Art is My Life: December 2008

Tuesday, December 30, 2008

ကြည့်ဖြစ်အောင်ကြည့်ပါ



ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ အသက်ငါးနှစ်အရွယ်မှာ သာနာ့ဘောင်ကို သူဝင်ခဲ့ရတယ်။ အရွယ်ရောက်လာတော့ သာသနာမှာ မပျော်ပိုက်ဘူး။ ဒါကြောင့် လူထွက်ပြီး အိမ်ထောင်ပြုတယ်။ နောက်ဆုံးမှာ အိမ်ထောင်ရေးကို စိတ်ကုန်သွားပြီး ဇနီးချောလေးနဲ့ ကလေးတစ်ယောက်ကို ထားခဲ့ပြီး သာသနာ့ဘောင်ကို ပြန်ဝင်သွားတယ်။ ဇာတ်လမ်းနာမည်က SAMSARA တဲ့။

တာရှီလို့ အမည်ရတဲ့ လားမား တစ်ပါးဟာ အသက်ငါးနှစ်အရွယ်ကတည်းက သာ့သနာ့ဘောင်ကို ၀င်လာပြီး အနှစ်နှစ်ဆယ်လုံးလုံး ဗုဒ္ဓစာပေတွေကို လေ့လာသင်ယူခဲ့ပါတယ်။ ပြီးတော့ လူသူမရှိတဲ့ လှိုင်ဂူကြီးတစ်ခု ထဲမှာ သုံးနှစ်သုံးလနဲ့သုံးရက်တိတိ ဂူပိတ်တရားကျင့်နိုင်ခဲ့တာကြောင့် လားမာခေါင်းဆောင်ပေးတဲ့ အထွဋ်အမြတ်ဆုံးဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူမပျော်ပိုက်ဘူး ဒါကြောင့်သူ လူထွက်ခဲ့တယ်။
အခုလို သုံးနှစ်လုံးလုံး ဂူပိတ်တရားကျင့်ခဲ့ပြီးမှ ဘာကြောင့်လူထွက်ရလည်း ဆိုတာတာ သူ့မှာ ခိုင်လုံတဲ့အကြောင်းပြချက် ရှိနေပါတယ်။ အဲဒီအကြောင်းပြချက်ကို ပေါ်လွင်အောင် စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ်။

ပြီးတော့သူလူထွက်တယ်။ ယေက္ခမရဲ့ ယာလုပ်ငန်းကို ၀င်လုပ်တယ်။ ယာလုပ်ငန်းမှာလည်း သူအောင်မြင်ခဲ့သလို သူ့လက်ထက်မှာ စီးပွားလည်းပိုပြီး ဖြစ်ထွန်းခဲ့တယ်။ သူ့မိန်းမကိုလည်း သူဟာတော်တော်လေး ချစ်မြတ်နိုးပြီး ကလေးတစ်ယောက်လည်း မွေးဖွားခဲ့တယ်။ သူက သူ့မိန်းမကိုချစ်တယ် ဒါပေမယ့် သူဟာ ယာထဲမှာ အလုပ်လာလုပ်တဲ့ ကောင်မလေးတစ်နဲ့ ဖောက်ပြန်ခဲ့တယ်။

မိန်းမနဲ့ ကလေးကို ချစ်လျှက်နဲ့ ဘာကြောင့် အိမ်ထောင်ရေးဖောက်ပြန်လဲ ဆိုတာကို အကြောင်းပြချက် ခိုင်လုံအောင် ရိုက်ကူးထားတာကိုတွေ့ရပါတယ်။

နောက်ဆုံးမှာ မိန်းမရယ် ကလေးရယ် သူပိုင်ဆိုင်တဲ့ ယာခင်းတွေရယ် အားလုံးစွန့်ခွါပြီး သာနာ့ဘောင်ကို ပြန်ဝင်သွားတယ်။ သူ့ကို ဘယ်အရာတွေ သာသနာ့ဘောင်ကို ပြန်ဝင်ဖို့ တိုက်တွန်းခဲ့တာလဲ ဆိုတာကို သိရဖို့ အဲဒီကားလေးကို ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်အမြင်နှင့်သုံးသပ်ချက်
ဒီဇာတ်လမ်းဟာ တိဘက်ဒေသကို အခြေခံပြီး ဂန္ဒာရပတ်ဝန်းကျင်းရှုမျှော်ခင်းတွေပါ ပေါ်လွင်အောင်ရိုက်ကူး ထားတာကြောင့် အပြက ၈၀ ရာခိုင်နှုန်းလောက်ရှိပြီး အပြောက ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်တာကို တွေ့ရပါတယ်။ ရိုက်ကူးရာမှာလည်း မြန်မာကားများမှာလို နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ် လူရုပ်တွေ အကုန်လင်းအောင် မီးထိုးပြီး ရိုက်ထားတာမျိုး မဟုတ်ပါဘူး။ လင်းသင့်တဲ့ အချိန် လင်းသင့်နေရာမှာ လင်းပြီး မှောင်သင့်တဲ့အချိန် မှောင်သင့်တဲ့ နေရာမှာ အမှောင်ထားပြီး ရိုက်ကူးထားတာကို တွေ့ရပါတယ်။ အကယ်ဒမီပေးပွဲက စကားကို ငှားပြောရရင်တော့ အလင်းနဲ့အမှောင် အရောင်နဲ့ အရိပ်ကို သူ့နေရာနဲ့သူ သုံးထားတာဖြစ်တဲ့အတွက် ကြည့်ရသူ အဖို့ ပိုပြီး မျက်စိပသာသ ဖြစ်စေပါတယ်။

ပြီးတော့ ဒီဇာတ်ကားကို မြန်မာတွေသာ ရိုက်ရင် သမက်ရောက်လာပြီးမှ စီးပွားတက်တယ် ဆိုတဲ့ အကြောင်းကို ရွာထဲမှာရှိတဲ့ မိန်းမကြီးတွေနဲ့ တကျော်ကျော် အတင်းပြောတဲ့ အခန်းတွေကို ဝေေ၀ဆာဆာ ထည့်ပြီး ရိုက်ကြဦးမှာ မြင်ယောင်မိပါသေးတယ်။ ဒီဇာတ်ကားမှာ အစအဆုံး အတင်းပြောတဲ့ အခန်း တစ်ခန်းမှ မပါဘူး။ (ကြုံလို့ ပြောရဦးမယ်ဆိုရင် ကုလားကား ကြည့်ရင် ကတဲ့အခန်း မပါပဲမနေသလို မြန်ကားကြည့်ရင်လည်း အတင်းပြောတဲ့အခန်းက မပါပဲကို မနေနိုင်ကြပါဘူး။)

အိမ်ထောင်ရေးကို စိတ်ကုန်သွားလို့ အိမ်ကနေ တိတ်တိတ်လေး ထွက်ပြေးခဲ့တယ်။ သင်္ကန်းဝတ်ပြီးတော့ သူဆက်သွားမဲ့ အရှေ့အတည့်တည့်မှာ မိန်းမက မြင်းနဲ့ကြိုပြီး ရောက်နေနှင့်တယ်။ အဲဒီအခန်းလေးကတော့ ဇာတ်ကားတစ်ခုလုံး အမြင့်ဆုံး ဇာတ်ရှိန်ပါပဲ။ အဲဒီနေရာမှာ စကားလုံးတွေ ကြီးကြီးကျယ်ကျယ်တွေ သိပ်သုံးမနေပါဘူး။ ယေကျာင်္းတစ်ယောက်က မိန်းမနဲ့ ကလေးကို စွန့်ပစ်ပြီး သာနာ့ဘောင်ကို ၀င်တော့မယ့်အခါမှာ မိန်းမဖြစ်တဲ့ သူ့ရဲ့ ခံစားချက်ကို၊ ဥပမာလေး တစ်ခုပြောပြီး သူ့ခံစားချက်ကို ထုတ်ဖော်ခဲ့တယ်။ ကျွန်မကတော့ အထီးကျန်တော့မှာပဲ၊ ကျွန်မ၀မ်းနည်းတယ် ကျွန်တော် ခံစားရတယ် အစရှိတာတွေကို ပြောနေဖို့ မလိုပဲ အဲဒီဥပမာလေးနဲ့တင် သူဘယ်လောက် ၀မ်းနည်းရမယ်ဆိုတာကို ပေါ်လွင်သိရှိ ခံစားသွားနိုင်ပါတယ်။

ဆက်ပြောရရင်တော့ အရှည်ကြီးပါပဲ။ ကောင်းတာကတော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ဒါပေမယ့် အချို့သော အခန်းလေးတွေကတော့ မိသားစုနဲ့ ကြည့်မယ်ဆိုရင် ကျော်ရပါလိမ့်မယ့်လို့ ပြောကြားရင်း ….
သြော်မေ့နေလို့ ဇာတ်ကားကို ၀ယ်မရဘူးဆိုရင် ကျွန်တော့်ဆီမှာ လာယူပါ။ တစ်ခွေ တစ်ထောင်။ အဲဒီတစ်ထောင်ဆိုတာကလည်း ကျွန်တော်ယူထားမှာ မဟုတ်ပါဘူး။ ကျွန်တော့်မိန်းမကို ပေးမှာပါ။ ဟဲဟဲ စတာပါ မိန်းမလည်းမရှိသေးပါဘူး။ ၀ယ်မရရင် ယုဇနပလာ ဒီဗီဒီ တန်းကိုသွားပါ။ မြန်မာပြည်ကို ရောက်သမျှ ခွေအားလုံးနီးပါ ၀ယ်လို့ပါတယ်လို့ ပြောကြားရင်း …………….

Read More...

Monday, December 29, 2008

နေကိုကြယ်ဖြစ်အောင် ရိုက်ကြည့်မယ်

အပေါ်ဆုံးပုံကတော့ ရိုးရိုး ရိုက်ထားတဲ့ပုံ

အောက်က နှစ်ပုံကတော့ နေကိုကြယ်ဖြစ်အောင် ရိုက်ထားတဲ့ပုံ





နေကိုကြယ်ဖြစ်အောင် ဖိုတိုရှော့သုံးစရာမလိုပဲ ကင်မရာနဲ့ ရိုက်လို့ရပါတယ်။ အဲဒီလိုရိုက် ဖို့အတွက် နေရောင်ဟာ အားကောင်းဖို့တော့လိုပါတယ်။ နေရောင်အရမ်းမှိန်လွန်းနေရင် ကြယ်မဖြစ်တော့ပါဘူး။ များသောအားဖြင့်တော့ နေကြီးသက်သက်ကြယ်ဖြစ်အောင်ရိုက်ရုံနဲ့ ဓာတ်ပုံက အနုပညာမြောက်တဲ့ ပုံတစ်ပုံဖြစ်လာမှာ မဟုတ်ပါဘူး။ နေရဲ့ အရှေ့မှာ Subject လို့ခေါ်တဲ့ ကိုယ်ရိုက်ကူးမဲ့ အကြောင်းအရာ တစ်ခုရှိနေဖို့လည်း လိုပါသေးတယ်။

Subject တစ်ခုကို ရိုက်မယ်ဆိုရင် နောက်ခံနေလုံးကြီးက လင်းလွန်းနေတဲ့ အခါမျိုးမှာ ဒီတိုင်းကြီးလင်းနေတာထက် ကြယ်လိုပုံစံမျိုး အလင်းဖြစ်အောင် ရိုက်ကူးကြတာများပါတယ်။

ရိုက်ကူးမဲ့ ကင်မရာဟာ အလင်းတံခါးကို 22 ကျော်တဲ့အထိ ကျဉ်းပေးထားပါ။ Exposure မီတာကိုတော့ နေကိုချိန်ပြီး တိုင်းရမှာဖြစ်ပါတယ်။ အောက်က Subject ကိုတိုင်းထားရင်တော့ အရမ်းလင်းသွားမှာ ဖြစ်တဲ့အတွက် နေဟာကြယ်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ Shutter Speed ကိုတော့ Exposure မီတာပေါ်မှာ မူတည်ပြီး ခါတိုင်းရိုက်ကူးနေကျအတိုင်း ထားရင်ရပါပြီ။ အဲလိုမှ မဟုတ်ဘူးဆိုရင်လည်း အလင်းတံခါးကို 22 အကျော်မှာ ကစားကြည့်ပြီး Shutter Speed ကို အော်တိုထားရိုက်ရင်လည်း အဆင်ပြေပါတယ်။

တစ်ခုရှိတာက နေရောင်ကို ကင်မရာမှန်ဘီလူးအတွင်းထဲကို တိုက်ရိုက်ပေးဝင်ရတာ ဖြစ်တာကြောင့် အခန့်မသင့်ရင်တော့ ကင်မရာ ပျက်စီးသွားနိုင်ပါတယ်။

Read More...

ဗန္ဓုလတံတားပေါ်ကနေ မြင်ရတဲ့ပုံ



Read More...

Tuesday, December 23, 2008

GSM ဖုန်းမှာ Voice Message ပို့လို့ရပြီ

အခု GSM ဖုန်းတွေမှာ Voice Message ပို့လို့ရပါပြီ။ Voice Message ကို 5
နဲ့ တဲ့ဖုန်းတွေကို ပို့မယ်ဆိုရင်တော့ 011 ကို အရှေ့မှာခံရပြီး 2 နဲ့
စတဲ့ဖုန်းတွေမှာတော့ 021 ကိုအရှေ့မှာခံရပါတယ်။ ဥပမာ 0951******
ကိုပို့မယ်ဆိုရင် 01151******* လို့နှိပ်ပြီး ခေါ်လိုက်ရုံပါပဲ။
0920******* အစရှိတဲ့ ဖုန်းတွေကို ပို့မယ်ဆိုရင်တော့ 02120********
လို့နှိပ်ပြီးခေါ်လိုက်ရုံပါပဲ။ အသံသွင်းချိန်ကတော့ စက္ကန့်သုံးဆယ်လောက်ပဲ
ရတာကိုတွေ့ရပါတယ်။

Voice Message ကိုနားထောင်မယ်ဆိုရင်တော့ 155 ကိုခေါ်ပြီး နားထောင်ရပါတယ်။
အဲဒါကြောင့် အသံ Message ကိုနားထောင်တဲ့လူက ပိုက်ဆံကုန် မကုန်လည်း
မသိသလို တစ်ခါပို့ရင် ဘယ်လောက်ကျလဲ ဆိုတာလည်း မသိပါဘူး။ သိချင်ရင်တော့
စုံစမ်းရေးဌာန 100 ကိုနှိပ်ပြီး မေးကြည့်လိုက်ပေါ့။ :P

Read More...

အပေါ်စီးက မြင်ကွင်း

နောင်ချိုက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ရိုက်လာတာ



ပဲခူးတိုင်း သနပ်ပင်မြို့နယ် မင်းရွာ

Read More...

ဗန္ဓုလတံတား


ဗန္ဓုလတံတားပေါ်ကို တက်ရိုက်ထားတာပါ။

ဆောင်းနေကလဲ ၀င်တာမြန်ပ တံတားပေါ်တက်နေတုန်းရှိသေးတယ် ဖြုတ်ဆို ၀င်သွားတယ်။ ပုံတောင် သိပ်မရိုက်လိုက်ရဘူး။

Read More...

Monday, December 22, 2008

နောင်ချိုအမှတ်တရ


မက်မန်းသီးပင်ရဲ့ ထွက်ခါစ အရွက်လေးနှစ်ရွက်ပါ




ကလေးပေါက်စတွေ မီးလ

Read More...

တောင်ငူပြန် အမှတ်တရ


Read More...

Saturday, December 13, 2008

ကျားပါးစပ်နုတ်ခမ်းတွင် ဖြတ်လျှောက်သူများ

အဲဒီနေရာကို သွားချင်ရင် အရင်ဆုံးဖြတ်သန်းရာမှာက ကျားပါးစပ်ချောက်ကမ်းပါးကြီးပဲ။ ကွေ့သွားလို့မရဘူး မဖြစ်မနေဖြတ်ရမယ်။ တစ်ချို့ကတော့ ကျားပါးစပ်တွင်းကို မြင်ရုံနဲ့ ကူးလို့မလွတ်နိုင်ပါဘူးဆိုပြီး ပြန်လှည့်သွားကြတယ်။ တချို့ကတော့ အထဲကို ပြုတ်မကျအောင် သတိထားပြီး နုတ်ခမ်းပေါ်က လမ်းလျှောက်သွားကြတယ်။ တစ်ချို့ကတော့ တံတားထိုးပြီး ကျော်သွားကြတယ်။ တစ်ချို့ကတော့ ဘာမှစဉ်းစားမနေဘူး တွေ့တာနဲ့တခါတည်း ဒိုင်ပင်ထိုးချလိုက်တယ်။

အဲဒီကျားပါးစပ်ကို ဖြတ်မိပြီဆိုရင်တော့ နုတ်ခမ်းပေါ်ကနေ သတိထားပြီးပဲ လျှောက်လျှောက် တံတားထိုးပြီးတော့ပဲသွားသွား သတိလက်လွတ်သွားရင် သို့မဟုတ် ကံမကောင်းရင်တော့ ကျားပါးစပ်တွင်းထဲ ပြုတ်ကျသွားတာပဲ။

ကျားပါးစပ်တွင်းထဲသို့ ကျသွားပြီးနောက် ကူးရင်ခတ်ရင်း တစ်ဘက်ကို ရောက်သွားကြသူများရှိသလို ၊ ကျားပါးစပ်တွင်းမှာ မရုန်းထွက်နိုင်ပဲ နစ်မြုတ်သွားကြသူများလည်း ရှိလေရဲ့။

* * * * *


ကျွန်တော်အင်္ဂလိပ် စကားပြော သင်တန်းတစ်ခုကို တက်စဉ်ကဖြစ်သည်။ အင်္ဂလိပ်စကားပြော သင်တန်းဆိုသည့်အတွက် ထုံးစံတိုင်း အတန်းသားအချင်းချင်း အသက် နေရပ် ၀ါသနာ အစရှိတို့ကို အပြန်အလှန်မေးကြ ဖြေကြရသည်။ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ချင်ကြသည်ဟု ဖြေကြပြီး ဆေးကျောင်းတက်နေသူများက ဆရာဝန်၊ ကွန်ပျူတက္ကသိုလ်ကျောင်းသားများက ကွန်ပျူတာ ပညာရှင် အစရှိသဖြင့် ဖြေကြသည်ကိုတွေ့ရသည်။ ထိုထဲမှာ မိန်းကလေး တစ်ယောက်ကတော့ ရုပ်ရှင်မင်းသမီး ဖြစ်လိုသည်ဟု ဆိုသည်။

ကျွန်တော်ကလည်း ၀ါသနာပါသူ ဖြစ်တာကြောင့် နောက်ရက်များတွင် သူနဲ့ကျွန်တော် ရုပ်ရှင်ဇာတ်ကားများအကြောင်း မြန်မာကားများ မကောင်းကြောင်း ကိုးရီးကားများသည် အလွန်ရှည်လွန်းကြောင်း အစရှိသဖြင့် တစ်နေ့တစ်မျိုးပြောဖြစ်ကြသည်။ ဒီလိုနဲ့ သူနဲ့ကျွန်တော် တော်တော် ရင်းရင်းနှီးနှီးခင်သွားသည်။ ခင်သွာတော့မှ သူ့အကြောင်းကို သိရသည်။ သူက ဆယ်တန်းအောင်ကတည်းက မော်ဒယ်သင်တန်းတွေတက်ပြီး မော်ဒယ်လည်းလျှောက်ခဲ့ဖူးသည်။ ဗီစီဒီ နှစ်ပုဒ်သုံးပုဒ်လောက်လဲ ရိုက်ခဲ့ဖူးသည်။ မဂ္ဂဇင်း စာစောင်အချို့မှာလည်း ပါခဲ့ဖူးသည်။ သို့သော်ယခုအခါတွင် အိမ်က ခွင့်မပြုတော့သည့်အတွက် ထိုအလုပ်အားလုံးကို ရပ်နားလိုက်ရသည်ဟု ဆိုသည်။

အစပိုင်းကတော့ ခွင့်ပြုပြီး နောက်ပိုင်းကျတော့ ဘာဖြစ်လို့ ခွင့်မပြုတာလည်းလို့ သူ့ကို မေးကြည့်တော့
“ အစပိုင်းတုန်းကတော့ အမေက ငါ့နောက်ကို တောက်လျှောက် လိုက်နိုင်တယ်လေ။ နောက်ပိုင်းကျတော့ အမေလည်း ကျမ်းမာရေးသိပ်မကောင်းတော့ မလိုက်နိုင်တော့ဘူး၊ အဲဒါကြောင့် ဆက်မလုပ်ဖြစ်တော့တာ” ဟုသူက ဆက်ပြောသည်။

သူက ရုပ်ရည်းလည်းရှိသည်။ သရုပ်ဆောင်ထားတာတွေကလည်း သွက်သွက်လက်လက်ရှိသည်။ ဒီအလုပ်ကို သူဆက်လုပ်ပါက အောင်မြင်မည်ဟု ထင်မိသည်။ ထို့ကြောင့် ကျွန်တော်က
နင်ကလဲ အမေ မလိုက်ပေးတော့လည်း ဘာဖြစ်လဲဟ ကလေးမှ မဟုတ်တာ အဆက်အသွယ်လည်း ရနေပြီပဲ ဆက်လုပ်ပေါ့ ဟု ကျွန်တော်က ပြောလိုက်မိသည်။ ထိုအခါတွင် သူမက …

အေးငါလည်း အရင်ကတော့ အဲလိုပါပဲ အမေမလိုက်နိုင်လည်း ငါဆက်လုပ်မယ်ဆိုပြီး အမေကိုပြောတယ်။ အဲဒီတော့ အမေက ဘာပြောလဲသိလား

မသိဘူးလေ

ငါ့သမီး ယေကျာင်္းကောင်းကောင်းမရပဲ နေလိမ့်မယ်တဲ့

သူအမေက အဲလိုပြောသည့် စကားကို သေချာစဉ်းစားကြည့်ပြီး ၀ါသနာပါလျှက် ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်ဟုဆိုသည်။ သူကတော့ ကျားပါးစပ် ချောက်ကို ကြောက်လို့ နောက်ပြန်လှည့်ခဲ့သူ။

* * * * *
အကြောင်းအရင်းတွေ တိုက်ဆိုင်လို့ ကျွန်တော် ရုပ်ရှင်နဲ့ ဗီဒီယို လောကထဲတွင် ၀င်တိုးတော့ ၀ါသနာတူ သူငယ်ချင်းများရလာသည်။ ၀ါသနာတူ သူငယ်ချင်းများနှင့် သင်တန်းတက်လိုက် ဇာတ်လမ်းတိုလေးတွေရိုက်ကြည့်လိုက်နှင့် တော်တော်လေး တွဲဖြစ်ကြသည်။ နောက်တော့ ကျွန်တော်နယ်ပြန်တာနှင့် နာဂစ်ဖြစ်သည်နှင့်တို့ကြောင့် သုံးလေးလလောက် ကျွန်တော်သူတို့နှင့် အဆက်အသွယ်ပြတ်သွားသည်။

တစ်ရက်တွင် သူငယ်ချင်းများထဲမှ မိန်းကလေးတစ်ယောက်နှင့် ကျွန်တော်လမ်းမှာ မထင်မှတ်ပဲ ဆုံမိသည်။ ကျွန်တော်က နင်ဇာတ်ကားတွေ ဘာတွေတောင်ရိုက်နေပြီဆိုဟု မေးတော့။ သူက အေးဟုတ်တယ်ဟု ဖြေသော်လည်း သူ့အသံမှာ သိပ်အားမရှိလှ။ ဘယ်ကားမှာ ဘယ်သူနဲ့ရိုက်လဲ ဘာလည်း အဲဒီခွေထွက်နေပြီလား အစရှိသဖြင့် ကျွန်တော်က ဆက်မေးတော့ မထွက်သေးပါဘူးဟာဟုသာ ဖြေသည်။ နောက်တော့ သူလည်း သွားစရာရှိသည် ကျွန်တော်လည်း သွားစရာရှိသည်မို့ စကားအကြာကြီး သိပ်မပြောဖြစ်ကြပဲ နောက်မှ အေးဆေးတွေ့ကြသေးတာပေါ့ဟု သာပြောပြီး လမ်းခွဲခဲ့လိုက်ကြသည်။

နောက်ထပ်ကျွန်တော် သူနဲ့ထပ်တွေ့တော့ ထမင်စားရင်း စကားတော်တော်ကြာကြာ ပြောဖြစ်ကြသည်။ ကျွန်တော်လည်း သူပြောပြတော့မှတော့မှ ကိုယ်အလုပ်လုပ်ရမည့် လောကထဲက အတွင်းရေးများအကြောင်း တော်တော်စုံစုံလင်လင် သိလိုက်ရသည်။

အဲဒီလူကြီးက အသက်ကြီးပြီး မျက်မှန်တပ်ထားတယ်ဆိုတယ် ငါ့ခြေသလုံးက အမာရွတ်ကိုတောင်မြင်တယ် မြင်ရင်လည်း အသာအေးအေးမနေဘူး အဲဒီအမာရွတ်က ဘာဖြစ်ထားတာလဲလို့ လာမေးသေးတယ်။

ဟုအစချီပြီး ကျွန်တော်တို့နှင့် မတွေ့ဖြစ်သည့် သုံးလေးလအတွင်းမှာ သူတွေ့ကြုံခဲ့ရသည်များကို ပြန်ပြောပြသည်။ နောက်ဆုံးနိဂုံးကတော့ သူ ဒါရိုက်တာတစ်ယောက်နဲ့ ရည်းစားဖြစ်နေပြီဟု ဆိုသည်။ ထိုဒါရိုက်တာ အမည်ကို မေးကြည့်သောအခါ ကျွန်တော်ထိုနာမည်ကို တစ်ခါမှ ကြားဖူးခြင်းမရှိ။

“ ဒီလိုပဲပေါ့ဟာ အနေနီးစပ်တော့ ဖြစ်သွားတာပေါ့” ဟု သူက ခပ်အေးအေးပင်ပြန်ပြောသည်။
သူကတော့ ကျားပါးစပ်နုတ်ခမ်းမှ လမ်လျှောက်ရင်း ခြေချော်ကျသွားခဲ့ပြီ။

သူကတော့ ငါ့ကို စိတ်ချမ်းသာအောင်ထားရှားပါတယ်။ သူနဲ့ဇာတ်ကားဆက်ရိုက် ဖို့ကျတော့ သမီးရည်းစားဖြစ်နေတော့ ငါက သူဟောက်ရင် မကြိုက်ဘူးဟ။ သူကလည်း အလုပ်ထဲမှာ ဟောက်သင့်ရင် ဟောက်ရမှာပဲလေ အဲဒီတော့ ရိုက်ရတာ အဆင်မပြေမလို့ မရိုက်ဖြစ်တော့ဘူး။ တခြားဒါရိုက်တာနဲ့ ရိုက်မယ်ဆိုတော့လည်း သူကငါ့ကို စိတ်မချဘူး။ အဲဒီတော့ လောလောဆယ် တော့ငါလည်း ဘာမှ မလုပ်ဖြစ်သေးဘူး။

ရိုက်ကွင်းတွေဘာတွေမှာ လိုက်သွားရင် သူနဲ့ရိုက်ရတဲ့ ဆော်တွေက ငါ့ကိုကြည့်တဲ့အထာကို ငါမကြိုက်ဘူး။ ပြီးတော့ ငါ့ဘဲနဲ့ သူတို့နဲ့ ဆက်ဆံတဲ့ပုံစံကိုလဲ ငါမကြိုက်ဘူး။ အဲဒါကြောင့် နောက်ပိုင်တော့ ရိုက်ကွင်းတွေကို သိပ်မလိုက်ဖြစ်တော့ဘူး တွေ့ချင်ရင်အပြင်မှာပဲတွေ့တယ်။ သူကိုလည်းပြောထားတယ် ရှုပ်ချင်ရင် ငါမျက်စိကွယ်ရာမှာရှုပ် ငါ့အရှေ့တော့လာမရှုပ်နဲ့လို့။ ငါက မိန်းကလေးချင်းဆိုတော့ သိပ်မပြောချင်ဘူး တစ်ချို့ဆော်တွေက ဇာတ်လမ်းမှာ ပါရရင်ပြီးရော ဒါရိုက်တာကို ဘာလုပ်ပေးရပေးရ ဆိုပြီး အသေကပ်ကြတာလေ။
သူပြောတဲ့ ကောင်မလေးတွေကတော့ ကျားပါးစပ်ထဲ ဒိုင်ပင်ပစ်ဝင်သူများ ဖြစ်ပေလိမ့်မည်။

* * * * *

တစ်ခါတုန်းက ရေထဲတွင် လက်ပံတုန်းကြီး မျှောပါလာသည်။ ထိုလက်ပံတုန်းကြီးနောက်က ဗေဒါပင်အုပ်ကြီး မျှောလာသည်။ လမ်းတစ်နေရာအရောက် ဗေဒါပင်အုပ်ကြီးက လက်ပံတုန်းကြီးကို လမ်းဖယ်ပေးဖို့ ပြောသည်။ ထိုအခါ လက်ပတ်တုန်းကြီးက ဘာဖြစ်လို့ လမ်းဖယ်ရမှာလဲ ငါကမင်းတို့အရှေ့ကနေ ရောက်နေနှင့်တာပဲဟု ပြောသည်။ ထိုအခါ ဗေဒါအုပ်က မြစ်ထဲမှာ စည်းကမ်းတစ်ခုရှိတယ်။ ပိုရှုပ်တဲ့သူကို ဦးစားပေး လမ်းဖယ်ပေးရမယ်လေ လို့ပြောတော့ လက်ပံတုံးကြီးလည်း လမ်းဖယ်ပေးလိုက်ရသည်။ အဲဒီလိုနဲ့ ဗေဒါအုပ်က မြစ်အလည်မှာ မင်းမှုပြီး စီးမျှောနေတုန်း အနောက်မှာ ဒိုက်ပုံတွေ လိုက်လာသည်။ ဒိုက်ပုံတွေ ဗေဒါအုပ်ကို လမ်းဖယ်ခိုင်းသည်။ ဗေဒါအုပ်ထက် ဒိုက်ပုံက ပိုရှုပ်တာကြောင့် ဗေဒါအုပ်က လမ်းဖယ်ပေးလိုက်ရသည်။ ဒိုက်ပုံက ဗေဒါအုပ်ကို ကျော်တက်ပြီး မြစ်အလည်ခေါင်မှာ ဆက်မျှောနေခဲ့သည်။ တော်တော်လေးကြာတော့ ဒိုက်ပုံအနေက်က သပွတ်အူ လိုက်လာပြီး လမ်းဖယ်ခိုင်းသည်။ ဒိုက်ပုံသည် သပွတ်အူလောက် မရှုပ်နိုင်သဖြင့် မြစ်အတွင်း လမ်းဖယ်လိုက်ရသည်။ ထိုအခါ သပွတ်အူက ကမ္ဘာပေါ်မှာ သူ့ကိုယ်သူ့အရှုပ်ဆုံးဆိုပြီး အပျော်ကြီးပျော်ကာ မြစ်အတွင်းတွင် ဆက်ပြီးမျှောလာခဲ့သည်။ လောကတွင် သူအရှုပ်ဆုံးဖြစ်သည့်အတွက် မြစ်အတွင်းတွင် သူ့ကို လမ်းဖယ်ခိုင်းနိုင်မည့်သူ မရှိတော့ဟု တွေးထင်နေတုန်း သူ့ကို လမ်းဖယ်ခိုင်းသူ ပေါ်လာသည်။
ငါက သပွတ်အူ ကမ္ဘာမှာ အရှုပ်ဆုံးပဲ မင်းက ဘာမို့ ငါ့ကို လမ်းဖယ်ခိုင်းရတာလဲဟု မေးတော့
ငါက ဇာတ်သမားတွေ တင်လာတဲ့လှေ မင့်ထက် ပိုရှုပ်တယ်
အဲဒီတော့ သပွတ်အူလည်း လမ်းဖယ်ပေးလိုက်ရတော့သည်။

ထိုပုံပြင်လေးကို ကျွန်တော် ငယ်စဉ်က ဆရာမသိင်္ခ၏ စာအုပ်တစ်အုပ်(ပုဂံသားမောင်ဘမော် ဖြစ်မည်ထင်ပါသည်) တွင်ဖတ်ဖူးခဲ့ခြင်းဖြစ်သည်။ ပုံပြင်ရဲ့ဆိုလိုရင်းကတော့ ဇာတ်သဘင်အသိုင်းဝိုင်းသည် တော်တော်ရှုပ်ရှုပ်ထွေးထွေး နိုင်သည်ကို ရည်ညွန်လိုခြင်းဖြစ်ပါသည်။

* * * * *

ဒီလောက်ရှုပ်ထွေးရင် ဒီလောက်ဖြစ်နေရင် လူတွေ ဘာဖြစ်လို့ ဒီအလုပ်ကို လုပ်ချင်ကြတာလဲ ဟုမေးစရာရှိပေလိမ့်မည်။ ထိုအလုပ်ကို လုပ်နေသူများသည် မည်သည့်ရွယ်ရည်ချက်ဖြင့် လုပ်နေသည်ဖြစ်ပါစေ အားလုံးကတော့ တစ်ညီတစ်ညွတ်တည်းဖြေကြလိမ့်မည် ၀ါသနာကြောင့်။

လူတိုင်းသည် ကိုယ်သန်ရာသန်ရာ ၀ါသနာကို ရူးသွပ်ကြသည်။ ၀ါသနာကို ဖြစ်အောင်လုပ်ချင်ကြသည်။ ထိုအခါတွင် ရုပ်ရှင်နှင့်ဗီဒီယို အသိုင်းအ၀ိုင်းသို့ ၀င်တိုးရန် ပြင်ဆင်ကြတော့သည်။ ထိုသို့ ၀င်တိုးရာတွင် ယေကျာင်္းလေးများအတွက် ဘ၀ပျက်လောက်အောင် မဖြစ်သော်လည်း မိန်းကများအတွက်မှုက သရေတမျှားမျှားနှင့် လျှာတစ်လစ်တစ်လစ်ထွက်နေသော ကျားပါးစပ်နုတ်ခမ်းကို ဖြတ်လျှောက်ကာသွားကြသည်။ တံတားထိုး သွားမည်ဆိုပါက တံတားဈေးက ကြီးလှသည်။

တံတားထိုးစရာ ငွေကလည်းမရှိ ၀ါသနာကိုလည်း မစွန့်လွတ်နိုင်ဘူးဆိုလျှင်တော့ သရေတမျှားမျှားနှင့် ကျားပါးစပ်ဝကို ဖြတ်လျှောက်ကာ သွားရပေလိမ့်မည်။

Read More...

Thursday, December 11, 2008

GSM ဖုန်တွေမှာ MSG ပို့ဖို့ အခက်ခဲ ဖြစ်နေရင်

အခုရက်ပိုင်းမှာ GSM ဖုန်းတွေမှာ MSG ပို့ရတာ အခက်ခဲဖြစ်နေတာကို တွေ့ရပါတယ်။ တခါတလေ တော်တော်နဲ့ မရောက်ဘူး။ တခါတလေဆို တော်တော်နဲ့ လုံးဝမထွက်ဘူး။

အဲလို ဖြစ်နေရင် ကိုယ်ပို့တဲ့ ဖုန်းနံပါတ်အရှေ့မှာ 09 ခံပြီး ပို့ရင်ရပါပြီ။ ဥပမာ ပြောရရင် များသောအားဖြင့် ဖုန်းမက်ဆေ့ ပို့မယ်ဆိုရင် 50 ****** ဆိုပြီး ပို့ဖြစ်ကြတာများပါတယ်။ အဲလိုပို့မဲ့နေရမှာ အရှေ့က 09 ထည့်လိုက်ရုံပါပဲ။ ကျွမ်းလို့တော့မဟုတ်ဘူး ဆက်သွယ်ရေးကို ဖုန်းဆက်မေးထားတာ အသေးစိတ်သိချင်ရင် MPT 01555476 ကိုဆက်ပြီးမေးလိုက်ပါ။

Read More...

Tuesday, December 02, 2008

နောင်ချိုသွားမယ်

ကဲ မနက်ဖြန် ညနေ လာရှိုးတက်လမ်း ကားနဲ့ နောင်ချိုမြို့ကို သွားပါမယ်။
နောင်ချိုမြို့ပေါ်တော့ မဟုတ်ဘူးဗျာ။ နောင်ချိုကနေ နောက်ထပ် 35 မိုင်လောက်
ဆက်သွားရတဲ့ ညောင်နီဆိုတဲ့ ရွာလေးပေါ့။ အဲဒီရွာမှာ သူငယ်ချင်းရဲ့ ညီမ
မင်္ဂလာဆောင်ကို သွားရမှာလေ။

သိပ်တော့မကြာပါဘူး တနင်္လလာနေ့ဆိုရင် ပြန်ရောက်ပြီ။ လောလောဆယ် စီစဉ်ထားတာ
ကတော့ လက်ဖက်ခင်းတွေ သွားမယ်။ နာမည်ကျော် ဂုတ်ထိပ်တံတားကို သွားမယ်။
အပြန်မှာ ပြင်ဦးလွင်ကို ၀င်မယ်။ လာရှိုးအထိ တက်ဖို့တော့ အချိန်မရတော့ဘူး။
တနင်္လာနေ့ ကျောင်းတက်ရမယ်။

လစ်ပြီ တာ့တာ

Read More...

Monday, December 01, 2008

ဘလော့ဂ်မရေးဖြစ်တဲ့ အကြောင်း

ကွန်နက်ရှင်ဒေါင်း
Ultra Surf မပွင့်
Free Don မတက်
ဝက်ပရောက်စီကနေ ကျော်ပြန်တော့ ဘလော့ဂ် ဖန်ရှင်တွေက မစုံ
အဲဒီတော့ မထူးပါဘူးဆိုပြီး မရေးပဲ ပစ်ထားလိုက်တာ တော်တော်ကြာသွားတယ်

Read More...

There was an error in this gadget