Art is My Life: October 2008

Thursday, October 30, 2008

Hacker

အခုတလော ဟို့လူ့ဂျီမေး ဒီလူ့ဂျီမေးတွေ ဟက်ခံရတယ်။ အကောင့်ဖွင့်မရဘူး ဆိုတဲ့ အသံတွေ ဟိုနားတစ်စ ဒီနားတစ်စ ကြားနေရပါတယ်။ အဲဒီလိုကြားနေရတဲ့ ဟက်ခြင်းတွေ ပတ်စ၀ပ်ပျောက်ခြင်းတွေက ကျွန်တော့်ဆီကို တိုင်လာပတ်မယ်လို့ ထင်မထားခဲ့မိဘူး။

ဒီနေ့ နေ့လည် ထူးထူးဆန်းဆန်း ကျွန်တော့်ဆီကို ဖုန်းဆက်ခဲတဲ့ မိန်းကလေးတစ်ယောက် ဖုန်းဆက်တယ် သူ့အကောင့်ဖွင့်လို့ မရလို့ကူညီပါဦးတဲ့။ အဲဒါကြောင့် ကျွန်တော်လည်း သူ့အကောင့်မှာ Security Question ပေးထားလားဆိုတော့ ပေးထားတယ်တဲ့။ သူ့ရဲ့ ပထမဆရာ နာမည်တဲ့။ အဲဒါကြောင့် ကျွန်တော်လည်း Forgot Password ကနေ ပြန်ဝင်ဖို့ လုပ်တယ်။ ဒါပေမယ့် သူ့ကောင့်က Disabled ဆိုပြီး ပြတယ်။ Security Question ကိုတောင်မမေးတော့ဘူး။ အဲဒါနဲ့ ကျွန်တော်လည်း လက်လျှော့လိုက်တယ်။ ပြသနာက ဒီမှာတင် ပြီးလားဆိုတော့ ......

ညပိုင်းမှာ နောက်တစ်ယောက် ပြသနာ ပေါ်လာပြန်တယ်။ ပြသနာက ကျွန်တော်နဲ့ စကားကတောက်ကဆ ဖြစ်ထားတဲ့ မိန်းကလေး သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်။ နင်ဘာတွေ လုပ်ထားတာလဲတဲ့။ ငါဘာလုပ်လို့လဲလို့ ပြန်မေးတော့ ကိုယ်လုပ်ထားတာ ကိုယ်သိမှာပေါ့တဲ့။ ဘာလုပ်ထားလို့ငါက သိရမှာတုန်း ဆိုတော့ မသိရင်နေ မပြောတော့ဘူးတဲ့။ နဂိုကတည်း ကျွန်တော်က သူ့ကို အမြင်မကြည်ရတဲ့ ကြားက ဒါမျိုးလာပြောတော့ မပြောချင်လည်းနေပေါ့ ဆိုပြီးဖုန်းချလိုက်တယ်။ သူပြန်ဆက်တယ်။ ကိုင်တော့ သူ့အီးမေးကို သုံးပြီး ဘာဖြစ်လို့ ပေါက်တကရ မေးတွေ ပို့ထားတာလဲတဲ့။ သူ့အီးမေးကို ကျွန်တော်လုပ်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် သူ့အီးမေးပတ်စ၀ပ်ကို ကျွန်တော်နဲ့ သူနှစ်ယောက်ပဲ သိတယ်တဲ့။ ကျွန်တော်မလုပ်ရင် တခြားလူ လုပ်နိုင်စရာ အကြောင်းမရှိဘူးတဲ့။ အဲဒီမှာ အမှုက တိုင်ပတ်ပြီ။

ပထမကတော့ ငါမလုပ်ဘူးလို့ ပြောပါသေးတယ်။ ဒါပေမယ့် ထပ်ပြောနေတာနဲ့။ အရူးမ ကိုယ့်ဘာသာကို အသုံးမကျလို့ ပတ်စ၀ပ်အခိုးခံထိတာ ငါ့လာပြီးရစ်နေတယ်ဆိုပြီး ဆဲဆိုကြိမ်းမောင်းပေးလိုက်မှ ဖုန်းချသွားတယ်။ ဒါပေမယ့် သေချာတာကတော့ သူ့စိတ်ထဲမှာ အဲလိုအီးမေး ပို့တဲ့လူက ကျွန်တော်ကိုပဲ ထင်နေမှာသေချာတယ်။ ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ။ ကိုယ်မှ တရာခံကို ဖမ်းပြလို့မရတာကိုး။

Read More...

ဘာရာဇီးဘော့လုံးအသင်းရဲ့ လေဘေးခရီးစဉ်





ရန်ကုန် ထွက်ခါစ


ဖျာပုံအရောက်




ဖျာပုံ အထက ၃


ရှမ်းကွင်းကြီးကျေးရွာ



ဖျာပုံကျောင်းအထွက်မှာ ကားတွန်း

ဖျာပုံ အထက ၃ ကျောင်းသားတွေကို ဘော့လုံး လက်ဆောင်ပေး


ကားဗွက်ကျွံနေတုန်း ဘောလုံးကစားပြ



ဆိုက္ကားစီးပြီး သဘောကျ


ကျိုက်လတ် ဘောလုံးကွင်းမှာ လက်တွေ့သရုပ်ပြ သင်တန်းပေး



လာအားပေးတဲ့ ပရိသတ်က ရန်ကုန်ထက်တောင် များသေးတယ်



တချိန်မှာတော့ ကမ္ဘာကျော်မယ်


ရှမ်းကွင်းကြီးရွာမှာ ဘော့လုံးလက်ဆောင်ပေး




နိဒါန်း


ရန်ကုန်ပုသိပ်လမ်းမကြီးပေါ်တွင် ဖြစ်သည်။ အရှေ့မှ လမ်းရှင်းမော်တော်ပီကယ်က ဦးဆောင်ပြီး အနောက်မှ လေအိတ်ဘတ်စကား တစ်စီးက လိုက်ပါလာသည်။ ကားရှေ့တွင် Brazil (AME) ဆိုသည့် စတေကာကို ကပ်ထားတာကို ကြည့်ခြင်းအားဖြင့် ထိုကားသည် ဘရာဇီး ဘော့လုံးသမားများကို တင်ဆောင်လာသော ကားဖြစ်ကြောင်း မြင်ရုံနဲ့ သိကြသည်။ ထို့ကြောင့် လမ်းဘေးဝဲယာမှ ဘောလုံးပရိတ်သတ်များက ကားကိုလက်ဝှေ့ရမ်းကာ နုတ်ဆက်ကြသည်။

ရန်ကုန်ဟိုတယ်က ထွက်လာခါစက ကားပေါ်တွင် ဘရာဇီးဘော့လုံး အသင်းသား အားလုံး ခရစ်ယန်ဘာသာတရားစာများကို ရွတ်ဆိုဆုတောင်းကြသည်။ မြို့အပြင်ရောက်သည့်အခါတွင် ခပ်မြူမြူး ဘရာဇီးသီချင်းတစ်ပုဒ်ကို ဖွင့်ပြီး အသင်းသားအားလုံး ခုန်ပေါက်မြူးတူးကြသည်။ တစ်ယောက်နှင့် တစ်ယောက်စနောက်ကြသည်။ မရောက်ဖူးသည့်နေရာ မရောက်ဖူးသည့် ဒေသ ရေမြေအသစ်တစ်ခုကို မြင်တွေ့ရခြင်း မြူးတူးပျော်ပါးကြခြင်း ဖြစ်နိုင်ပါသည်။

ကားသည်တရွှေ့ရွှေ့မောင်းလာခဲ့ပြီး ကော့မှူးမြို့အ၀င်နားရောက်သည့် ဦးသာဥာဏ်က လေမုန်တိုင်းနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့ပုံများ ပျက်စီးဆုံးရှုံးရမှုများကို ရှင်းပြသည်။ ဦးသာဥာဏ်က အင်္ဂလိပ်လို ပြောပြီး အသင်းအုပ်ချုပ်သူက အသင်းသားများကို ဘရာဇီးဘာသာစကားဖြင့် တဆင့်ပြန်လည်ရှင်းပြသည်။ ထိုအချိန်မှစ၍ သချင်းကိုပိတ်ပြီး သူတို့ပျော်ရွှင်မြူးတူးမှုတွေကို ရပ်လိုက်ကြပြီး မုန်းတိုင်းနှင့် ပတ်သက်ပြီး ပြောပြသည်များကို စိတ်ဝင်တစား နားထောင်နေကြသည်။ အသင်းသားများထဲမှ တစ်ချို့က ကင်မရာလေးများဖြင့် လမ်းဘေးဝဲယာက အိမ်တွေကို ဓာတ်ပုံရိုက်ကြသည်။

တကယ်တန်း ဘရာဇီးဘော့လုံးသာများ၏ အစီစဉ်မှာ ကားပေါ်တွင်အိပ်ပြီး လိုက်ရန်စီစဉ်ခဲ့ပြီး ဟိုတယ်မှ ခေါင်းအုံးများကိုလည်းယူဆောင်လာကြသေးသည်။ သို့ပေမယ့် ပတ်ဝန်းကျင်နှင့် လက်ဝှေ့ရမ်း နုတ်ဆက်ပြနေသည့် လူများကိုကြည့်ပြီး သူတို့အိပ်ဖို့ စိတ်ကူးရှိဟန်မတူတော့ပေ။ မုန်တိုင်းနှင့် ပတ်သက်ပြီး ပြောပြသည့်အကြောင်းအရာများကို နားထောင်ရင်း လမ်းဘေးဝဲယာက တာပေါ်လင်မိုးထားသည့် အိမ်လေးများ ကျောင်းလေးများကို ကြည့်ရှုရင်း လိုက်ပါလာကြသည်။


စာကိုယ်

ဟိုတယ်ရန်ကုန်မှ နံနက်ရှစ်နာရီခွဲ အချိန်ခန့်တွင် စတင်ထွက်လာခဲ့ခြင်းဖြစ်ပြီး နေ့လည် ဆယ့်နှစ်နာရီခန့်တွင် ဖျာပုံတံတားသို့ရောက်သည်။ တံတားပေါ်တွင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက အသင့်စောင့်ကြိုကြသည်။ အသင်းသားများကလည်း ကားပေါ်မှ ဆင်းကာ တံတားပေါ်မှ ဧရာဝတီမြစ်မြင်ကွင်းကို ကြည့်ရှုခံစားကြပြီး အမှတ်တရာဓာတ်ပုံများကို ရိုက်ကြသည်။ အသင်းသားများထဲမှာ တစ်ယောက်ကတော့ ဘေးနားမှ ဖြတ်သွားသည့် ဆိုင်ကယ်တစ်စီးကို တားပြီး တံတားပေါ်တွင် ဆိုင်ကယ်ပတ်စီးကာ သဘောကျနေသည်။ ထို့နောက်ကား မစီးကြတော့ပဲ တံတားဆုံးသည်အထိ တစ်ဖွဲ့လုံးလမ်းလျှောက်ကြသည်။ တံတားဆုံးမှသာ ကားပေါ်သို့ ပြန်တက်ကြပြီး ဖျာပုံမြို့ထဲသို့ ၀င်သည်။ ဖျာပုံမြို့ခံများကလည်း ဘရားဇီးအသင်းသားများ လိုက်ပါလာသည့် ကားကိုမြင်သည်နှင့် လမ်းမပေါ်သို့ ပြေးထွက်တဖွဲဖွဲပြေး ထွက်လာကြပြီး လက်ဝှေ့ရမ်းကာ နုတ်ဆက်ကြသည်။ တစ်ချို့က ဘရာဇီး ဘရာဇီး ဟု သံပြိုင်ဟစ်အော်ကြသည်။

တကယ်တော့ ယခုမြန်မာပြည်ကိုလာရောက်သည့် အသင်းသည် ဘရာဇီးနိုင်ငံ ကိုယ်စားပြု လက်ရွှေးစင်အသင်း မဟုတ်ပေ။ ဘရာဇီးနိုင်ငံရှိ ကလပ်သင်းတစ်ခုသာ ဖြစ်ပြီး ဘရာဇီးလက်ရွှေးစင်ဟောင်း ခြောက်ဦးသာပါသည်။ နိုင်ငံတကာစံနှုန်းအနေဖြင့် ပြောမည်ဆိုလျှင် ကလပ်အသင်းလေး တစ်ခုသာဖြစ်သော်လည်း မြန်မာပြည်သူ ပရိတ်သတ်များက လမ်းဘေးဝဲယာတစ်လျှောက်တွင် ယခုလို အုပ်အုပ်ကြက်ကြက် အားပေးကြသည်ကို မြင်တွေ့ရသောအခါ သူတို့ အရမ်းဝမ်းသာကြသည်။ အသင်းအုပ်ချုပ်သူက “ ထိုင်းနိုင်ငံက သူတို့နိုင်ငံဟာ Country Of Smile (အပြုံးနိုင်ငံ) လို့ နိုင်ငံတကာကို ကြေငြာထားတယ်။ ဒါပေမယ့် သူတို့နိုင်ငံက မြန်မာနိုင်ငံလောက် မပြုံးဘူး တကယ်တော့အပြုံးနိုင်ငံဆိုတာကို မြန်မာနိုင်ငံကို ပိုပြီး ခေါ်သင့်တယ် ” ဟု အားပေးနေသော ပရိတ်သတ်များကို ကြည့်ပြီး ကြေနပ်စွာ ပြောဆိုသွားခဲ့သည်။

နေ့လည်စာကို ဖျာပုံမြို့ရှိ စားသောက်ဆိုင် တစ်ခုမှာ စားကြသည်။ စားသောက်ဆိုင် အပြင်မှာတော့ ဘရာဇီးဘော့လုံး အသင်းကို နုတ်ဆက်ဖို့ ဒေသခံ ပြည်သူများက ရပ်ကာ စောင့်ဆိုင်းနေကြသည်။ နေ့လည်စားပြီး ထွက်လာသည့်အခါ စောင့်နေသည့် ပရိတ်သတ်များကို မနေ့က တီဗီမှာလာတဲ့ ဘော့လုံးပွဲကို ကြည့်ဖြစ်ပါသလားဟု အသင်းအချုပ်သူက မားကို့စ်က မေးသည်။ ထိုအခါ ပရိတ်သတ်များက ကြည့်ဖြစ်ပါတယ်ဟု ပြောတော့ ဂိုးအရေအတွကို ထပ်မေးသည်။ ဒေသခံများက လက်လေးချောင်းကို ထောင်ပြပြီး လေဂိုးဟုပြောတော့ မြန်မာနဲ့ ဘရာဇီး ကန်တဲ့ပွဲမှာ ဘယ်ဘက်ကို အားပေးပါသလဲဟု ထပ်မေးသည်။ အားလုံးက ဘရာဇီးဟု အော်ကြတော့ သူတို့တော်တော် သဘောကျသွားသည်။ ထိုအချိန်တွင် တစ်ချို့သော ဘော့လုံးသများက ဆိုက်ကား တက်စီးသူများက တက်စီး ဆိုင်ကယ်တက်စီးသူများက တက်စီး။ ဒေသခံများနှင့်  ဓာတ်ပုံတွဲရိုက်သူက တွဲရိုက်ဖြင့် တော်တော်လေး သဘောကျနေကြသည်။

ထို့နောက် ဖျာပုံ မယက ရုံးတွင် မုန်တိုင်းမှတ်တမ်း ခွေကို ဘရာဇီး ဘော့လုံးသမားများကို ပြသသည်။ ထိုခွေတွင် မုန်တိုင်းအတွင်းက ပျက်စီးဆုံးရှုံးရမှုများ ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းများ အလှုရှင်များထံမှာ အလှုပစ္စည်းရောက်ရှိမှုများ ပါဝင်သည်။ ထိုခွေကိုကြည့်ပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် လေယဉ်များဖြင့် လာရောက်လှုဒန်းသည့် အထဲတွင် ဘရာဇီးနိုင်ငံရောပါပါသလားဟု အသင်းအုပ်ချုပ်သူ မားကိုစ်က မေးသည်။ မပါကြောင်း ပြောသည့်အခါတွင် သူ့အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း သူနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် ယခုမုန်တိုင်းသင့်ဒေသတို့ လှုဒန်းနိုင်ရန် သက်ဆိုင်ရာနှင့် မီဒီယာများသို့ တင်ပြအသိပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ မားကို့စ်အနေဖြင့်လည်း နောက်တစ်ကြိမ်းထပ်မံ လာရောက်မည်ဖြစ်ပြီး နောက်တစ်ကြိမ်တွင် ဘရာဇီးမှာ ဆေးဝါကုသရေး အဖွဲ့များကို ခေါ်ဆောင်လာခဲ့မည်ဖြစ်ကြောင်း နှင့် စာသင်ကျောင်းအချို့ကို ပြန်လည်ဆောက်လုပ် လှုဒန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဖျာပုံ အထက(၃) ကျောင်းသို့ သွားရောက်ကြပြီး မုန်တိုင်းဖြစ်စဉ်က ပြိုကျပျက်စီးခဲ့ရသည့် ကျောင်းဆောင်တစ်ခုကို ယခုဘောလုံးကန်၍ ရသော ရံပုံငွေဖြင့် ပြန်လည်တည်ဆောက်ပေးရန် သဘောတူခဲ့ကြသည်။ ဘရာဇီး ဘော့လုံးအသင်းသားများကတော့ ကျောင်းစာသင်ခန်းများအတွင်းသို့ လှည့်ပတ်သွားလာကြပြီး ကျောင်းသားများကို လက်မှတ်ရေးထိုးထားသော ပို့စကဒ်လေးများ ဝေငှပေးသည်။ အချို့သော အသင်းသားများကတော့ ကျောင်းစာသင်ခုံများ ကျောင်းသားများနှင့် ရောထိုင်ကာ စာသင်တာကို ထိုင်ကြည့် အချို့ကတော့ ကလေးများနှင့်တွဲကာ အမှတ်တရ ဓာတ်ပုံများကို ရိုက်ကူးသည်။ ကျောင်းအတွင်းမှ ဘော့လုံးအသင်းသားများ ထွက်လာသည့်အခါ ရန်ကုန်မှစီးလာသော ဘတ်စကားသည် ကျောင်းအရှေ့တွင် ဗွက်ကျွံနေသည်။ ဗွက်ကျွံနေသော ကားကို ဗွက်မှရုန်းနေစဉ် ဘော့လုံးသမားတစ်ယောက်က လမ်းမပေါ်တွင် ဘော့လုံးကို တော့က သရုပ်ပြကစားပြသည်။ အချို့သော ဘော့လုံးသများက လက်မှတ်ရေးထားသော ပို့စကဒ်လေးများကို လာကြည့်ကြသည့် ဒေသခံများကို ဝေငှပေးသည်။ ဗွက်ကျွံနေသည့်ကားသည် ရုန်းရင်းနစ်ရင်းဖြင့် နောက်ဆုံးတွင် ဘီးတစ်ဝက်ကျော်သည်အထိ နစ်သွားသည်။ နောက်ဆုံးတွင် ဗွက်ကျွံနေသော ကားကို ဘရာဇီး အသင်းသားများ ရပ်ကြည့်နေကြသူများ ကျောင်းသားများ အားလုံး ၀ိုင်းတွန်းကြသည့် အခါမှသာမှ ဗွက်က ရုန်းထွက်နိုင်ခဲ့သည်။ ထို့နောက်တွင် ကျောင်းသားများကို အားကစားသများ ၀ိုင်းဝန်းလက်မှတ်ရေးထိုးထားသည့် ဘော့လုံးတစ်လုံးကို လက်ဆောင်အဖြစ်ပေးအပ်ကာ ဖျာပုံမြို့မှ ထွက်ခွာခဲ့ကြသည်။ မူလက ဖျာပုံမြို့မှ ကျိုက်လတ်သို့ လှေဖြင့် မြစ်ကြောင်းအတိုင်း သွားရန်စီစဉ်ထားခဲ့သော်လည်း ဘော့လုံးသမား အများစုက လှေစီးရန် ငြင်းဆိုးခဲ့သောကြောင့် ကားဖြင့်သာခရီးဆက်ခဲ့သည်။
သုံးနာရီ အကျော်တွင် ဖျာပုံမြို့နယ် ရှမ်းကွင်းကြီး ကျေးရွာသို့ ရောက်ရှိသည်။ ရှမ်းကွင်းကြီး ကျေးရွာတွင် ကျောင်းသားများ ဒေသခံရပ်မိ ရပ်ဖများက ကြိုဆိုကြသည်။ ထို့နောက် ရွာမှ အုန်းရေ ကောက်ညှင်းဆနွင်းမကင်း လကဘ္ဘသုပ်များဖြင့် တည်ခင်းဧည့်ခံသည်။ ရှမ်းကွင်းကြီးကျေးရွာသည် ရွာတန်းရှည် ရွာလေးတစ်ရွာဖြစ်ပြီး ရွာလည်လမ်းမကို အုတ်စီထားကာ အိမ်နှင့်ခြံဝင်လေးများကို သပ်သပ်ရပ်ရပ် ဖြစ်အောင်စီမံထားသည်။ ဘရာဇီးအသင်းသားများသည် ရှမ်းကွင်းကြီးကျေးရွာတွင်း လှည့်လည်ကြည့်ရှုကြပြီး ယူနီဆပ်မှ ပေးသည့် Tank ဖြင့် စာသင်ကျောင်းလုပ်ကာ ကျောင်းသားများစာသင် နေရသည်ကို တွေ့ရသည့်အခါတွင် ယင်းရွာတွင်လည်း စာသင်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ပေးရန် သဘောတူညီခဲ့သည်။ ယင်းကျေးရွာတွင်လည်း လက်မှတ်ရေးထိုးထားသော ပို့စကဒ်လေးများ ကိုဝေငှခဲ့ပြီး ကျောင်းသားများအတွက် လက်မှတ်ရေးထိုးထားသော ဘောလုံးတစ်လုံးကို အမှတ်တရပေးအပ်ခဲ့ကာ ကျိုက်လတ်မြို့သို့ ဆက်လက်ခရီးထွက်ခဲ့သည်။

ညနေလေးနာရီခွဲ အချိန်ခန့်တွင် ကျိုက်လတ်မြို့ အားကစားသို့ ရောက်ရှိသည်။ ကျိုက်လတ်မြို့ အားကစားကွင်းတွင် သုရုပ်ပြကစားမည်ကို ပရိတ်သတ်များက ကွင်းလုံးပြည့်စောင့်ကြိုစောင့်ကြိုနေကြသည်။ ကွင်ထဲသို့ ၀င်သည်နှင့် ပရိသတ်များက ဘရာဇီး ဘရာဇီး ဟုသံပြိုင်ဟစ်ကြွေးကာကြိုဆိုကြသည်။ ထို့နောက် ဘာရာဇီး ဘော့လုံးသမားတစ်ယောက်က ဘောလုံးကို တော့ပြသည်။ ယင်းနောက်တွင် ကွင်းအတွင်းအသင့်စောင့်ဆိုင်းနေသည့် ဒေသခံကစားသမားများကို ဘော့လုံးလေ့ကျင့်နည်း နည်းစနစ်များကို လက်တွေ့သရုပ်ပြ သင်ကြားပြသပေးသည်။

ယင်းသို့သင်ကြားပြသပေးရာတွင် ရှေ့တန်းတိုက်စစ်မှူးများက ရှေ့တန်းအားတွင် ကစားသည့် အားစကားသမားကို လည်းကောင်း နောက်တန်းက နောက်တန်း ဂိုးသမားက ဂိုးအတွက်လည်းကောင်း အသီးသီးသင်ကြား သရုပ်ပြပေးကြသည်။ ယင်းသို့ သင်ကြားသရုပ်ပြပေးရာတွင် အချို့သော သင်ပြကွက်များသည် ဒေသခံများအတွက် ရယ်စရာဖြစ်နေသည့်အတွက်သည့် တစ်ကွင်းလုံး တ၀ါးဝါး တဟားဟားနှင့် ပွဲကြနေနေကြတော့သည်။ ညနေခြောက်နာရီ ထိုးခါနီးတွင် သင်ကြားမှုများကို အဆုံးသတ်ပြီး ဘရာဇီးမှာ ယူဆောင်လာသည့် လက်ပတ်ပုတီးကွင်းလေးများ ပို့စကဒ်များကို ဒေသခံများအတွက် အမှတ်တရအဖြစ်ပေးအပ်ကြသည်။

မူလက ကျိုက်လတ်တွင် ညနေငါးနာရီတွင် ညစာစားရန်စီစဉ်ထားသော်လည်း အချိန်မှာ မျှော်မှန်းထားသည်ထက် ပိုမိုကြာမြင့်သွားသောကြောင့် ညစာမစားပဲ ရန်ကုန်သို့ပြန်ရန်စီစဉ်ခဲ့ကြသည်။ ရန်ကုန်တွင် ဘော့လုံးအဖွဲ့ အချုပ်ဥက္ကဌ ဦးဇော်ဇော်အိမ်တွင် ညစာစားသုံးရန် စီစဉ်ထားသည်ဖြစ်သောကြောင့် အချိန်မှီပြန်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဘောလုံးသမားသည် ပထမနေ့က ဘောလုံးကစားပြီး ဒုတိယနေ့တွင် တစ်နေကုန် ခရီကားစီး ခရီးသွားရခြင်းဖြစ်သောကြောင့် အပြန်ခရီးတွင် ပင်ပန်းသဖြင့် တစ်ချို့က အိပ်ရင်းလိုက်ပါကြသည်။ လမ်းကလည်းကြမ်း ကားအဲကွန်းကလည်း အအေးသဖြင့်အချို့သော ကစားသမားများက အအိပ်နိုင်ပဲ ဒီတိုင်းလိုက်ပါလာကြသည်။ ကျိုက်လတ်မြို့မှ ညနေ ခြောက်နာရီ အကျော်လောက်တွင် စတင်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ညဆယ့်နာရီခွဲအကျော်တွင် ခရီးစဉ်မှ ချောချောမောမော ရောက်ရှိလာခဲ့သည်။

နိဂုံး

ဘရာဇီးအသင်းသည် ပထမနေ့က ဘော့လုံးကစားထားလို့ ပင်ပန်းထားရသည့်ကြားက ဒုတိယနေ့တွင် လမ်းကြမ်းကြမ်းတွင် အနေကုန် ခရီးသွားသည်။ သေချာတာကတော့ တတိနေ့တွင် ကာစားမည့် ဘော့လုံးတွင် ဘရာဇီးအသင်း ခြေကုန်လက်ပန်းကျနေ ပေလိမ့်မည်။ ထို့အပြင် ဘော့လုံးသမား နှစ်ယောက်သည် ပထမနေ့ မြန်မာနှင့်ကစားသည့်ပွဲသည် ဒါဏ်ရာ အနည်းငယ်ရထားသဖြင့် ထမင်းပင်စားနိုင်ခြင်း မရှိပေ။ ယင်းအပြင် ဘော့လုံးသမား အများစုသည် သုံးဆယ့်ငါးနှစ် အထက်များဖြစ်ကြသည်။ ထို့ကြောင့် အားလုံးထင်ထားသည်မှာ နောက်နေ့ မြန်မာနှင့်ကစားမည့်ပွဲတွင် ကောင်းစွာကစားနိုင်ရှိတော့မည် မဟုတ်ဟု ယူဆထားခဲ့ကြသည်။

သို့ပေမယ့် တကယ်တန်းကစားသည့်အခါတွင် ဘရာဇီးအသင်းသားများသည် ထင်သလောက်ခြေကုန်လက်ပန်း ကျခြင်းမရှိကြပဲ ကောင်းစွာ ကစားနိုင်သည်ကိုတွေ့ရသည်။ “ သူတို့တဖွဲ့လုံးက ဆေးလိပ်လည်း မသောက်ဘူး။ အရက်လည်း မသောက်ကြဘူး” ဟု YMCA မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အခုလို သက်လုံကောင်းခြင်းသည် ဆေးလိပ်မသောက် အရက်မသောက်တာလည်း ပါကောင်းပါပါလိမ့်မည် သေချာသည်ကတော့ သက်လုံကောင်းအောင် လေ့ကျင့်သားပြည့်ဝနေခြင်းကြောင်း ဖြစ်ပေလိမ့်မည်။

အထက်တွင် ဖော်ပြခဲ့သည့်အတွင်း ယခုလာသည့် ဘရာဇီးကလပ်အသင်းသည် နိုင်ငံတကာစံနှုန်းနှင့် ကြည့်လျှင်ဘာမှမဟုတ်သော အသင်းလေးတစ်ခု ဖြစ်သော်လည်း မြန်မာဘော့လုံးသအင်းနှင့် ယဉ်ပြိုင်ကစားသည့်အခါတွင် နည်းစပိုင်းဆိုင်ရာတွေမှာ များစွာအားသာကိုတော့ ငြင်း၍ကားမရပေ။ ထို့ကြောင့် ဘောလုံးကစားသည့် အားကစားသမား ကိုယ်တိုင်သော်လည်းကောင်း ဘော့လုံးအဖွဲ့ချုပ်နေဖြင့်သော်လည်ကောင်း အနာဂတ် မြန်မာဘော့လုံးအတွင်းအတွက် ဘာတွေကို ပြုပြင်ရမည် ဘာတွေ ထပ်လုပ်ဖို့လိုသေးသည် ဆိုသည်ကို သိမြင်ရရှိသည်။

တကယ်တော့ ယခုလာသည့်ဘရာဇီး ဘော့လုံးမှ ရံပုံငွေမျှော်မှန်းထားသလောက် မရရှိခဲ့ပါ။ သို့ပေမယ့် မြန်မာဘောလုံးလောကအတွက်တော့ အသုံးဝင်မည့် အတွေ့အကြုံတစ်ခု ရသွားခဲ့သည်က မလွဲပေ။


Read More...

Tuesday, October 28, 2008

ငါးတင်ကားနဲ့ကုန်တင်ကားတိုက်မိ







မနေ့ည ဆယ်နာရီခွဲလောက်မှာ ရေကြောင်းသိပ္ပံ ကျောင်းအရှေ့မှာ ငါးတင်ကားနဲ့ ကုန်တင်ကားတိုက် မိတယ်။ ကားတိုက်တာကြောင့် ငါးကားပေါ်က လူခြောက်ယောက် ကုန်ကားက တစ်ယောက် ဒါဏ်ရာ ရသွားတယ်။ ပြီးတော့ ငါးတွေက အခုလို လမ်းမပေါ်မှာ ကြဲချထားသလို ကြည့်မကောင်း မြင်မကောင်း ဖြစ်နေတော့တာပဲ။

Read More...

Sunday, October 26, 2008

စက်ရပ်သတင်း

ရန်ကုန်မှာ မိုးများ အဆက်မပြတ်ရွာ သွန်းမှုကြောင့် မြန်မာဘလော့ဂ်ကာ တစ်ဦး ဒုက္ခရောက် ..........


အိမ်ရှေ့မှ မြင်ရသော မိုးရွာသွန်းမှု အခြေနေ



ရန်ကုန်မြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြန်မာဘလော့ဂ် ကာတစ်ဦး ဖြစ်သူ ကျွန်ုပ်သည် ဒုက္ခရောက်လျှက် ရှိကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ သူသည်(ကျွန်ုပ်သည်) ယနေ့ မိုးများ ရွာသွန်းခြင်းကြောင့် အပြင်သို့ မသွားနိုင်ပါ။ (ထီးမရှိတာကြောင့် လည်းဖြစ်နိုင်သည်) ထိုပြင် အိမ်မှာ မိုးမလုံသောကြောင့် ပုံတွင် မြင်ရသည့်အတွင်း မိုးယိုနေသော နေရာများတွင် ရေပုံလေးများ လိုက်လံခံထားရသည်။ ၀ါယာလက်သည် အိမ်၏၀ရံတာ အနီး တစ်နေရာတည်း တွင်မိသောကြောင့် ကွန်ပျူတာကို မိုးလုံသောနေရာသို့ ရွှေ့ပြောင်းသုံး စွဲရန် လည်းမဖြစ်နိုင်ပေ။ ထို့ကြောင့် မိုးယိုခြင်းကို သည်းခံကာ အင်တာနက်ကို သုံးနေရသည်။

မိုးယိုသောနေရာများတွင် ယခုကဲ့သို့ ရေပုံးလေးများ ခံထားရသည်

ထို့အပြင် ဈေးသွားရန် ထီးလည်းမရှိ (အကြောင်းပြခြင်းသာ ဖြစ်ပြီး အမှန်တကယ်မှာ ဈေးဝယ်ရန် ပိုက်ဆံမရှိခြင်းလည်း ဖြစ်နိုင်သည်) မနေ့ညက ၀ယ်ထားသော လက်ကျန် ချည်ပေါင်းလေး တစ်စီးကို ချက်ပြီး မိုးလည်းမလုံ အိမ်အိုကြီးထည်းတွင် ချည်ပေါင်းဟင်းနှင့် နှစ်ပါးသွားရမည့် ကိန်းဆိုက်လျှက် ရှိပေတော့သည်။


တနေ့လုံးစာအတွက် ချည်ပေါင်ရွက်

Read More...

Saturday, October 25, 2008

တန်ဖိုး

ကြယ်တွေကပြောတယ် မင်းမမြင်ပေမယ့်ကောင်းကင်မှာ ငါတို့ရှိနေတယ်တဲ့ ......

စမ်းချောင်းလေးကပြောတယ် တိတ်ဆိတ်နေရင် ရေစီးသံက တေးသွားတပုဒ်ပဲတဲ့ ......

လူတစ်ချို့ပြောတာပေါ့ ကြယ်တွေက တန်ဖိုးရှိတယ် ငါတို့ကို လမ်းပြတယ်တဲ့

လူတစ်ချို့ကပြောတာပေါ့ ကြယ်ဆိုတာ ကောင်းကင်မှ မရေတွက်နိုင်အောင် များနေတာ ဘာမှ တန်ဖိုးမရှိပါဘူးတဲ့

လူတစ်ချို့ကပြောတာပေါ့ ရေစီးသံကို နားထောင်ရတာ စိတ်ကိုအပမ်းပြေစေတယ်တဲ့

လူတစ်ချို့ကတော့ စမ်းချောင်းထဲက ရေကိုသာ ခပ်သောက်သွားကြတယ် ရေစီးသံကို မကြားမိလိုက်ကြဘူး

တကယ်တော့ အရာရာ အားလုံးဟာ အသုံးတည့်ရင် တန်ဖိုးရှိပေမယ့်၊ တန်ဖိုးမထားတတ်ရင် အရာရာ အလုံးဟာ အနုတ်စုတ်ဂုတ်စုတ် ပါပဲ

ဒါကြောင့် တစ်ရံတစ်ခါမှာ
တေးသွားတွေ ကဗျာတွေ အချစ်တွေဟာ တန်းဖိုးမထားတတ်သူရဲ့ အရှေ့မှာ အနုတ်စုတ်ဂုတ်စုတ် ဖြစ်ခဲ့ရဖူးတယ်

Read More...

Friday, October 24, 2008

အနာ

အရက်မူးတာလွန်ရင် အရက်နာကျသလို။ အချစ်ရူးတာ လွန်ရင်လည်း အရူးနာကျတယ်။ အရက်ကို သောက်ပါများရင် အသည်းကို ထိခိုက်တယ်။ အချစ်ကို စွဲလမ်းတာ များရင် နှလုံးကို ထိခိုက်တယ်။ အရက်နာကျနေတဲ့ လူတစ်ယောက် အဖို့ ဘလက်လေး သောက်ပြီး နေ့တစ်ဝက်လောက် နားလိုက်ရင် သက်သာသွားပေမယ့် အချစ်နာကျနေတဲ့ လူတစ်ယောက်ဖို့တော့ ဘ၀တစ်သက်သာ လုံးအချိန်ယူပြီး ကုရလိမ့်မယ်။
(စိုးဇေယျထွန်း)

Read More...

Monday, October 20, 2008

ဘာလိုလိုနဲ့နှစ်နှစ်ပြည့်ပြီ . . . . . .

အခုဆိုရင် ဘာလိုလိုနဲ့ ကျွန်တော်ဘလော့ဂ် ရေးလာတာ နှစ်နှစ်ပြည့်သွားပြီ။ ကျွန်တော်ပထဆုံး ဘလော့ဂ်ကို သိတာကတော့ Service+ က ကိုရဲဆီမှာ အင်တာနက်သင်တန်း တက်ရင်း ဘလော့ဂ်ဆိုတာ ကိုသိလာတယ်။ နောက်တော့ ဘလော့ဂ်ရေးဖို့ ကြိုးစားကြည့်တယ်။ အဲဒီတုန်းကတော့ ဘလော့ဂ်မှာ မြန်မာလို ရေးလို့ရတယ်ဆိုတာ မသိခဲ့ဘူး။ အင်္ဂလိပ်လိုကလည်း မတတ်နဲ့ဆိုတော့ ဘလော့ဂ်တွေ လုပ်ပြီးဆက်မရေးဖြစ်ဘူး။ အဲဒါနဲ့ပဲ ဘလော့ဂ်မှာ ကျွန်တော်ရိုက်ခဲ့တဲ့ ပုံလေးတွေကို တင်ပြီး အောက်မှာလည်း ခပ်တည်တည်နဲ့ ဈေးနှုန်းတွေ ကပ်ထားခဲ့တယ်။


နောက်တော့ ကျွန်တော်တို့ရုံးကို ရွှေမြတ် ရောက်လာတယ်။ အဲဒီတုန်းက ကျွန်တော်တို့ရုံးကို ကွန်ပျူတာ လာပြင်တာ။ ကွန်ပျူတာ ပြင်ရင်း သူ့ဘလော့ဂ်ကို သူဖွင့်ထားတာကို တွေ့တယ်။ ပြီးတော့ သူ့ဘလော့ဂ်မှာက မြန်မာစာတွေနဲ့။ အဲဒီတော့မှ ဘလော့ဂ်ပေါ်မှာ မြန်မာလို ရေးလို့ရတယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူ့ကို ဘယ်လိုရေးရတာလည်း ဆိုတာမေးတယ်။ အဲတော့သူက ကိုညီလင်းဘလော့ဂ် လိပ်စာကိုပေးပြီး အဲဒီမှာ မြန်မာလို ဘယ်လိုရေးရတယ်ဆိုတာ ရှင်းပြထားတယ်။ အဲဒီမှာ ဖတ်ပြီးလုပ်ကြည့်တဲ့။ ပြီးတော့ သူက နည်းပညာ တစ်ခုကို သင်ပေးထားခဲ့သေးတယ် ဘလော့ဂ်မှာ ခင်ဗျားလိုချင်တဲ့ဟာတွေ ရှိရင် Selection မှတ် ပြီးရင် Right Click ပြီးရင် View Source ကိုနှိပ် ပြီးရင် Source ကို ကော်ပီကူး ပြီးရင် ကိုယ့်ရဲ့ တင်းပလိတ်ထဲမှာ ထည့်တဲ့။

အဲလိုနဲ့ ကျွန်တော် ဟိုလိုစမ်း ဒီလိုစမ်းနဲ့ ဆယ်ရက် ကျော်ကျော်လောက် အိပ်ရေးပျက်ပြီး သွားချိန်မှာ ဘလော့ဂ်က မြန်မာလို ပေါ်တဲ့ အဆင့်ကိုရောက်လာတယ်။ (မြန်မာလို စရေးလို့ ရကတည်းက ဘလော့ဂ်ကို တစိုက်မှတ်မှတ် ရေးဖြစ်ခဲ့တာ ဒီနှစ်အောက် တိုဘာမှာ နှစ်နှစ် ပြည့်သွားပါပြီ။ )

ဒါပေမယ့် ကျွန်တော့်ဘလော့ဂ်မှာ စီဘောက်မရှိဘူး။ အဲဒါကြောင့် ရုရှက ဘလော့ဂ်ကာ အကိုကြီး တစ်ယောက်ဆီက စီဘောက်ကို Selection မှတ်တယ်။ ပြီးတော့ Source ကိုယူတယ်။ ပြီးတော့ ကျွန်တော့် တင်းပလိတ်မှာ ထည့်ပြီး သူများ စီဘောက်ကြီးကို ကျွန်တော့်ဘလော့ဂ်မှာ ခပ်တည်တည်နဲ့ ကောက်တင်ထားလိုက်တယ်။ တစ်ရက်နှစ်ရက်လောက် အထိ မသိသေးဘူး။ ကျွန်တော့်စီဘောက်ကို လာလာအော်နေကြပါလား ပေါ့။ နောက်တော့မှ အဲဒီအကိုကြီးက လာပြောတယ်။ ငါ့ညီတပ်ထားတာ အကို့စီဘောက်ကြီးတဲ့။ အဲတော့မှ အဖြစ်မှန်ကို သိပြီး မဖြစ်ချိမ့်ဘူး ဆိုပြီး စီဘောက်ကို အသစ်ပြန်လုပ်ရတယ်။

နောက်တော့ ဘလော့ဂ်က ဒီတိုင်းကြည့်ရင် ပြောင်စပ်စပ်နဲ့ပါ ဘင်နာလေး ဘာလေးတင်မှ ဆိုပြီး ဘင်နာဒီဇိုင်းကို ဆွဲပါတယ်။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်းပဲပေါ့ ဘလော့ဂ်နေရာမှာ ထားပုံထားနည်းကိုတော့ ကိုညီလင်းဆက် ဘလော့ဂ် ဘင်နာကို ဆလက်ရှင်မှတ် Source ကိုကော်ပီကူး ယူပြီး ကျွန်တော့်တင်းပလိတ်မှာ ထည့်ပါတယ်။ (အဲဒီတုန်းက ဘလော့ဂ် ဖူတာ၊ ဆိုက်ဘား၊ ဘင်နာတွေကို အခုလို Page Element ကနေ အလွယ်တကူ ၀င်ပြင်လို့ မရသေးပါဘူး။ အားလုံးကို Html ကုဒ်နဲ့ ၀င်ရေးပြီး ပြင်ရတာဖြစ်ပါတယ်။) အဲဒီမှ ပြသနာက ဘာလဲဆိုတော့ ကျွန်တော့်ဘလော့ဂ်က ဘင်နာကို ကလစ်ခေါက်လိုက်ရင် ကိုညီလင်းဆက် ဘလော့ဂ်ကို ရောက်ရောက် သွားပါတယ်။ ဒါပေမယ့် ပြသနာမရှိပါဘူး ထားလိုက်ပါဆိုပြီး ထားထားပေးလိုက်တယ်။


အဲဒီအချိန်တုန်းက မြန်မာစာရိုက်တာလည်း အခုလို ကျွမ်းကျွမ်းကျင်ကျင် မရှိသေးပါဘူး။ စာလေးတစ်ပိုဒ်ရဖို့ တစ်နာရီနှစ်နာရီလောက် ရိုက်ရပါတယ်။ ကီးဘုတ်ကို ကြည့်ရတယ်။ လက်ကွက်စာရွက်ကို ကြည့်ရတယ်။ ပြီးတော့ ကွန်ပျူတာ မော်နီတာကို ကြည့်ရတယ်။ အဲလိုဆိုတော့ စာရိုက်တာ ခရီးမတွင်လှပါဘူး။ အဲလို မတွင်တဲ့ ကြားထဲက တစ်ရက်မှာ ဇော်ဂျီမရှိတဲ့စက်မှာ သွားပြီး ၀င်းဖောင့်တွေနဲ့ ရိုက်ပါတယ်။ ၀င်းတွေကို အင်တာနက်ချိတ်ထားတဲ့ စက်ကိုရောက်မှာ ဇော်ဂျီပြောင်းမယ်ပေါ့။ တကယ်ပြောင်းတော့ ပြောင်းလို့မရပါဘူး။ မရဘူးဆိုတာက ကျွန်တော်က ကွန်ဘာတာနဲ့ ပြောင်းတာမဟုတ်ပဲ ၀င်းအင်းဝကနေ ၀င်းကလော အစရှိတဲ့ ဖောင့်တွေကို ပြောင်းတဲ့ ပုံစံမျိုး သွားပြောင်းတာကိုး။ အဲဒီတုန်းက ကွန်ဘာတာနဲ့ ပြောင်းလို့ရမှန်းလည်း မသိပါဘူး။ အဲဒါကြောင့် မထူးပါဘူးကွာ ဆိုပြီး ပရင့်စကင်ဖမ်းပြီး ဓာတ်ပုံဖိုင်အနေနဲ့ တင်ပေးလိုက်တယ်။ အစပိုင်းက Blog Post တစ်ချို့မှာ အဲလိုဖြစ်နေတာကို တွေ့နိုင်ပါတယ်။

နောက်တော့ တစ်ရက်မှာ ကိုညီလင်းဆက်က ရုံးကို ပေါက်ချလာပါတယ်။ ပြသနာကတော့ ဂန္ထ၀င်ကိစ္စပေါ့။ သူရေးထားတဲ့ ဂန္ထ၀င်ပုံပါတဲ့ ဘလော့ဂ်ပို့တစ်ခုကို ကျွန်တော်က ဂျာနယ်ထဲမှာ ထည့်ရေးလိုက်တယ်။ ညီလင်းဆက် ဘလော့ဂ်မှ ကူးယူဖော်ပြသည်ဆိုပြီး။ အဲဒီမှာ ကိုညီလင်းဆက်က ရုံးကို ပေါက်ချလာပြီး ကိုညီလင်းဆက်နဲ့ ခင်သွားပါတယ်။ နောက်တော့ ကိုညီလင်းဆက် အကူညီနဲ့ Hit Conter , Online User, Adress ဘားက ဒင်္ဂါးပုံလေး အစရှိတာတွေကို ထည့်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘလော့ဂ်လေးက လူစင်မှီသွားပြီး ပို့လေးတွေကိုပုံ မှန်လေးရေးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်းချင်း အိုကေလာခဲ့ပါတယ်။ အိုကေလာသလို ဘလော့ဂ်ပေါ်က လူတွေနဲ့လည်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ တကယ်တော့ ကိုယ့်ဘလော့ဂ်ကို လာတဲ့ကောင်တာဟာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ ဒါပေမယ့် ကောင်တာမှာ ဂဏန်းတွေ တိုးလာလေလေ ရေးရတာ ပိုပြီး အားရှိလေလေပါပဲ။

လောလောဆယ်တော့ အိပ်ချင်ပြီ ကျန်တာ နောက်နေ့ မှ ခေါင်းစဉ်တစ်မျိုးနဲ့ ထပ်ရေးတာပေါ့ .....

Read More...

Saturday, October 18, 2008

ဖရုံသီးသရဲ


ဖိုတိုရှော့နဲ့ ဆွဲထားတာ

Read More...

Thursday, October 16, 2008

ယောက်ဖကြီးသို့ ဒုတိယအကြိမ်

ကျွန်တော့်ကို ယောက်ဖကြီး ကျန်ရစ်ဂိန်က အချစ်အကြောင်း ရေးဖို့ပြောလာပါတယ်။ ကျွန်တော်မှာ အိုင်ဒီယာ မရှိတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ဒါစာမေးပွဲ စစ်တာဖြစ်နိုင်တယ်။ ကျွန်တော်အချစ် အပေါ်ကို ဘယ်လိုခံယူထားတယ် ဆိုတာ သိမှ ကျွန်တော့်လက်မှာ စိတ်ချလက်ချ အပ်လို့ရမှာလေ။ ဒါကြောင့် ကျန်ရစ်ဂိန်အတွက် ကျွန်တော်ရေးဖို့ စဉ်းစားပါတယ်။

တကယ်တော့ အချစ်ဆိုတာ ပီကယ်လိုအရာမျိုးရယ်ပါ
ဆိတ်ပါးလိုအငြိမ်မနေပဲ အမြဲတမ်းတလှုပ်လှုပ်နဲ့ဝါးနေရတယ်
စားခါစမှာတော့ မွေးရနံ့လေးတွေနဲ့ ပါးစပ်ထဲမှာ ချိုမြနေတယ်
ဒီလိုနဲ့ ၀ါးတာလဲကြာရော
မွှေးရနံ့လေးတွေပျယ် အချိုရည်တွေကုန်ပြီး
ဘတ်သပ်ဘတ်သပ်နဲ့ ဘာမှ သုံးမရတဲ့ သားရေဖတ်ကြီး အဖြစ်ကို ရောက်ရှိလို့ သွားပါတော့တယ်
(ကျော်စံကေး)
ကျွန်တော်ငယ်ငယ်က ပြောင်းရှင်းစာအုပ်ထဲမှာ ကျော်စံကေးရေးထားတာကို ဖတ်ဖူးတဲ့ အချစ်ဆိုတဲ့ အရာပါ


အချစ်ဆိုတာ ကောက်ရိုးမီးလိုပဲ
လောင်ကျွမ်းလွယ်တယ်
ကုန်လွယ်တယ်
နောက်ဆုံးမှာ ပြာဖြစ်သွားတယ်
အဲဒီပြာတွေက တစ်ခါတံရံမှာ ပတ်ဝန်းကျင်ကို အမှိုက်ရှုပ်စေတယ်
(စိုးဇေယျထွန်း)


အချစ်ဆိုတာ
သူ့နားမှာနေ သူ့လိုအင်တွေကို
ဖြည့်ဆည်းခွင်ရရင် ကျေနပ်နေတဲ့ ပိတိလေးတစ်ခုပေါ့
အဲဒီပိတိကို အချစ်လို့လို့ ခေါ်ကြတယ်
(စိုးဇေယျထွန်း)

အချစ်ဆိုတာ . . . .
နှလုံသားကို သစ်စေ့လို့ပြောမယ်ဆိုရင်
လူစိမ်းတစ်ယောက်ရဲ့ မေတ္တာက ရေလေးတွေဖြစ်မှာပေါ့
လူတစ်ယောက်ရဲ့ နှလုံးသားပေါ်ကို လူစိမ်းတစ်ယောက်ရဲ့ မေတ္တာရေတွေ သွန်းလောင်းတဲ့အခါ
အပင်တစ်ပင်ပေါက်လာတယ်
အဲဒီအပင်နာမည်က သံယောဇဉ်တဲ့
အဲဒီသံယောဇဉ် အပင်က အချိန်တန်တော့ အပွင့်ပွင့်တယ်
အဲဒီအပွင့်နာမည်က အချစ်လို့ ခေါ်တယ်
တကယ်လို့များ အချိန်တွေကြာငြောင်းလို့ အဲဒီအပွင့်လေးတွေ ကြွေကျသွားခဲ့ရင်တောင်
အပွင့်ရဲ့မွှေးရနံ့လေးတွေက ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတတ်တယ်
အဲဒီမွေးရနံ့နာမည်က အကြင်နာတဲ့
(စိုးဇေယျထွန်း)


အချစ်ဆိုတာ . . .
လူသည်ဆင် အချစ်သည်မျက်မမြင်ပုံဏား
မျက်မမြင်ပုံဏားတွေက မိမိစမ်းသပ်မိတဲ့ အစိတ်ပိုင်းကို ဆင်လို့ပြောသလို
လူတွေကလည်း ကိုယ်နဲ့ထိတွေ့ခဲ့တဲ့ ခံစားမှုတွေကို အချစ်လို့ ထင်ကြတယ်
ဒါကြောင့် လူတစ်ချို့ကပြောတယ် အချစ်က ခါးတယ်
လူတစ်ချို့က ပြောတယ် အချစ်က ချိုမြိန်တယ်
လူတစ်ချို့က ပြောတယ် အချစ်ကခါးလည်းခါးတယ် ချိုလည်းချိုတယ်
တကယ်တော့ ....
အချစ်မှာ ခါးခြင်းလည်းမရှိသလို ချိုခြင်းလည်းမရှိဘူး
တကယ်တော့
အချစ်မှာ ကြင်နာခြင်းဆိုတာ မရှိသလို ရက်စက်ခြင်းဆိုတာမရှိဘူး
တက်တယ်တော့
အချစ်ဆိုတာ စွမ်းအားတစ်ခုပဲ
ဥပမာပြောရင် မော်တော်ဆိုင်ကယ်တစ်စီးနဲ့တူတယ်
သင်ဘုရားကို လမ်းလျှောက်သွားရင် ကြာလိမ့်မယ် မော်တော်ဆိုင်ကယ်နဲ့ဆိုရင် ပိုမြန်တယ်
အဲလိုပဲ
သင်အရက်ဆိုင်ကို လမ်းလျှောက်သွားရင် ကြာလိမ့်မယ် မော်တော်ဆိုင်ကယ်နဲ့ဆိုရင် ပိုမြန်မြန်ရောက်တယ်
ဒါပေမယ့် မော်တော်ဆိုင်ကယ်ကို စည်းမရှိကမ်းမရှိ မောင်းရင် ရဲဖမ်းလိမ့်မယ် ဒါဏ်ရိုက်လိမ့်မယ် အခန့်မသင့်ရင် အသက်ဆုံးရှုံးရလိမ့်မယ် ။

မောင်ကျန်ရစ်ဂိန်ရေ ဆက်ရေးရင်တော့ ကျမ်းတစ်စောင် ဖြစ်လာလိမ့်မယ်။ အဲခါကျရင် လူတွေက ၀ယ်ဖတ်လိမ့်မယ်။ မလောက်လို့ ပုံနှိပ်စက်မှာ ထပ်ရိုက်ရလိမ့်မယ်။ ပုံနှိပ်စက်မှာ ထပ်ရိုက်ရင်းရိုက်ရင်း ကမ္ဘာပေါ်က စက္ကူတွေကုန်သွားလိမ့်မယ်။ စက္ကူတွေ ကုန်ရင် ၀ါးပင်တွေထပ်ခုတ်။ နောက်ဆုံးကျရင် ကမ္ဘာပေါ်မှာ ၀ါးပင်တွေ မျိုးတုန်းသွားလိမ့်။

အဲဒီအခါကျရင် တရားခံတွေဖြစ်တဲ့ ခင်ဗျားကျုပ်တို့ သမီးယေက်ဖ နှစ်ယောက်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက တရားစွဲလိမ့်မယ်။ မကောင်းဘူး။ အဲဒါကြောင့် ဒီနားတင်ပဲ ရပ်လိုက်ပြီနော်။

Read More...

ဘလာဂေါက်



ဒါကတော့ ဘလော့ဂ်ကာ ကိုဂေါက်ရဲ့ ပုံပါ။ မနေ့ညက စာရေးရမှာ ပျင်းတာနဲ့ ဖိုတိုရှော့နဲ့ ကလိထားတာ။ ပထမပုံပိုင်းပဲ ရှိသေးတယ်။ မိုးလင်းသွားလို့ လက်စ မသပ်ရသေးဘူး။ လက်စသပ်ပြီးရင် ထပ်တင်ပေးဦးမယ်။

Read More...

Wednesday, October 15, 2008

ရွှေတိံဂုံက သီတင်းလပြည့်ည







မနေ့ညက ဘုရားသွားဖူးရင်း ရိုက်လာခဲ့တဲ့ ပုံလေးတွေပါ ...

Read More...

Tuesday, October 14, 2008

အမည်မသိ ခေတ်မော်ဒယ်



























ဒီပုံက မြန်မာနိုင်ငံဓာတ်ပုံ အသင်းနဲ့ ကန်တော်ကြီးမှာ ရိုက်လာတာပါ။ ရိုက်ဆိုလို့တာ လုယက်တိုးဝှေ့ပြီး ရိုက်လိုက်တာ မော်ဒယ်နာမည်တောင် မမေးမိလိုက်ဘူး

Read More...

Monday, October 13, 2008

စာရေးရမှာ ပျင်းတဲ့ကျွန်တော် ..........

တကယ်တော့ ကျွန်တော်၊ တော်တော်ပျင်းပါသည်။ အိပ်ရာ စောစောထရမှာ ပျင်းပါသည်။ ကျွန်တော် စာကျက်ရမှာ ပျင်းပါသည်။ မိုးရေစက်လက် မိုးရွာထဲမှာ လမ်းလျှောက်ရမှာ ပျင်းပါသည်။ နေပူလျှင် အပြင်ထွက်ရမှာ ပျင်းပါသည်။ အလုပ်ကြမ်းတွေ လုပ်ရမှာ ပျင်းပါသည်။ ထိုကဲ့သို့ ကျွန်တော် တော်တော် အပျင်းကြီးပါသည်။ ကျွန်တော်ပျင်းတတ်သည် ဆိုတာကို ကျွန်တော်ကိုယ့် ကျွန်တော်ငယ်ငယ်ကတည်းက သိပါသည်။ သို့ရာတွင် စာရေးမှာကို ပျင်းလိမ့်မည်ဟု ထိုအချိန်က တွေးမထင်ခဲ့မိပါ။

ကျွန်တော်စာရေးမှာ တော်တော်ပျင်းသည် ဆိုတာကိုတော့ ၀ါသနာပါလှချည်ရဲ့ဆိုပြီး စာရေးခြင်းအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းသည့်အခါမှ သြော် .... ငါဆိုတဲ့ အကောင်စာရေးရမှာလဲ ပျင်းတာပဲ ဆိုတာကို သိလိုက်ရသည်။

ကျွန်တော်တို့ သတင်းထောက်လုပ်တုန်းက ဖြစ်သည်။ အယ်ဒီတာက သတင်းပေးပါ သတင်းပေးပါ။ သတင်းထောက်ဆီမှာ တစာစာ လိုက်တောင်းသည်။ သတင်းထောက်တွေကလည်း ကျွန်တော့်လိုပဲ စာရေးရမှာ ပျင်းကြသည်(လူတိုင်းကို မဆိုလိုပါ)။ ဒီနေ့ရတဲ့ သတင်းကို ဒီနေ့မရေးချင်ကြ။ နောက်ဆုံး ဖောင်ပိတ်ပြီ Last minute ရောက်မှ ပြူးကာ ပြာကာ ရေးကြသည်။ တစ်ပတ်လည်း မဟုတ် နှစ်ပတ်လည်းမဟုတ် အမြဲတမ်းဖြစ်သည်။ ထိုသို့ရေးနေရင်းက ဒီတစ်ပတ်တော့ တွက်ခြေကိုက်သွားပြီ ကျန်တာနောက်အပတ်မှ ရေးမည်ဆိုသော ကိုယ့်ထက်ပျင်းသည့် သတင်းထောက်များလည်း ရှိသေးသည်။ ထိုစဉ်က ကျွန်တော်ထင်မိသည်။ သတင်းမို့ ပျင်းတာဖြစ်မှာပါ။ လုံးခြင်းတွေ ပါတွေရေးရင်တော့ ပျင်းမည်မထင်ပါဘူး။ ထိုကဲ့သို့သာ လျှောက်တွေးနေသည်။ လုံးခြင်းရေးဖို့ ခေါင်းစဉ်ကို စဉ်းစားရမှာတောင် ပျင်းနေခဲ့သည်ကို ကိုယ့်ကို သတိမထားမိခဲ့။

တစ်ခါတစ်လေ ကိုယ့်ကို ပြန်မေးကြည့်မိသည်။ မင်းရန်ကုန်ကိုလာတာ ဘာလုပ်ဖို့လဲ။ ပြန်ဖြေကြည့်သည် စာရေးဆရာလုပ် မလို့။ စာရေးဆရာ လုပ်မယ်ဆိုရင် မင်းဘာကိုရေးမှာလဲ။ စာရေးဆရာ လုပ်မည်ဟု ပြောတော့သာ လွယ်သည်။ ရေးချင်တာတွေကလည်း များသည်။ ဘာကိုရေးမှာလဲ ဆိုတော့ လိုင်းတွေရွှေးနေတာနဲ့ ပင်အချိန်တွေက သုံးလေးနှစ်ကုန်သွားခဲ့သည်။ ထိုသုံးလေး နှစ်အတွင်း ကျွန်တော့်ခေါင်းထဲမှာတော့ လုံခြင်းအုပ်ရေပေါင်း မြောက်များစွာကို ရေးပြီးသွားပြီ။ သို့ပေမယ့် စာရွက်ပေါ်ကိုတော့ ရောက်လာခဲ့ခြင်းမရှိ။

တစ်နေ့တော့ ဆရာဖေမြင့်ရဲ့ ဂျက်လန်ဒန် အကြောင်းကို ဖတ်မိသည်။ ဂျက်လန်ဒန်သည် စာရေးဆရာ ဖြစ်ရန် ရေးစရာ ရှိချင်ရှိ မရှိချင်နေ တစ်နေ့ အနည်းဆုံး ငါးမျက်နှာတော့ရအောင် ရေးသည်ဟုဆိုသည်။ ထိုစာကို ဖတ်ပြီးချိန်တွင် မဖြစ်ချေဘူးဆိုပြီ ကျွန်တော် ခေါင်းထဲမှာ ရှိနေသော ၀တ္ထုလေးရဲ့ ဇာတ်လမ်း အစကို ပျိုးလိုက်သည်။ ငါးမျက်နှာ ပြီးပါသည်။ အပျိုးလေးကို ကျွန်တော်လည်း ကြိုက်ပါသည်။ ထို့အတူ ဆက်ရေးမည်ဟု ကတိက၀တ်ခံပြီး ဘလော့ဂ်ပေါ်မှာပင် ခပ်တည်တည်နှင့် ကောက်တင်လိုက်သေးသည် (ကြည့်ချင်ရင် ဒီနေရာကိုနှိပ်)။ သို့ပေမယ့် ကျွန်တော်ဆက်မရေး ဖြစ်ခဲ့ပါ။

ငယ်ငယ်တုန်းက တင့်ဆန်း ရေးသည့် စာအုပ်တစ်အုပ်ထဲတွင် သူသည် စာရေးရမှာ ပျင်းသည်ဟု ဖတ်ဖူးသည်။ ထိုစဉ်က ဒီလူနှယ် စာရေးဆရာ လုပ်နေပြီး စာရေးရမှာ ပျင်းရန်ကောဟု အပြစ်တင် ဝေဖန်ခဲ့ဖူးသည်။ ယခု ကိုယ်တွေ့ ကြုံတော့မှ အော် သူပြောတာ ဟုတ်ပေသားပဲဟု ထောက်ခံမိသည်။

တစ်ရက်တွင် ဇင်ယောက်နီ ရေးသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မင်းသိင်္ခကို အလုပ်အရမ်းပင်ပန်း နေပြီ မအိပ်သေးဘူးလာဟု ဇင်ယော်နီက မေးကြည့်သည်ဟုဆိုသည်။ မအိပ်သေးဘူး စာရေးဦးမယ်ဟု မင်းသိင်္ခက ပြန်ပြောသည်ဟု ဆိုသည်။ ထိုအခါ ဇင်ယော်နီက ဆရာကြီး ပင်ပန်းနေပြီ ဖြစ်တာကြောင့် အိပ်သင့်ပြီဟု တိုက်တွန့်သည့်အခါတွင် ပင်ပန်းလို့သာ စာမရေးပဲ အိပ်ခဲ့ရင် မင်းသိင်္ခ ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ဟု ဆရာ မင်းသိင်္ခက ပြန်ပြောခဲ့သည်ဟု ဆိုသည်။ ထိုဆောင်းပါးကို ဖတ်ပြီးတော့ ကျွန်တော် ရေးလိုက်ပါသေးသည်။ နှစ်ညသုံးည။ သို့ပေမယ့် ဆက်မရေးဖြစ်ခဲ့။

ထို့သို့ ထိုသို့ဖြင့် ပြန်စဉ်းစားကြည့်တော့ ရန်ကုန်ရောက်တာ ငါးနှစ်ကျော်လာခဲ့ပြီ။ ခြောက်လကို တစ်အုပ်ပြီးရင်တောင် စာအုပ်ဆယ်အုပ်ခန့် ပြီးစီနေလောက်ပြီ။ ယုခုတော့ တိုတိုမွမွ စာတွေက လွှဲလို့ အုပ်လိုက် ပြစရာ တစ်ခုမှမရှိ။ ထို့ကြောင့် ကျွန်တော်၏ အပျင်းများကို ပြင်ဆင်ပြီး ခေါင်းထဲမှ စာများကို ယခုအခါ ပြန်လည်ရေးသား နေသည်။ သို့ရာတွင် ဘယ်နှစ်ရက်ခံမည်ကား ကျွန်တော်ကိုယ် တိုင်မသိသေး။


Read More...

ရန်ကုန်နေ၀င်ချိန်



Central တာဝါပေါ်ကနေ အင်တာနက်သုံးနေရင်း လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းလေးကို ရိုက်ထားတာပါ။

Read More...

Sunday, October 12, 2008

ပန်းသီး

မနေ့ညက ဖိုတိုရှေ့နဲ့ ဆွဲထားတဲ့ ပန်းသီးပုံလေးပါ။ အဲဒီပုံကို ညဆယ့်တစ်နာရီခွဲ ကနေစဆွဲတာ မနက် လေးနာရီခွဲပြီးမှ ပြီးသွားတယ်။ ပန်းသီးနဲ့ ချွတ်ဆွတ် မတူပေမယ့် ကျွန်တော်ကတော့ ပြန်ပြန်ကြည့်ပြီး သဘောကျတယ်။

Read More...

Friday, October 10, 2008

အေးမြတ်သူ







Canon Camera Club မှာရိုက်ခဲ့တဲ့ ပုံတွေပါ

Read More...