Art is My Life: နှင်းဆီ

Friday, November 14, 2008

နှင်းဆီ

ကျွန်တော်ငယ်စဉ်က နှင်းဆီပန်းတစ်ပင်ကို စိုက်ဖူးသည်။ ထိုနှင်းဆီပင်လေးသည် ကျောင်းအနီးရှိ နှင်းဆီခြံတစ်ခြံမှ ပိုက်ဆံငါးဆယ်ဖြင့် ၀ယ်ယူလာခြင်းဖြစ်ပြီး ငွေငါးဆယ်ပေးရသော နှင်းဆီပင်လေးကို ကျွန်တော်တန်ဖိုးထားသည်။ ထိုနှင်းဆီပင်လေးကို ကျွန်တော် မနက်တိုင်းရေ လောင်းသည်။ ထိုနှင်းဆီပင်လေးမှ နှင်းဆီပန်းလေးတစ်ပွင့် ပွင့်လာစေရန်ဖြစ်သည်။ တစ်ခုသော အိမ်မက်တွင် ထိုနှင်းဆီပင်လေးမှ နှင်းဆီပန်းလေး တစ်ပွင့်လာသည်။ အိပ်ရာမှ နိုးတော့ နှင်းဆီပင်လေးကို အပြေး အလွှားသွားကြည့်မိသည်။ နှင်းဆီပင်လေးမှ နှင်းဆီပန်း မပွင့်သေးပါ။

ဒီလိုနဲ့ တစ်ရက်မှာ နှင်းဆီပင်လေးမှ နှင်းဆီဖူးသေးသေး ထွက်လာသည်။ နေကြာစေ့ တစ်ဝက်စာလောက် ရှိသော ထိုနှင်းဆီဖူး သေးသေးလေးကို ကြည့်ပြီး ကျွန်တော် ပျော်၍မဆုံးပါ။ ထိုနှင်းဆီဖူးလေးသည် တစ်ရက်ထက်တစ်ရက် ပိုပိုပြီးကြီးထွားလာသည်။ နှင်းဆီဖူးလေးကိုကြည့်ရင်း နှင်းဆီပင်လေးကို နေ့စဉ်ရေလောင်းရင်း နှင်းဆီဖူးမှ နှင်းဆီပွင့်လေးတစ်ပွင့် ပွင့်မည့်ရက်ကို ကျွန်တော် စောင့်မျှော်နေမိသည်။

ကျွန်တော်နှင်းဆီဖူးလေးကို ရေလောင်းသော်လည်း ကြီးလာခြင်းမရှိသည်ကို သတိထားမိလိုက်သည်။ ထိုကဲ့သို့ သတိထားမိပြီး သုံးလေးရက်အကြာတွင် နှင်းဆီရွက်လေးများ လိမ်တွန့်ကာ နှင်းဆီးဖူးလေးမှာလဲ အပေါက်လေးများ ဖြစ်လာသည်။ တစ်ပတ်လောက်နေတော့ နှင်းဆီပင်လေးသည် ငြိုးခြောက်သွားပြီး သေဆုံးသွားတော့သည်။ အဲဒီနောက်ပိုင်းတွင် ကျွန်တော်နှင်းဆီပင်ကို မစိုက်ဖြစ်တော့ပါ။

နောက်ပိုင်းတွင် နှင်းဆီပွင့်လေးတွေကို လိုချင်တိုင်း သက်သောင့်သက်သာပင် ဈေးမှ ၀ယ်လိုက်သည်။ ကျွန်တော့်ဘ၀တွင် နှင်းဆီပန်းပွင့်များစွာကို ဈေးမှဝယ်ယူခဲ့ဖူးပါသည်။ ကျွန်တော် နှင်းဆီပန်းပွင့်သော နှင်းဆီပင်ကို ကျွန်တော် မြတ်နိုးပေမယ့် နှင်းဆီပင်တစ်ကို နှင်းဆီပန်းပွင့်လာ အောင်စိုက်နိုင်စွမ်းမရှိပါ။

တစ်ခုသော တစ်ရက်တွင် ကျွန်တော်နှင်းပန်းလေး တစ်ပွင့်ကိုဝယ်ပြီး ကျောင်းစာသင်ခန်းထဲက ပန်းအိုးတွင် ထိုးထားလိုက်သည်။ ညနေကျောင်းဆင်းတော့ ကျွန်တော့်ပန်းလေးကို တခြားကျောင်းသား တစ်ယောက်က ယူသွားသည်။ ကျွန်တော်သူ့လက်က နှင်းဆီပွင့်ကို မရမက ပြန်လုသည်။ သူနှင့်ကျွန်တော်လုရင်း နှင်းဆီကဆူးတွေ ကျွန်တော့လက်ကို စူးကုန်သည်။

ဘ၀တွင် မည့်သည့်အခါတုန်းကမှ မျှော်လင့်ထားခဲ့ဖူးခြင်း မရှိသော မိန်းကလေးတစ်ယောက်ကို တစ်ခါမှ မျှော်လင့်ထားခြင်း မရှိသည့်နေရာတွင် ဆုံဆည်းခဲ့သည်။ သူမသည် ကျွန်တော့်အတွက်တော့ နှင်းဆီပန်းပွင့်လေးတစ်ပွင့်။ ကျွန်တော်သည် သူမ၏ အချစ်ကို ရဖို့အတွက် နေ့စဉ်ကြိုးစားရသည်။ ထိုကဲ့သို့ ကြိုးစားခြင်းသည် နှင်းဆီပင်လေးကို ရေလောင်းခြင်းလော။

အချိန်တွေ ကြာလာတာနှင့်အမျှ သူမနှင့်ကျွန်တော် ရင်းနှီးမှုတွေဆီကနေ တစ်ဆင့်ကူးလို့ သံယောဇဉ်တွေ ဖြစ်လာခဲ့သည်။ ထိုသံယောဇဉ် ရိုးတန်းရှည်လေးမှ အချစ်နှင်းဆီပွင့်လေး ဘယ်နေ့ပွင့်မလဲ ဆိုသည့် မျှော်လင့်ဖြင့် ကျွန်တော်အချိန်များစွာ စောင့်စားနေခဲ့မိသည်။ အချိန်တွေတာ ကုန်လာသည်။ နှင်းဆီပွင့်လေး ပွင့်မလာခဲ့ပါ။

နှင်းဆီပွင့်လေး ပွင့်မလာပေမယ့် တစ်နေမှာ ပွင့်လာနိုးဆိုသည် မျှော်လင့်ချက်ဖြင့် သံယောဇဉ်ရိုးတန် ရှည်လေးကို ကျွန်တော် အချိန်အတော်ကြာ ဖက်တွယ်ထားမိသည်။ ရင်ဘတ်ကို စူးပြီး နှလုံးသားက သွေးတွေ ထွက်လာတော့မှ ကျွန်တော် သတိထားမိလိုက်သည်။ နှင်းဆီရိုးပဲ ဆူးတွေလည်း ပါမှာပေါ့လေ။


တကယ်တော့ လောကမှာ ပိုက်ဆံရှိရင် နှင်းဆီပန်းပွင့်တွေကို ကြိုက်သလောက် ဈေးမှာဝယ်လို့ရသည်။ ရည်းစားဆိုတာလဲ နှင်းဆီပန်းလိုဖြစ်သည်။ အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် တစ်ယောက်ပြီး တစ်ယောက်ထားလို့ရသည်။ ဘ၀တွင် ကျွန်တော်နှင်းဆီပန်း မြောက်များစွာကို ဈေးမှ ၀ယ်ယူခဲ့ဖူးပါသည်။ ထို့အတူ ရည်းစားပေါင်းများစွာကိုလည်း ထားခဲ့ဖူးသည်။


ဒါပေမယ့် အချစ်ဆိုတာကတော့ ကျွန်တော် မစိုက်ပျိုးနိုင်သေးတဲ့ နှင်းဆီပန်းလေးတစ်ပွင့်များ ဖြစ်နေမလား မသိ...











မှတ်ချက်၊ ၊ သစ္စာနီ၏ တောင်တန်းများ ၀တ္ထုတိုကို ဖတ်အပြီးတွင် နှင်းဆီကို ရေးခြင်းဖြစ်သည်

3 comments:

sin dan lar said...

နည်းစနစ်မမှန်သေးလို့ ထင်ပါတယ်။
နှင်းဆီပန်းပင်လေးပွင့်အောင် စွမ်းဆောင်နိုင်ပါစေ..
ပွင့်လာရင်လည်း လာလုတဲ့လူ ရန်ကိုကာကွယ်နိုင်အောင်
် ဗလကောင်းနိုင်ပါစေ..

strike said...

တုံးခု၍လှမ်းနေရပါသဖြင့် မကွန့်တတ်တော့ပါကြောင်း။

ATM said...

ကောင်းလိုက်တဲ့ ပို့စ်ဗျာ။

There was an error in this gadget