Art is My Life: March 2009

Sunday, March 29, 2009

အားနာလိုက်တာယောရယ်




သို့ချစ်လှစွာသော ယော.....။ ကျွန်ုပ်ဘီယာ သောက်နေချိန်မှာ သင့်ကို သတိရမိတာတော့ အမှန်ပဲလေ။ ခင်ဗျားနဲ့ ကျုပ် ရန်ကုန်မှာတုန်းက ဘီယာအတူတူ သောက်ရင်း ဘန်းကီးမွန်းဆီ ဖုန်းဆက်သင့် မဆက်သင့်၊ ဂျော့ဘုနဲ့ ဆာဒန်ဟူစိန် ဘယ်သူမှန်မှန် ဆိုတာ လည်ပင်ရိုးကြီးတွေ ထောင်ပြီး ငြင်းကြတာလဲ မှတ်မိသေးပါတယ်။

မနက်ဖြန် ကျုပ်ရန်ကုန် ပြန်တော့မယ်ဗျာ။ ဒီညတော့ ကျုပ်အခန်းထဲမှာ ခုံလေးနှစ်လုံးချပြီး တစ်နေရာကို ခင်ဗျားအမှတ်နဲ့ ကျုပ်သောက်နေတယ်။ ခင်ဗျားကို မမြင်ရပေမယ့် ကျုပ်မျက်နှာခြင်းဆိုင်က ခုံကို ကြည့်ပြီး ခင်ဗျားရှိတယ် အမှတ်နဲ့ ထိုင်ဆဲနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် မြန်မာပြည်ပြန်ရာက်ရင် ခင်ဗျားစကားယုံစားမိလို့ လုပ်ခဲ့တဲ့ အလုပ်က အကြွေးရှင်တွေ မျက်နှာကို ရင်ဆိုင်ရတော့လေ။ ခင်ဗျားကို မယုံကြည်ရဘူးဆိုတာ သိလို့ အထပ်ထပ်အခါအခါ မေးတယ် မောင်မောင်ယောရယ် သေချာရဲ့လား။ သေချာပါတယ် ဒီလကုန်ရင် ဒေါ်လာထောင့်ငါးရာလွှဲလိုက်မယ် ခင်ဗျားဆိုင်ခန်းကိုသာ ငှားထားနှင့်။ ဆိုင်ခန်းနေရာလေးကလည်း မဆိုး ဈေးကလည်းတော် သူများလက်ဦးသွားမှာစိုးလို့ ငွေတိုးလေးယူပြီး စရံချထားလိုက်တယ်။ ကိုညီလင်းဆက်က တော့ ပြောရှာပါတယ်။ “ဟေ့လူ ယောသား စကားယုံစားလို့ ” ဆိုပြီး သတိပေးရှသေးတယ်။ ဒါပေမယ့် ငမိုက်သားကျုပ် သြော်ဒီတစ်ခါတော့ မောင်ယော မကြည်စားလောက်ပါဘူး ထင်ပြီး လုပ်လိုက်မိတယ်။

အင်း .............

မနက်ဖြန် ရန်ကုန်ရောက်ရင် အကြွေးရှင်တွေ ဘယ်လို ရင်ဆိုင်ရမလဲ .....

သြော်ဒီည ဘီယာသောက်နေတာကိုတော့ ခင်ဗျားကို တိုက်ချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက သင်္ဘောပေါ်မှာ ရာသီဥတုဆိုးကြီးထဲမှာ ရုန်းကန်နေရရှာတယ်ဆိုတော့ မတိုက်ရတာ အားနာမိတယ်ဗျာ ......

Read More...

မြန်မာဘလော့ဂ်ကာ နှစ်သောင်းကျော်သွားပြီ


ဒီနေ့ ဘလော့ဂ်ကာမှာ ကြည့်လိုက်တာ။ ဘလော့စပေါ့နဲ့ မြန်မာပြည်နာမည်ခံပြီး ပရိုးဖိုင်ဖွင့်ထားတဲ့လူ နှစ်သောင်းကျော်သွားပြီဆိုတာ တွေ့လိုက်ရတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က တစ်ထောင်ကျော်ပဲရှိတယ်။ အခုတော့ နှစ်သောင်းကျော်တဲ့။ မြန်လိုက်တာ။

Read More...

Saturday, March 28, 2009

မနက်ဖြန် ဘန်ကောက်မှာ အိုင်စီရှိုးရှိတယ်


မနက်ဖြန် တနင်္ဂနွေနေ့ညမှာ ဘန်ကာက်မှာ အိုင်စီရှိုးရှိတယ်။ နေရာကတော့ မသိဘူး :P။ ၀င်ကြေးကတော့ ဘတ်လေးရာတဲ့။ ကျွန်တော်ကတော့ သူတော်ကောင်း ဇနီးမောင်နှံက ဒကာခံမယ်ဆိုလို့ သွားကြည့်ဖြစ် ဦးမယ်ထင်တယ်။ သွားကြည့်ဖြစ်ရင်တော့ ပုံလေးတွေ တင်ပေးပါမယ်။ အခုပုံလေးကတော့ သုဝဏ္ဏမှာ Nargis ရံပုံငွေတုန်းက ရိုက်ထားတာပါ။ အခုတင်ထားတဲ့ပုံကတော့ ဆိုက်ချုံ့ထားတာပါ။ ပုံဆိုက်အကြီးကြီး လိုချင်ရင် ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပါ။

Read More...

Thursday, March 26, 2009

ဝမ်းစာတွေကုန်ပြီလား . . . .

ဒါရိုက်တာကြီး တစ်ယောက်က ပြောဖူးသည်။ “ငါဒါရိုက်တာ လုပ်ခါစက၊ ဒါရိုက်တာ ဘယ်သူရိုက်သည် ဆိုတာမျိုး မလုပ်ချင်ဘူး ခပ်ဆန်းဆန်းလေး လုပ်ချင်တယ်။ ဒါကြောင့် ဒါရိုက်တာ ........ ရေးညွှန်းရိုက်ကူးသည် ဆိုပြီး လုပ်တယ်။ ပထမသုံးလေးကား၊ အိုကေနေတာပဲ။ ဆယ်ကားလောက်လဲ ရိုက်ပြီးရော ၀မ်းစာက ကုန်သွားတယ်။ ငါ့မှာ ဆက်ရေးစရာ ကိုယ်ပိုင်ဇာတ်လမ်း မရှိတော့ဘူး။ အဲဒီတော့ သူများဇာတ်လမ်းတွေကို ယူပြီးရိုက်ရတယ်။ သူများဇာတ်လမ်းတွေကို ရိုက်ပြီဆိုမှတော့ ကိုယ်ရေးတာ မဟုတ်တော့ဘူးလေ။ အဲဒါကြောင့် ဒါရိုက်တာ....... ရေးညွှန်းရိုက်ကူးသည် ဆိုတာကြီးကို ဖျက်လိုက်ရတယ်။ ”


ကျွန်တော်တို့ ငယ်ငယ်က မင်းသိင်္ခ စာအုပ်တွေကို တော်တော်ကြီး ဖတ်ဖြစ်သည်။ ကျွန်တော်တို့ ကိုတန်းဆယ်တန်း အရွယ်လောက်တွင် မင်းသိင်္ခလို ကောင်းတဲ့ စာရေးဆရာ တစ်ယောက် ထွက်နေတယ် ဖတ်ကြည့်ဆိုလို့ ကျွန်တော် ဖတ်ဖြစ်သည်။ သူ့စာအုပ်ကို တစ်အုပ်ဖတ်ပြီးတော့ ကျွန်တော်ကြိုက်သွားသည်။ နောက်ထပ် သူစာအုပ်တွေကို ထပ်ဖတ်ကြည့်ဖြစ်သည်။ လေးငါးအုပ်လောက်လဲ ဖတ်ပြီးရော သူ့ဇာတ်လမ်းတွေက ထပ်လာသည်။ တစ်အုပ်နဲ့ တစ်အုပ်က သိပ်မကွာခြားမှု မရှိတော့ပေ။ နောက်အုပ်တွေကျရင်တော့ ပြောင်းမလား ပြောင်းမလား ဆိုသည့် မျှော်လင့်ချက်နှင့် ဆက်ဖတ်ဖြစ်သေးသည်။ သို့ပေမယ့် ဇာတ်လမ်းတွေက အပ်ကြောင်း ထပ်နေသည်။ ဆယ်အုပ် ကျော်ကျော်လောက်လဲ ဖတ်ပြီးရော သူ့စာအုပ်ဆိုလျှင် ကိုင်ပင်မကြည့်ဖြစ်တော့ပေ။


အရင်ကဆိုလျှင် ကျွန်တော် စာအရမ်းရေးချင်သည်။ ၀တ္ထုပဲ ဖြစ်ဖြစ်ကဗျာပဲ ဖြစ်ဖြစ်၊ ချမရေးဖြစ်သည့်တိုင် ခေါင်းထဲမှာ စီကြည့်လျှင် သူ့ဘာနှင့်တူ အစီအရီ။ ထိုစဉ်က နေ့ခင်ဘက်တွင် ဘတ်စကားစီးပြီး တစ်နေကုန် လျှောက်သွားရသော အလုပ်ကိုလုပ်ရသည်။ ဘတ်စကားပေါ်တွင် ကိုယ်ရေးမဲ့ ဇာတ်လမ်းလေး အကြောင်းကို အစီအရီ နေရာချကြည့်ရင်း တော်တော်လေး ဟုတ်နေခဲ့သည်။ ညဘက်ကျတော့ တစ်နေကုန် ပင်ပန်းထားသည့် အရှိန်ကြောင့် အိပ်ချင်သည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ချရေးဖြစ်ပေမယ့် တစ်ခါတရံတွင်တော့ ချမရေးဖြစ်ခဲ့ပေ။ ထိုစဉ်က ကျွန်တော် အရမ်းအားနေသော လူတစ်ယောက် ဖြစ်ချင်သည်။ အားနေလျှင် ကျွန်တော် ဇာတ်လမ်းတွေကို အကုန်ချရေးဖြစ်လိမ့်မည်ပေါ့။

တကယ်တမ်း လူအားတစ်ယောက် ဖြစ်လာသည့် အချိန်ရောက်တော့ အသက်နှစ်ဆယ် အရွယ်လောက်ထိ ကွန်ပျူတာ မသုံးတတ်သေးတဲ့ ကျွန်တော်က ကျွန်တော်ပျူတာမရှိလျှင် စာမရေးတတ်တော့ဘူးတဲ့လေ။ စိတ်ကူးလေးရလို့ ရေးချင်ပါတယ်ဆိုတဲ့ အချိန်ကျတော့လည်း မီးပျက်နေတာနဲ့ မရေးဖြစ်။ မီးလာပြန်တော့လည်း ဘီယာသောက်နေရတာနဲ့ မရေးဖြစ်။ တကယ်ရေးရတော့မယ် အရင်က အားအားယားယား လျှောက်ရေးခဲ့သမျှ အခုနေ ရေးတာနဲ့ နည်းသာများသာ အသာထား ပိုက်ဆံ ရတော့မယ် ရေးတော့ဟေ့ ဆိုတဲ့ အချိန်ရောက်တော့ ကျွန်တော်တွေဝေ သွားသည်။ ဘာရေးရမှန်းမသိ။ သေချာစဉ်းစားကြည့်ပြန်တော့လည်း ဘာမှ ရေးစရာလည်းမရှိ။ ရေးစရာက မရှိလို့ မဖြစ် ဇာတ်ညွန်းကို လက်ခံထားပြီးပြီ။ ထိုအခါ မဖြစ်မနေ ရေးရတော့မည်။ မရေးတော့ဘူး ဆိုပြန်လျှင်လည်း နာမည်က မစရသေးဘူး ပျက်တော့မည်။ ထို့ကြောင့် မဖြစ်မနေ ဇာတ်လမ်း တစ်ပုဒ်ကိုတော့ ရေးဖြစ်လိုက်သည်။ ဘာပဲ ဖြစ်ဖြစ် နဂိုအရှိန်လေးနဲ့ မို့လားမသိ ဇာတ်ညွှန်းတစ်ခုကတော့ ရှောရှောရူရူနဲ့ ပြီးသွားရှာသည်။ ဒါပေမယ့် နောက်တစ်ခု ထပ်ရေးဖို့ဆိုတာတော့ ကျွန်တော်စဉ်းစားရင်း ရင်မောသွားသည်။


တကယ်တော့ ၀မ်းစာ ဆိုတဲ့ စကားလုံးကို ကျွန်တော် ရင်းနှီးနေတာတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့် အဲဒီဝမ်းစာ ဆိုတာကြီးကို အရင်က ကျွန်တော် သိပ်မယုံကြည်ဘူး။ ကဗျာပဲ ဖြစ်ဖြစ် စာပဲဖြစ်ဖြစ် စိတ်ကူးယဉ်လိုက်ရင် ဖြစ်လာတာပဲ။ အရင်က ကျွန်တော် အဲလိုထင်ထားခဲ့သည်။ အခု နင်လားငါလား တကယ်ရေးရမည့် အချိန်မှာ ရေးစရာတွေ မရှိဖြစ်တော့ ကျွန်တော် ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ကြည့်သည်။ ဘာကြောင့်လဲ ......

ကျွန်တော် စာကို အရင်လို အရူးအမှုး မဖတ်ဖြစ် မရေးဖြစ်တာ သုံးနှစ်ကျော်သွားပြီ။ ဥပမာ အနေဖြင့် ပြောရလျှင် ဓာတ်ပုံသမား တစ်ယောက်ဖြစ် ပရော်ဖက်ရှင်နယ် လုပ်စားတော့မည် ဆိုပါက ကင်မရာကြောင်း ဓတ်ပုံအကြောင်းကို အပျော်တမ်း သမားထက် ပိုပြီး အချိန်ပေးလေ့လာရမည်။ ပိုပြီး လေ့ကျင့်ရမည်။ ထို့အတူ စာရေးဆရာ တစ်ယောက်အဖြစ် ပရော်ဖက်ရှင်နယ် လုပ်စားတော့မည် ဆိုပါက အပျော်ဖတ်သူထက် စာပေကို ပိုဖတ်ရမည်။ ပတ်ဝန်းကျင်ထဲက လူတွေရဲ့ အကြောင်းကို လေ့လာရမည်။ သာမန် ကင်မရာ ၀ါသနာ သမားလောက်တောင် ဓာတ်ပုံအကြောင်းကို မလေ့လာပဲ ပရော်ဖက်ရှင်လုပ်စားရင် အောင်မြင်မှု မရရှိနိုင်သလို၊ သာမန် စာဖတ်ဝါသနာ ပါသူလောက်တောင် စာမဖတ်ပဲနဲ့တော့ စာရေးဆရာကောင်း တစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်ပေ။

နောက်ဆုံးတော့ ကျွန်တော်ဒါရိုက်တာ ကြီးပြောသည့် စကားကိုပဲ ပြန်သွားသတိရသည်။ “၀မ်းစာ ကုန်သွားတာကို”တဲ့။ ၀မ်းစာ ဖြည့်တင်းဖို့ အတွက် ကျွန်တော် စာပြန်ဖတ်ရမည်။





Read More...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း




ဆရာကြီး သခင်ကိုယ်တော်မှိုင်း အပါဝင် မြန်မာပြည်ရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးများ ဖြစ်သည့် ဦးသန့် စုဘုရားလဒ် ဒေါ်ခင်ကြည် (ဗိုလ်ချုပ်၏ဇနီး) တို့ အုတ်ဂူများ ဘယ်မှာ ရှိသနည်းဟု မေးလျှင် ရန်ကုန်နေ လူတော်တော်များများပင် မသိကြပါဘူး။

Read More...

Wednesday, March 25, 2009

ဓာတ်ပုံ



အရင်က ယူကျုမှာ တင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ကော်နက်ရှင် မကောင်းလို့ မအောင်မြင်ခဲ့ဖူး။ အခုမှ အောင်မြင်သွားတယ်။

Read More...

Tuesday, March 24, 2009

ရန်ကုန်

တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် ကျောင်းတော်ကြီးတစ်ခု
ရန်ကုန်က ကျွန်တော့်ကိုပညာတွေ သင်ပေးခဲ့တယ်

တကယ်တော့ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် စစ်မြေပြင်တစ်ခု
ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒုက္ခနဲ့အခက်ခဲတွေကို
နိစ္စဒူဝ တိုက်ခိုက်နေရတယ်

တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် လယ်ယာမြေတစ်ခု
ဝါသနာဆိုတဲ့ မျိုးစေ့တွေကနေ
အနုပညာတွေအပင် ပေါက်လာဖို့
အဲဒီမြေမှာ ပျိုးကြဲခဲ့တယ်

စိတ်ကူးထဲမှာတော့ အဲဒီမျိုးစေ့လေးဟာ
ရန်ကုန်မြေကိုထိတဲ့အခါ
ဝုန်းကနဲဆို နေ့ခြင်းညခြင်းအပင်ကြီးဖြစ်သွားတယ်
အပင်ပေါ်မှာ ကဗျာတွေပွင့်
အပင်ပေါ်မှာ ၀တ္ထုတွေသီး
စိတ်ကူးကြည့်ပြီး ပျော်ခဲ့တယ်

လက်တွေ့မှာ
ဝမ်းရေးရယ် အနုပညာ
နှစ်ခုယှဉ်လာတော့ ရန်ကုန်ကကျွန်တော့်ကိုမေးတယ်
ကောင်လေးမင်းဘာကို ရွေးမလဲတဲ့ .....



မိုးလှိုင်ညဘလော့က
ရန်ကုန်ကဗျာတွေကို ဖတ်ပြီး ဒါလေးကို ကျွန်တော်ရေးမိသွားတယ်

Read More...

Monday, March 23, 2009

စွယ်တော်ပင်အလွမ်း

စွယ်တော်ရွက် ဆိုတာ နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်တယ်။ နှစ်ရွက်ပေါင်းထားတဲ့ စွယ်တော်ရွက်တွေဟာ တစ်ရွက်နဲ့နဲ့ တစ်ရွက် ဘယ်တော့မှ မခွဲပဲ ရော်ရွက်ဝါအဖြစ် ကြွေလွင့်သွားသည့် တိုင်အောင် မခွဲစတမ်း အမြဲတန်း ဒွန်တွဲလို့ . . . .



နင်နဲ့ငါ စွယ်တောပင်အောက်မှာထိုင် စွယ်တော် ရွက်လေးကိုခူး စွယ်တော်ပန်းလေးကို နင့်ခေါင်းမှာ ပန်ပေးရင် သစ္စာတွေ ဆိုခဲ့ကြတယ်။ ငါတို့တွေ နှစ်ယောက်ရဲ့ ဘ၀ကို ပေါင်းပြီး ဘ၀တစ်ခုကို ထူထောင်ကြမယ်။ ရော်ရွက်ဝါဖြစ် ကြွေလွင့်သည့်တိုင် ငါတို့ နှစ်ယောက် မခွဲကြေးပေါ့



အဲဒီအရာတွေ တက်တက်စင်အောင်လွဲ။ အခုတော့လည်း တစ်ယောက်တည်း စွယ်တော် ပင်အောက်မှာ ရွာက်ခြောက်လေးတွေကို ကောက်ရင်း ငါ့နှလုံးသားတွေ ပြိုကျခဲ့ပြီ။ နင်များ သိလေမလား . . .



တစ်ရက်မှာတော့ အမှတ်တမဲ့၊ စိမ်းစိမ်းစိုစိုနဲ့ စွက်တော်ရွက်လေးတွေ နှစ်ခြမ်းကွဲပြီး လမ်းပေါ်မှာ ကြွေကျနေကြတယ်။ မနေ့ညက လေ တော်တော်ပြင်းတာကိုး ..........



မခွဲဘူးဆိုတဲ့ စွယ်တော်ရွက်တွေက လေမုန်တိုင်းကိုတော့ အံမတုနိုင်ရှာပါဘူး။



အဲဒီလိုပဲ ငါ့တို့နှစ်ယောက် ဘ၀ထဲကို ၀င်တိုက်ခဲ့တဲ့ ကံကြမ္မာမုန်တိုင်းကို ငါတို့တွေ အံမတုနိုင်ခဲ့ဘူး။ လေမုန်တိုင်းကပဲ ပြင်းလေးသလား ငါတို့တွေပဲ ညံ့ခဲ့လေလား ........



အခုတော့လည်း ငါတို့တွေ ...

တကွဲစီပေါ့ ..........

ဒါပေမယ့် ငါ့ရင်မှာ ဖြစ်တည်နေတာကို စွယ်တော်ပင်ရင်းမှာ ရေးထားခဲ့တယ်။ အဲဒီစွယ်တော်ပင်ရင်းက ကဗျာတစ်ပုဒ်က နင့်လာဖတ်မဲ့ နေ့ကို စောင့်နေလေရဲ့ .............

Read More...

ဆြာယော



ဒါကတော့ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဆြာယောပါ။ ဒီဗီယိုကလစ်ကို စီးပွားရေးအလို့ငှာ ကူးယူခြင်း ပြသခြင်းတို့ကို ပြုလုပ်လိုပါက မှုပိုင်ရှင် ဆြာယော နှင့် ဆက်သွယ်ပါ။ ဒါကတော့ ကင်မရာမင်း ဖြစ်တဲ့ ကျွန်တော့်ကို ဘလော့ဂ်မှာ တင်ရုံသာ တင်ခွင့်ပေးတာပါ။ ရောင်းချခွင့်မပြုပါဘူး ကျန်တဲ့ ကိစ္စများကိုတော့ ဆြာယောထံတွင် တိုက်ရိုက်ဆက်သွယ်ပါ။

Read More...

လူချင်းအတူတူ အသက်ရှုခြင်းကွဲ





ကင်မရာခြင်းအတူတူ မှန်ဘီလူးကွဲတော့ ........

Read More...

နောင်ချိုအမှတ်တရ




နောင်ချိုကနေ မိုင်သုံးဆယ်လောက်ဝေးတဲ့ ညောင်နီဆိုတဲ့ ရွာလေးကို အသွားမှာ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး ရိုက်ခဲ့တာပါ

Read More...

love=wind

ကောင်မလေး။ ။ အချစ်ဆိုတာ လေ နဲ့တူတယ်တဲ့

အဲဒီလေကို မမြင်ရဘူး

ဒါပေမယ့် လေ ဟာတကယ်ရှိနေတယ်

ပြီးတော့ အဲဒီလေမရှိပဲနဲ့ အသက်ရှင်လို့မရဘူး …………..


အချစ်ဆိုတာလဲ လေ လိုပဲ

တကယ်ရှိနေပေမယ့် မမြင်နိုင်ဘူး

ဒါပေမယ့်လူတွေဟာ အချစ်မရှိပဲလဲ နေလို့မဖြစ်ဘူး






ကောင်လေး။ ။ ဟုတ်ပါတယ်လေဟာ အချိန်တိုင်းမှာမမြင်ရပါဘူး

ဒါပေမယ့်

လေရှိနေတယ်ဆိုတဲ့ သင်္ကေတလေးတွေကိုတော့ မြင်ရတယ်

နည်းနည်းလေး တိုက်ရင်တော့ သစ်ရွက်လေးတွေလုပ်တာကို မြင်ရမယ်

တိုက်နှုန်းတွေများလာရင်တော့ နာဂစ်တုန်းကလို သစ်ပင်ကြီးတွေ ကျိုးပျက်သွားမှာပေါ့

နင်ပြောသလို

အချစ်ဆိုတာ တကယ်တော့ မမြင်နိုင်ဘူး

ဒါပေမယ့် ရင်ခုန်လာတာကို ကြည့်ခြင်းအားဖြင့်

ရင်ဘတ်ထဲမှာ အချစ်ရှိတယ်ဆိုတာကို သိနိုင်တယ်

အချစ်တွေ ပိုများလာရင်တော့ နှလုံးသားတွေ တုန်လုပ်ကုန်ပြီပေါ့

မိန်းကလေးရယ်

အခုတော့လည်း ကိုယ့်နှလုံးသား

အရမ်းကို တုန်လုပ်နေရပြီ. . . . . .

အဲဒါ

မိန်းကလေးကို သိပ်ချစ်လို့ပေါ့

Read More...

ဒီနေ့မီးလေးတို့နဲ့တွေ့ဖြစ်တယ်



ဒီနေ့ လုံပနီညဈေးမှာ ဘလော့ဂ်ကာ မီးလေးဇာတို့ အုပ်စုနဲ့ ညစာစားဖြစ်ပါတယ်။ အခုတင်ထားတဲ့ ပုံတွေထဲမှာ မီးလေးပုံ ပါပါတယ်။ သူဘယ်သူဆိုတာ မှန်အောင်ဖြေနိုင်ရင် ဆုချမယ်လို့ ဆိုပါတယ်။

Read More...

Friday, March 20, 2009

Lumpini Park Thailand














Read More...

ဒုတ္ထ၀တီ အမှတ်တရ

ဒုတ္ထ၀တီမြစ်ရေကို သောက်ရင် ဒုတ္ထ၀တီကို တစ်ခါပြန်ရောက်တယ်တဲ့

Read More...

Thursday, March 12, 2009

ဘာလဲဘဝ

ကျွန်တော် ကိုယ်ကိုယ့်ကို နားလည်လာတဲ့ အရွယ်ကတည်းက စပြီး ဘ၀ဆိုတာ ဘာလဲ။ ဘာလဲ ဘ၀။ အစရှိသဖြင့် မေးကြည့်နေခဲ့မိသည်။ ကျွန်တော် မေးခါစာက ကျွန်တော့် ဘ၀သည် မနက်မိုးလင်းရင် စာအုပ်တွေ လွယ်အိတ်နှင့် တစ်လုံး ပြည့်ထည့်လွယ်ပြီး ကျောင်းတက်ရသော ကျောင်းသား တစ်ယောက်ဖြစ်သည်။ မိုးလင်းရင် ကျူရှင်သွားမည်။ ကျူရှင်ပြီးလျှင် ကျောင်းသွားမည်။ စာသင်ရတာ ပျင်းသည့်နေ့တွင် ကျောင်းပြေးမည်။ ရေသွားကူးမည်။ စစ်တုယဉ်ထိုးမည်။ ခြင်းခတ်မည် ပိန်ပေါင်ရိုက်မည်။ ညမိုးချုပ်လျှင် ၀တ္ထုဖတ်မည်။ ထိုခါ ကျွန်တော် မေးကြည့်သည်။

ကျောင်းတက်သည်က ဘ၀လော။ စစ်တုယဉ်ထိုးခြင်းက ဘ၀လော။ ၀တ္ထုဖတ်ခြင်းသည်က ဘ၀လော။

သေချာ ပြန်စဉ်းစားကြည့်တော့ အားလုံးက ဘ၀တွေ ဖြစ်တွေ ဖြစ်သည်။


ဘာမျှမသိသည့်အရွယ်က ကျောင်းကို ရောက်လာသည်။ ကျွန်တော်သည် ထိုစဉ်က ကကြီးမသိ ခခွေးမသိ။ သို့ပေမယ့် ကျောင်းမှာ နေရင်း ကကြီးကို သိလာသည် ခခွေးကိုသိလာသည်။ နောက်ဆုံးမှာတော့ ကကြီး မသိခဲ့ ခခွေးမသိတဲ့ လူတွေက လေ့လာရင်းသင်ယူရင်းနဲ့ သိချင်တာတွေ သိကုန်ကြသည်။

ဘ၀သည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ဘ၀ထဲကို လူတွေ သုညက ရောက်လာသည် ဘ၀ထဲမှာ လေ့လာသည် သင်ယူသည် ထိုမှ တစ်ဆင့် တတ်မြောက်ကြသည်။ ထိုအခါ ဘ၀သည် ကျောင်းတစ်ခုလော ..............


ကျွန်တော်တို့သည် တစ်ခါတရံတွင် ဘာရေးထားမှန်း မသိသော ၀ထ္ထုတစ်ပုဒ်ကို စာမျက်နှာ တစ်က စပြီး ဖတ်ကြသည်။ တစ်မျက်နှာပြီး တစ်မျက်နှာ ဖတ်ပြီးသွားသောအခါတွင် ဇာတ်လမ်းရုပ်လုံးလေး ပေါ်လာသည်။ နောက်ဆုံးတွင် ဇတ်သိမ်းခန်းကို ဖတ်ပြီး ထိုဝထ္ထုကို အဆုံးသတ်လိုက်သည်။

ကျွန်တော်တို့သည် ဘာကြီးမှန်းမသိသော လောကကြီးသို့ ရောက်လာသည်။ တစ်ပြီးတစ်ရက် နေထိုင် အသက်ဆက်ကြသည်။ ရက်တွေ ကြာတော့ နှစ်တွေ ဖြစ်သွားသည်။ နှစ်တွေများလာတော့ ကိုယ့်ဘ၀က ရုပ်လုံးပေါ်လာသည်။ လူသည်ရုပ်လုံးပေါ်ပြီး မကြာမှီ သေဆုံးသွားကြသည်။

တစ်ခါတစ်ရံတွင် ၀တ္ထုသည် ဖတ်ရင်းဖတ်ရင်း တစ်ရွက်ပြီး တစ်ရွက် လှန်ရင်း နောက်ဆုံး စာမျက်နှာသို့ ရောက်လို့ အဆုံးသာ သတ်သွားသည် ဘာကြီးမှန်းပင် မသိလိုက်ရပေ။

ဘ၀သည် တစ်ခါတံရတွင် တစ်ရက်ပြီး တစ်ရက် နေထိုင်ရင်း အသက်ဆက်ရင်း နေသာနေသွားရသည် သေသွားတဲ့ အချိန်အထိ ဘာမှန်းကို မသိလိုက်ရပေ။

ထိုအခါတွင် ဘ၀သည် ၀တ္ထုဖတ်ခြင်းနှင့် အလားသဏ္ဍန်တူနေသလော ...........


စစ်တုယဉ်ထိုးမည်ဆိုလျှင် ပထဆုံး စဉ်းစားရသည်က အဖြူကိုင်ရမည်လား အနက်ကိုင်ရမည်လား။ သူငယ်ချင်း အချင်းချင်း ထိုးသည်ဆိုလျှင်တော့ ကိစ္စမရှိ ညှိနှိုင်းပြီး ကိုင်လို့ရသည်။ ပြိုင်ပွဲမှတော့ ညှိနှိုင်း၍ကား မရ။ ဒိုင်လူကြီး ချပေးသော အရောင်ကိုသာ ကိုင်ရသည်။

ဘ၀မှာလည်း ငါလုပ်ချင်တဲ့ အလုပ်နဲ့ အလုပ်နဲ့ လောကကြီးကို အသက်ဆက်မယ်ဆိုပြီး ကိုယ့်အသက်မွေးဝမ်းကျောင်းကို ကိုယ့်ဘာကို ရွေးခွင့် ရတဲ့အခါရှိသလို။ တစ်ခါတရံမှာ ဒိုင်နဲ့ တူတဲ့ ကံကြမ္မာက ချပေးတဲ့ အလုပ်နဲ့ ဘ၀ကို ခရီးရသည်လည်းရှိသည်။

စစ်တုယဉ်တွင် ပါဝါ အနိမ့်ဆုံးမှာ ပွန်း ဖြစ်သည်။ သို့ပေမယ့် ထိုပွန်းကို လျှော့တွက်၍ မရ။ တစ်ချို့သော ပွဲတွေမှာ ပွန်းလေး တစ်လုံးက ပြိုင်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်။

တစ်ခါတရံတွင် ဘ၀မှာ ခရီးဆက်ဖို့ မိတ်ဆွေ သူငယ်ချင်းက အရေးကြီးလားလို့ မေးရင် ကြီးသည်ဟု ပြော၍မရသလို မကြီးဘူးဟု ပြော၍လည်းမရ။ တစ်ခါတရံမှာ ကိုယ့်ဘ၀အောင်မြင်မှုရဲ့ အပြီးသတ်ကို သူငယ်ချင်း မိတ်ဆွေများက ဖန်တီးပေးတတ်ကြသည်။

တစ်ခါတစ်ရံတွင် ကိုယ့်ဆီကို အကောင်တွေ အလကား ချကျွေးလာသည်။ ချကျွေးလာသည့် အကောင်ကို ချက်ခြင်း ကောက်စား၍မရ။ ချကြွေးခြင်း၏ နောက်ကွယ်တွင် တစ်စုံ တစ်ခု ရှိနေသလော။ သို့တည်းမဟုတ် သူမျှက်စိမှောက်ပြီး ချကျွေးလာသည်လော။ မျက်စိမှောက်ပြီး ချကျွေးလာသည့်အလုံးကို တစ်စုံတစ်ခု ရှိနေလို့ ချကျွေးသည် ထင်ပြီး မစားပဲ နေလိုက်လျှင် ကိုယ်နစ်နာသည်။ ထို့အတူ အချောင်ရတယ်ဆိုပြီး စားလိုက်မှ ကိုယ့်ဘက်က ခံလိုက်ရသည်လည်းရှိသည်။

တစ်ခါတစ်ရံတွင် ဘ၀မှာ ကိုယ့်ကို ကူညီချင်သူတွေ ၀ိုင်းဝိုင်းလည်နေအောင် တွေ့ဘူးပါလိမ့်မည်။ ထိုအကူညီများသည် အလကားရသည် ဘာမျှ ပေးရန်မလို။ သို့ပေမယ့် ကူညီခြင်း၏ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေတတ်သလို တစ်ခါတစ်ရံတွင် စေသနာ သက်သက်နှင့် အကူညီများ ပေးခြင်းလည်းရှိတတ်သည်။ ထိုအခါတွင် ထိုအကူညီကို လက်ခံရန် သင့်မသင့် ကိုစဉ်းစားရသည်။

ယှဉ်ပြိုင်းရင်း ထိုးကြရင်းနဲ့ တစ်ဘက်နဲ့ အကောင်တွေ ကျကုန်ကျသည်။ ထိုအခါတွင် ကိုယ့်ဘက်မှာ ကျန်သည့် အင်အားနဲ့ သူ့ဘက်က အင်အားကို တွက်ဆရသည်။ တိုက်မည်လော ကာမည်လော။ ပါဝါသာလို့ တိုက်တိုင်းလည်း မနိုင်သလို။ ကာတိုင်းလည်း မရှုံးဘူးဟု သသတ်တည်း ပြော၍မရ။ ကျန်ရှိသည့် အင်အားဖြင့် တိုက်မည် ကာမည်ကို ချင့်ချိန် ဆုံးဖြတ်ရသည်။

တစ်ခါတစ်ရံတွင် ဘ၀မှာ ဒုက္ခ အခက်အခဲများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသည်။ ထိုအခါတွင် မိမိအားအားဖြင့် ထိုအခက်အခဲ ပြသနာကို ဖြိုခွင်းမည် လော ရှောင်ထွက်မည်လော။ အစရှိသဖြင့် စဉ်းစရာတွေ ရှိလာသည်။ ထိုအခါတွင် ကိုယ့်အင်အားကို ပြန်ကြည့်ရသည်။ ကိုယ့်မှာ အင်အားမရှိပဲ သွားဖြိုလျှင် မနိုင်ဝန်ထမ်း ခါးကျိုးတတ်သည့် သဘောတရားများလည်း ရှိသည်။


တစ်ခါတရံတွင် ကိုယ်က အင်အားသာပြီး တိုက်နေ သူဖြစ်တတ်သလို။ တစ်ခါတရံတွင် ကိုယ်က အင်အားနည်းပြီး ခံနေရသူဖြစ်သည်။ ကိုယ်က အင်အားနည်းပြီး ခံနေရသည့် အခါမျိုးတွင် ဘရင်ကိုကာကွယ်ရင်း ကိုယ့်ဘက်က တစ်ကွက်ကောင်းနဲ့ တစ်ဘက်လူကို ပွဲသိမ်းနိုင်မည့် အကွက်များကို ရှာရသည်။ ကိုယ်ဘက်က အင်အားသာပြီး တိုက်နေသူ ဖြစ်သည့် အချိန်တွင်လည်း ကိုယ့်ကို တစ်ကွက်နဲ့ ၀င်မဆော်သွားနိုင်အောင် စဉ်းစားပြီး ကစားရသည်။

တစ်ခါတံရံတွင် ကိုယ်က ဘ၀မှာ အောင်မြင်မှုတစ်ခုကို ရရှိထားသူ ဖြစ်သလို တစ်ခါတရတွင် အောင်မြင်မှု တစ်ခုမှ မရှိပဲ ရှန်းကန်နေရသည်လည်းရှိသည်။ မည်မျှပင် အောင်မြင်နေသည် ဖြစ်ပါစေ ထင်မှတ်မထားသည့် တစ်ထောင့်တစ်နေရာက အားနည်းချက်ကြောင့် ထိုအောင်မြင်အားလုံး နေ့ခြင်းညခြင်း ပြိုကျ ပျက်စီးသွားနိုင်သလို ခွင်ကောင်းလေး တစ်ချက် ကြုံလိုက်လျှင် နေခြင်းညခြင်းမှာပဲ ကိုယ့်အောင်မြင်မှုတွေ အထွတ်အထိတ်သို့ ရောက်ရှိသွားနိုင်ကြသည်။

အားလုံးကို ကြည့်လိုက်လျှင် ဘ၀သည် စစ်တုယှဉ်ကစားပွဲ တစ်ခုနှင့် သွားတူနေသည်။ ထိုအခါ ဘ၀သည် စစ်တုယဉ် ကစားပွဲလော .............

Read More...

လပွတ္တာခရီး

လှေစီးရတဲ့ ခရီးကကြာလွန်းလှတယ်


တာပေါ်လင်မိုးထားတဲ့ အိမ်ထဲမှာ ပူလွန်းလို့ သစ်ပင်အောက်မှာ အိပ်နေကြတာ

တောမီးလောင်နေတဲ့ ချောင်းကျဉ်းလေးကို စက်လှေနဲ့ ဖြတ်ကူးတာ စွန့်စွန့်စားစားပေါ့

Read More...

နေထွက်ချိန်

Read More...

Wednesday, March 11, 2009

Come join me on Director




Join me on Director
Director 2008
Come join me on Director!

- Director 2008
About Director
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒါရိုက်တာ သင်တန်း ၁/၂၀၀၈ သင်တန်းသားတွေ ဖန်တီးထားတဲ့ နက်ဝပ်ပါ
Director Blogs
Discussions
Music
Photos
Videos
To control which emails you receive on Director, click here


ဒီနက်ဝပ်လေးကတော့ အနုပညာကို ဖန်တီးသူ ရုပ်ရှင်ဒါရိုက်တာများနဲ့ အနုပညာကို ခံစားသူ ပရိတ်သတ်များ ရုပ်ရှင်ဗီဒီယိုအကြောင်းကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီးဖွင့်လှစ်ထားတာပါ။

Read More...

Saturday, March 07, 2009

ပေးဆပ်သူ

ဘ၀ဟာ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်
ကျွန်တော်က ပုံပြင်ထဲက ဇာတ်ရုပ်တစ်ခုဖြစ်ပြီး သူမသည် ပုံပြင်ပြောတဲ့သူ တစ်ယောက်ဖြစ်ပါလိမ့်မည်။ ပုံပြင်ထဲက ဇာတ်ကောင် ကျွန်တော့်ကို ပျော်စေချင်သလား၊ ငိုစေချယ်သလား၊ ကောင်းစေချင်လား၊ ဆိုးစေချင်လား အရာအားလုံးက သူမရဲ့ လက်ထဲမှာ။ နောက်ဆုံး ဇတ်ကောင်ကို သေစေချင်လား သေခိုင်းလို့ရသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူမက ဇာတ်ကိုဖန်တီးတဲ့သူလေ၊ အရာအရာအားလုံး သူ့အလိုကျ ကျွန်တော်ပဲပေါ့။

ဘ၀ဟာပုစ္ဆာာတစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင် …
ကျွန်တော်နဲ့ သူမဟာ ကိန်းကဏန်းလေးတွေဖြစ်မှာပါ၊ ကိန်းဂဏန်းနှစ်ခုကို ပိုင်းခြားထားတဲ့ ကြက်ခြေခတ်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို မပေါင်းစည်းနိုင်အောင်ပိုင်ခြားတဲ့ ကံကြမ္မာပေါ့။ အဲဒီကြက်ခြေခတ်ကို အပေါင်းလက္ခာဖြစ်လာအောင် ကြိုးစားရင်း ……
ကျွန်တော့်အသက်တွေတောင် ကြီးခဲ့ပြီ

ဘ၀ဟာ ပန်းချီကားတစ်ချပ်ဖြစ်ခဲ့မယ်ဆိုရင်
သူမဟာ ပန်းချီဆရာမတစ်ယောက် ဖြစ်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ပန်းချီကား ဘောင်ဖြစ်ပြီး အလည်က အဖြူရောင် ကင်းဘတ်ကတော့ ကျွန်တော့်နှလုံးသားပေါ့။ သူမက ကျွန်တော့် အဖြူရောင် ကင်းဘတ်လေးကို ဆေးရောင်စုံတွေခြယ်ခဲ့တယ်။
ပထဆုံးသူမခြယ်ခဲ့တဲ့ အရောင်နာမည်က အချစ်တဲ့ ….

အဲဒီနောက်မှာတော့ ကြေကွဲခြင်း၊ ရူးသွပ်ခြင်း၊ စတဲ့အရောင်တွေကို အချိုးကျပေါင်းစပ်လို့ ကျွန်တော့်နှလုံးသားပေါ်ကို တစ်ချက်ပြီးတစ်ချက် စုပ်ချက်တွေနဲ့ ရေးဆွဲခဲ့တယ်။
နောက်ဆုံး ခြယ်သွားတဲ့ အရောင်နာမည်ကတော့ အလွမ်းတဲ့ ………

မော်ဒန်ပန်းချီလို ခြယ်သထားတဲ့ ကားချပ်တစ်ခုက၊ ဘေးလူတွေအမြင်မှာတော့ ကြည့်ကောင်းချင် ကြည့်ကောင်း ပါလိမ့်မယ်။ ဒါပေမယ့် ကင်းဘတ်ပေါ်မှာ အရောင်တွေက မညီမညာနဲ့ ကင်းဘတ်ရဲ့ မူလအဖြူရောင်းလေး ဆုံးရှုံးသွားတာ ကိုတော့ ဘယ်သူမှ သတိမထားမိ လိုက်ကြဘူးလေ။

အခုတော့ ကျွန်တော့်နှလုံးသားမှာ သူမခြယ်သွားတဲ့ ဆေးရောင်စုံတွေက ပလပွပေကြမ်းလို့ပေါ့။ ဒါပေမယ့် ဆေးရောင်တစ်ခုကတော့ ကျွန်တော့်နှလုံးသားကို ဘယ်လောက် ခြယ်ခြယ် လုံးဝစွဲမထင်ရစ်ခဲ့ဘူး။ အဲဒီအရောင်နာမည်က အမုန်းတဲ့…..

ဟုတ်တယ် ကျွန်တော်ဒီနေ့အထိ သူမကို မုန်းလို့မရဘူး

Read More...

Friday, March 06, 2009

Blogger များ Barron အမည်ရှိ Beer သောက်ပြိုင်ပွဲကျင်းပ Blargot က Boစွဲ

မနေ့က စမ်းချောင်းလမ်း ပွင့်မြတ်မိုးခေါ် ၀က်မြှီးဆိုင်မှာ ဘလော့ဂ်ကာများရဲ့ ဘာရွှန်ဘီယာ သောက်ပြိုင်ပွဲကို ကျင်ခဲ့ရာမှာ ဘလာဂေါက်က ဗိုလ်စွဲသွားပါတယ်။

ပြိုင်ပွဲကတော့ ဘလာဂေါက်နဲ့ ကျွန်တော် စိုးဇေယျထွန်း တို့ ယဉ်ပြိုင်ကြတာဖြစ်ပြီး ဘလာဂေါက်က အနိုင်ရသွားတာဖြစ်ပါတယ်။ အနိုင်ရတဲ့အတွက် လောင်းကြေး 1000(မြန်မာငွေ) ကို ဘလာဂေါက်ရရှိသွားတာ ဖြစ်ပါတယ်။

တက်ရောက်လာကြတာကတော့ တွေ့ဆုံနေကြ ရန်ကုန် ဘလော့ဂ်ကာများနဲ့ အမည်မဖော်လိုသူ အထူးဧည့်သည်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အားလုံးပေါင်းရှစ်ယောက်ပေါ့။ ဘာရွှန် ဘီယာဆိုတာကတော့ နာမည်ကျော် မြန်မာဘီယာထုတဲ့ မြန်မာဘရူဝါရီကနေ ထုတ်တာပါ။ အယ်ကိုဟော 8.8 ပါပါတယ်။ တော်တော်လည်း မူးပါတယ်။ ဒေါင်ချာစိုင်းပြီး လည်ထွက်သွားတာပဲ။

Read More...

Tuesday, March 03, 2009

ကျွန်တော်နှင့်သီချင်းများ



ကျွန်တော်ရှစ်တန်း ကျောင်းသားလောက်မှာ စပြီး စစ်တုယဉ်ကစားတယ်။ အဲဒီတုန်းက စနေတနင်္ဂနွေဆို မနက်ကနေ ညနေမိုးချုပ်တဲ့အထိ တနေကုန်ကစားတာပဲ။ ကျွန်တော်ရဲ့ ပြိုင်ဖက်ကတော့ ခေါင်းရင်းအိမ်က ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းပါ။ သူနိုင်လိုက် ကိုယ်နိုင်လိုက်နဲ့ လက်ရည်ညီတယ်လို့ ပြောလိုက်ရပါတယ်။ ကစားရင် ကျွန်တော်တို့ နားထောင်ဖြစ်တာက လေးဖြူရဲ့ ပါဝါ၊ အဲဒီခေတ်က ကက်စက်ခွေ နဲ့ ဖွင့်ရတာ။ ပြီးတော့ သူ့အိမ်မှာကလည်း သီချင်းခွေဆိုတော့ အဲဒီတစ်ခွေတည်းရှိတာ။ အဲဒါကြောင့် ကျွန်တော်တို့ ဘယ်နေ့ ဘယ်အချိန်ပဲ ကစား ကစား အမြဲတမ်း ပါဝါခွေကိုပဲ နားထောင်ဖြစ်တယ်။

ကျွန်တော်မြစ်ကြီးနားကို ရောက်တော့ လွယ်လင် ဆိုတဲ့ မြန်မာထမင်းဆိုင်တစ်ခုမှာ အမေနဲ့အတူ ထမင်းစားဖြစ်တယ်။ ကျွန်တော်တို့ ထမင်းစားနေတုန်းမှာ ထမင်းဆိုင်က သီချင်းတစ်ပုဒ်ဖွင့်ထားတယ်။ ထွန်းအိဒ္ဒြာဗိုလ်ရဲ့ “ခါလေးလုပ်ခါ လမ်းလျှောက်သွားရင် ကောင်လေးတွေကြည့်မယ်၊ မျက်လုံးလေးတစ်ဖက်ကို မိတ်ပြလိုက်ရင် တပုံကြီးပါလာမယ်” သီချင်းပါ။

ကျွန်တော်ပထဆုံး ရည်းစားထားဖြစ်တော့ ၂၀၀၆ ခုနှစ်။ အဲဒီတုန်းက ကျွန်တော်နဲ့ ကြိုက်နေတဲ့ ကောင်မလေးက ကျွန်တော်နဲ့ ဖုန်းပြောပြီဆိုရင် သူ့ဘက်ကနေ လေးဖြူရဲ့ ခဏလေးများ သီချင်းခွေကို ဖွင့်ထားတယ်။ သူနဲ့ဖုန်းပြောတိုင်းမှာ လေဖြူရဲ့ ခဏလေးများခွေထဲက သီချင်းတွေကို ကြားနေရတယ်။

“ဟောင်းနွမ်းတဲ့ ဒီပန်းချီကားလေး အရောင်တွေပြယ်လွင့်လို့ ဟိုအရင်က ဆေးစက်တို့ မှေးမိန်လို့…. ”
ရှစ်တန်းနှစ်တုန်းက ၁၉၉၈ ခုနှစ်၊ အခုဆိုရင် ၂၀၀၉ ထဲကိုရောက်လာပြီ။ ဘာလိုလိုနဲ့ ဆယ်နှစ် ကျော်ကျော်လောက်တောင် ကြာသွားခဲ့ပြီ။ ဒါပေမယ့် လေးဖြူရဲ့ ပါဝါ စီးရီးထဲက သီချင်းတစ်ပုဒ်ပုဒ်ကို ကြုံကြိုက်လို့ နားထောင်မိလိုက်ပြီ ဆိုရင် ကျွန်တော့်ရဲ့ ခံစားမှုတွေက ၂၀၀၈ ခုနှစ်က စစ်တုယဉ်ကစားနေတဲ့ ကစားဝိုင်းလေးဆီကို ပြန်ရောက်သွားတယ်။ အကြားအာရုံတွေက အတိတ်ဆီကို ပြန်ပြန်ရောက်သွားပြီး အရုံထဲက အနံ့အသက်တွေကလည်း အဲဒီအချိန် အဲဒီကာလ အဲဒီပတ်ဝန်းကျင်မှာ ရောက်ရှိနေသလိုပဲ။ အဲလိုပါပဲ ထွန်းအိန္ဒြာဗိုလ်ရဲ့ “ ခါးလေးလုပ်ခါ လမ်းလျှောက်သွားရင်” ဆိုတဲ့သီချင်းကို နားထောင်ဖြစ်ခဲ့တယ်ဆိုရင် ၁၉၉၉ ခုနှစ်လောက်က မြစ်ကြီးနားက လွယ်လင် ဆိုတဲ့ ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ ခံစားမှုတွေကို ပြန်ရောက်သွားတယ်။ လေးဖြူရဲ့ “ မင့်ရဲ့ အနမ်းတရှိုက်နဲ့ ငါ့ရဲ့အနမ်းတစ်ရှိုက်နဲ့ ” ဆိုတဲ့ သီချင်းကိုနားထောင်ဖြစ်ရင် ကျွန်တော်ရဲ့ အတွေးစိတ်အာရုံတွေက အတိက မိန်းကလေးတစ်ယောက် ဆီကို ပြန်ရောက်သွားတယ်။

ကျွန်တော်အခု လိုဖြစ်ဖူးတာ ဒီတစ်ချင်းတွေတင်မဟုတ်ပါဘူး။ တခြားသီချင်းတွေလည်း အဲလိုပါပဲ။ ငါ့ဆယ့်တစ်လမ်းမှာ သူငယ်ချင်းတွေ တစ်ညလုံး သောက်စားသုံဖြုန်းပြီး မနက်မိုးလင်းတော့ စားစရာမရှိ သွားစရာကားခမရှိနဲ့ တနေကုန်အားလုံး အိပ်နေခဲ့ရတုန်းက အိုးဝေရဲ့ “သက်တံတစ်ခုလိုပဲ၊ နင်ဟာငါ့မျက်စိအရှေ့ကနေ ပျောက်ကွယ်” ဆိုတဲ့ သီချင်းကို တစ်နေကုန်ဖွင့်ထားခဲ့မိတယ်။ နောက်ပိုင်းဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အဲဒီသီချင်းလေကို ပြန်ဖွင့်ပြီး နားထောင်ဖြစ်ခဲ့တယ်ဆိုရင် စိတ်တွေက အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ အတူတူ နေခဲ့ရတဲ့ အချိန်တွေကို ပြန်ရောက်သွားသလိုပဲ။

ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း များအဲလိုဖြစ်တာလား၊ သူများတွေရော ဖြစ်တာလား။ ကျွန်တော်သိချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းတွေကို မေးကြည့်မိပါတယ်။ သူတို့တွေလည်း အဲလိုမျိုးခံစားရတယ်တဲ့။ ကဲ ခင်ဗျားတို့ရော အဲလိုမျိုးခံစားဖူးလား ….

Read More...

There was an error in this gadget