Art is My Life: November 2008

Monday, November 17, 2008

Forever Sports Journal What is your Ethic


ကျွန်တော့်ဘလော့ဂ်မှာ တင်ထားတဲ့ပုံကို Forever Sports Journal က ခပ်တည်တည်နဲ့ ယူသုံးထားတာပါ။ ကျွန်တော်ကြီးကြီး ကျယ်ကျယ်ပြောတာ မဟုတ်ပါဘူး။ အဲဒီပုံတွေကို လမ်းဘေးမှာ ရိုက်သလို ချက်ခြင်းရိုက်လို့ရတာ မဟုတ်ပါဘူး။ ဘရာဇီးအသင်း ဧရာဝတီသွားမယ်ဆိုတော့ ကျွန်တော်လိုက်ချင်လွန်းလို့ ဘော့လုံးအဖွဲ့ချုပ်ကို သွားပြောပါတယ်။ အဖွဲ့ချုပ်ကသူတို့ အစီစဉ် မဟုတ်ပါဘူး YMCA ရဲ့ အစီစဉ်ပါဆိုပြီး ပြောပါတယ်။ ဒါကြောင့် လိုက်ဖို့ရာ နှစ်ရက်လောက်ကြိုပြီး YMCA မှာပြောထားရပါတယ်။

ဧရာဝတီတိုင်းကို ထွက်မဲ့မနက်ရောက်တော့ မနက်အစောကြီးထပြီး ဟိုတယ်ရန်ကုန်အရှေ့မှာ ငုတ်တုတ်လေး ထိုင်စောင့်နေရပါတယ်။ ဟိုတယ်လုံခြုံရေးတွေက ဓာတ်ပုံသမားမို့ ပေးမ၀င်ဘူးဆိုလို့ပါ။ နောက်တော့ YMCA အဖွဲ့တွေလာပြန်တော့လည်း ကားကတစ်စီးတည်း ဖြစ်နေလို့ မဆံ့တော့ဘူးတဲ့။ ကျွန်တော်တို့မှာ မှတ်ရပ်ပြီး လိုက်ရလိုက်ရ လိုက်ရရင်ပြီးပါပြီ ဆိုပြီး အဲဒီခရီးစဉ်ကို လိုက်ဖြစ်ခဲ့တာပါ။

ဆိုလိုချင်တာတော့ သူများဘက်က အဲလို ခဲရာခဲဆစ်ကြိုစားပြီး ရိုက်လာတဲ့ပုံတွေကို သူတို့က အကြောင်းမကြား ဘာမကြားနဲ့ ခပ်တည်တည်နဲ့ ယူသုံးလိုက်တယ်။ ကျွန်တော်ပြောချင်တာက ဖောင်ပိတ်အမှီမို့လို့ ယူသုံးလိုက်တာ အကြောင်းမကြားဘူးပဲထား။ ပုံအောက်မှာတော့ ဘယ်သူ့ဆီကနေ ယူသုံးတယ်ဆိုမျိုးတော့ ထည့်သင့်ပါတယ်။ အခုတော့ မသိရင် သူ့ဖာသာ သူတို့ ရိုက်ထားတာလို လို ဘာလိုလိုနဲ့ ခပ်တည်တည်နဲ့ ယူသုံးလိုက်တာ။

အဲဒါကြောင့် ကျွန်တော်မေးချင်တာက Forever Sports Journal ရဲ့ Ethic က ဘာလဲဆိုတာပါပဲ ။

မူရင်းပို့စ်ကို ဒီနေရာမှာကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်

Read More...

Friday, November 14, 2008

နှင်းဆီ

ကျွန်တော်ငယ်စဉ်က နှင်းဆီပန်းတစ်ပင်ကို စိုက်ဖူးသည်။ ထိုနှင်းဆီပင်လေးသည် ကျောင်းအနီးရှိ နှင်းဆီခြံတစ်ခြံမှ ပိုက်ဆံငါးဆယ်ဖြင့် ၀ယ်ယူလာခြင်းဖြစ်ပြီး ငွေငါးဆယ်ပေးရသော နှင်းဆီပင်လေးကို ကျွန်တော်တန်ဖိုးထားသည်။ ထိုနှင်းဆီပင်လေးကို ကျွန်တော် မနက်တိုင်းရေ လောင်းသည်။ ထိုနှင်းဆီပင်လေးမှ နှင်းဆီပန်းလေးတစ်ပွင့် ပွင့်လာစေရန်ဖြစ်သည်။ တစ်ခုသော အိမ်မက်တွင် ထိုနှင်းဆီပင်လေးမှ နှင်းဆီပန်းလေး တစ်ပွင့်လာသည်။ အိပ်ရာမှ နိုးတော့ နှင်းဆီပင်လေးကို အပြေး အလွှားသွားကြည့်မိသည်။ နှင်းဆီပင်လေးမှ နှင်းဆီပန်း မပွင့်သေးပါ။

ဒီလိုနဲ့ တစ်ရက်မှာ နှင်းဆီပင်လေးမှ နှင်းဆီဖူးသေးသေး ထွက်လာသည်။ နေကြာစေ့ တစ်ဝက်စာလောက် ရှိသော ထိုနှင်းဆီဖူး သေးသေးလေးကို ကြည့်ပြီး ကျွန်တော် ပျော်၍မဆုံးပါ။ ထိုနှင်းဆီဖူးလေးသည် တစ်ရက်ထက်တစ်ရက် ပိုပိုပြီးကြီးထွားလာသည်။ နှင်းဆီဖူးလေးကိုကြည့်ရင်း နှင်းဆီပင်လေးကို နေ့စဉ်ရေလောင်းရင်း နှင်းဆီဖူးမှ နှင်းဆီပွင့်လေးတစ်ပွင့် ပွင့်မည့်ရက်ကို ကျွန်တော် စောင့်မျှော်နေမိသည်။

ကျွန်တော်နှင်းဆီဖူးလေးကို ရေလောင်းသော်လည်း ကြီးလာခြင်းမရှိသည်ကို သတိထားမိလိုက်သည်။ ထိုကဲ့သို့ သတိထားမိပြီး သုံးလေးရက်အကြာတွင် နှင်းဆီရွက်လေးများ လိမ်တွန့်ကာ နှင်းဆီးဖူးလေးမှာလဲ အပေါက်လေးများ ဖြစ်လာသည်။ တစ်ပတ်လောက်နေတော့ နှင်းဆီပင်လေးသည် ငြိုးခြောက်သွားပြီး သေဆုံးသွားတော့သည်။ အဲဒီနောက်ပိုင်းတွင် ကျွန်တော်နှင်းဆီပင်ကို မစိုက်ဖြစ်တော့ပါ။

နောက်ပိုင်းတွင် နှင်းဆီပွင့်လေးတွေကို လိုချင်တိုင်း သက်သောင့်သက်သာပင် ဈေးမှ ၀ယ်လိုက်သည်။ ကျွန်တော့်ဘ၀တွင် နှင်းဆီပန်းပွင့်များစွာကို ဈေးမှဝယ်ယူခဲ့ဖူးပါသည်။ ကျွန်တော် နှင်းဆီပန်းပွင့်သော နှင်းဆီပင်ကို ကျွန်တော် မြတ်နိုးပေမယ့် နှင်းဆီပင်တစ်ကို နှင်းဆီပန်းပွင့်လာ အောင်စိုက်နိုင်စွမ်းမရှိပါ။

တစ်ခုသော တစ်ရက်တွင် ကျွန်တော်နှင်းပန်းလေး တစ်ပွင့်ကိုဝယ်ပြီး ကျောင်းစာသင်ခန်းထဲက ပန်းအိုးတွင် ထိုးထားလိုက်သည်။ ညနေကျောင်းဆင်းတော့ ကျွန်တော့်ပန်းလေးကို တခြားကျောင်းသား တစ်ယောက်က ယူသွားသည်။ ကျွန်တော်သူ့လက်က နှင်းဆီပွင့်ကို မရမက ပြန်လုသည်။ သူနှင့်ကျွန်တော်လုရင်း နှင်းဆီကဆူးတွေ ကျွန်တော့လက်ကို စူးကုန်သည်။

ဘ၀တွင် မည့်သည့်အခါတုန်းကမှ မျှော်လင့်ထားခဲ့ဖူးခြင်း မရှိသော မိန်းကလေးတစ်ယောက်ကို တစ်ခါမှ မျှော်လင့်ထားခြင်း မရှိသည့်နေရာတွင် ဆုံဆည်းခဲ့သည်။ သူမသည် ကျွန်တော့်အတွက်တော့ နှင်းဆီပန်းပွင့်လေးတစ်ပွင့်။ ကျွန်တော်သည် သူမ၏ အချစ်ကို ရဖို့အတွက် နေ့စဉ်ကြိုးစားရသည်။ ထိုကဲ့သို့ ကြိုးစားခြင်းသည် နှင်းဆီပင်လေးကို ရေလောင်းခြင်းလော။

အချိန်တွေ ကြာလာတာနှင့်အမျှ သူမနှင့်ကျွန်တော် ရင်းနှီးမှုတွေဆီကနေ တစ်ဆင့်ကူးလို့ သံယောဇဉ်တွေ ဖြစ်လာခဲ့သည်။ ထိုသံယောဇဉ် ရိုးတန်းရှည်လေးမှ အချစ်နှင်းဆီပွင့်လေး ဘယ်နေ့ပွင့်မလဲ ဆိုသည့် မျှော်လင့်ဖြင့် ကျွန်တော်အချိန်များစွာ စောင့်စားနေခဲ့မိသည်။ အချိန်တွေတာ ကုန်လာသည်။ နှင်းဆီပွင့်လေး ပွင့်မလာခဲ့ပါ။

နှင်းဆီပွင့်လေး ပွင့်မလာပေမယ့် တစ်နေမှာ ပွင့်လာနိုးဆိုသည် မျှော်လင့်ချက်ဖြင့် သံယောဇဉ်ရိုးတန် ရှည်လေးကို ကျွန်တော် အချိန်အတော်ကြာ ဖက်တွယ်ထားမိသည်။ ရင်ဘတ်ကို စူးပြီး နှလုံးသားက သွေးတွေ ထွက်လာတော့မှ ကျွန်တော် သတိထားမိလိုက်သည်။ နှင်းဆီရိုးပဲ ဆူးတွေလည်း ပါမှာပေါ့လေ။


တကယ်တော့ လောကမှာ ပိုက်ဆံရှိရင် နှင်းဆီပန်းပွင့်တွေကို ကြိုက်သလောက် ဈေးမှာဝယ်လို့ရသည်။ ရည်းစားဆိုတာလဲ နှင်းဆီပန်းလိုဖြစ်သည်။ အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် တစ်ယောက်ပြီး တစ်ယောက်ထားလို့ရသည်။ ဘ၀တွင် ကျွန်တော်နှင်းဆီပန်း မြောက်များစွာကို ဈေးမှ ၀ယ်ယူခဲ့ဖူးပါသည်။ ထို့အတူ ရည်းစားပေါင်းများစွာကိုလည်း ထားခဲ့ဖူးသည်။


ဒါပေမယ့် အချစ်ဆိုတာကတော့ ကျွန်တော် မစိုက်ပျိုးနိုင်သေးတဲ့ နှင်းဆီပန်းလေးတစ်ပွင့်များ ဖြစ်နေမလား မသိ...











မှတ်ချက်၊ ၊ သစ္စာနီ၏ တောင်တန်းများ ၀တ္ထုတိုကို ဖတ်အပြီးတွင် နှင်းဆီကို ရေးခြင်းဖြစ်သည်

Read More...

Thursday, November 13, 2008

နှစ်ယောက်တစ်ပုဒ်

တခါတုန်းက သမီးယေက္ဖနှစ်ယောက်ဟာ ကဗျာတစ်ပုဒ်စီကို နှစ်ယောက်ဝိုင်းပြီး ရေးခဲ့ကြတယ်။ အဲဒါကြောင့် အဲဒီဘလော့ဂ်ပို့ရဲ့ ခေါင်းစဉ်ကို နှစ်ယောက် တစ်ပုဒ်လို့ ပေးထားတယ်။


‘ကဗျာ’

ကျွန်တော်က ကောင်းကင်ကျယ်
သူမက တိမ်တိုက်ငယ်
ကျွန်တော့်ကမ္ဘာထဲမှာ မြူးထူးစွာ လွင့်မျောဖူးတယ်။

ကျွန်တော်က သစ်ပင်တစ်ပင်
သူမက ရေသောက်မြစ်
ကျွန်တော် အသက်ဆက်နေရခြင်းရဲ့ အကြောင်အရင်း။

ကျွန်တော်က မိုးစက်တွေ
သူမက ကလေးငယ်လို
ကျွန်တော်ရင်ခွင်ထဲ ပြေးလွှားဆော့ကစားဖူးတယ်။

ကျွန်တော်က ပန်းပွင့်ငယ်
သူမက လိပ်ပြာလေး
ကျွန်တော့်ထံပါး ရစ်သီသီနဲ့ ပျံဝဲဖူးတယ်။

ကျွန်တော်က ကျောက်ဆောင်
သူမက ရေလှိုင်းတွေလို
ကျွန်တော့်ရဲ့ မာကျောမှုတွေကို နူးညံ့စေခဲ့တယ်။

အခု ကျွန်တော်က ရိုးတံရှည်
သူမက ငှက်ငယ်
ကျွန်တော့် လက်အစုံပေါ် ခိုနားဖူးတယ်။

ကျွန်တော်က စာအုပ်လေးဖြစ်
သူမက ဖောင်တိန်ငယ်
ကျွန်တော့်စာမျက်နှာတွေပေါ် ပုံရိပ်တွေ ထားခဲ့တယ်။

ဒီလိုနဲ့ပဲ…
သူမနဲ့ကျွန်တော်ဟာ
သစ်ပင်အိုတွေကို…
အချစ်များငတ်နေမလားဆိုပြီးတော့လည်း
အတူတူ ဂရုဏာသက်ခဲ့ကြဖူးတယ်

ဟန်သစ်ငြိမ်

အကို(ညီမကိုယူထားလျှင် အကိုဟုရိုသေစွာခေါ်ရသည်)ရေးသောကဗျာ။



ကျွန်တော်က ကင်းကောင်
သူမက ဂေါ်ဇီလာ
တိုက်ခိုက်ရင်းနဲ့ ငှက်ပျော်ခင်းတွေ ပျက်စီးခဲ့ဖူးတယ်

ကျွန်တော်က သစ်ပင်
သူမက မျောက်မလေး
သူချိုးချခဲ့လို့ လူညွန့်တုံးခဲ့ရတယ်

ကျွန်တော်က မိုးစက်
သူမက ကလေးလို
ရူးရူးတွေပေါက်ချထားခဲ့လို့ ပတ်ဝန်ကျင်မှာနံဟောင်ရစ်ခဲ့တယ်

ကျွန်တော်က ပန်းပွင့်ငယ်
သူကမက ယဉ်ကောင်
ဟိုမှာဒီမှာနားပြီး ကျွန်တော့်ဘေးနားလာရစ်ဖူးတယ်
နံလိုက်တာမှ လွန်ရောပဲ

ကျွန်တော်က ကျောက်ဆောင်
သူမက ရေငြှိ
သူမကြောင့် လူတွေခဏခဏ ချော်လှဲကြရတယ်

ကျွန်တော်က ရိုးတံရှည်
သူမက ဌင်းတ
မနိုင်မနင်းသူ့ဝိတ်ကြီးနဲ့ တက်လို့ သစ်ကိုင်းကျိုးကျခဲ့ရဖူးတယ်

ကျွန်တော်က စာအုပ်လေးဖြစ်
သူကမက ခြ
သူကိုက်စားသွားလို့ နှလုံးသားတောင် တိုးလှိုပေါက်နေပြီ

ဒီလိုနဲ့ သူမနဲ့ကျွန်တော်
ဘိုးဘွားရိပ်သာက အဖိုးကြီးအိုတွေကို
အရက်ငတ်နေမလားဆိုပြီး
အတူတူ ၀ယ်တိုက်ခဲ့ကြဖူးတယ်

စိုးဇေယျ
ညီဖြစ်သူ ( ကဗျာရေးသူညီမ၏ ခင်ပွန်းလောင်း) ကပြန်ရေးသောကဗျာ


သက်ဆိုင်သူသို့ ...

ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အချစ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ အချစ်တွေရှိခဲ့တယ်
အဲဒီအချစ်တွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်

ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာနေရာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့ နန်းတော်ကြီးတစ်ခုရှိတယ်
အဲဒီနန်းတော်ကြီးကို အုပ်ချုပ်ပြီး
နင်က ဘုရင်မလုပ်ပေါ့

ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့အချစ်တွေကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် မျှော်လင့်ခြင်းတွေကို ငါပိုင်ဆိုင်တယ်

ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဂစ်တာအိုလေးပါ
သိပ်ပြီးအသုံးမ၀င်ဘူး

ကောင်မလေးရေ
ဂစ်တာအိုကထွက်လာတဲ့ သံစဉ်တွေကတော့
မျှော်လင့်ခြင်းတွေပေါ့
ကွဲရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး

ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဂစ်တာအိုလေးကိုတီးကြည့်ရင်း ထွက်လာတဲ့မျှော်လင့်ခြင်းတွေကိုခံစားရင်ခုန်ရင်း
ငါဆက်ပြီး အိပ်မက်တွေမက်နေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီးအဲဒီဂစ်တာလေးကိုမရိုက်ချိုးလိုက်ပါနဲ့နော်
ငါဆက်ပြီး အိပ်မက်တွေမက်ပါရစေ

စိုးဇေယျထွန်း


ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အမာရွတ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ ၀ဲတွေရှိခဲ့တယ်
အဲဒီ ၀ဲတွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ကူးစက်ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်

ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာ အိမ်သာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့
အမှိုက်ပုံးကြီးတစ်ခုရှိတယ်
အဲဒီအမှိုက်ပုံးကြီးကို အုပ်ချုပ်ပြီး
နင်က မစင်မလုပ်ပေါ့

ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့ နှာခေါင်းကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် နှပ်ချေးတွေကို ငါပိုင်ဆိုင်တယ်

ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဠင်းတအိုကြီးပါ
သိပ်ပြီးအသုံးမ၀င်ဘူး

ကောင်မလေးရေ
ဠင်းတအိုကထွက်လာတဲ့ သံစဉ်တွေကတော့
အညှီနံ့တွေပေါ့
စူးရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး

ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဠင်းတရုပ်ကြီးကို မှန်ကြည့်ရင်း ထွက်လာတဲ့ ၀ဲတွေကိုခံစားကုတ်ဖဲ့ရင်း
ငါဆက်ပြီး ပုတ်ပွနေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီး အဲဒီဠင်းတအိုကြီး ကိုရိုက်မောင်းမထုတ်ပါနဲ့နော်
ငါဆက်ပြီး လောက်သေတွေ စားပါရစေ။

ဟန်သစ်ငြိမ်

Read More...

Sunday, November 02, 2008

ရင်နာတယ် ...

ရင်နာတယ် တကယ်ပါ
မနက်မိုးလင်းတာနဲ့
မျက်နှာမသစ်သေးဘူး အင်တာနက်ကိုအရင်ကြည့်တယ်

နေ့လည်
ထမင်းစားရင်လည်း အင်တာနက်အရှ့မှာပဲ

အလုပ်လုပ်ရင်လည်း
အင်တာနက်နဲ့ပဲ

အိပ်မက်ထဲမှာတောင်
အင်တာနက်ကိုသုံးလို့

ချစ်သူကတောင်ပြောတယ်
ရှင်က အင်တာနက်ကိုကျွန်မထက်ပိုစွဲလမ်းတယ်တဲ့

အဲလို .....
အချိန်တိုင်း စက္ကန့်တိုင်း
ငါ့ဘက်က အဲဒီလောက်ခရေဇီဖြစ်နေတာကို
နင့်တို့ဘက်က ပြတ်ပြတ်သွားရက်တယ်နော်

ပြန်စဉ်းစားရင်လေ
တကယ်ကိုရင်နာဖို့ ကောင်းပါတယ်

Read More...

ဗိုင်းရပ်ထိသွားတယ်

မနေ့ညက ဗိုင်းကျွန်တော့်ဂျီတော့ကို ဗိုင်းရပ်ထိသွားတယ်
Ripway ဗိုင်းရပ်ပဲ။ တစ်ယောက်ကနေ လာပို့တာ အဲဒီကောင်ကို ဘလော့ဂ်မလို့ လုပ်တာ မောက်ကစုတ်တော့ ဘလော့ဂ်တဲ့နေရာကို မရောက်ပဲ အဲဒီကောင်ကို ကလစ်ခေါက်သလို ဖြစ်သွားတယ်။ အဲဒီမှ သကောင့်သားက ကျွန်တော့်ဂျီတော့မှာ ရှိတဲ့လူတွေကို တန်းစီးပြီးပို့တော့တာပဲ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့ ဗိုင်းရပ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဘာမှဖြစ်မလာသေးဘူး။ ပတ်စ၀ပ်တော့ ပြောင်းထားလိုက်ရတာ် နောက်တော့ဘာထပ်ဖြစ်ဦးမလဲ မသိဘူး။

Read More...

Saturday, November 01, 2008

သက်ဆိုင်သူသို့ ...

ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အချစ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ အချစ်တွေရှိခဲ့တယ်
အဲဒီအချစ်တွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်

ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာနေရာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့ နန်းတော်ကြီးတစ်ခုရှိတယ်
အဲဒီနန်းတော်ကြီးကို အုပ်ချုပ်ပြီး
နင်က ဘုရင်မလုပ်ပေါ့

ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့အချစ်တွေကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် မျှော်လင့်ခြင်းတွေကို ငါပိုင်ဆိုင်တယ်

ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဂစ်တာအိုလေးပါ
သိပ်ပြီးအသုံးမ၀င်ဘူး

ကောင်မလေးရေ
ဂစ်တာအိုကထွက်လာတဲ့ သံစဉ်တွေကတော့
မျှော်လင့်ခြင်းတွေပေါ့
ကွဲရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး

ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဂစ်တာအိုလေးကိုတီးကြည့်ရင်း ထွက်လာတဲ့မျှော်လင့်ခြင်းတွေကိုခံစားရင်ခုန်ရင်း
ငါဆက်ပြီး အိပ်မက်တွေမက်နေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီးအဲဒီဂစ်တာလေးကိုမရိုက်ချိုးလိုက်ပါနဲ့နော်
ငါဆက်ပြီး အိပ်မက်တွေမက်ပါရစေ

Read More...