Art is My Life: ကျွန်တစ်ယောက်၏ အိပ်မက်

Tuesday, January 20, 2009

ကျွန်တစ်ယောက်၏ အိပ်မက်




ရှေးခေတ် အီဂျစ်ဘုရင်တွေဟာ သူတို့မသေခင်မှာ သူတို့သေရင် သင်္ဂြိုလ်ဖို့ ဂူသင်္ချိုင်းတွေကို သူတို့မသေခင်ကတည်းက ဆောက်လုပ် လေ့ရှိကြတယ်။ အဲလို ဆောက်လုပ်ရာမှာ ဘုရင်တွေဟာ သူ့ထက်ငါ ကြီးအောင် ပိုခမ်းနားလောင် အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ကြတယ်။ အဲဒီအထဲမှာ အကြီးဆုံး ဂူသင်္ချိုင်းကြီး သုံးခုကတော့ ကိုင်ရိုမြို့နားလေးက ဂီဇယ်ဆိုတဲ့ အရပ်မှာရှိတယ်။ အဲဒီသုံးခုထဲက အကြီးဆုံး ပရမစ်လို့ခေါ်တဲ့ ဂူသင်္ချိုင်းကို ဘီစီ ၂၉၀၀ လောက်မှာ ကူဖူးလို့ခေါ်တဲ့ ဘုရင်တစ်ပါးကနေ တည်ဆောက်ခဲ့တာဖြစ်တယ်။

အဲဒီဂူသင်္ချိုင်းကြီးဟာ အခုအခါမှာတော့ ကမ္ဘာကနေရင်သပ်ရှုမောရတဲ့ ကမ္ဘာ့အံ့ဖွယ်တစ်ခု အဖြစ် အသိမှတ်ပြု ရင်သပ်ရှုမောနေကြရတယ်။ ဒါပေမယ့် အဲဒီလို ရင်သပ်ရှုမောဖွယ်ရာ ပိရစ်မစ်ကြီး ဖြစ်လာဖို့ ကျွန်တစ်သိန်းရဲ့ အင်အားကို သုံးပြီး အနှစ်နှစ်ဆယ်ကြအောင်တည်ဆောက်ခဲ့တယ်။ အစ်ကို အခုပြောမယ့် ပုံပြင်လေးက အဲဒီပိရစ်မစ်ကြီးကို တည်ဆောက်ရာမှာ ပါဝင်ခဲ့တဲ့ ကျွန်တစ်ယောက်ရဲ့ အကြောင်းပဲ။
သူ့နာမည်က အာခိလိ တဲ့။ သူဟာ ပိရစ်မစ်ကြီး မဆောက်ခင် အနှစ်ဆယ်လောက်မှာ စောပြီး လူ့လောကကြီးကို ရောက်လာတာပေါ့။ သူ့အဖေရော အမေရော ပါ ဂီဇာရပ်က သူဌေးကြီးတစ်ယောက်ရဲ့ ကျွန်တော် ဖြစ်ကြတယ်။ သူ့တို့ခေတ်က ကျွန်တော်တစ်ယောက်က မွေးလာတဲ့ သားသမီးတစ်ယောက်ဟာ အလိုလိုနေရင်း ကျွန်ဖြစ်ပြီးသားလေ။ ရိုင်းရိုင်း ပြောရရင်တော့ ကိုယ့်ခြံထဲမှာ ပေါက်လာတဲ့နွားဟာ ကိုယ့်နွားဆိုတဲ့ ပုံစံမျိုးပေါ့။

သူမွေးပြီး လူမှန်း သူမှန်း မသိခင်အစလေးမှာ သံတံဆိပ်တုံးကို မီးဖုတ်ပြီး သူ့ရဲ့လက်မောင်းမှာကပ်ပြီး တံဆိပ်နှိပ်လိုက်တယ်။ အဲဒီတံဆိပ်ကတော့ ဂီဇာရပ်က သူဌေးကြီးပိုင်တဲ့ အမှတ်အသားတစ်ခုပေါ့။ တစ်ခါတံရံမှာ အကိုတို့ကို ခြင်ဆေးခွေက မီးနဲ့ ထိမိရင်တောင် အဲဒီအပူဒဏ်ကို ဆတ်ဆတ်ခါနေအောင် ခံစားရတာလေ။ လူမှန်းမသိတဲ့ အရွယ်လေးမှာ မီးဖုတ်ထားတဲ့ သံတံဆိပ်တုန်းနဲ့ အသားကို နှိပ်လိုက်တယ်ဆိုတော့ သူဘယ်လောက်များ နာလိမ့်မလဲ။
သူလူမှန်းသိတဲ့အချိန်မှာ သူ့အသားကမဲပြီး သူ့ရဲ့ ခန္ဒာကိုယ်က ကျုံလီနေတယ်။ သူ့ကျော်ပြင်ပေါ်မှာတော့ အမာရွတ်တွေ ပလပွနဲ့။ ဒါပေမယ့် သူ့အဲဒီနေ့မှာ သူဆုံးဖြတ်လိုက်တယ် သူမိန်းမယူတော့ဘူးလို့ ……..။ ဘာဖြစ်လို့လဲဆိုတော့ သူမိန်းမယူပြီး ကလေးမွေးရင် အလိုလိုနေရင်း ကျွန်တစ်ယောက် ဖြစ်သွားလိမ့်မယ်။ အဲဒီလို ကျွန်တစ်ယောက် ဖြစ်လာရင် သူ့လို ဒုက္ခတွေခံစားနေရလိမ့်မယ်။ အခုလည်း ကြည့်လေ အဟာရ မပြည့်ဝလို့ ကုလားအုပ် တစ်ကောင်ရဲ့ လည်ပင်းက သွေးကို သွားဖောက်စုပ်တာ မိသွားလို့ ကြာပွတ်နဲ့ အရိုက်ခံ ထိခဲ့ရတယ်။ (ကုလားအုပ်ရဲ့ လည်ပင်းက သွေးကြောကို ဓားလေးနဲ့ သေးသေးလေး လှီးပြီးရင် သွေးတွေထွက်လာတယ်။ ဂန္ဓာရထဲမှာ ကုန်သည်ခရီးသွားတွေ အဟာရ ပြတ်ရင် အဲလိုနည်းနဲ့ အသက်ဆက်ရတယ်။ လူတစ်ယောက်စာ သွေးစုတ်လိုက်ခြင်းဟာ ကုလားအုပ်အတွက်တော့ ပြောပလောက်ဘူး)


သူ့အမေက သူ့ကျောကုန်းက ဒါဏ်ရာတွေကို ဆေးထည့်ပေးတယ်။ ဆေးထည့် ပေးနေတုန်းမှာ နာကျဉ်လွန်းလို့ သူ့ရဲ့ ကျောပြင်ဟာ တဆတ်ဆတ်တုန်နေတယ်။ အဲဒီအချိန်မှာ ကျွန်တွေကို အုပ်ချုပ်တဲ့ အကြီးကဲက ရောက်လာပြီး သူ့ကိုခေါ်သွားတယ်။ သူ့အမေက ဆေးထည့်တာလေးကို ပြီးအောင်ထည့်ပါရစေလို့ တောင်းပန်ပါသေးတယ်။ ဒါပေမယ့် တောင်းပန်မှုဟာ အချည်းနှီးပါပဲ။

သူ့ကိုခေါ်သွားပြီး ဘယ်ကမှန်းမသိတဲ့ ခရီးသွားကုန်သည်တွေလက်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူဟာ ဆယ်နှစ်သားအရွယ်ပဲ ရှိသေးတယ်။ အဲဒီအချိန်က သူ့အမေနဲ့ သူ ဘယ်တော့မှ ပြန်တွေ့ခွင့်မရှိတော့ဘူး ဆိုတာကို သူမသိလိုက်ဘူး။ သူ့ကို တခြား ကုန်သည်လက်ထဲကို အပြီးအပိုင် ရောင်းစားလိုက်တာလေ။

အဲဒီလိုနဲ့ သဲဂန္ဒာရထဲမှာ ကုလားအုပ်တွေနဲ့ ရက်ပေါင်းများစွာ လမ်းလျှောက်ပြီးတဲ့ အချိန်မှာ မြိုတစ်မြို့ ကိုရောက်တယ်။ အဲဒီမြို့ကိုလည်း ရောက်ရော သူလက်မောင်းမှာရှိတဲ့ ကျွန်တော်တံဆိပ်နေရာကို မီးဖုတ်ထားတဲ့ သံပြားနဲ့ကပ်လိုက်တယ်။ သဘောကတော့ အရင်သူဌေးရဲ့ ကျွန်တံဆိပ်ကို ဖျက်ပစ်လိုက်တာပေါ့။ အဲလို ဖျက်ပစ်ပြီးမှ အခြားလက်မောင်းမှာ နောက်ထပ် တံဆိပ်အသစ်တစ်ခုကို မီးဖုတ်ပြီး ရိုက်ခဲ့တယ်။ အီဂျစ်သဲ ဂန္ဒာရ ရာသီဥတုဟာ နေ့ပိုင်းမှာ မီးလိုပူလောင်နေပေမယ့် ညပိုင်းမှာ လေစိမ်းတွေတိုက်ပြီး ချမ်းနေအောင် အေးတဲ့ သဘာဝရှိတယ်။ အဲဒီလို လေစိမ်းတွေ တိုက်နေတဲ့ အဲဒီညမှာ လက်မှောင်းနှစ်ဘက်က မီးလောင်ဒါဏ်ရာတွေက နာကျဉ်လွန်းလို့ အဲဒီညက သူအိပ်မပျော်ခဲ့ဘူး။ တစ်ချက်ချက် နာကျဉ်လာတိုင်းမှာ သူ့အမေသာရှိရင် ဆေးထည့်ပေးမှာပဲလို့ သူတွေးနေခဲ့မိတယ်။ သူဟာ အဲဒီအချိန်မှာ လူ့ဘ၀ဆိုတာကြီး နာကျဉ်းမုန်းတီးသွားတယ်။ သူအိမ်ထောင် မပြူဘူး သူ့လို ကျွန်လေးတစ်ယောက်ကို လူ့လောကထဲကို ထပ်မခေါ်တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ပိုပြီး ခိုင်မာသွားခဲ့တယ်။ အဲဒီလိုနဲ့ ဝေဒနာတွေကို ခံစားရင်း အဲဒီမနက်ဟာ မိုးလင်းလို့ သွားခဲ့တယ်။

အဲဒီမြို့မှာ သူဟာ ကုလားအုပ်တွေကို ထိန်းကျောင်းတဲ့လုပ်ကို လုပ်ပြီး သူ့ရင်ဘတ်ထဲက အမာရွတ်တွေကို ဖျောက်ပစ်ဖို့ ကြိုးစားရင်း အချိန်ဆယ်နှစ်ဆိုတာ ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့တယ်။ အဲဒီအချိန်မှာတော့ သူ့အသက်က အသက်နှစ်ဆယ်အရွယ် ရောက်ပြီပေါ့။

သူအသက်နှစ်ဆယ် ရောက်တဲ့နှစ်မှာပဲ ခူးဖူဘုရင်ဟာ အကြီးအကျယ်အခန်းနားဆုံး ပိရစ်မစ်ကြီးကို ဆောက်ဖို့အတွက် လိုအပ်တဲ့ ကျွန်အင်အားတွေကို ပတ်ဝန်းကျင်ကိုပါ တောင်းခံလူစုခဲ့တယ်။ အဲဒီလိုလူစုတဲ့အထဲမှာ အာခိလိ လည်းပါသွားခဲ့တယ်။ အဲဒီပိရိမစ်ကြီးကို ဆောက်တဲ့နေရာမှာ ခက်ခဲကြမ်းတမ်း ပင်ပန်းမယ် ဒုက္ခတွေတွေ့လိမ့်မယ် ဆိုတာကို သူသိတယ်။ ဒါပေမယ့် သူပျော်နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပိရမစ်ဟာ သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ အရပ်ဒေသမှာ ဆောက်မှာလေ။သူပျော်နေတယ် ဆိုတာကတော့ ဆယ်နှစ်လုံးလုံးဝေးကွာနေခဲ့တဲ့ မိခင်နဲ့ဖခင်ကို အဲဒီပိရစ်မစ်ကို ဆောက်ရင်းနဲ့ ပြန်လည်တွေ့နိုင်တယ်ဆိုတဲ့ သူ့ရဲ့ မျှော်လင့်ချက်အိပ် မက်ကြောင့်ပေါ့။

ဒါပေမယ့် သူ့မျှော်လင့်ချက်နဲ့ လက်တွေ့ဟာ တစ်ခြားစီဆိုတာကိုတော့ သူဇာတိမြေကိုရောက်မှ သူသိလိုက်ရတယ်။ သူဟာပိရစ်မစ်ကြီးဆောက်ဖို့ အလေးချိန်နှစ်တန်ခွဲရှိတဲ့ နှမ်းဖတ်ကျောက်တုန်းကြီးတွေကို သယ်နေရင်း..၊ ကျောကုန်းပေါ် ကျလာတဲ့ ကြာပွတ်ဒါဏ်ရာတွေကို ကြိတ်မိတ်ခံစားရင်းနဲ့ပဲ သူ့အမေကို ရှာဖို့ဆိုတာ သူ့မှာ အချိန်မရှိခဲ့ဘူး။ သူထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့မယ့် သဲကန္ဒာရ ဟင်းလင်းပြင်ကြီးကို ကျော်ဖြတ် ပြေးသွားဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။

အဲဒီလိုနဲ့ သူတို့တွေ ပိရစ်ပစ်ကြီးကို တည်ဆောက်ခဲ့ကြတာ ရက်တွေကနေ လတွေ လတွေကနေ နှစ်တွေ ကူးပြောင်းလို့ အပြီးသတ်ဖို့နီးလာခဲ့ပြီ။ ပိရမစ်ကြီးကို စတင်တည်ဆောက်စဉ်မှာ ကျွန်သစ်သိန်းကျော် ရှိခဲ့မယ့်မယ့် အဆုံးသတ်ခါနီးမှာတော့ ကျွန်အင်အားဟာ ငါးသောင်းမပြည့်တော့ဘူး။ တစ်ချို့က ကျောက်တုံးပိလို့ တစ်ချို့က ပင်ပန်းလို့ အဲဒီလို အဲဒီလိုနဲ့ ကျွန်တွေတစ်ယောက် ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ကြရတယ်။



အခုတော့ သူ့အသက်က လေးဆယ်နားနီးလာပြီ။ ဒါပေမယ့် ပူလောင်နေတဲ့ သဲကန္ဒာရထဲမှာ လူနဲ့မတူအောင် ကုန်းရုန်းခဲ့ရတာ ဖြစ်တာကြောင့် အသားအရေဟာ မဲကျုတ်ပိန်လှီပြီး အသက်ကြီးနေတဲ့ လူအိုတစ်ယောက်လို ဖြစ်နေပြီ။ သူ့အင်အားတွေလည်း ချိနဲ့နေပြီ။ ဒါပေမယ့် ကြာပွတ်ဒါဏ်ကတော့ အခုအချိန်ထိ မလွတ်သေးပါဘူး။ အသက်ကြီးလာလေလေ သူ့အင်အားတွေက ကုန်ခမ်းလေလေ။ အင်အားကုန်ခမ်းတာနဲ့အမျှ သူရဲ့လုပ်နိုင်စွမ်းရည်ကလည်း ကျဆင်းလေလေပေါ့။ လုပ်နိုင်စွမ်းရည်ကျဆင်းလာတဲ့အမျှ ကြာပွတ်ဒါဏ်ရာတွေ ရလာတာတွေကလည်း ပိုများများလေလေပါပဲ။ အင်အားချိနဲ့မှုတွေ ကြာပွတ်ဒါဏ်တွေရဲ့ ကြားမှာ သူ့အမေကိုတောင် သူသတိမရနိုင်တော့ဘူး သူသတိရနေရတာက လူ့ဘ၀ဆိုတာ ကြာပွတ်ဒါဏ်သင့်နေတဲ့ ခံစားရမှုတစ်ခုတာပဲပေါ့။


တစ်ရက်မှာတော့ သူနေမကောင်းဖြစ်တယ်။ အဲဒီနေ့က နေမကောင်းဖြစ်တာဟာ ခါတိုင်းနေ့နဲ့လုံးဝ မတူဘူးဆိုတာကို သူသတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအိပ်ရာထဲကလုံးဝ မထနိုင်ဘူးလေ။ အဲဒီလို အိပ်ရာကနေ မထနိုင်တဲ့လူနာတစ်ယောက်ဟာ နှစ်တန်ခွဲအလေးချိန်ရှိတဲ့ နှမ်းဖတ်ကျောက်တုံးကြီးတွေကို ဘယ်လိုဖြစ်လို့ သယ်နိုင်မှာလဲ။ အိပ်ရာထဲမှာတောင်မှ အနည်းကို ကြိုးစားပြီး အသက်ရှုနေရတာလေ။ အဲဒါကြောင့် အဲဒီနေ့က သူအလုပ်ကို မသွားတေ့ပဲနဲ့ သဲပြင်မှာပေါ်မှာ မှောက်ချပြီး အိပ်နေလိုက်တယ် …… ။

သူဘယ်လောက် အထိ အိပ်ပျော်သွားတယ် မသိဘူး။ သူ့ဘေးနားမှ ဆူဆူညံညံအသံတွေကြားတော့မှ သူအိပ်ရာကနေ နိုးလာခဲ့တယ်။ သူနိုးလာတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာ အရောင်တွေ ၀င်းနေလို့ သူ့မျက်လုံးကို တော်တော်နဲ့ မဖွင့်နိုင်ဘူး။ သူကြိုးစားအားယူပြီး ဖွင့်လိုက်တော့ သူ့အံသြသွားတယ် သူ့ပတ်ဝန်းကျင်က နှမ်းဖတ်ကျောက်တုန်းတွေကို ထမ်းသယ်နေရတဲ့ ပိရိမစ်ဆောက်တဲ့ ကျွန်တွေ မဟုတ်တော့ဘူး၊ ခမ်းနားတဲ့ အဆောင်အယောင်တွေနဲ့ ရွေရောင်တွေ တ၀င်းဝင်းတောက်နေတဲ့ နန်းတော်ကြီးထဲမှာ။ အဲဒီလိုနဲ့ အံ့သြလွန်းလို့ သူ့ကိုယ်သူ မယုံကြည်နိုင်အောင် ဖြစ်နေတုန်းမှာ ရံရွေတော်မိန်းမပျိုတွေက သစ်သီးတွေနဲ့ စားကောင်း သောက်ဖွယ်တွေ အပြည့်ထည့်ထားတဲ့ စားပွဲတစ်လုံးကို သူ့အရှေ့ကို ယူလာခဲ့တယ်။

သူ စားကောင်း သောက်ဖွယ်တွေကို ယူဖို့ လက်လှမ်းနေတုန်းမှာ သူနေထိုင်ရာ အခန်းထဲကို ဘုရင်ဝင်လာတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူလှမ်းနေတဲ့ လက်ကို ရပ်ပြီး ထွက်ပြေးဖို့လုပ်နေတုန်းမှ ဘုရင့်ဆီကနေ အသံတစ်ခုထွက်လာတယ်။ နောင်တော် ဘယ်ကိုမှ မသွားပါနဲ့။

သူအဲဒီအသံကို ကြားပြီးတော့ သူ့နားကိုသူ မယုံနိုင်ဘူး။ ဟုတ်တယ်လေ သူအနှစ်နှစ်ဆယ်လုံးလုံး ဘုရင်သေရင် မြှတ်နှံရမယ့် ဂူသင်္ချိုင်းတစ်ခုကို ဒုက္ခဆင်းရဲခံပြီး တည်ဆောက်နေခဲ့ရတယ်။ သက်တောင့်သက်သာနေဖို့ ဆိုတာဝေးစွ အစားအသောက်အသောက်လေးတောင် မသေရုံတမည်စားပြီး ငါရဲကျသလို နေပူထဲမှာ အလုပ်တွေလုပ်နေရတာလေ။ အခုတော့ ဘုရင်ကိုယ်တိုင်က သူ့ကို နောင်တော်လို့ ခေါ်ပြီး သူရောက်နေတဲ့ နေရာက စားကောင်းသောက်ဖွယ်တွေနဲ့ သူ့တစ်သက်မှာ ရမယ်လို့ မထင်ရတဲ့ အရာတွေက သူ့ဘေးနားပတ်ဝန်းကျင်မှာ ရောက်နေပြီလေ။

အဲဒီမှာ သူက အံ့သြထိတ်လန့်စွာနဲ့ ဘယ်လိုဖြစ်တာလဲလို့မေးတော့။

“ နောင်တော် ညီတော်ဟာ နောင်တော်ရဲ့ ညီအရင်းပါ။ တကယ်တော့ နောင်တော်ဟာ နောင်တော်ထင်သလို ကျွန်တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ နောင်တော်တစ်ပါးသာလျှင်ဖြစ်ပါတယ်။ မနာလိုသူ အထိမ်းတော်များက စွန့်ပစ်ခြင်းကြောင့်သာလျှင် နောင်တော်ဟာ ကျွန်မိသားစု အသိုင်းဝိုင်းကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ် ”

သူ့ရဲ့ဖြစ်ရပ်တွေကို သူမယုံကြည့်နိုင်ဘူး။ ဒါကြောင့် သူစကားပြောဖို့ အားယူနေတုန်းမှာ
“ နောင်တော် အဲဒီအတွက်ဘာကို သံသယမဖြစ်ပါနဲ့ ဒီနန်းဆောင်ထဲမှာ နောင်တော်လွတ်လွတ်လပ်လပ် စိတ်တိုင်းကြနေနိုင်ပါတယ်။ လောလောဆယ် ညီတော်မှာ ဆောင်ရွက်စရာတွေ ရှိသေးတာကြောင့် ခွင့်ပြုပါဦး” ဟုဆိုကာ ဘုရင်ထွက်ခွာသွားတယ်။

ထိုအခါမှ သူ့ကိုယ်သူ စိတ်ချသွားပြီး စားကောင်းသောက်ဖွယ်တွေကို စိတ်တိုင်းကျ စားပါတော့တယ်။ အဲဒီအစားအသောက်တွေ စည်းစိမ်တွေ သူ့ပတ်ဝန်ကျင်က ရံရွေတော်တွေဆိုတာ သူ့တစ်သက်မှာ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ အရာတွေပေါ့။ အဲဒီလိုနဲ့ သူစားနေတဲ့ ဟင်းလျှာထဲမှာ ကုလားအုပ်သား ပါတော့ သူငယ်စစဉ်ဘ၀က ကုလားအုပ် တစ်ကောင်ရဲ့ လည်ပင်းသွေးကို ဖောက်စုပ်မိလို့ ကျောပြင်ကို ကြာပွတ်နဲ့ အရိုက်ခံရတာကို သတိရသွားတယ်။ အဲဒီလို သတိရသွားတုန်းမှာ သူ့နားထဲမှာ ကြာပွတ်သံလိုလို အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ သူ့ကျောပြင်ဟာလည်း နာကျဉ်သလို ခံစားလိုက်ရတယ်။

“ ဟေ့ကောင် အလုပ်မလုပ်ပဲ ဒီနေရာမှာ ဘာဖြစ်လို့ အိပ်နေတာလဲ။ အခုချက်ခြင်းထ”

သူ့နားထဲမှာ မသဲမကွဲ အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲဒီလိုကြားလိုက်ရခြင်းနဲ့ အတူ ကြိုးစားပြီး မျက်လုံးကို ဖွင့်ကြည့်တော့ လူတစ်ယောက်က သူ့ကျောပြင်ကို ကြာပွတ်နဲ့ရိုက်နေတယ်။ အဲဒါကြောင့် သူပြောလိုက်တယ် ငါက ဘုရင့်နောင်တော်ကွ မင်းသေသွားချင်တာလား ……. သူအကျယ်ကြီး အော်ပြောလိုက်ပေမယ့် သူ့အသံကားထွက်မလာခဲ့ဘူး။

ဒါ့ကြောင့် သူ့အားကို အများကြီးစိုက်ပြီး ထပ်အော်ကြည်တယ်။ ဒါပေမယ့် အချည်းနီးပဲ။ အဲဒီတော့မှ သူသဘောပေါက်လိုက်တယ်။ တကယ်တော့ သူ့ဘ၀ဟာ ကျွန်တစ်ယောက်ပဲလေ။ ဘုရင့်နောင်တော်၊ စားသုံးလို့ မကုန်တဲ့ စည်းစိမ်တွေဆိုတာက အိပ်မက်တွေပဲ။ လက်တွေ့ဘ၀ဟာ ကြာပွတ်ဒါဏ်ရာတွေပဲလေ………….

သူ့မထမချင်း သူ့ကျောပြင်ကို ကြာပွတ်ရိုက်ချက်တွေက အဆက်မပြတ်ကျနေရာက်နေတယ်။ သူအားတင်းပြီး ထဖို့ကြိုးစားကြည့်တယ်။ ဒါပေမယ့် အချည်းနည်းပဲ ဘာဖြစ်လို့လဲဆိုတော့ သူဟာချိနဲ့ပြီးအားနည်းနေပြီလေ။ သူဘယ်လိုမှ မနိုင်တော့ဘူး။ မထနိုင်တဲ့အဆုံးမှာ သူဆုံးဖြတ်လိုက်တယ်။ ငါလုံးဝမထတော့ဘူး အဲဒီကြာပွတ်ဒါဏ်တွေကို ခါးစည်းခံလိုက်တော့မယ်။

သူက ပေပြီးမထလေ ကြာပွတ်ရာတွေက သူ့ကျောကို ထပ်ပြီးရောက်လာလေလေပဲ။ အဲလိုရောက်လာတဲ့ ကြာပွတ်ရာတွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီးနာလာသလို သူခံစားရတယ်။ အဲဒီလိုနဲ့ နောက်ဆုံးတစ်ချက် ရိုက်လိုက်တဲ့ ကြာပွတ်ရိုက်ချက်က သူ့တစ်သက်နဲ့ တစ်ကိုယ်မှာ အနာကျဉ်ဆုံး ရိုက်ခံရတဲ့ ရိုက်ချက်ပဲ။ အဲဒီ ရိုက်ချက်ကြောင့် သူ့ရဲ့ ကျောပြင်ကနေ ဦးခေါင်း ဦးခေါင်းကနေ ခြေဖျားအထိ တုန်ခါသွားပြီး တစ်ကိုယ်လုံးမှာ ဆတ်ဆတ်တုန်သွားတယ်။

ကြာပွတ်ရိုက်သမားကတော့ မလျှော့ပါဘူး။ နောက်ထပ် ဆက်ရိုက်ပါသေးတယ်။ ဒါပေမယ့် အဲဒီရိုက်ချက်တွေကို သူမသိတော့ဘူး … .။ သူခန္ဒာကိုယ်မှာလဲ သူမရှိတော့ဘူး။ သူ့ဝိညာဉ်ဟာ တစ်ခြားနေရာကို ရောက်သွားခဲ့ပြီလေ……………
(စိုးဇေယျထွန်း- ၁၂.၉.၂၀၀၈)


မှတ်ချက်။ ။ ၂၀၀၈ ခုနှစ်အတွင်းက ပေးခဲ့သော ပေးစာတစ်စောင်မှ ကောက်နုတ်ချက်ဖြစ်သည်


7 comments:

strike said...

အာလာလား တော်တော်နာမှာပဲနော်(သေသေချာချာမဖတ်ပဲနဲ့ရွှီးတာ)

မိုးခါး said...

အဲဒီလိုအဖြစ်မျိုးတွေကို မြင်မိ ဖတ်မိရင် အဲဒီအချိန်တုန်းက ကိုယ်တိုင်ဘယ်လိုဘ၀မျိုးများရောက်ခဲ့ပါလိမ့်လို့ စဉ်းစားမိတယ် ..

kagyikhakway said...

ကြာပွတ်နှင့်အလားသဏ္ဍန်တူသောရိုက်ချက်များကိုခံစားနေရစဲပါ။ (မှတ်ချက်၊ ၊အစိုးရဝန်ထမ်းဘဝကမိန်းမ မယူဘူးဟုဆုံးဖြတ်ခဲ့ဘူးပါသည်။)

sin dan lar said...

၁၀ တန်း အင်္ဂလိပ်စာ ကဗျာထဲက The Slave's Dream
ကို သတိရသွားတယ်...။ ကဗျာမှာ နေရာဒေသ၊ ဒီလောက်အသေးစိတ် မပါဘူး...။ အဲဒီ ၂ ခု ဆက်စပ်မှုရှိလားဟင်....။ ဒီစာထဲက အာခိလိ က ကဗျာထဲက ငွေဝယ်ကျွန်လား.....။

strike said...

ဆင်ဒဏ်လားဝင်မစပ်စုနဲ့ တိတ်တိတ်နေသူ့ဟာသူ အာခိလိပဲဖြစ်ဖြစ် လိအာခိပဲဖြစ်ဖြစ်။

sin dan lar said...

strike အစုတ်ပလုတ်တုတ်.....

စိုးဇေယျထွန်း said...

အဂ်လိပ်စာအုပ်ထဲက မဟုတ်ပါဘူး။ ကျွန်တော့်ဘာသာ ကျွန်တော်ရေးထားတာပါ။

There was an error in this gadget