Art is My Life: September 2008

Friday, September 26, 2008

ဝါဆိုဝါခေါင် ကင်မရာပေါင်

ကျွန်တော် သတင်းထောက်လုပ်တုန်းက ဓာတ်ပုံဆရာဆိုတဲ့လူတွေကို ကျွန်တော် ပြောဖူးတယ်။ ခင်ဗျားတို့ကတော့ အာရကေ တော်တော်လျှံမှာပဲလို့ ......
အဲဒီတုန်းက အဲဒီဓာတ်ပုံသမားက ညဉ်းတယ်။ ဘယ်ကလာကွာ။ ဒီအချိန်က ဓာတ်ပုံတွေ အလုပ်ဖြစ်တဲ့ရာ သီချိန်မဟုတ်ဘူးကွ။ ၀ါဆိုဝါခေါင် ကင်မရာ ပေါင်တဲ့။ ဓာတ်ပုံ ဆိုတာ သတင်းကျွတ်ပြီးမှ အလုပ်ဖြစ်တာကွတဲ့............

အဲဒီအချိန်တုန်းကတော့ ကျွန်တော် အမှုမဲ့ အမှတ်မဲ့ပါပဲ ..........

ဒီနေ့ မနက်မိုးလင်းလို့ အိပ်ယာထတော့။ ရေချိုးတယ်။ ရေချိုးပြီးတော့ အပြင်သွားဖို့ ယောင်ယမ်းပြီး ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ .... နှစ်ရာတန် အစုတ်လေး နှစ်ရွက်ရယ် တစ်ဆယ်တန် အစုတ်လေး တစ်ရွက်ရယ်။ ဟုတ်တာပဲ ကျွန်တော် ပိုက်ဆံ မရှိတော့ဘူး မေ့နေလိုက်တာ။ လောလောဆယ် ငွေဝင်ဖို့ အပေါက်အလမ်းကလဲ မရှိသေးဘူး။ လက်ရှိ ကျန်နေတဲ့ ငွေလေးရာ့ တစ်ဆယ်က မနက်စာစားဖို့တောင် မလုံလောက်ဘူး။ အဲဒီတော့ ကြံစမ်း လတ်တလော လိုနေတဲ့ အာရကေကို ဘယ်လိုဖြေရှင်းရပါ့ .............

ဘာမှ မခက်ပါဘူး လိုက်ချည်းတာပေါ့။ ဟိုလူ့ဆီ ဖုန်းဆက် ဒီလူ့ဆီဖုန်းဆက်။ နေ့လည် ဆယ့်နာရီ ထိုးသွားပြီ။ ဘယ်သူ့ဆီကမှ ပိုက်ဆံချည်းလို့ မရသေးဘူး။ အဲဒါဆိုရင်တော့ ဘယ်လိုလုပ်ရပါ့။ စဉ်းစားနေတုန်း ရှိသေးတယ် ၂၄ နာရီမှာ တစ်စက္ကန့်မှ မနားရအောင် ဆာလေ့ရှိတဲ့ ကျွန်တော့်ဗိုက်က အသံထွက်လာတယ် ကွီတဲ့........... ။ ဟေ့ကောင် ခဏနေဦး မကွီနဲ့ ဒီမှာ မင့်ဆရာ အကြံထုတ်နေတုန်း။

အင်း........။ အမတွေ ဆီသွားတောင်းရအောင်ကလည်း တောင်းထားတာ မကြာသေးဘူး။ ထပ်သွားတောင်းရင် နင်ပေးထားတာ ရှိလို့လားလို့ မေးနေဦးမယ်။ ပိုက်ဆံလိုက်ချည်းတာလဲ တပြားမှ မရဘူး။ ပိုက်ဆံမရှိလို့ သွားချည်းသွား။ ငါ့မှာ ပိုက်ဆံမရှိဘူးလို့ လူတကာကို လိုက်ပြောနေရသလိုပဲ။ မထူးပါဘူး။ ကျောပိုးအိတ်ထဲက ကင်မရာရယ် မင်းအပေါင်ဆိုင်မှာ ခဏနားပေးတော့။ မဟုတ်ရင် မင့်သခင်က မင့်ကို သွားလေရာ ကျောပိုးအိတ်ထဲ သယ်ပြီး မိုးရွာရွာနေပူပူ လျှောက်သွားနေတာ။ တော်ကြာနေ မိုးရွာချလို့ တုပ်ကွေးမိနေမယ်။ တုပ်ကွေးမမိရအောင် လုံခြုံတဲ့နေရာ အပေါင်ဆိုင်မှာ မင့်ကို ခဏထားခဲ့မယ်ဆိုပြီး ကျွန်တော် အပေါင်ဆိုင် ရှိရာဆီသို့ ချီတက်လို့ သွားပါတော့တယ်။

အပေါင်ဆိုင်ရှေ့ရောက်တော့။ ပြောလို့သာ ပြောရတာ ဟုတ်ဘူး။ ဒီအသက်အရွယ်အထိ အပေါင်ဆိုင်တစ်ခါမှ မရောက်ဖူးဘူးလေ။ ဆိုင်ထဲဝင်ရမှာ ဟိုရှက်တာလိုလို ဒီကြောက်တာလိုလိုနဲ့ မ၀င်ရဲဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အပေါင်ဆိုင်ကို ကျော်ကျော်ပြီး ခေါက်တုန့် ခေါက်ပြန်လျောက်နေမိတယ်။ အဲဒီမှာ တစ်ခုစဉ်းစားမိတာက ...........

ဟေ့ကောင် မင့်ဆံပင်က စုတ်တိစုတ်ဖွား။ အ၀တ်စားကလည်း ပေစုတ်စုတ်နဲ့ အပေါင်ဆိုင်သွားရင် ဘယ်ကခိုးလာတာလဲလို့ မေးလိမ့်မယ်။ မဖြစ်ချိမ့်ဘူး။ နောက်ပြီးတော့ ဘယ်မှာလည်း မှတ်ပုံတင်။ သြော်ဟုတ်ပေသားပဲ ........

အဆောင်ရောက်တော့ ကျွန်တော်ရေချိုးတယ်။ ဘေးအခန်းချင်း ကပ်လျှက်က ကောင်ဆီက မီးပူးငှားပြီး ကျွန်တော့်ဆီမှာ အသန့်ဆုံးဟု ယူဆရတဲ့ အကျီတစ်ထည်ကို မီးပူတိုက်တယ်။ ပြီးတော့ မကြာသေးခင်ကမှ ၀ယ်ထားတဲ့ ဘောင်းဘီရှည်ကို ၀တ်တယ်။ ပြီးတော့ တစ်ခန်းကျော်မှာနေတဲ့ ကောင်ဆီက ခေါင်းလိမ်းဆီကို တောင်းလိမ်းတယ်။ ပြီးတော့ မှန်ထဲမှ ကိုယ့်ကိုယ်ပြန်ကြည့်တယ်။ အိုကေ ငါ့ရုပ်က သူခိုးဂျိပိုးပုံ မပေါက်တော့ဘူး။ ပြီးတော့ အပေါင်ဆိုင်ကို ချီတက်ခဲ့တယ် ...........

အပေါင်ဆိုင်ရှေ့ရောက်တော့ သေချာအောင် ကျွန်တော့်အိပ်ကို စမ်းကြည့်တယ်။ ဘယ်မှာလဲ ကင်မရာ။ ဇစ်တွေနဲ့ ရှုပ်ပွနဲ့ ကျွန်တော့် အိပ်ထဲမှာ တစ်အိပ်ပြီးတစ်အိပ် ဖွင့်ပြီးလိုက်ရှာတယ်။ ကင်မရာကို မတွေ့ဘူး။ သြော်မှတ်မိပြီ အပေါင်ဆိုင်သွားခါနီး ကင်မရာကို နုတ်ဆက်အနမ်းပေးပြီးတော့ အိပ်ထဲ ပြန်မထည့်မိတာကိုး။ ကဲ စိတ်မရှိနဲ့ ကိုယ့်လူ အဆောင်ပေါ် ပြန်တက်ဦး ..........

အပေါင်ဆိုင်ရောက်တော့ ..........
ကင်မရာ အပေါင်မခံဘူးကွာ
ဗျာ ......... ဟုတ်ကဲ့ကဲ့

ဟန်မပျက်နဲ့ ကျွန်တော်ထွက်လာတယ်။ စာဆိုထဲမှာက ၀ါဆို ၀ါခေါင် ကင်မရာပေါင်တဲ့။ အခုကျွန်တော့်အဖြစ်က ကင်မရာတောင် အပေါင်မခံနိုင်ရှာပါလား။ အင်းလေ မထူးတော့ပါဘူး .............။ ထုံးစံအတိုင်းပဲ ပေါ့။

ဘာလုပ်တာလဲ
ကျွန်တော့်အမကမေးတယ်။ သူက အစိုးရ ရုံးတစ်ရုံးမှာ ၀န်ထမ်းလေ
ဘာရယ်မဟုတ်ပါဘူး။ လမ်းကြုံလို့ ၀င်လာတာပါ

အဲဒီလိုနဲ့ စကားလေးဘာလေး ပြော။ ပြန်ခါနီးတော့ ကျွန်တော် မုန့်ဖိုးတောင်းတာ ထောင့်နှစ်ရာပေးလိုက်တယ်။ ထပ်ပေးပါဦးလားလို့ တောင်းဖို့က မကောင်း။ အဲဒီတော့ ငွေထောင့်နှစ်ရာကို လက်ဝယ်ပိုက်ပြီး လေးဖင့်သော ခြေလှမ်းများနဲ့ ကျွန်တော် ရန်ကုန်မြို့ရဲ့ ဒေါင်းတောင်းဟု ခေါ်သော အရပ်ဒေသများကို ဦးတည်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ တွေ့တဲ့ ကောင်ဆီက ပိုက်ဆံ ချည်းပစ်မယ်ပေါ့ဗျာ ..။

မြို့လည်ကောင်ရောက်မှာ သတိရတယ်။ ပုစွန်တောင်က ဂိုလ်ထောင်တစ်ခုမှာ ကျွန်တော်သူငယ်ချင်းရှိတယ်။ သူကတော့ အဲဘား အာရလန်းတယ် လက်စွပ်တစ်ကွင်းကိုလဲ အမြဲစွပ်ထားတယ်။ ငယ်သူငယ်ချင်းဖြစ်တာကြောင့် ဒီကောင်ဆီမှာ ချည်းရင်တော့ သေချာပေါက်ရလိမ့်မယ်။ နောက်ဆုံး မရရင်တောင် လက်စွပ်ပေါင်ခိုင်းမယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီကောင်ဆီကို ဖုန်းဆက်ဖြစ်တယ်။ ဖုန်းထဲမှာတော့ ဟေ့ရောင် မင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲလို့ ဘလိုင်းကြီး မေးလို့ မကောင်းဘူးလေ။ အဲဒါကြောင့် ကျွန်တော်မေးလိုက်တယ်

ဟေ့ကောင် ရှိလား
အေးရှိတယ်
အေးအဲဒါဆို ငါလာခဲ့မယ်
လာခဲ့လေ

အဲဒီလိုဆိုတော့လည်း အိုကေသွားတာပေါ့နော်။
ငွေရေးကြေးရေး အိုကေပြီဆိုတော့လည်း လက်ဝယ်ပိုက်ထားတဲ့ ထောင့်နှစ်ရာကို စီမံခွံခွဲမှ သင့်တော်ရော့မယ်။ ဗိုက်ကလည်း ဆာနေပြီကိုး။ အဲဒါနဲ့ ခေါက်ဆွဲစားတယ်။ ရှစ်ရာ။ လေးရားပိုတယ်။ ကားတောင် မစီးတော့ဘူး နှမျှော့လို့ ဆူးလေးကနေ ပုစွန်တောင် လမ်းလျောက်သွားလိုက်တယ် ...........။

သူ့ဂိုထောင်ရောက်မှ သတိရတယ်။ မေ့နေလိုက်တာ တာမွေဘက်က အိမ်တစ်အိမ်ကို စင်္ကာပူ ဒေါ်လာတစ်ရာ ပေးဖို့ အသိတစ်ယောက်က အကူညီတောင်းထားတာ။ သူ့ပေး ပေးဖို့ ပြောဖထားတဲ့ စင်္ကာပူ ဒေါ်လာတစ်ရာက ကျောပိုအိတ်ထဲမှာ။ သူများပိုက်ဆံကို အကြာကြီး ယူထားလို့ မသင့်ချေဘူး။ အဲဒါကြောင့် သတိရတုန်း သွားပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ပုစွန်တောင်ကနေ ရွေဧည့်သည် ကားစီးသွားရင် သုံးရာ။ အသွားအပြန်ခြောက်ရာ ကျမယ်။ ကျွန်တော့ဆီမှာ ရှိတာ လေးရာ။ မဖြစ်သေးဘူး။ အပြန် လမ်လျှောက်ပြန်နေရမယ်။ အဲဒါကြောင့် အခု ကျွန်တော်နေရာက်နေတဲ့ ပုစွန်တောင် ဂိုလ်ထောင်က သူငယ်ချင်းကိုပါ ခေါ်သွားဖို့ စိတ်ကူးလိုက်တယ်.......။

ကားခလေးတွေပေးကြပါ ......
ပုစွန်တောင်ဈေးရှေ့ရောက်တော့ ရွေဧည့်သည် စပါယ်ယာက ကားခတောင်းပြီး။ ကျွန်တော်က ကျွန်တော်နဲ့ လိုက်လာတဲ့ သူငယ်ချင်းကို ကြည့်တယ်။ သူကလဲ ကျွန်တော့်ကို ပြန်ကြည့်တယ်။ ကျွန်တော့်စိတ်ထဲက ဒီကောင်ကို ကျိန်ဆဲနေမိတယ်။

ခက်ရန်ကော။ ခွေးမသား အလိုက်မသိလိုက်တာ။ ထုတ်ပေးမယ် မရှိဘူး ပေါ့။ စိတ်ထဲက အဲလို ကျိတ်ဆဲနေတာ။ နောက်ဆုံ မထူးတော့ပါဘူး ဆိုပြီ ကျွန်တော်က ပြောလိုက်တယ် .
ဟေ့ရောင် ကားခ ပေးလိုက်လေကွာ ဆိုတော့ ။ မပါဘူး တဲ့.............

ကျွန်တော်က ပြောတာပေါ့။ မင်းပြောတော့ ရှိတယ်ဆိုလို့။ ဟုတ်တယ်လေ ဒီကောင်ပဲ ဖုန်းထဲမှာ ဟေ့ကောင်ရှိလားလို့ မေးတော့ ဒီကောင်က ရှိတယ်လို့ ဖြေခဲ့တာ။

ဟာ....... ။ ရှိတယ်ဆိုတာက မင့်ငါကို ဂိုလ်ထောင်မှာ ရှိလားလို့ မေးတာ မှတ်လို့ကွ ငါက ရှိတယ် လာခဲ့လို့ ပြောလိုက်တာ။ ပိုက်ဆံရှိတယ်လို့ ပြောတာ မဟုတ်ဘူး။

သေလိုက်ပါတော့လား ခွေးသားရယ် .........။

ဘာပဲ ဖြစ်ဖြစ်လေ ဘယ်လောက်ပါလဲပါတာ အကုန်ထုတ်

နှစ်ရာပါတယ်

အေးမင့်နှစ်ရာရယ် ငါ့လေးရာရယ် ပေါင်းရင် ခြောက်ရာ။ ရွေဧည့်သည်က တစ်ယောက်သုံးရာ။ ပေးဖို့ လောက်တယ်ဆိုပြီး ကျွန်တော ရွေဧည့်သည် ကားခကို ပေးလိုက်ရတယ်..........

အခု အသွားကားခတော့ အိုကေ သွားပြီ ...။ အပြန်ကားခ ဘယ်လို လုပ်ကြမလဲ။
ဝါဆို ၀ါခေါင်ဆိုပေမယ့် ကင်မရာက ပေါင်လို့ မထွက်ဘူးကွယ် .........

Read More...

Wednesday, September 24, 2008

အပိုင်းအစ

အဲဒီအပိုင်းအစဟာ ပုံပြင်တစ်ပုဒ်ရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။ အဲဒီအပိုင်းစဟာ ချစ်ခြင်းရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။ အဲဒီအပိုင်းအစဟာ လူတစ်ယောက်ရဲ့ နှလုံးသားရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်

* * * * * *

လမင်းက ပြောတယ် .....

သူဟာ ကမ္ဘာမြေကို အကြိမ်ပေါင်းများစွာ ပတ်ပြီး သူ့ရဲ့ ကြင်ယာဖက်ကို ရှာနေခဲ့ဖူးတယ်တဲ့ ....


သစ်ခြောက်ပင်က ပြောတယ် ........

သူဟာ ကမ္ဘာပေါ်မှာ အမွှေးဆုံးပန်းတစ်ပွင့်ကို ပွင့်ပေးချင်ခဲ့တာတဲ့ .........

ငှက်ကလေးတစ်ကောင် ကတော့ အမြဲတမ်း ပျံသန်းနေတယ် သူဘာမှ မပြောဘူး

* * * * *

တစ်ခါတုန်းက ကမ္ဘာပေါ်မှာ လ တစ်စင်းရယ်။ သစ်ရွက်တစ်ရွက်မှ မကျန်တဲ့ သစ်ခြောက်ပင်ကြီး တစ်ပင်ရယ်။ မရပ်မနား ပျံသန်းနေတဲ့ ငှက်ကလေး တစ်ကောင်ရယ် ရှိကြတယ်။ သူတို့ဟာ တစ်နေရာစီမှာ နေပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း မသိကြဘူးပေါ့။ ဒါပေမယ့် သူတို့မှာ တူညီနေတဲ့အချက်က ရယ်ရွယ်ချက် တစ်ခုတော့ ရှိနေကြတယ် ... ။

* * * *

ငါကမ္ဘာမြေကို ပတ်လာတာ နှစ်တွေ သန်းပေါင်းမြောက်များစွာ ကြာခဲ့ပြီ

သေချာတာကတော့ ဒီကမ္ဘာမြေမှာ ငါ့ရဲ့ကြင်ရာဖက် မတွေ့နိုင်တော့ပါဘူး .....

စိတ်ပျက်အားငယ် ဟန်နဲ့ လမင်းက ငြီးတွားရှာတယ်။


တကယ်တော့ ငါက ကမ္ဘာမြေမှာ အမွှေးဆုံးပန်းလေးတစ်ပွင့် ပွင့်ချင်ခဲ့တာပါ

အခုတော့ ငါ့ကို သင်းသတ်သွားကြလို့ အပွင့်မပြောနဲ့ အရွက်တောင်မရှိတဲ့ဘ၀။ ငါဘ၀က သေဆုံးခဲ့ရပြီးကိုး။

သစ်ပင်က သူ့ရဲ့ ရိုးတန်းကြဲနေတဲ့ အကိုင်းခက်တွေကို ကြည့်ရင်းငိုတယ်..။


ငှက်ကလေးကတော့ ဘာမှ မပြောဘူး ..........

* * * *

တစ်ရက်မှာ လမင်းရယ်။ သစ်ခြောက်ပင်ရယ်။ ငှက်ကလေးရယ် သွားဆုံးမိကြတယ်။ လမင်းကတော့ အရှေ့မှာ ထိန်ထိန်သာလို့၊ သစ်ခြောက်ပင်ကတော့ လရောင်အောက်မှာ မားမားရပ်လို၊ ငှက်ကလေးကတော့ စွန်းထွက်နေတဲ့ သစ်ကိုင်းခြောက်လေးမှာ နားခိုလို့ . . .။ အဲဒီလို သူတို့ တွေ့ဆုံဖြစ်ချိန်မှာ တစ်ယောက်အကြောင်း တစ်ယောက် ပြောဖြစ်ကြတယ်

* * * *

ငါကတော့ ဒီကမ္ဘာကို တတ်နိုင်သလောက် အလင်းရောင်လေး ပေးပြီး နေတော့မယ်။ ငါဆက်ရှာနေလည်း အပိုပဲလေ...

လမင်းကသူ့ရဲ့ နောက်ဆုံး ရည်မှန်းချက်ကို ပြောပြတယ်။

တကယ်တော့ငါက ရိုးရိုး သစ်ပင်မဟုတ်ဘူး။ အနှစ်တစ်ရာမှာ တစ်ပွင့်တည်းပွင့်တဲ့ သစ်မွှေးပင်လေ။ အနှစ်တရာ ပြည့်ခါနီးမှာ ငါ့ကိုလူတွေက သင်းသတ်သွားတယ်။ မကြာခင်မှာပဲ ငါဟာခုတ်လှဲခံရလိမ့်မယ်......

သစ်ပင်က သူ့ရဲ့ အဖြစ်ကို ပြောပြတယ်။

ငှက်ကလေးက ဘာမှ မပြောဘူး ................... ။ သူဆိတ်ဆိတ်ပဲနေတယ်။

* * *

နောက်ဆုံးမှာ သစ်ပင်နဲ့ လမင်းက မရမက အတင်းမေးတော့ ငှက်ကလေးက ဖြေတယ် ....

ငါက ရိုးရိုက် ငှက်မဟုတ်ဘူး။ အောက်ချင်းငှက် .....

အောက်ချင်းငှက်ဆိုတာ တွန်သံကို နားထောင်ပြီး ကြင်ယာဖက်ကို ရွေးချယ်တယ်။ တစ်သက်မှာ တစ်ကောင်ပဲ ပေါင်းတယ်။ အဖိုသေရင် အမလိုက်သေတယ်။ အမသေရင် အဖိုလိုက်သေတယ်။ အခု ငါ့ကြင်ယာဖက်ရဲ့ အသံကို ငါကြားနေရပါပြီ။ ဒါပေမယ့် သူက အချိန်မတန်သေးလို့ပါဆိုပြီး အတွေ့မခံပဲ ပုန်းနေတယ်။ ဒါကြောင့် သူ့ရဲ့ တွန်သံကြားရာ နောက်ကိုလိုက်ပြီး ရှာနေမိခဲ့တာပေါ့.........

* * * *

ငှက်ကလေးရဲ့ စကားသံဆုံးတာနဲ့ ကောင်းကင်က ရုတ်တရက် တိမ်မည်းတွေတက်လာတယ်။ ပြီးတော့ မိုးတွေရွာချပြီး တိမ်မည်းတွေက လမင်းကို ဖုံးကွယ်သွားတယ်။ အဲဒီမိုးရေတွေကြားမှာ လွှဆွဲသံကို ကြားရတယ်။ ခဏကြာတော့ သစ်ခြောက်ပင်ဟာ သစ်ငုတ်တိုဖြစ်သွားတယ်။ ငှက်ကလေးကတော့ မှောင်မည်းနေတဲ့ ကောင်းကင်ထဲကို တိုးဝင် ပျံသန်းသွားလေရဲ့ ........

* * * * *

ပျံသန်းသွားတဲ့ ငှက်ကလေးရဲ့ ရင်ဘတ်ထဲမှာ တစ်ခုခုကို စိုးရိမ်ကြောင့်ကျနေတယ်။ အဲဒါကတော့ သူ့ဘ၀ဟာ လမင်းနဲ့ သစ်ခြောက်ပင်လို အဖြစ်မျိုးကြုံတွေ့ရမှာ သူကြောက်နေတာလေ. .. . .

* * * *

ကိုယ်ပြောတဲ့ ပုံပြင်လေးက ဒီမှာ ပြီးပါပြီ ..........။

ဒါပေမယ့် အဆုံးအထိ မပြီးသေးဘူး။ အခုပြောခဲ့တာက ပုံပြင်တစ်ပုဒ်ရဲ့ ပိုင်းစလေးတစ်ခု။ ကျန်နေတဲ့ လက်ကျန်အပိုင်းစရဲ့ ဇာတ်သိမ်းက ဘယ်လိုသိမ်းမလဲ ဆိုတာ ကိုယ့်ထက် မိန်းကလေးက ပိုသိမှာပါ။

မိန်းကလေးရေ ......

နင်ဆက်ပြောမဲ့ ပုံပြင်ရဲ့ ဇာတ်သိမ်းပိုင်းလေးကို ငါရင်ခုန်စွာနဲ့ စောင့်မျှော်နေမယ်နော်..........

Read More...

Saturday, September 20, 2008

ပုံတွေကို အပျင်းပြေလုပ်ထားတာ

အိုဘားမားနှင့် မက်ကိန်းတို့ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသော အမေရိကန် သမ္မတ အသစ် ......

နှစ်တွေကြာခဲ့ပေမယ့် လူတိုင်းရဲ့ ရင်ဘတ်ထဲမှာ သူ့ကျေးဇူးတွေကို သတိရနေကြတယ် ........



ကမ္ဘကျော် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို ရိုက်ကူးခဲ့စဉ်က .....

ကမ္ဘာကျော်တဲ့ ဘယ်ဆောက်အအုံမှာပဲ ကြည့်ကြည့် နံရံတိုင်းမှာ သူ့ပုံတွေကြီးပဲ ............

အခုလိုမျိုး ကိုယ့်ပုံတွေကို ဖျက်လိုဖျက်ဆီး လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကိုကလစ်နှိပ်လိုက်ပေါ့

Read More...

Friday, September 19, 2008

သီတင်းကျွတ်


သူငယ်ချင်းတစ်ယောက် အီးမေးကနေ ပို့လာတဲ့ ပုံတော်ပါ ..........
သူငယ်ချင်းတွေလည်း ပူဇော်လို့ရအောင် မျှဝေပေးလိုက်ပါတယ်...

Read More...

Tuesday, September 16, 2008

ကရ၀ိက်


စာအုပ်တစ်အုပ်အတွက် မျက်နှာဖုံး ဒီဇိုင်းလုပ်ဖို့ ဆိုပြီး ကျွန်တော်ရိုက်ထားတဲ့ ကရ၀ိက် ပုံလေးတွေကို ဖိုတိုရှော့နဲ့လျှောက်ကလိတာ စာအုပ်မျက်နှာဖုံးတော့ ဖြစ်မလာဘူး။ အခုလိုပုံလေးတွေ ဖြစ်လာလေရဲ့ ........

Read More...

ဓာတ်ပုံသမား ဖြစ်တော့မည်လော...........


ကျွန်တော်ရိုက်သည့်ပုံ။ မနေ့က ဖိုးဝ မီဒီယာက ထုတ်တဲ့ ကြော်ငြာစာအုပ် မျက်နှာဖုံးပါ

ရန်ကုန်ကို လာတုန်းက ရည်ရွယ်ချက်က တစ်ခုတည်း.........။ စာရေးဆရာ လုပ်မယ်ပေါ့။ ရန်ကုန်ရောက်တော့ ဂျာနယ်တိုက်မှာ အလုပ်ဝင်လုပ်ပြီး သတင်းထောက် ဖြစ်လာတယ်။ သတင်းထောက် လုပ်နေရင်းက နိုင်ငံခြားသွားမယ်ဆိုပြီး ကွန်ပျူတာ သင်တန်းတက်ပြီး ကိုယ့်ကို ပရိုရရမ်မလိုလို ၀က်ဒီဇိုင်နာလိုလို။ နိုင်ငံခြား မသွားဖြစ်တော့ဘူးဆိုတော့ ရုပ်ရှင်သင်တန်းတက်ပြီး ဒါရိုက်တာလုပ်မလိုလို ဇာတ်ညွန်းဆရာပဲ လုပ်မလိုလို။ အဲလိုအဲလိုနဲ့ ............

အခုတော့ ဟိုကမြောက်ပေး ဒီကမြောက်ပေးနဲ့ ဟိုမော်ဒယ်ရိုက် ဒီမော်ရိုက်နဲ့ ဓာတ်ပုံသမား ဖြစ်လာလေရဲ့ ........... ။ နောက်တော့ ဘာဖြစ်ဦးမယ် မသိသေးဘူး။



Read More...

Saturday, September 13, 2008

ဘ၀နှင့်လက်ရာ

ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီကျော် တူးလုစ်လောထရက် ဘ၀နှင့်လက်ရာ အမည်ရှိ စာအုပ် လေးပါ။ Udo Felbinger ၏ Toulouse - Lautrec: Life and Work ကို လှိုင်ဘွား က ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပန်းချီကျော် တူးလုစ်ရဲ့ ငယ်စဉ်ဘ၀က အစ သေဆုံးသည်အထိ သူ့ဘ၀ နှင့် သူ၏အနုပညာလက်ရာ များအကြောင်းကို ရေးသားထားပါတယ်။

ဒီပြင် တူးလုစ်ရဲ့ နာမည်ကျော် ပန်ချီကားများကို ရောင်စုံစာမျက်နှာများ ဖြင့်ဖော်ပြထားပါတယ်။ ပန်းချီနှင့် ပန်ချီဆရာများ၏ အထုတ်ပတ္တိကို စိတ်ဝင်စားသူများအတွက် အသုံးဝင်မဲ့ စာအုပ်တစ်အုပ်ပါ။

Read More...

ကာရာအိုကေမှာ သောင်းကြန်းခဲ့သော တောပုန်းများ



လေးဖြူက အသက်ကြီးနေပြီ ဒါကြောင့် သူ့နေရာကို လူစားဝင်ဖို့ လေ့ကျင့်နေတယ် :P


တစ်ခါတစ်လေတော့လဲ ကိုယ့်လောက် မတော်တဲ့လူတွေကို အခုလို လက်တွဲခေါ်ရတယ် :D


တင်ဇာပင့်ဂိုးလ် တနင့်တပိုးဆိုနေတာ ကာရာအိုကေ


ကာရာအိုကေ ခန်းထဲမှာ မိုက်လုရင်း ရန်ဖြစ်ရာက အရက်မှုးသိုင်းနဲ့ချ .........



ကိုညီလင်းဆက်ရယ် ပင့်ဂိုလ်း ရင်ဘတ်ထဲမှာလေ စိုးဇေယျကြီး တစ်ယောက်တည်းကိုပဲ ချစ်တာပါ ဒါပေမယ့် သူမယုံတော့ ချိတ်ညစ်တယ် ဟင့်ဟင့် ..........



ပါးစပ်ထဲမိုက်ခွက်ကြီး ၀င်သွားလို့ မနည်း ပြန်နုတ်ရတယ် ........



ဟေ့ပင့်ဂိုး ငါ့ကိုမိုက်ပေးရင်ပေး မပေးရင် ရေဘူးနဲ့ ပစ်လိုက်မယ်



အေး အခုလို မိုက်ပေးတော့ ပစ်စရာ မလိုတော့ဘူး


တစ်ယောက်နှစ်ပုတ်စီ ဆိုမယ်လေ .........



ဒုက္ခပဲ ရှင်းဖို့ ပိုက်ဆံမလောက်ဘူး သောက်ထားတဲ့ ဘီယာက အလုံးခြောက်ဆယ် ကျော်နေပြီ ဘယ်လိုလုပ်ကြမလဲ


ငါတို့က လူအင်အားတောင့်ပါတယ် ထွက်ပြေးတာပေါ့ ........



စိုးဇေယျက ငါ့ကို စိတ်မ၀င်စားလို့ အူတိုလာမလားဆိုပြီး ကိုမျက်လုံးနဲ့ တွဲရိုက်လိုက်တယ် ဘာမှတ်လဲ ........


မိုးလှိုင်ညတစ်ယောက် စကားမပြောနိုင်တော့ပဲ ခြေဟန်လက်ဟန်နဲ့ပဲ ပြောရတော့တယ်


တက်စလာကြီးပဲ ဆိုနေတာ ဒီတစ်ပုဒ်ပြီးလို့မှ မိုက်မပေးရင် အိတ်ထဲက ဓားနဲ့ ထိုးပစ်မယ်





ရောဂါ ရောဂါ




မိုက်မရှိတော့လဲ ဘာဖြစ်လဲ ပါးစပ်နဲ့ဆိုတာပေါ့ကွာ ဟင်းဟင် ......

Read More...

Thursday, September 11, 2008

အင်တာနက်ဆိုင် ၁၁ ပိတ်မည်တဲ့

ဘလော့ဂ် ရေးမလို့ပါဆိုမှ အင်တာနက်ဆိုင်တွေ ၁၁ နာရီ ပိတ်ရမယ်တဲ့။ သွားပီ ရေးတော့ ဘူး။ နောက်နေ့မှ ပဲရေးတော့မယ် ........

Read More...

Wednesday, September 10, 2008

စနေသမီးနှင့်တွေ့ဆုံခြင်း .........

မနေ့က လန်ဒုံပြန် စနေသမီး တစ်ယောက်နဲ့ ရန်ကုန်ရှိ ဘလော့ဂ်ကာများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ယင်းကဲ့သို့ တွေ့ဆုံရာမှာ M3 မှာ အသံဝင်အောင် ကာရာအိုကေကို ဆိုကြပါတယ်။ ယင်းနောက်တွင်တော့ အင်ယားလမ်း Friend Ship မှာ ညစာစားပြီးနောက် လမ်းခွဲလိုက်ပါတယ်။ အဲဒီမှာ ပါဝင်ခဲ့သူတွေကတော့ မနိုင်းနိုင်း၊ ဗလာဂေါက် မိုးလှိုင်ည ဖိုးသူတော် ကိုမျက်လုံး ပင့်ဂိုးလ် တက်စလာမင်းဝေ ကိုညီလင်းဆက်နှင့် ကျွန်တော်တို့ ဖြစ်ကြပါတယ်။ ကိုညီလင်းဆက်ကတော့ M3 ကထွက်လာမှ ရောက်လာတာ ဖြစ်တဲ့အတွက် သူအနေနဲ့ မဟဲလိုက်ရရှာပါဘူး။

လမ်းခွဲမှာတော့ ထုံးစံအတိုင်း ကြုံတွေ့ရတဲ့ ၀မ်းနည်းစရာက ဖိုးသူတော်တစ်ယောက် ပြန်စရာ အိမ်မရှိသည့် ပြသနာပဲဖြစ်ပါတယ်။ နောက်ဆုံးတော့ ဖိုးသူတော်ကို တက်စီပေါ်တင်ပြီး လေယဉ်ကွင်းလိုက်ပို့ ခိုင်းလိုက်ပါတယ်။ လေယဉ်ကွင်းကို ရောက်မရောက်တော့ အခုအချိန်မသိရသေးပါဘူး :P

မိုးလှိုင်ညကတော့ ထိုညက အဆိုအအော်များသွားသဖြင့် နောက်တစ်နေ့တွင် ခြေဟန်လက်ဟန်ဖြင့် စကားပြောရမှာ ဖြစ်ပါတယ် ............ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ ........ ဒန့်တန်ဒန်

Read More...

Monday, September 08, 2008

ဘလော့ဂ်စာအုပ်ထွက်ပါပြီ

အနာဂတ်
မှာရှိနေတဲ့
ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အရောက်သွားဖို့
လူငယ်တွေဟာ ဘ၀ပင်လယ်ပြင်ကြီးမှာ
ကူးခတ်နေကြတယ်

လှိုင်း၏
ပုတ်ခတ်မှုဒါဏ်တွေကြားမှာ
သွားလာလုပ်ရှားကြရင်း


ဆုံ
ဆည်းမိတဲ့
လူငယ်တစ်စုက

မှတ်
မှတ် ရရ အဖြစ်
အနာဂါတ်မှာ ကျန်ရစ်ဖို့

များ
ပြားစွာသော
အွန်လိုင်းစာဖတ်ပရိတ်သတ်အတွက်
စာအုပ်တစ်အုပ်ကို ဖန်တီးပေးခဲ့တယ် .....

အဲဒီစာအုပ်ကို အနာဂတ်လှိုင်း၏ ဆုံမှတ်များ လို့ နာမည်ပေးထားတယ်



မှတ်ချက်။ ။ ယခု အနာဂတ်လှိုင်း၏ ဆုံမှတ်များ စာအုပ်သည် MBS မူပိုင်ဖြစ်ပြီး မည်သူမဆို အခမဲ့ ရယူဝေငှ သုံးစွဲခွင့်ရှိသည်။ ယခုစာအုပ်ကို အရေအတွက် မည်မျှ ဒေါင်းလုပ်ချသည်ကို သိရှိနိုင်ရန်အတွက် မိမိဘလော့ဂ်များ ကိုယ်ပိုင် ၀က်ဆိုက်များတွင် ပြန်လည် ဒေါင်းလုပ်ပေးမည် ဆိုပါက သီးခြား ထပ်မံ Upload မလုပ်ပဲ ယခု Upload Link ဖြစ်သော http://www.4shared.com/file/62194127/e4b4214e/Export_Blog_File_2008.html ကိုသာ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Read More...

Thursday, September 04, 2008

ယောက္ဖကြီးထံသို့ အိတ်ဖွင့်တက်စာ

ကျွန်တော့်ကို တော်ရုံတန်ရုံ လာလာတက်ကြရင် ကျွန်တော် ပြန်ရေးလေ့ သိပ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်အချက်က အဲဒီအကြောင်းအရာကို စိတ်မ၀င်စားလို့။ နှစ်အချက်ကတော့ အဲလိုတက်တိုင်းတာ လိုက်တက်နေရရင်လည်း ရေးလို့ ဆုံးပေတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် တော်ရုံတန်ရုံ လိုက်မရေး ဖြစ်ဘူး။ အခုတစ်ခါကတော့ ညီမ အရင်းခေါက်ခေါက် (ဆရာဝန် ဖြစ်ခါစ) တစ်ယောက်လုံးကို ရက်ရက်ယောယောကြီး ပေးထားတဲ့ ယောက္ဖရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းချင်တာက တစ်ကြောင်း ငယ်ငယ်တုန်းက အဲလို ပေါက်ကရ ရေးခဲ့ရတာလေးတွေကို သတိရတာ တစ်ကြောင်း ကြောင့် ပြန်ရေးလိုက်ပါတယ်။



ကိုယ့်ရဲ့နာမည် ………… စိုးဇေယျ

ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… စိုးကြီး၊ ဘိုဝ (စိတ်မအောင်သူများက ပေးထားသော နာမည်)

ကိုယ်ဒီမှာနေတယ်………… ကမ္ဘာမြေ

ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ပိုက်ဆံကုန်တယ် လူကိုတိုင်လာခဲ့

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်………… ပယင်းရောင်

အ၀တ်အစားဆိုရင်………… တံဆိပ်အစွဲမရှိဘူး

အစားအစာဆိုရင်…….. . .. ဗိုက်ပြည့်သလောက်စားတယ်

ပစ္စည်းဆိုရင်………… ဖရီးရရင် အကုန်ယူတယ်

သီချင်းဆိုရင်………… ခုနှစ်သံချီရှစ်သံချီဆိုလေ့ရှိတယ်

စာရေးစာဆရာ………… စိုးဇေယျထွန်း

စာအုပ်………… ကျောင်းစာကလွဲရင် အကုန်ဖတ်တယ်

ကိုယ့်ရဲ့ဝါသနာ………… လက်ခဏာကြည့်ခြင်း (အမျိုးသားများမပါ)

အလိုချင်ဆုံးလက်ဆောင်………… Myanmar Beer ၏ တစ်သက်သာ ဖရီးသောက်ခွင့်လက်မှတ်

ကိုယ့်ရဲ့ အချစ်ဆုံးသူက………… ပြန်မချစ်ဘူး

ကိုယ့်ရဲ့ အလေးစားဆုံးသူက………… လောလောဆယ် မရှိသေးဘူး

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ခဏခဏ ပိုက်ဆံလာလာချည်းတယ်

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… ဘီယာ ခဏခဏ တိုက်ခိုင်းတယ်

ကိုယ့်ရဲ့ အမုန်းဆုံးသူက………… ချစ်ရဲ့သားနဲ့ အဖြေမပေးသူ

ရင်အခုန်ဆုံးအချိန်………… အိမ်သာမရှိသည့် မြို့လည်ခေါင်တွင် ဗိုက်နာသည့်အချိန်

အကြောက်ဆုံးအချိန်………… စာရေးတုန်းတန်းလန်းမီးပျက်ခြင်း

အပျော်ဆုံးအချိန်………… ဘီယာမူးပြီး အိပ်သည့်အချိန်

အမှတ်တရနေ့………… ဖိနပ်ခိုးခံရတဲ့နေ့ (ပိုက်ဆံမပါလို့ ခြေဗလာ ပြန်လာရတယ် )

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… ဆော်ကြည်ကြွေးကျေ အသက်ရှည် အလုပ်မလုပ်ပဲ ချမ်းသာပါစေ

အချစ်ဆိုတာ………… သူ့လိုအင်တွေကို ဖြည့်ဆည်းနေရရင် ပျော်ရွင်နေတဲ့ ပိတိလေးတစ်ခု

အမုန်းဆိုတာ………… မမုန်းဖူးတော့ မသိဘူး

အလွမ်းဆိုတာ………… ကဗျာဆရာဖြစ်စေသော ဆေးတစ်ခွက်

သံယောဇဉ်ဆိုတာ………… ကမ္ဘာခြားနေတဲ့ ကွန်ပျူတာ နှစ်လုံးကို ကေဘယ်ချိတ်ထားသလိုပဲ

ဘ၀ဆိုတာ………… စာသင်ကျောင်းတစ်ခုလိုပဲ (သင်ယူစရာတွေ ပြည့်နက်နေတယ်၊ ကြိုးစားသင်ရင် ဆုရမယ်၊ သင်ခန်းစာတွေ မလိုက်နိုင်ရင် နောက်ကျကျန်ခဲ့မယ်)

သူငယ်ချင်းဆိုတာ………… စစ်တုယဉ်ဝိုင်းမှာဆိုရင် ပွန်းလို့ ခေါ်တဲ့ နယ်ရုပ်လေးတွေပဲ။ ပွဲအစမှာ တန်ဖိုးမရှိပေမယ့် အသုံးချတတ်ရင် ဘုရင်မ ဖြစ်တယ်

ချစ်သူဆိုတာ………….. မရှိသေးတော့ မသိပါ (ကြော်ငြာဝင်ခြင်းဖြစ်သည်)

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… ဆော်ကြည်ဘဲ

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… တကယ်ချစ်ရင် တကယ်လိုက် အဟုတ်ကြိုက်ရမယ်

အပြောချင်ဆုံးစကားတစ်ခွန်း………… ငါ့ဘလော့ဂ်ကို တစ်ရက်ကို ဆယ်ခါလောက်လာဖတ်။ ကံစမ်းမဲပေးမယ်

Read More...

Tuesday, September 02, 2008

ကနွဲ့ကလျ အင်တာန

ညဆိုရင် ကျွန်တော်က သိပ်အိပ်လေ့မရှိဘူး။ ဒီလိုပဲ ဟိုဟာ ကိလိ ဒီဟာကိလိပေါ့။ အင်တာနက် ကော်နက်ရှင်ရရင် အင်တာနက်တာ နက်သုံးပေါ့။ အင်တာနက်ကော်နက်ရှင် မရှိရင်လည်း ကင်မရာ တစ်လုံးနဲ့ ဟိုရိုက်ဒီရိုက်ပေါ့။ ဟိုးအရင်ကတော့ အိပ်မရရင် ဂျာနယ်လေး ဖတ်လိုက် စာအုပ်လေး ဖတ်လိုက်။ အခုတော့ ဂျာနယ်ဆိုတာကလည်း ဈေးကြီးတော့ မ၀ယ်နိုင်တော့ဘူး။ ဂျာနယ်လစ်တွေနဲ့ တွေ့မှာပဲ ခြိမ်းခြောက် ဟောက်ဟမ်း မရမကတောင်းပြီး ဖတ်ရတော့တယ်။ ထားပါတော့ ကျွန်တော် ပြောချင်တာ့ ညပိုင်း သိပ်အိပ်လေ့ မရှိဘူး။

အခု ကံကောင်းတယ်ပဲ ဆိုမလား ကံဆိုးတယ်ပဲ ပြောမလား။ အခုကျွန်တော့် ၀ပ်ကျင်းနဲ့ မနီးမဝေးမှာ ရှိတဲ့ အင်တာနက်ဆိုင်လေး တစ်ဆိုင်ကတော့ မနက် နှစ်နာရီ သုံးနာအထိ သုံးလို့ရတယ်။ ပြောမယ်ဆိုရင်တော့ ညလုံးပေါက်နီးနီးပေါ့။ အဲဒီတော့ အိပ်မပျော်တဲ့ ကျွန်တ်ာနဲ့ အင်တာရှော့( Internet Shop ကို အတိုကောက်သုံးနှုန်းခြင်း ဖြစ်သည်) ကတော့ အဲဒီမှာ စတွေ့တော့တာပဲ။

အင်တာနက်ဆိုင်ကတော့ သုံးလို့ကောင်းပါတယ်။ ကွန်နက်ရှင်ကလဲ ပုံမှန်ဆိုင်တွေ ပိုမြန်တယ်ဗျ (စိတ်ထင်ပြောခြင်းမျှသာဖြစ်သည်) ပြီးတော့ ၀ပ်ကျင်းနဲ့ကလည်း နီးဆိုတော့ မကြာခဏ ဗလာဂေါက် စကား ငှားသုံးရရင်တော့ ဂတီးတီး သွားသုံးဖြစ်တယ်ပေါ့ဗျာ။ အဲဒီလို သွားသုံးရင်းနဲ့ ပတ်ဝန်းကျင်မှာ ခေတ်ကာလ သမီးအချို့လည်း သုံးကြတာကို သတိထားမိတယ်ဗျ။ သတိထားမိရုံလား ဆိုတော့လည်း ဟုတ်သေးဘူး နဂိုကတည်းကမှ စပ်စပ်စုစုမှာ ၀ါသနာ ပါသူပီပီ ခေတ်ကာလ သမီးလေးတွေရဲ့ ချက်တင်ပေါ် ခံစားမှုတွေကို နည်းနည်း လေ့လာမိတယ်။

ကျွန်တော်တို့ ခေတ်ကာလသားလေးတောင် ကောင်မလေးနဲ့ စကားပြောတာ သူများကြားမှာ စိုးလို့ တိုးတိုးလေးပဲ ပြောတယ်။ ပြောလို့ ဟိုဘက်က မကြားတော့ဘူးဆိုရင် စာလေးနဲ့ပဲ ရိုက်တယ်။ ဘေးကြားမှာ ရှက်လို့။ ဒါပေမယ့် ခေတ်ကာလ သမီးလေးတွေကတော့ ကိုကို ကြားရဲ့လား။ ကိုကို ဘယ်သူနဲ့ ချက်နေတာလဲ။ ကိုကို တကယ်ချစ်ရဲ့လား။ ကိုကြီးပြောတဲ့စကား တွေကလဲ ....... ဟင့်ဟင့် ရှက်တယ်။ အင်းသူတို့တော့ မသိဘူး ကျွန်တော့်မှာတော့ သူတို့ရဲ့ ခုနှစ်သံချီ ရှစ်သံချီစကား တွေကို ကြားပြီး ကြက်သီးတောင် ထမိပါရဲ့။

တစ်ခါတစ်လေကျတော့ အဲဒီခေတ်ကာလ သားသမီးလေးတွေက ၀က်ကင်မရှိတဲ့ မပီဝိုးတ၀ါး ပုံလေးတွေကို ကြည့်ပြီး တခွီးခွီး သဘောကျနေ တတ်ကြပြန်သေးတယ်။ မသိရင် ချာလီချက်ပတင် ကားကြည့်နေသလိုပဲ။ အဲဒီလို ချာလီ ချက်ပလင်ကား ကြည့်သလို တခွီးခွီး ရယ်ရာကနေ ကိုးရီးယားလို့ တဟီးဟီးနဲ့ ငိုလိုက်တတ် ပြန်ပါသေးတယ်။ အဲဒါနဲ့ ဗလာဂေါက်ကတောင် နာမည်ပေးထားသေးတယ် တဟီဟီ ကျွန်းသူတဲ့။

ထားလိုက်ပါ။ တစ်ရက်။ ထားလိုက်ပါ နှစ်ရက်။ ထားလိုက်ပါ ဒီလိုနဲ့ အဲဒီ ၀ပ်ကျင်းကို ရောက်တာ တစ်လကျော်သွားပြီ။ အဲဒီ အင်တာရှော့မှာလည်း ရက်သုံးဆယ်ကျော် သုံးပြီးသွားပြီ။ အဲဒီလိုနဲ့ တစ်ရက်မှာ . . . . . . .

ကော်နက်ရှင် မကောင်းလို့ စိတ်ညစ်တယ်။ အဲဒီတော့ အဲဒီကော်နက်ရှင်ကို နာမည်ပေးလိုက်တယ် အင်တာန လို့ .............
အဲလို နနေတဲ့ အင်တာနက်ကို သုံးရတာ အခြောက်တစ်ယောက်ရဲ့ မျက်နှာကို ကြည့်နေရသလိုပဲ။ ကနွဲ့ကလျနဲ့ ကြည့်ရင်း ကြည့်ရင်း အော့နလုံးနာတယ်

အဲဒီအချိန်မှာ အသံတစ်သံ ထွက်လာတယ်။ ဟင့်ဟင့် ဟင့် .................

ကျွန်တော် ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ကီးဘုတ်ပေါ်မှာ မျက်နှာမှောက်ပြီး ကိုးရီးယားဇာတ် ခင်းနေလေရဲ့

Read More...

Test Mail to blog

မေးတူဘလော့ဂ်ကို စမ်းသပ်ခြင်း

--
~~~~~~~~~~~~~~~~~~~~~
http://soezeya.blogspot.com
~~~~~~~~~~~~~~~~~~~~~

Read More...

Monday, September 01, 2008

ငွေတစ်သောင်းနဲ့လက်တော့တစ်လုံး

ကျွန်တော့မှာ ကျောပိုးအိတ်တစ်လုံး ရှိတယ်။ အဲဒီအိတ်က နယ်နယ်ရရတော့ မဟုတ်ဘူး။ နာဂစ်လေဘေး သွားရင်းနဲ့ လပွတ္တာက ရလာတဲ့အိတ်။ လေဘေးသွားရင်းနဲ့ ရလာတာဆိုလို့ သူများကို လှူမဲ့ထဲက ယူထားတယ်လို့ မထင်လိုက်နဲ့ဦး။ အဲလိုမှ မဟုတ်ရင် ရေမျှောကမ်းတင်နေတဲ့ အိတ်လားလို့လဲ မမေးလိုက်နဲ့ဦး။ လူတစ်ယောက် ဆီကနေ ကျော်လာတဲ့ အိတ်။

လူတစ်ယောက်ဆိုတာ တစ်ခြားလူတော့ မဟုတ်ပါဘူး ကျွန်တော်တို့ အဖွဲ့ထဲက မောင်မောင်ယောဆီက ကျော်လာတာ။ အဲဒီအိတ်ကို သူကိုယ်တိုင်ဝယ် ထားတာလဲ မဟုတ်ပါဘူး။ သူကလဲ ကိုညီလင်းဆက် ဆီက ကျော်ထားတာ။ ဆိုလိုချင်တာကတော့ဗျာ အချောင်ရထားတဲ့ လူဆီကနေကနေ အချောင်ပြန်ရထားတဲ့ အိတ်ပေါ့။

လူတွေက ခိုးစားရတာကို သဘောကျကြတယ်လို့ တော့ကြားဖူးတယ်။ ကျွန်တော်လဲ အလားကားရထားတဲ့ ကျောပိုးအိတ်မို့လား မသိဘူး။ လက်ထဲကို ရောက်ပြီးကတည်းက တစ်ခါမှလည်း မလျှော်ရသေးဘူး။ တစ်ရက်မှလဲ လက်က မချဘူး ကျွန်တော့်ဆီမှာ ရှိတဲ့ ပစ္စည်းလေးတွေကို ထည့် နေ့တိုင်းလွယ် ပြီး ဖာတစ်လုံး ခေါင်းကြားလို လျှောက်သွား နေတာပဲ။ ဒါပေမယ့် အိတ်က ဇစ် မကောင်းဘူးဆိုတာကိုတော့ သတိထားမိတယ်။

အဲဒီဇစ်က လမ်းသွားရင်းပဲ ဖြစ်ဖြစ်။ အလကားနေ အလားကားပဲ ဖြစ်ဖြစ် ဇစ်က ပွင့်ပွင့်နေနေတတ်တယ်။ ဒီလို ဇစ်ပွင့်ပုံနဲ့ ကျွန်တော့် ပစ္စည်းလေးတွေ ဘစ်စကားပေါ်မှာ ခါးပိုက်နှိက် လက်စာမိမလား။ သို့တည်းမဟုတ် တနေရာရာမှာပဲ ကျကျန်ရစ်မလား အမြဲတွေးပူနေရတယ်။ ဒါကြောင့် အဲဒီအိတ်လေးကို ပင်စင်ပေးပြီး အိတ်အသစ်လေး တစ်လုံးဝယ်ဖို့ စိတ်ကူးမိတယ်။

အိတ်ဆိုင်တွေကို လိုက်ကြည့်တော့ ငွေတစ်သောင်းအောက် အိတ်မရှိဘူးဗျာ။ ဒါကြောင့် ငွေလေးနှမျှောတာနဲ့ စောစောက အိတ်လေးကို ဆက်လွယ်နေဖြစ်တယ် စိတ်ကူးထဲကတော့ ဇစ်လေးကိုတော့ ပြန်ပြင်မယ်ပေါ့။ ဒါပေမယ့် လမ်းမကြုံတာရယ် ပျင်းတာရယ်နဲ့ ဇာတ်ပြင်တဲ့ ဆိုင်တွေကို ခြေဦးက မလှည့်ဖြစ်ဘူး။ ဒီလိုနဲ့ အဲဒီဇစ်မကောင်းတဲ့ အိပ်လေးကို ဆက်လွယ်နေမိတယ်။

ဒီနေ့ .........

လက်ဘက်ရည်ဆိုင်ကနေ ထွက်တော့ ကျောပိုးအိတ်လေးကို လွယ်မယ်ဟဲ့ဆိုပြီး ကောက် မ လိုက်တယ်။ အဲဒီမှာ ဇစ်က ပွင့်ထွက်ပြီး ကျောပိုးအိတ်ထဲက ကွန်ပျူတာလေးက ခုန်ထွက်သွားပြီး ကတ္တရာလမ်းပေါ်မှာ ကျွမ်းနှစ်ပတ်လောက် ထိုးသွားတယ်။ အဲလို ကွန်ပျူတာ လမ်းပေါ်ကျလို့ မည်တဲ့အသံက ကျွန်တော့်နားထဲမှာ မိုးခြိမ်းသံထက် ပိုကျယ်ပြီး အသည်းပေါ်ကို မူဆယ်လမ်းက ဆယ်ဘီးကားကြီး တက်ကြိတ်သွားသလိုပဲ။

ထွက်ကျသွားတဲ့ ကွန်ပျူတာလေးကို လက်လေးနဲ့ ပွတ်သပ်ပြီး ဘာမှမဖြစ်ပါစေနဲ့ ....။ ဆုတွေ တောင်းပြီး အိပ်ပြန်လာခဲ့တယ်။ အိပ်ရောက်မှ သေချာကြည့်တော့ Writer ပျက်သွားတယ်။ ဘယ်ဘက်ဒေါင့်မှာ ပဲ့သွားပြီး ဟသွားတယ်။

အင်း .........

ငါသာ ငွေတစ်သောင်းကျော်ကို မနှမျှောမိခဲ့ရင် ......................

1 .8 . 08

Read More...

There was an error in this gadget