အဲဒီအပိုင်းအစဟာ ပုံပြင်တစ်ပုဒ်ရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။
အဲဒီအပိုင်းစဟာ ချစ်ခြင်းရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။
အဲဒီအပိုင်းအစဟာ လူတစ်ယောက်ရဲ့ နှလုံးသားရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်
* * * * * *
လမင်းက ပြောတယ် .....
သူဟာ ကမ္ဘာမြေကို အကြိမ်ပေါင်းများစွာ ပတ်ပြီး သူ့ရဲ့
ကြင်ယာဖက်ကို ရှာနေခဲ့ဖူးတယ်တဲ့ ....
သစ်ခြောက်ပင်က ပြောတယ် ........
သူဟာ ကမ္ဘာပေါ်မှာ အမွှေးဆုံးပန်းတစ်ပွင့်ကို
ပွင့်ပေးချင်ခဲ့တာတဲ့ .........
ငှက်ကလေးတစ်ကောင် ကတော့ အမြဲတမ်း ပျံသန်းနေတယ် သူဘာမှ မပြောဘူး
* * * * *
တစ်ခါတုန်းက ကမ္ဘာပေါ်မှာ လ တစ်စင်းရယ်။ သစ်ရွက်တစ်ရွက်မှ မကျန်တဲ့
သစ်ခြောက်ပင်ကြီး တစ်ပင်ရယ်။ မရပ်မနား ပျံသန်းနေတဲ့ ငှက်ကလေး တစ်ကောင်ရယ်
ရှိကြတယ်။ သူတို့ဟာ တစ်နေရာစီမှာ နေပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း
မသိကြဘူးပေါ့။ ဒါပေမယ့် သူတို့မှာ တူညီနေတဲ့အချက်က ရယ်ရွယ်ချက် တစ်ခုတော့
ရှိနေကြတယ် ... ။
* * * *
ငါကမ္ဘာမြေကို ပတ်လာတာ နှစ်တွေ သန်းပေါင်းမြောက်များစွာ ကြာခဲ့ပြီ
သေချာတာကတော့ ဒီကမ္ဘာမြေမှာ
ငါ့ရဲ့ကြင်ရာဖက် မတွေ့နိုင်တော့ပါဘူး .....
စိတ်ပျက်အားငယ် ဟန်နဲ့ လမင်းက ငြီးတွားရှာတယ်။
တကယ်တော့ ငါက ကမ္ဘာမြေမှာ အမွှေးဆုံးပန်းလေးတစ်ပွင့် ပွင့်ချင်ခဲ့တာပါ
အခုတော့ ငါ့ကို သင်းသတ်သွားကြလို့
အပွင့်မပြောနဲ့ အရွက်တောင်မရှိတဲ့ဘ၀။ ငါဘ၀က သေဆုံးခဲ့ရပြီးကိုး။
သစ်ပင်က သူ့ရဲ့ ရိုးတန်းကြဲနေတဲ့ အကိုင်းခက်တွေကို ကြည့်ရင်းငိုတယ်..။
ငှက်ကလေးကတော့ ဘာမှ မပြောဘူး ..........
* * * *
တစ်ရက်မှာ လမင်းရယ်။ သစ်ခြောက်ပင်ရယ်။ ငှက်ကလေးရယ် သွားဆုံးမိကြတယ်။
လမင်းကတော့ အရှေ့မှာ ထိန်ထိန်သာလို့၊ သစ်ခြောက်ပင်ကတော့ လရောင်အောက်မှာ
မားမားရပ်လို၊ ငှက်ကလေးကတော့ စွန်းထွက်နေတဲ့ သစ်ကိုင်းခြောက်လေးမှာ
နားခိုလို့ . . .။ အဲဒီလို သူတို့ တွေ့ဆုံဖြစ်ချိန်မှာ တစ်ယောက်အကြောင်း
တစ်ယောက် ပြောဖြစ်ကြတယ်
* * * *
ငါကတော့ ဒီကမ္ဘာကို တတ်နိုင်သလောက် အလင်းရောင်လေး ပေးပြီး နေတော့မယ်။
ငါဆက်ရှာနေလည်း အပိုပဲလေ...
လမင်းကသူ့ရဲ့ နောက်ဆုံး ရည်မှန်းချက်ကို ပြေပြတယ်။
တကယ်တော့ငါက ရိုးရိုး သစ်ပင်မဟုတ်ဘူး။ အနှစ်တစ်ရာမှာ
တစ်ပွင့်တည်းပွင့်တဲ့ သစ်မွှေးပင်လေ။ အနှစ်တရာ ပြည့်ခါနီးမှာ ငါ့ကိုလူတွေက
သင်းသတ်သွားတယ်။ မကြာခင်မှာပဲ ငါဟာခုတ်လှဲခံရလိမ့်မယ်......
သစ်ပင်က သူ့ရဲ့ အဖြစ်ကို ပြောပြတယ်။
ငှက်ကလေးက ဘာမှ မပြောဘူး ................... ။ သူဆိတ်ဆိတ်ပဲနေတယ်။
* * *
နောက်ဆုံးမှာ သစ်ပင်နဲ့ လမင်းက မရမက အတင်းမေးတော့ ငှက်ကလေးက ဖြေတယ် ....
ငါက ရိုးရိုက် ငှက်မဟုတ်ဘူး။ အောက်ချင်းငှက် .....
အောက်ချင်းငှက်ဆိုတာ တွန်သံကို နားထောင်ပြီး ကြင်ယာဖက်ကို ရွေးချယ်တယ်။
တစ်သက်မှာ တစ်ကောင်ပဲ ပေါင်းတယ်။ အဖိုသေရင် အမလိုက်သေတယ်။ အမသေရင်
အဖိုလိုက်သေတယ်။ အခု ငါ့ကြင်ယာဖက်ရဲ့ အသံကို ငါကြားနေရပါပြီ။ ဒါပေမယ့်
သူက အချိန်မတန်သေးလို့ပါဆိုပြီး အတွေ့မခံပဲ ပုန်းနေတယ်။ ဒါကြောင့် သူ့ရဲ့
တွန်သံကြားရာ နောက်ကိုလိုက်ပြီး ရှာနေမိခဲ့တာပေါ့.........
* * * *
ငှက်ကလေးရဲ့ စကားသံဆုံးတာနဲ့ ကောင်းကင်က ရုတ်တရက် တိမ်မဲတွေတက်လာတယ်။
ပြီးတော့ မိုးတွေရွာချပြီး တိမ်မည်းတွေက လမင်းကို ဖုန်းကွယ်သွားတယ်။
အဲဒီမိုးရေတွေကြားမှာ လွှဆွဲသံကို ကြားရတယ်။ ခဏကြာတော့ သစ်ခြောက်ပင်ဟာ
သစ်ငုတ်တိုဖြစ်သွားတယ်။ ငှက်ကလေးကတော့ မှောင်မည်းနေတဲ့ ကောင်ကင်ထဲကို
တိုးဝင် ပျံသန်းသွားလေရဲ့ ........
1 comment:
ထီးမပါရင်တော့မိုးမိပီပဲ :P
Post a Comment