Art is My Life: မြွေနဲ့ဖားနဲ့ဝေးတဲ့မြေ

Tuesday, April 20, 2010

မြွေနဲ့ဖားနဲ့ဝေးတဲ့မြေ



ဖားကိုမြွေမြိုတာကို သင်မြင်ဖူးပါသလား။ ထိုအခါ သင်ဘာလုပ်သလဲ........

ရန်ကုန်မှာနေသူ တော်တော်များများကတော့ ဖားကိုမြွှေမြိုသည့် မြင်ကွင်းကို မြင်ဖူးသူ နည်းလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်တို့ နယ်မှာတော့ မြွေလည်းပေါ ဖားလည်း ပေါသည့်အတွက်ကြောင့် ဖားအားမြွေကမြိုတာကို မကြာခဏဆိုသလို မြင်ဖူးပါသည်။

ဖားသည် သာမန်အချိန်တွင် အုံးအွမ်အုံးအွမ်ဟု အော်သော်လည်း အန္ဒရာယ်ကျရောက်သည့် အခါတွင် အုံးအွမ် အုံးအွမ်ဟု မအော်တော့ပါ။ ပုရစ်အော်သံနှင့် ခပ်ဆင်ဆင်တူသော အသံဖြင့်အော်ပါသည်။ သို့ရာတွင် ပရစ်အော်သံက ရှည်ပြီး ဖားအော်သံက တို၍ ပြတ်တောင်း ပြတ်တောင်းထွက်ပါသည်။

ကျွန်တော်ငယ်ငယ်ကတော့ ဖားကို မြွေမြိုသည့်အသံကြားပြီ ဆိုသည့်နှင့် ခဲလုံးသို့မဟုတ် ဒုတ်ကို ကိုင်ပြီး အသံကြားရာတွင် လိုက်ရှာပါသည်။ တွေ့ပြီဆိုသည့်နှင့် မြွှေကိုခဲနှင့်ပစ် ဒုတ်နဲ့ရိုက်ပြီး ဖားအသက်ကို ကယ်လေ့ရှိသည်။ (မြွေ၏ သဘောသ၀သည် အစာကို ချက်ခြင်းမြိုချနိုင်စွမ်းမရှိပါ။ သူ့အပေါ်ကို အန္ဒရာယ်တစ်စုံ တစ်ရာ ကျရောက်လာသည့်နှင့် ပါးစပ်ထဲက အစာကို ချက်ခြင်းထွေးထုတ်ပြီး အသက်လွှတ်ပြေးတတ်သည့် သဘာဝရှိသည်။ ကျွန်တော့် အတွေ့အကြုံအရ ဖားသည် မြွေပါးစပ်မှ လွှတ်သည်နှင့် ချက်ခြင်း ပြေးနိုင်ပါသည်။ နောက်မှ သေသည်ရှင်သည်တော့ မပြောတတ်ပါ)

ထိုအရွယ်က ငယ်သေးလို့လားမသိ မြွေကိုလည်း တော်တော်အမြင်ကတ်သည်။ လမ်းမှာ သူ့ဖာသာသူ ဖြတ်သွားတာ တွေ့လျှင်ပင် လိုက်ပြီးရိုက်သတ်လေ့ရှိသည်။ ထို့ကြောင့် ဖားတစ်ကောင်အား မြိုနေသည်ကို မြင်၍ ဖားအား ကယ်နိုင်လိုက်လျှင် အသက်တစ်ချောင်းကို ကယ်နိုင်ခဲ့ပြီးဆိုပြီး ကိုယ့်ကိုယ် ကျေနပ်ပိတိဖြစ်လေ့ရှိသည်။

ကျွန်တော်မြို့အလည်မှာ ပန်းချီဆိုင်းဘုတ်တွေရေးသော ပန်ချီဆိုင်တစ်ဆိုင်ရှိသည်။ တစ်နေ့ ကျွန်တော် ထိုပန်းချီဆိုင်အနီးက ရေမြောင်းလေး တစ်ခုမှာ လူတွေ ၀ိုင်အုံနေကြသည်ကို တွေ့ရသည်။ စပ်စုသူပီပီ ကျွန်တော်လည်း ထိုလူအုပ်ထဲသို့ တို့ဝှေ့ကြည့်လိုက်မိသည်။ တို့ဝှေ့ပြီး ကျွန်တော်မြင်လိုက်ရတာက လက်မအရွယ်လောက်ရှိသော မြွှေသေးသေးလေး တစ်ကောင်က သူ့ထက်အဆအများကြီး ကြီးသော ဖားတစ်ကောင်ကို ကိုက်ပြီး ကုန်းပေါ်ကို ဆွဲတင်ဖို့ ကြိုးစားနေသည်။ ကျွန်တော်က မြွေကို မြင်လိုက်သည်နှင့် လက်က ယားနေပြီ ထို့ကြောင့် ခဲတစ်လုံးကို ကောက်ပြီး ပစ်ဖို့လုပ်တော့ ပန်းချီဆရာက ကျွန်တော့်ကို တားသည်။

“မလုပ်နဲ့ ဒါသဘာဝပဲ သူ့အစာကို သူ့ဖာသာသူရှာစားတာ”

ကျွန်တော်အဲဒီတုန်းက ခုနှစ်တန်းလောက်ပဲ ရှိသေးအတွက် ကလေးရွယ်ဖြစ်တာကြောင့် ပန်းချီဆရာကို ကြောက်၍သာ အသာလေးနေရသည်။ ကျွန်တော့်လက်ကတော့ မြွေကိုခဲနှင့် ပစ်ချင်နေသည်။ သို့ရာတွင် မတတ်သာ၍ အများနည်းတူ ဆက်ကြည့်နေလိုက်သည်။

မြွေလေးက ပိန်းရိုးတွေကို အားပြုပြီး ဆွဲတင်လိုက် ဖား ရုန်းလိုက်လျှင် အားချင်းမမျှသည့်အတွက် ပြန်ကျသွားလိုက်နှင့် ဖြစ်နေသည်။ နောက်တော့ မြွေက သူ့အမြီးကို ပိန်းရိုးတွေပေါ်မှာ ကြိုးနှင့်ချီသလို မြဲအောင် ချီထားပြီး တဖြည်းဖြည်းချင်း ဆွဲတင်တော့ ဖားက ရေထဲကနေ ကုန်းပေါ်ကိုပါ လာသည်။ မြွေက ကုန်းပေါ်ရောက်အောင် ဖားကို ဆွဲတင်သွားနိုင်ပြီလည်းဆိုရော ပန်ချီဆရာလည်း ထွက်သွားသည်။ ပန်းချီဆရာ ထွက်သွားနှင့် ကျွန်တော် မြွေကို ခဲနှင့်စပစ်ပါတော့သည်။ ကျွန်တော်ခဲနှင့် ပစ်သည့်အတွက် မြွေက ဖားကို ပစ်ထားပြီး ကိုယ်လွှတ်ရုန်းပြေးသွားသည်။ ကုန်းပေါ်တွင် ခုန်ဆွခုန်ဆွနဲ့ ကျန်ရစ်ခဲ့သော ဖားကို တုတ်နှင့် ကလော်ပြီး မြောင်းထဲ ပြန်ချထားခဲ့လိုက်သည်။

* * * * *

တစ်လောက ပြသနာ တော်တော်တက်လိုက်သည်။ သို့ပေမယ့် တက်သည့်ပြသနာက ကိုယ့်ပြသနာမဟုတ်။ သူငယ်ချင်း လင်မယားနှစ်ယောက်ကြားက ပြသနာ။ ယေကျာင်္းဖြစ်သူက ရှုပ်သည်။ မိန်းဖြစ်သူက ယေကျာင်္းရှုပ်တာကို လိုက်စုံစမ်းနေသည်။ အမှန်တိုင်းပြောရရင်တော့ လင်ရယ်မယားရယ်လို့ ဖြစ်လာပြီးတော့ မကွဲစေချင်ပါဘူး။ ဒါကြောင့် သူငယ်ချင်းဖြစ်သူကို နည်းနည်းဆင်ချင်ဖို့ သတိပေးသည်။ သူက သတိပေးလဲ ပေးငပေး သူ့အကျင့်တိုင်း နေမြဲတိုင်းနေသည်။

ပြသနာက တဖြည်းဖြည်းကြီးလာတာအမျှ ယေကျာင်္းဘက်ကပဲ ပါရမလိုလို မိန်းဘက်ပဲ ပါရမလိုလို။ ယေကျာင်္းဘက်က ပါပြန်ရင်လဲ အိမ်ထောင်မှုဖောက်ပြန်တာကြိးကို အားပေးရာရောက်မည်။ အားမပေးပဲ သူလုပ်နေတာကိုရပ်သွားအောင် ဇွတ်အတင်း လိုက်ဖျက်ရအောင်ကလဲ မဟုတ်တတ်။ ကြာလာတော့ မိန်းမဖြစ်သူက သူယေကျာင်္း ရှုပ်တာ ကျွန်တော်တို့ မြောက်ပေးလို့ပဲ ဖြစ်တာလိုလို ဘာလိုလို ထင်လာသည်။ ယေကျာင်္းကလဲ သူရှုပ်တာ မိန်းမသိတယ်ဆိုတော့ ကျွန်တော်တို့ပဲ သတင်းပေးလို့ သိတာလိုလို ဘာလိုလို ထင်လာသည်။

* * * * *


အခုနေ ပြန်စဉ်းစားကြည့်တော့ မြွေကနေ ဖားကို မြိုနေတာတွေ့ရင် ကယ်သင့်လား မကယ်သင့်လားဆိုတာ စဉ်းစားစရာဖြစ်လာသည်။ အင်အားကြီးသူက နှင့် အင်အားနည်းသူ ဖြစ်နေသည့်အတွက် ကယ်သင့်လား။ ပန်းချီဆရာ ပြောသလိုပဲ ဒါသဘာဝပဲ သူ့အစာကို သူ့ဖာသာရှာစားဆိုပြီး ကြည့်နေသင့်လား။ ဘယ်ဟာမှန်လဲ ကျွန်တော်သေသေချာချာ မစဉ်းစားတတ်။

ဘာပဲဖြစ်ဖြစ် ရန်ကုန်ရောက်လာပြီးကတည်းက ဖားကမြွေကိုမြိုတာ တစ်ခါမှမတွေ့ရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်နေတဲ့နေရာက မြွေတွေဖားတွေနဲ့ဝေးနေလို့ ဖြစ်ပါလိမ့်မည်။


4 comments:

An Asian Tour Operator said...

ဖားက မြွေကိုမြိုတာ ခဏခဏ မဟုတ်ပေမယ့် မြင်ဘူးပါတယ်။ သူအစာ သူစားတာမို့သဘာဝလို့ပြောရမှာပါ။ စိုးဇေယျ သူငယ်ချင်း ကိစ္စကလည်း သဘာဝ လို့ဘဲပြောရမလိုလို :P

မိုးခါး said...

ကိုယ့်ရှေ့ မြင်ရင်တော့ ကယ်မိမယ်ထင်တယ်
ကိုယ်နိုင်သလောက်ပေါ့

Anonymous said...

မြွေက ဖားကိုမြိုတာမျိုး ငယ်ငယ်ကတစ်ခါပဲ ကြုံခဲ့ဖူးပါတယ်။ ခြံထဲမှာပဲကြုံခဲ့တာပါ။ တွေ့ တွေ့ ခြင်း
မှာအရမ်းကိုလန့် သွားပြီး ဒုတ်ရှည်ရှည်တစ်ချောင်း
အမြန်ပြေးကောက် တစ်ရှုးရှုးနဲ့ မြွေကို ခြောက်ခဲ့ဖူး
ပါတယ်။ သဘာဝတရားအရ ဆိုပေမဲ့ ကိုယ်တွေကြုံ
လာသူတိုင်း လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်
လောက်ဘူးလေ။ အနည်းဆုံးတော့ အားနွဲ့ သူဖက်က
ကူမိမလားပဲ။ ဒါနဲ့ ...အဓိက ပြောချင်တာကကိုဇေယျ
ရဲ့ ကိုယ်တွေ့ လေးအကြောင်းပါ။ အရင်တွေးကြည့်
ရမှာက သူတို့ က မွေနဲ့ ဖား မဟုတ်ဘူးလေ။
လူတွေ....အသိညာဏ် ရှိတဲ့လူတွေ။ လုပ်သင့်တာနဲ့ 
မလုပ်သင့်တာကို ခွဲခြားသိနိုင်တဲ့လူတွေလေ။ အဲဒါကို
မမေ့နဲ့ ။ ဘယ်ဘက်ကိုမှ ပါစရာမလိုဘူးလေ။ ပိုရှင်းချင်တယ်ဆိုရင် နှစ်ဦးဆုံတဲ့ အချိန်မှာ ကိုယ်စိတ်မှာ သူတို့ ကိစ္စကို ဘယ်လိုသဘောထား
တယ်ဆိုတာသာ ပွင့်ပွင့်လင်းလင်း၊ တိတိကျကျ ပြော
ထားလိုက်။ သူတို့ ကလဲ သူငယ်ချင်းတွေကို Blame
လုပ်စရာ Excuse လောက်ပဲလုပ်မှာပါ။ သူတို့ အချင်းချင်းမရှင်းနိုင်တဲ့အခါမျိုးမှာပေါ့။ နောက်တစ်ခုက
လူတွေရဲ့ Personality ကို ညီမတို့ အတင်း
လိုက်ပြောင်းယူလို့ မရဘူးလေ။ အလုပ်ပေးသင့်ဆုံးကို အကောင်းဆုံး လုပ်ပေးရင်းပဲ
သူငယ်ချင်းကို သူငယ်ချင်းအဖြစ်ကလွဲပြီး.........
ရင်ထဲခံစားလာရတဲ့အတိုင်း ment လိုက်ခြင်းမျှသာ။
ပထမဦးဆုံးသော အရှည်ဆုံး comment for me..:)
..ခင်မင်ခြင်းများစွာဖြင့်....ခင်မာလာအောင်..:)

Unknown said...

အိမ်ထောင်ေ၇းဖောက်ပြန်တာကို လုံးဝသည်းမခံနိုင်လို.
သဲကွဲအောင်ပွဲကြမ်းလိုက်မယ်...
အကောင်းဆုံး သို. အဆိုးဆုံး အဖြေ တခုခု၇လာမှာပေါ.
စာ၇ိတ္တမကောင်း၇င်တော. ဆက်တွဲနေလို. က ကိုယ်ပါလူမိုက်အားပေးဖြစ်တော.မှာပေါ.