Art is My Life: ပြေးလမ်းပေါ်ကလူ

Friday, December 18, 2009

ပြေးလမ်းပေါ်ကလူ

တကယ်တော့ ဘ၀ဆိုတာ ချောတိုင် တက်သလိုပဲ။ အောင်လံတစ်ခုရဖို့ ချွေးနဲ့ ရင်းရင်း တိုင်ထိပ်ရောက်အောင် တက်ကြရတယ်။ ဒါပေမယ့် မတူညီတာ တစ်ချက်က ........
ချောတိုင်တက်တဲ့အခါ တိုင်ထိပ်ရောက်လို့ အောင်လံကို ယူပြီးသွားရင် ပြန်ဆင်းလာလို့ ရပေမယ့်။ ဘ၀မှာတော့ အောင်လံကို ယူပြီးရင်လည်း ပြန်မကျရင် ဆက်ထိန်းထားရတယ်

အဲလိုနဲ့ ကျွန်တော် မကြာခဏ စဉ်းစားဖူးတယ်။ အောင်မြင်မှုဆိုတာကို ဘယ်ပေတံနဲ့ တိုင်းတာကြမလဲပေါ့။ ကိုယ့်ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရောက်ရင် အောင်မြင်ပြီလို့ ပြောလို့ရမလား ကျွန်တော့်ကိုယ် ကျွန်တော် ခဏခဏမေးမေး ကြည့်မိတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သတိထားမိကြမှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ရ အဆိုတော် ဖြစ်လာတယ်။ ပရိတ်သတ်တွေကြားမှာ ရေပန်းစားတယ်။ သိပ်မကြာပါဘူး သူ့သီချင်းခွေတောင် မှိုမတက်သေးဘူး အဲအဆိုတွေ ငုတ်သွားတယ် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အဲဒီတော့ သူ့ဘ၀ကို အောင်မြင်တယ်လို့ ပြောမလား။

သေချာတာ တစ်ခုကတော့ ကျွန်တော်အပါဝင် လူတော်တော်များများက ကိုယ့်စိတ်ထဲမှာ ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရောက်သွားတဲ့အခါမှာ အောင်မြင်ပြီလို့ ထင်နေကြတယ်။ သေချာပြန်စဉ်းစားကြည့်တော့ ကိုယ့်စိတ်ကူးထဲမှာ ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရတိုင်း အောင်မြင်တယ်လို့ ပြောလို့မရပြန်သေးဘူး။

ဥပမာ အခုလက်ရှိ အမေရိကန်သမ္မတ အိုဘားမား။ သူက ပြိုင်ဘက် ဂျွန်မက်ကိန်းကို အနိုင်ရပြီး သမ္မတဖြစ်သွားတယ် သူကို ကျွန်တော်တို့ အောင်မြင်သွားပြီလို့ ပြောကြမလား။ အောင်မြင်မှုကို အဆင့်လိုက် အဆင့်လိုက် တွေနဲ့ ခွဲခြားကြည့်မယ်ဆိုရင်တော့ ရွှေးကောက်ပွဲမှာ မက်ကိန်းကို နိုင်ပြီး သမ္မတ အဖြစ်ကို ရသွားတာဟာ step တစ်ခုပဲဖြစ်မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်က ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဟစ်တလာ။ အားလုံးသိကြတဲ့အတိုင်း သူဟာ အခြေမဲ့ အနေမဲ့ဘ၀ကနေ နာဇီလို့ လူသိများကြတဲ့ National Socialist German Workers Party ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ အခြေမဲ့အနေမဲ့ဘ၀ကနေ ခေါင်းဆောင်ဆိုတဲ့ ရာထူးကို ရသွားခဲ့တယ်။ အဲလို အတိုက်ခံတွေကို ကျော်ဖြတ်ပြီး ခေါင်းဆောင်ဖြစ်လာတိုင်း အောင်မြင်မှုဟာ ပြီးပြည့်စုံသွားပြီလို့ ပြောမယ်ဆိုရင် ဟစ်တလာကို အောင်မြင်တယ်လို့ ပြောလို့ရမှာပေါ့။ ဒါပေမယ့် ဟစ်တစ်လာရဲ့ ဘ၀ကို အောင်မြင်တယ်လို့ ပြောမယ်ဆိုရင်တော့ လူတော်တော်များများက ကန့်ကွက်ကြမှာတော့ သေချာတယ်။

အဲဒီလို ဘ၀အောင်မြင်မှုဆိုတာ ဘာလဲလို့ စဉ်းစားနေရင်း စဉ်းစားနေရင်းနဲ့ နောက်ဆုံး ကျွန်တော် စဉ်းစားမိတာကတော့ ဘ၀ဆိုတာ အဝေးပြေးလမ်းမ တစ်ခုဖြစ်ခဲ့ ရင် အောင်မြင်မှုဆိုတာ မိုင်တိုင်တွေ ဖြစ်မှာပါ။ အဲဒီလိုနဲ့ လူတွေဟာ အဝေးပြေးလမ်းမပေါ်မှာ ပြေးရင်း မိုင်တိုင်တွေ တစ်ခုပြီး တစ်ခုကျော် ဖြတ်ရသလို အောင်မြင်မှု မှတ်တိုင်တွေကို တစ်ခုပြီးတစ်ခု စိုက်ထူးသွားကြတာ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် တစ်ချို့ကတော့ ကံအားလျှော်စွာ ပြေးလမ်းပေါ်မှာ မွေးခဲ့ကြပေမယ့် တစ်ချို့ကတော့ ပြေးလမ်းနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ မွေးပြီး တစ်ချို့ဆိုရင် ပြေးလမ်းဆိုတာ ဘာမှန်းတောင် မသိလိုက်ပဲ သေဆုံးသွားကြတဲ့လူတွေလဲ တပုံကြီးပေါ့။ တစ်ချို့ကတော့ ပြေးလမ်းနဲ့ ဝေးရာမှာ မွေးခဲ့ပေမယ့် ပြေးလမ်းပေါ်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးဖမ်းခဲ့ကြတယ်။

ဥပမာ အမေရိကန် သမ္မတလင်ကွန်း။ သူဆိုလည်းသူလိုငါလို သာမာန် အောက်ခြေ လူသားတစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့အတွက်တော့ သမ္မတဆိုတဲ့ ပြေးလမ်းတစ်ခုပေါ် ရောက်ဖို့ အခက်ခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်။ သမ္မတဆိုတဲ့ ပြေးလမ်းပေါ်ရောက်တော့ရော သူအောင်မြင်ဆိုပြီး ရပ်နေလို့ ရပြီလား မရသေးပါဘူး။ သူဆက်ပြေးရတယ်။ နောက်ဆုံးမှာ သူပြေးလမ်းပေါ်က ငွေဝယ်ကျွန်စနစ်ဆိုတဲ့ ငုတ်တိုင်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့တယ်။

တစ်ချို့ကတော့ ကံအားလျှော်စွာ ပြေးလမ်းပေါ်မှာ မွေးကြတယ်။ မိဘက အဆိုတော်ဖြစ်လို့ သားသမီးက အလိုလိုနေရင်း အဆိုတော်ဖြစ်လာတယ်။ အဲဒီမှာ လူတွေအားလုံးက သူ့ကို အဆိုတော်လို့ အသိမှတ်ပြုကြတယ်။ အဲဒီမှာ ကိုယ်ပိုင် အရည်ချင်းရှိသူတွေက ပြေးလမ်းတန်းတန်းဆက်ပြေးကြပြီး အရည်အချင်းမရှိသူတွေက ပြေးလမ်းကနေ ထွက်ခွါသွားကြတယ်။

လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်ကတော့ ကျွန်တော်ဟာ ပြေးလမ်းနဲ့ ဝေးတဲ့လူတစ်ယောက်ပေါ့။ အဲဒီလိုနဲ့ ပြေးလမ်းပေါ်ကို ရောက်လာခဲ့တယ်။ ပြေးလမ်းပေါ်ရောက်ခါစက ပြေးသေးတယ်။ သက်လုံပဲ မကောင်းတာလား အပျင်းပဲကြီးတာလားတော့ မသိဘူး။ ပြေးလမ်းတစ်နေရာမှာ ခွေအိပ်နေလိုက်တယ်။ တစ်ရေးနိုးလို့ ကြည့်လိုက်တော့ ကျွန်တော်နဲ့ အတူတူပြေးတဲ့လူတွေ ဟိုးအဝေးကြီးမှာရောက်နေကြပြီ။

အဲဒီတော့ သင်ရော အခု ပြေးလမ်းပေါ်မှာလား။ ပြေးလမ်းနဲ့ ဝေးရာမှာလား။ ပြေးနေပြီလား။ ကျွန်တော်လိုပဲ ပြေးလမ်းပေါ်ရောက်ပြီးမှ အိပ်ပျော်နေတာလား..........











No comments: