတတ်လို့လဲ ပါပါတယ်။ နောက်တစ်ချက် စုဆောင်းတတ်တာလဲ ပါပါတယ်။ ဘယ်အချိန်မှာ ဘာကို ၀ယ်စုထားသင့်သလဲကို ဆုံးဖြတ်ချက်မှန်မှန်နဲ့ လုပ်ဆောင် နိုင်ပါတယ်။ သူများတကာတွေ ပိုက်ဆံကို ကျစ်နေအောင် စုနေချိန်မှာ တရုတ်က ရွှေတွေ ၀ယ်ထားပါမယ်။ သူများတကာတွေ ရွှေတွေ စုနေချိန်မှာ တရုတ်က ရွှေတွေ ထုတ်ရောင်းပြီး ခြံတွေ မြေတွေ ကားတွေ တိုက်ခန်းတွေ ၀ယ်ပါတယ်။ ပြီးတော့ အဲဒါတွေကို အမြတ်ရတာနဲ့ ရောင်းထုတ်ပါတယ်။ အဲဒီလိုမျိုးနဲ့ လက်ထဲမှာရှိတဲ့ ငွေကို တိုးပွါးအောင် လုပ်နိုင်တာကို တွေ့ရပါတယ်။

နောက်တစ်ခုက စုဆောင်းပုံလေးက စည်းကမ်းကြီးတဲ့ တရုတ်မိသားစုမှာ မုန့်ဖိုးက အစ သတ်မှတ်ပြီး ပေးပါတယ်။ ပေးတဲ့အခါကျရင်လည်း ၁ လ လုံးစာကို ပေးထားနိုင်ပေမယ့် ၁ ရက်စီကိုပဲ ပေးကြပါတယ်။ ပိုက်ဆံသုံးတာ စည်းကမ်းရှိကြပါတယ်။ အဲဒီနေရာမှာ စည်းကမ်းရှိတာနဲ့ ကပ်စေးနဲတာ မတူဘူး ဆိုတာ သိစေချင်ပါတယ်။

တရုတ်လူမျိုးတိုင်း ကပ်စေးနဲတယ်လို့ ပြောလို့ မရနိုင်ပါဘူး။ အဲဒါဆို ကောက်ချက်ချတာ မှားသွားနိုင်ပါတယ်။ သူတို့ရှင်သန် ကြီးထွားလာတဲ့ ပတ်ဝန်းကျင်က အလွန် အရေးပါ ပါတယ်။ ရက်ရောတဲ့ ဗမာမိသားစုတွေ များတဲ့ ရပ်ကွက်မှာ ကြီးပြင်းလာတဲ့ တရုတ်တချို့ကတော့ ကပ်စေးနဲတာ သိပ်မရှိလှပါဘူး။ ဒါပေမယ့် အသုံးအစွဲ ကျစ်လစ်ပါတယ်။ ဆိုလိုတာ မလိုအပ်ရင် မသုံးကြပါဘူး။ မဖြုန်းကြပါဘူး။

အခု ရေးထားတဲ့ပို့စ်က တရုတ်သူဌေးသားကတော့ ကပ်စေးနဲတယ်လို့ မြင်မိပါတယ်။ သူ သုံးဖို့စွဲဖို့ပဲ ကြည့်တတ်တာကို ဖတ်လိုက်ရပါတယ်။ ကလပ်တက်ဖို့ ပိုက်ဆံရှိပြီး ရေ၀ယ်သောက်ဖို့ ပိုက်ဆံ မရှိတာ အလွန်ကို ရီစရာ ကောင်းလှတဲ့ ကပ်စေးနဲချက်ပါ။

ဒါကြောင့် အဲဒီ သူဌေးသားကို တကိုယ်ကောင်း ဆန်တဲ့ တရုတ်လို့ပဲ ကျွန်တော် (တရုတ်လူမျိုး ၁၀၀% စစ်စစ်) က ပြောချင်ပါတော့တယ်။

shin said...

hmmmm... Don't say about chinese from myanmar. Most of the chinese from other country are rich too... cause they are not lazy, hard-working and know how to do business depend on the situation. In Indonesia, indo people hate chinese a lot because most of the business there are own by Chinese people there. If the blogger say that chinese people are stingy, then there is no place for indian already. Chinese people earn money well and spend money well depend on the situation as well. except for some stingy chinese...

There was an error in this gadget