Art is My Life: အနာဂတ်လှိုင်း ၏ ဆုံမှတ်များ .............

Monday, July 14, 2008

အနာဂတ်လှိုင်း ၏ ဆုံမှတ်များ .............


ဒီပုံလေးတွေကို မြင်ရင် အနာဂတ်လှိုင်းနဲ့ ပတ်သက်ခဲ့ဖူးသူတွေ ၂၀၀၆ ခုနှစ် အစောပိုင်းကာလက ဘလော့ဂ်ကို ဖတ်ရှု ရေးသားကြသူတွေ မှတ်ကြဦးမှာပါ။ တကယ်တော့ ဒီပုံလေးဟာ မြန်မာဘလော့ဂ်ကာများ ရေးထားသားသည့် ကောင်းနိုးရာရာ စာပေများကို စုစည်းရွေးချယ်ပြီး ထုတ်မည့် စာအုပ်ရဲ့ မျက်နှာဖုံး ဒီဇိုင်းတွေ ပဲဖြစ်ပါတယ်။

ဒီစာအုပ်လေးမှာ နိုင်ငံရေးနှင့် သော်လည်းကောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေး မှုဝါဒနှင့် သော်လည်းကောင်း ညှိစွန်းနိုင်မည့် အသုံးအနှုန်းများ မပါရှိသည့် ကောင်းနိုးရာရာ ဘလော့ဂ်ပို့လေးများ ရွေးချယ်ပါရှိပါတယ်။ အစပိုင်းကတော့ ဒီစာအုပ်လေးကို မြန်မာနိုင်ငံ စာပေစိစစ်ရေးမှာ တရားဝင် ခွင့်ပြုရယူပြီး ထုတ်ဝေဖို့ပါပဲ။ စာအုပ်လေးဟာ စာပေ စိစစ်ရေး ရုံးတင်နိုင်တဲ့ အထိ အဖုံးဒီဇိုင်း အတွင်း ဒီဇိုင်းများ ပြီးစီး သွားပေမယ့် အကြောင်းကြောင်းကြောင့် ဒီစာအုပ်လေးကို စာပေစိစစ်ရေးရုံးကို မတင်ခဲ့ဖြစ်ပါဘူး။

အခုလို စာအုပ်ပုံ အကြမ်းပေါ်လာသည့် အဆင့်အထိ ကို လွယ်လွယ်ကူကူနှင့် ရောက်ရှိခဲ့တာ မဟုတ်ပါဘူး။ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ မြန်မာဘလော့ဂ်ကာတွေ စုပေါင်းပြီး သင့်တော်မဲ့ စာမူတွေကို ဘလော့ဂ်တွေမှာ လိုက်ရှာဖတ် ဘယ်ဟာကို ရွေးချယ်သင့်သည် ဘယ်ဟာကို ဖြုတ်သင့်သည် စာအုပ်ထုတ်ဖို့ လိုအပ်သော ရန်ပုံငွေကို မည်ကဲ့သို့ ရှာကြမည် အစရှိသဖြင့် အိပ်ရေးပျက်ခံ အပင်ပန်းခံပြီးမှ ဖြစ်လာခဲ့ပါ။

အားလုံး အပင်ပန်းခံ အိပ်ရေးပျက်ခံ ငွေကုန်ကြေးကျ ခံပြီးခါမှ ဒီစာအုပ်လေးပုံ ကြမ်းပေါ်လာခဲ့ရတာပါ။ ဒီလို ပုံကြမ်းလေး ပေါ်လာအောင် အပင်ပန်းခံပြီးခါမှ ဒီတိုင်းကြီး ရပ်ထားမယ် ဆိုလျှင် အားလုံးပင်ပန်းခဲ့ရကျိုး မနပ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။

ဒါကြောင့် ဒီစာအုပ်လေးကို အကြောင်းအမျိုးမျိုးကြောင့် Print စာအုပ်အဖြစ် မထုတ်နိုင်ခဲ့ပေမယ့် လာမဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်မဲ့ မြန်မာ ဘလော့ဂ်ဒေးနေ့မှာ Pdf ဖိုင် အဖြစ် နှင့် မြန်မာ ဘလော့ဂ်များတွင် ဒေါင်းလုပ် လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

အထူး ပြောချင်တာကတော့ ယခု ဖြန့်ဝေမယ့် အီးဘုတ်လေးမှာ နိုင်ငံရေးနှင့် သော်လည်းကောင်း စာပေစိစစ်ရေး မူဝါဒများနှင့် သော်လည်းကောင်း ညှိစွန်းနိုင်သည့် စကားအသုံးအနှုန်းများ လုံးဝ လုံးဝ မပါရှိပါဘူး။ ဒီစာအုပ်လေးဟာ ဘလော့ဂ်ကာတွေ ကိုယ်တိုင်ရေးတဲ့ သုတ ရသ စာပေများကိုသာ စုစည်းထားခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် စာအုပ်ကို ထုတ်ဝေမည်ဟု စတင် ပြောစဉ်က အခြေအနေနှင့် ယခု အခြေအနေ မတူတော့ပါဘူး။ ဒါကြောင့်မို့ ယခင်က မိမိ စာမူကို စာအုပ်တွင် ထည့်သွင်း အသုံးပြုရန် သဘောတူခဲ့ပေမယ့် ယခု အခါ စာမူများကို ထည့်သွင်း အသုံးပြုရန် သဘော မတူညီသူများ ရှိပါက .......

soezeya.blogger@gmail.com သို့ ဇူလှိုင်လကုန် နောက်ဆုံးထား၍ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဒီစာအုပ်လေး ဒီလို ပုံကြမ်းပေါ်လာဖို့ ကျွန်တော်တို့ တစ်တွေ ဘယ်လောက်အထိ အကြိတ်အနယ် ဆွေးနွေး လုပ်ကိုင် ခဲ့ကြရတယ် ဆိုတာကို မြန်မာဘလော့ဂ်ကာ ဖိုရမ် မှာ သွားရောက် လေ့လာနိုင်ကြပါတယ်။

6 comments:

MELODYMAUNG said...

ငါ့ပို့စ်တွေပါသမျှကို သဘောတူပါသဗျ။ ပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်မဲ့ မြန်မာ ဘလော့ဂ်ဒေးနေ့မှာ Pdf ဖိုင် အဖြစ် နှင့် မြန်မာ ဘလော့ဂ်များတွင် ဒေါင်းလုပ် လုပ်ယူနိုင်မှာဆိုလို့ ၀မ်းသာမိပါ၏

Anonymous said...

လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ မောင်လေးရေ..

Htoo Tay Zar said...

စာအုပ်ထုတ်ဖြစ်တာ ၀မ်းသာပါတယ် အကိုရေ ကျွန်တော် စာဖတ်ဖို့ စောင့်နေမယ်

Ka Daung Nyin Thar said...

သဘောတူတယ်ဗျို့.
ငါ့စာမူ တခုကြီးများတောင် ပါတာ သဘောတူပါတယ်။ ဟိ

ကလိုစေးထူး said...

ကျနော်လဲ သဘောတူတယ်။ (ကျနော့်ပို့စ် ပါမပါတော့ မသိဘူး) :D

Mr.Pooh @ မောင်ပွတ် said...

ကိုစိုးဇေယျရေ - မအိမ့်ချမ်းမြေ့ပြောသလိုပဲ ... လွမ်းစရာတွေပေါ့ဗျာ။ မရေမတွက်နိုင်တဲ့ လက္ဘ်ရည်ဆိုင်က အစည်းအဝေးတွေ၊ အွန်လိုင်းကပဲ confirm လုပ်ခဲ့ကြတဲ့ ဆုံးဖြတ်ချက်တွေ၊ စာမူဖတ်ရင်း မနက်လင်းသွားတဲ့ညတွေ၊ ထည့်သင့်၊ မထည့်သင့် ငြင်းခုံကြတာတွေ ... သတိရနေပါသေးတယ်ဗျာ။ စာအုပ်အဖြစ် ထုတ်နိုင်မယ့်နေ့အထိ စောင့်နေချင်ပေမယ့် PDF ဆိုလည်း PDF ပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်။