Art is My Life: March 2008

Tuesday, March 25, 2008

သင်ဆိုရင်ဘာလုပ်မလဲ.......

အချိန်ကား နံနက် ၁၁ နာရီခန့် .........

နွေဥတုဘက်ကို ကူးပြောင်းလာပြီ ဖြစ်သော ရန်ကုန်မြို့၏ နံနက် ၁၁ နာရီဆိုသော အချိန်သည် အလွန်တရာ ပူပြင်းလှသည်။ လမ်းပေါ်တွင် သွားလာသူကြသူများမှာ အပူဒါဏ် သက်သာစေရန်အတွက် တချို့က ထီးဆောင်းကြသည်။ ထီးပါမလာသူများက လက်ထဲရှိ ဖိုင်လေးများ စာအုပ်လေးများနှင့် မျက်နှာကိုကွယ်ရင်း လမ်းလျှောက် ကြသည်။

ိထိုအချိန်တွင် အသက်ခုနှစ်ဆယ်ကျော်ခန့် အရွယ်ရှိသော အဖွားအိုတစ်ယောက်သည် မဟာဗန္ဒုလ ပန်းခြံလမ်းဘက်မှ မြို့တော်ခန်းမ ရှိရာဘက်သို့ လမ်းဖြတ်ကူးရန် ပြင်ဆင်နေသည်။ သူ၏လက်တစ်ဘက်တွင် မြွေအရေခွန် အိပ်ကြီးတစ်လုံးကို တစ်ဘက်က ကိုင်ပြီး လက်တစ်ဘက်က ခြင်းတစ်ခြင်းကို ကိုင်ထားသည်။ ခဏလောက်ကြတော့ ထိုအဖွားအိုသည် မြွေအရေခွံအိတ်ကြီးနှင့် ခြင်းကိုဆွဲကာ လမ်းဖြတ်ကူးသွားသည်။ ထို့သို့လမ်းဖြတ်ကူးရင် တစ်နေရာအရောက် ရုတ်တရက်ခြေချော်ပြီး လှဲကျသွားသည်။


ထိုအခါတွင် အနီးပတ်ဝန်းကျင်ရှိ လူများက အဖွားကြီး၏ အဖြစ်ကိုကြည့်ပြီး ရယ်ကြသည်။ တချို့က မရယ်ကြသော်လည်း ပြုံးစိစိနှင့် ကြည့်ကြသည်။ အသက်ကလဲကြီးကြီး လက်ထဲမှာ အိတ်ကြီးတွေနဲ့လှဲကျသွားတော့ဆိုတော့၊ အဲဒီပုံကိုကြည့်ပြီး ရယ်မည်ဆိုလျှင်လည်း ရယ်စရာကောင်းနေ ပေလိမ့်မည်။

တချို့လူများကတော့ အဖွားကြီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်သော အကြည့်ဖြင့်ကြည့်ကြသည်။ တစ်ချို့လူများသည် စိတ်မကောင်းသည့် အတွက် စုတ်ပင်သတ်ကြသည်။ ထိုအဖွားကြီးသည် အသက်ကလဲကြီး တစ်ယောက်တည်း အဖော်မပါပဲ လမ်းမအလယ်မှာ ချော်လှဲတာဆိုတော့ သနားမည်ဆိုလျှင် သနားစရာ ကောင်းနေပေလိမ့်မည်။

ယခု အဖြစ်အပျက်တွင် ရယ်သူလည်းရှိသလို စိတ်မကောင်းသူလည်းရှိသည်။ မိတ်ဆွေ အကယ်၍ ဤနေရာတွင်ရှိခဲ့လျှင် ထိုအဖြစ်ပျက်ကို ကြည့်ပြီး ရယ်နေမည်လော စိတ်မကောင်းဖြစ်နေမည်လော။ သင်ဘာလုပ်မည်နည်း ..........


* * * *

ထိုထဲမှာ လူငယ်လေးတစ်ယောက်ကတော့ လှဲကျနေသော အဖွားကြီးကို ပြေးထူးလိုက်ပြီး အိတ်နဲ့ခြင်းကို လက်ထဲကဆွဲ တစ်ဘက်က အဖွားကြီးကိုတွဲပြီး လမ်းတစ်ဘက်ရောက်သည် အထိ လိုက်ပို့ပေးလိုက်သည်။


Read More...

Wednesday, March 12, 2008

တမာပင်

တမာသည် အသိတရားများစွာပေးသည်

တမာခေါက်သည် ခါးသည်။ တမာရွက်သည် ခါးသည်။ တမာမြစ်သည် ခါးသည်။ တမာသည် တပင်လုံးခါးသည်။ ထိုကဲ့သို့ တပင်လုံးခါးသော တမာပင်က သီးသည့် အသီးသည်လည်း ခါးသည်။ သို့ရာတွင် တမာသီးသည် ရင့်မည့်လာချိန်တွင် ချိုသွားသည်။

ခါးသောပင်မှာ သီးလာပြီး ငယ်စဉ်က ကိုယ်တိုင်ခါးသော တမာသီးသည် ရင့်မည့်လာချိန်တွင် အချိုဘက်သို့ ကူးပြောင်းသွားနိုင်ပါက အတွေးအခေါ် စာပေနှင့် ယဉ်ကျေးမှု အသိုင်းဝိုင်းတွင် ရှင်သန်လာကြသော လူသားများကသည် ကြီးရင့်လာသည့် အချိန်မှာ ငယ်စဉ်ကလိုပဲ ခါးနေကြဦးမည်လော.......

* * * *

တမာပင်သည် သူ၏အိမ်ရှေ့တွင် တည်ရှိသည်။ အခုလို ဆောင်းအကုန် နွေးဦကာလတွင် သူ့အိမ်ရှေ့ တမာပင်မှ ၀ါကြံ့ကြံ့ သစ်ရွက်များ မြေပြင်ပေါ်သို့ ကြွေကျကြသည်။ သူသည် နေပူသော နေ့ခင်းများတွင် တမာပင် အောက်တွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို လက်ကကိုင်းရင်း လေနှင့်အတူ တဖြုတ်ဖြုတ်ကြွေကျလာသော တမာရွက်လေးများကို ငေးနေမိတတ်သည်။ ထိုအချိန်မျိုးတွင် သူသည် စာအုပ်ထဲမှ ဇာတ်ကောင် ဖြစ်သွားသည်၊ တခါတံရံတွင် လေနှင့်အတူ ကြွေကျလာသော တမာရွက်လေးများ ဖြစ်သွားသည်။

အခုလို တမာရွက်များ ကြွေချိန် ရောက်ပြီဆိုလျှင် အိမ်ရှေ့က ရေတွင်းကို နှီးဖြာကြီးတစ် ချပ်ဖြင့် အုပ်ထားရသည်။ အဘယ်ကြောင့်ဆိုသော် တမာရွက်များသည် ရေတွင်း အတွင်းသို့ ကြွေကျပါက ရေတွင်းရေ ပုတ်တတ်သောကြောင့် ဖြစ်သည်။

တမာပင်မှာ ပင်စည်တွင် အပွေးရှိသော တမာနှင့် အပွေးမရှိသော တမာဟူ၍ နှစ်မျိုးကွဲသည်။ အပွေးမရှိသော တမာပင်သည် ခါးသောကြောင့် ရေဖြင့် အချိန်အတန်ကြာ ပြုတ်ယူရသည်။ အပင်တွင် အပွေးရှိသော တမာပင်သည် သိပ်မခါးသောကြောင့် ရေနွေးပူပူတွင် ခေါက်ဆွဲစိပ်သလို သုံးမိနှစ်လောက် စိပ်ထားရုံဖြင့် စား၍ရသည်။ ရေနွေးတွင် အကြာကြီး ပြုတ်ရသော တမာရွက်သည် အပူချိန်များခြင်းကြောင့် ၀ါသွားလေ့ရှိပြီး ရေနွေးတွင် ခဏလေးစိမ်ရုံဖြင့် စား၍ရသောတမာရွက်သည် ရေနွေးစိပ်ချိန် မကြာသောကြောင့် စိမ်းစိမ်းစိုစိုနှင့် စားရသည်မှာ ပိုပြီးလတ်ဆတ်သည်။

သူတို့အိမ်ရှေ့က တမာပင်သည် ပင်စည်တွင် အပွေးရှိသော တမာအမျိုးစား ဖြစ်ပြီး နွေရောက်လို့ တမာရွက်တွေ နုပြီဆိုလျှင် သူသည် တမာပင်ပေါ်သို့ တက်ပြီး တမာရွက်များကို ခူးလေ့ရှိသည်။ တမာရွက်သည် ကိုင်းဖျားများ တွင်သာ နုလေ့ရှိသည်။ လူသည် ကိုင်းဖျားနားသို့ ရောက်အောင် သွား၍ မရနိုင်သဖြင့် သစ်ပေါ်တက်ပြီး ခူးရုံနှင့် တမာရွက်များကို့ လက်လှမ်းမမှီနိုင်ပေ။ ထို့ကြောင့် သူသည် တမာပင်ပေါ်သို့ တက်ပါက လက်ထဲတွင် ၀ါးခြမ်းပြားတံချူလေးကို ကိုင်သွားရသည်။

သစ်ကိုင်းခွဆုံတွင် ကားလားခွထိုင် လူပြုမကျအောင် လက်တစ်ဘက် တမာပင်ကိုဖက် ကျန်လက်တစ်ဘက်က ၀ါးခြမ်းပြား တံချူလေးကို ကိုင်းပြီး တမာနုလေးတွေကို ခူးရသည်မှာ လွယ်တော့မဟုတ်။ တခါတရံတွင် ၀ါးခြမ်းပြားတံချူနှင့် တံမာနုရှိသည့် သစ်ကိုင်းဖျားလေးကို လိမ်ချိုးရန် ကြိုးစားရင်း ချော်ထွက်သွားသည် လည်းရှိသည်။ တခါတရံတွင် ၀ါးခြမ်းပြားတံချူလေး ပဲသွားသည့် အခါမျိုးလည်းရှိသည်။ ၀ါခြမ်းပြား တံချူလေး ပဲ့သွားပြီ ဆိုလျှင် သစ်ပင်အောက်သို့ ပြန်ဆင်ကာ တံချူလေးကို ပြန်ပြင်ပြီး သစ်ပင်ပေါ်ပြန် တက်ရသည်။ ထို့ကြောင့် တခါတရံ သူစိတ်ထဲမှာ မိုးပေါ်ပျံပြီး တမာတစ်ပင်လုံး ပြောင်အောင် လိုက်ခူးပစ်လိုက်ချင်သည်။

သူကိုယ်တိုင် ခူးလာသော တမာရွက်ပြုတ်ကို ငါးပိရည်နှင့် တို့ပြီးစားရသည်ကို သူခံတွင်းတွေ့သည်။ တမာရွက်ဟု ဆိုသော်လည်း အရွက်ကြီးပဲ မဟုတ် တမာအဖူး လေးများပါသည်။ ထိုအဖူးလေးများ စိမ်းရွှေရွှေ အနံ့ရှိပြီး ထိုအနံ့ကို သူက မွေးသည်ဟု ထင်ထားကာ အဖူးလေးများသည် အရွက်များထက် အရသာပိုရှိသည်ဟု ထင်နေသည်။

သင်္ကြန်အကြို ရောက်ပြီဆိုလျှင် သူသည် ဓားတစ်ချောင်းဖြင့် ထိုတမာပင်သို့ တက်လေ့ရှိသည်။ သူ့ အဖွားက သူခုတ်ချလိုက်သော တမာကိုင်းများကို ဖဲ့၍ သိကြားကြိုသည့် အိုးတွင် ထိုးလေ့ရှိသည်။ ရပ်ကွက်ထဲမှာ သိကြားကြိုအိုးတွင် တမာခက် ထိုးလိုသူများလည်း သူခုတ်ချလိုက်သော တမာကိုင်းမှ တမာခက်များကို လာရောက်ချိုးယူကြသည်။ ထိုတမာပင်သည် မြောင်းကမ်းပါးတွင် ရှိသောကြောင့် အရမ်းမြင့်လာပါက ပြိုလှဲသွားမည်ကို စိုးရိမ်ရသောကြောင့် နှစ်စဉ် အပင်ကို ချိုင်ပေးရသည်။ သူသည် တစ်ချို့သော နှစ်များတွင် တမာရွက်နု ချိန်တွင်လည်းကောင်း၊ တစ်ချို့သောရက်များတွင် သင်္ကြန်အကြိုနေ့တွင် လည်းကောင်း တစ်ချို့သော နေ့များတွင် နှစ်သစ်ဆန်း တစ်ရက်နေ့တွင် လည်းကောင်း တမာပင်ကို ချိုင်လေ့ရှိသည်။

ထိုတမာပင်ကို သူငါးနှစ်သား အရွက်ခန့်က သူ့အဖွားဖြစ်သူက စိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ငယ်စဉ်က တမာပင်တွင် တခြားလူများ တမာရွက်လာခူးကြသည့် အခါ၊ တမာခေါက်လာခွာ ကြသည့်အခါ ထိုသူများကို သူက ရန်လုပ်လေ့ရှိသလို ဓာတ်ကြိုးနှင့် မလွတ်ဟု ဆိုကာ လျှပ်စစ်က လာခုတ်သည့် အခါတိုင်းတွင်လည်း သူနှမျှောရသည်။

မိုးကျပြီ ဆိုသည်နှင့် တမာသီးများ မည့်ကြပြီ။ တမာသီးသည် စိမ်းစဉ်က ခါးသော်လည်း မည့်လာသည့် အခါတွင် ချိုသည်။ သူငယ်စဉ်က တမာသီးမည့်များလည်း ကောက်စားခဲ့ဖူးသည်။ တမာသီးမည့်သည် ချိုသည်ဟုဆိုသော်လည်း အရသာရှိလောက်အောင် စားကောင်းသည့် အသီးမဟုတ်သည့်အတွက် တစ်ခါးစားလျှင် တစ်လုံးစ နှစ်လုံး ကောက်စားသည်မှ အပ တကူးတကကြီး ခူးစားတာမျိုးကိုတော့ သူမလုပ်ဖြစ်ပေ။ ထိုသမာသီး မည့်တို့သည် မိုးရေတို့နှင့် ကြွေကျ၍ မြေပြင်တွင် အပင်များ ပေါက်ကြသည်။ ထို့ကြောင့် မိုးရာသီတွင် တမာပင်ကြီး အောက်၌ တမာပင်ပေါက်လေးများက ဟိုတစ်စု ဒီတစ်စုဖြင့် ပေါက်ရောက်နေ တတ်ကြသည်။

သူသည် ထိုတမာပင် အောက်တွင် စာဖတ်ခဲ့ဖူးသည်။ သူသည် တမာရွက်များကို စားရန်အတွက်သော် လည်းကောင်း ခေါင်းလျှော်ရန် အတွက်သောလည်းကောင်း ခူးခဲ့ဖူးသည်။ ထိုတမာပင်၏ သစ်ကိုင်းများကို ဓားဖြင့်ချိုင်ခဲ့ဖူးသည်။ သူသည် ထိုအပင်မှာ တမာကိုင်းများ ဖြင့် သွားတိုက်ဖူးသည်။ တမာပင်ကို မကောင်း ဆိုးဝါး မကပ်နိုင်ဟု အယူအဆရှိသော ထိုနယ်တွင် သူငယ်စဉ်က ထိုအပင်က တမာသားလေးကို ပရိတ်ကြိုးတွင် ချည်ကာ လည်ပင်းတွင် ဆွဲထားခဲ့ဘူးသည်။

အခုတော့သူ ထိုတမာပင်နှင့် ဝေးခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ တမာပင်နှင့် သူခွဲခဲ့သည့်နှစ်က မွေးသည့် သူ့တူလေးပင် သူငယ်တန်း တက်နေပြီ။

အခုအချိန်တွင် အရံဟင်းအဖြစ် အရေးမပါစွာဖြင့် သခွားသီး ရုံးပတီသီးနှင့် ပူစီနှံနှံ ကြားတွင် ရောနှောနေသော တမာရွက်လေးများသည် တချိန်က သူ့အတွက် အဓိကဟင်း တစ်ခွက်ဖြစ်ခဲ့ဘူးသည်။ သူသည် ထိုတမာပင်ကို နေ့ရှိသရွေ့ အချိန်တိုင်း သတိရနိုင်ခြင်း မရှိပါ။ သို့ရာတွင် ထမင်းဆိုင်ရှိ တို့စရာ မြုတ်စရာတွင် တမာရွက်ကို တွေ့ပါက အချိန်အတော်ကြာ ခွဲနေရသော သူ့မိသားစုကို သတိရမိသည်။

ထိုတမာပင်ကြီးသည် သူ့အိမ်ရှေ့တွင် တည်ရှိပြီး တမာပင်ကြီး နောက်တွင် သူ့အိမ်တည်ရှိကာ သူ့အိမ်ထဲတွင် သူ့မိသားစု ရှိနေသည် မဟုတ်ပါလား……

Read More...

Monday, March 03, 2008

တရုပ်တွေ ဘာကြောင့်ချမ်းသာ ကြသလဲ


ကျွန်တော်တို့ မြို့တွင် အမြင့်ဆုံး တိုက်သည် သုံးထပ်တိုက်ဖြစ်၍ ထိုတိုက်ကို ပိုင်ဆိုင်သူသည် တရုပ်လူမျိုး ဖြစ်သည်။ မြို့လည်ခေါင်ရှိ တိုက်အိမ်များ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်သည် တရုပ်လူမျိုးများ ပိုင်ကြသည်။ အကြီးဆုံး စတိုးဆိုင် ဆိုလျှင်လည်း တရုပ်လူများပင် ပိုင်ကြသည်။ ကျွန်တော်တို့မြို့တွင် အချမ်းသာလူ ဆိုလျှင်လည်း ထိုလူသည် တရုပ်ဖြစ်သည်။ အဲဒါ ကျွန်တော်တို့ တစ်မြို့တည်းလား.... မဟုတ်ပါ မြို့တိုင်း တွင်ဖြစ်သည်။ နောက်ဆုံး ပြောရလျှင် မြန်မာပြည်တွင်း နေထိုင်သူများအနက် တရုပ်လူမျိုးများသည် ဆင်းရဲသူ မရှိသလောက် ရှားသည်။ တရုပ်လူမျိုးဟု ပြောသည်နှင့် ချမ်းသာကြသူများ ဖြစ်သည် ဆိုတာကို နားလည်ကြပြီးသား ဖြစ်သည်။

* * * * *

ကျွန်တော်တို့ အဖိုးမသေခင်က သူပြောဖူးသည်။
“ အဲဒီတရုပ်ကြီး ငါတို့မြို့ကို ရောက်လာတုန်းက လက်ဗလာ သက်သက်ပဲ၊ မြန်မာစကားတောင် မတတ်ဘူး၊ မြို့ထဲမှာ တုန်ဟိုး တုန်ဟိုး ဆိုပြီး လှည့်လှည့်ရောင်း နေတဲ့လူပေါ့”

အခုတော့ ကျွန်တော် အဖိုးလည်း သေသွားပြီ ထိုလူလည်း သေသွားပြီ။ သို့ရာတွင် ကျွန်တော့်အဖိုးသည် သာမာန် တောင်သူ တစ်ယောက် အနေနှင့် သေသွားခြင်းဖြစ်ပြီး ထိုတရုပ်ကြီးသည် ကျွန်တော်မြို့၏ အချမ်းသာဆုံး စာရင်းဝင် မြို့မျက်နှာဖုံး အဖြစ်နှင့် သေသွားခြင်းဖြစ်သည်။

လက်ဗလာချဉ်း ရောက်လာကြသော တရုပ်များသည် ထိုတရုပ် တစ်ယောက်တည်း မဟုတ်ပါ၊ ကျွန်တော်မြို့တွင် အချမ်းသာဆုံး ဆိုသော တရုပ်များအားလုံး လက်ဗလာ သက်သက်ဖြင့် ရောက်လာခဲ့ကြ ခြင်းဖြစ်သည်။ ယခုအခါတွင် ထိုသို့ လက်ဗလာ သက်သက်ဖြင့် ရောက်လာကြသော တရုပ်များ အားလုံးသည် သူဌေးများဖြစ်၍ မိရိုးဖလာ လယ်၊နွား ချောင်း လုပ်စား ကိုင်စားစရာနှင့် နေကြသော ကျွန်တော်တို့ လူမျိုးများကတော့ ဆင်ရဲလို့ ကောင်းတုန်းရှိကြသေးသည်။

ကိုယ့်လက်မှာ လယ်၊နွား အရင်းနှီးတွေနဲ့ လုပ်စားကိုင်စားစရာ ရှိတဲ့ ကျွန်တော်တို့ လူမျိုးတွေနဲ့ လက်ဗလာ သက်သက်ဖြင့် ရောက်လာကြသော တရုပ်လူများသည် နှစ်ပေါင်း ခြောက်ဆယ် ခုနှစ်ဆယ် အတွင်းမှာ အခြေအနေတွေ အရမ်းကွာခြား သွားကြသည်။ ဘာကြောင့်များ ထိုသို့ ကွားခြားသွာရသနည်းဟု ကျွန်တော် မကြာခဏ စိတ်ထဲတွင် မေးမေးနေ မိပါတော့သည်။



လေးနှစ်တစ်မှ တစ်ကြိမ်ကျင်းပခွင့် ရတဲ့ တရုပ်သဌေးသားရဲ့ မွေးနေ့ . . . .

ကျွန်တော်နှင့် သင်တန်း အတူတူတက်နေသော သူငယ်ချင်း တရုပ်တစ်ယောက် ရှိသည်။ သူသည် မန္တလေးမှ လာရောက် သင်တန်း တက်ခြင်း ဖြစ်ပြီး မန္တလေးတွင် တိုက်နှင့်ကားနှင့် နေသူဖြစ်သည်။ ရန်ကုန်တွင်လည်း ရွှေတိံဘုရားနားတွင် ခြံနှင့်အိမ်တစ်လုံး၊ အလံပြဘုရား လမ်းတွင် တိုက်ခန်းတစ်ခန်း ပိုင်သေးသည်။ ယခု ရန်ကုန်တွင် သင်တန်းတက်တော့ ထမင်းချက် တစ်ယောက် ခေါ်လာပြီး ရွှေတိံဘုရားနားလေးက ခြံတွင် နေသည်၊ အလံပြဘုရားလမ်းရှိ တိုက်ခန်းကတော့ သော့ပိတ်ထားသည် ဟုဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က သူ့အသက်နှစ်ဆယ် ပြည့်သည်။ သူက မွေးနေ့ကို လေးနှစ်မှ တစ်ကြိမ်သာ ကျင်းပခွင့် ရသည်ဟု ဆိုသည်။

“ဟေ့ရောင် သဘက်ခါကျရင် ငါ့မွေးနေ့ကွ၊ အိမ်မှာ မင့်ကို ထမင်းကျွေးမယ်၊ ကျောင်းက တခြားကောင်တွေကို လျှောက်မပြောနဲ့နော်၊ မင့်ကို စောက်ရမ်းခင်လို့၊ မင့်တစ်ယောက်တည်းကို သီးသန့်ကျွေးချင်လို့” ဟု ကျွန်တော့်ကို သူ့မွေးနေ့ မတိုင်မှီ သုံးရက်အလိုတွင် ကြိုပြောသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့

အဲဒီနေ့က အိပ်ယာထ နောက်ကျသွားသည်။ နာရီကြည့်လိုက်တော့ ဆယ်နာရီ ကျော်နေပြီ။ Missed Call ၁၃ ခုအနက် ၁၂ ခုက သူခေါ်ထားခြင်း ဖြစ်သည်။

“ဟေ့ ရောင် မင့်ကို ဖုန်းခေါ်ရတာ သေတော့မယ်၊ မလာသေးဘူးလား”

ကျွန်တော်လည်း လာပါပြီဟု ဆိုပြီး ရေကို ကဗျာကရာချိုး တက္ကစီလေး ငှားပြီး ရွှေတိံဘုရားနားလေးက သူ့ခြံကို ရောက်သွားသည်။ သူက အိမ်ရှေ့ကနေ ကျွန်တော့်ကို ထွက်ကြိုသည်။ ကျွန်တော့်ကို မြင်တော့ စောင့်ရတာ ဗိုက်ဆာလို့ သေတော့မည်ဟု ဆိုသည်။ ထိုနောက် ကျွန်တော့်ကို ထမင်းစားခန်း အတွင်းသို့ ခေါ်သွားသည်။ ပြီးတော့ စားပွဲပေါ်မှ အုပ်ဆောင်းကို ဖွင့်လိုက်သည်။ စားပွဲပေါ်တွင် ကျွန်တော့်ကို ကျွေးရန် ပြင်ထားသော ဟင်းများက ..... ။ ဘာလချောင်ကျော် ဘူးတစ်ဘူး မုန့်ညှင်းချဉ် ဘူးတစ်ဘူး ဆလပ်ရွက် တစ်ပန်းကန်နှင့် တို့စရာ ငါးပိရည် တစ်ခွက်တို့ ဖြစ်ကြသည်။ ထိုအရာများသည် တရုပ်သူဌေးသား တစ်ယောက်၏ လေးနှစ်မှ တစ်ခါကျင်းပသော မွေးနေ့ပွဲတွင် ကျွေးသည့် စားသောက်ဖွယ်ရာများ ဖြစ်ကြပါတော့သည်။

“ဟေ့ရောင် စားကွ၊ မင်းစားနိုင်တယ်ဆိုတာ ငါသိတယ်” ဟု ပြောပြီး ထမင်းခူး၊ ထမင်းပန်ကန်ထဲသို့ ဘာလချောင်ကျော် များနှင့် မုန့်ညှင်းချဉ်များကို ထည့်ပေးသည်။ ထိုမုန့်ညှင်းချဉ်သည် သူမန္တလေးမှ ယူလာခြင်းဖြစ်ပြီး ရန်ကုန်မုန့်ညှင်းချဉ်ထက် ကောင်းသည်ဟု ဆိုလိုက်သေးသည်။

ကျွန်တော် ထင်ထားသည်က သူဌေးလဲ ဖြစ်ပြန် ဆိုင်မှာ မကျွေးပဲ အိမ်မှာ ကျွေးမည် ဆိုသောကြောင့်၊ သူ့အိမ်က ထမင်းချက် လက်ရာကို ကြွားရင်း ဟင်းလျှာလေးငါး ခြောက်မျိုး ချက်ထားပြီး ရှယ်ကျွေးမည်ဟု ထင်ထားခဲ့မိသည်။ အခုတော့ အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲသွားသည်။

ထမင်းစားပြီးတော့ ယုဇန ပလာဇာ သွားချင်သည် ဆိုသောကြောင့် လိုက်ပို့ရသည်။ ယုဇန ပလာဇာသို့ ဘတ်စ်ကားဖြင့် လာခဲ့ကြသည်။ ပလာဇာရောက်တော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အပေါ်တက် အောင်ဆင်း လုပ်ပြီး ဈေးလိုက်ဆစ်နေသည်။ နောက်ဆုံးတော့ သူကြိုက်ဈေး မရဟု ဆိုကာ တစ်ခုမှ မ၀ယ်ပဲ ပြန်ဖို့ ပြင်သည်။ မိုင်မစ် အရှေ့ရောက်တော့ “ရေဆာတယ် ၀င်ဦးစို့ဟု” ကျွန်တော်ကပြောတော့ “ဟေ့ရောင် ပိုက်ဆံ သိပ်မပါဘူးကွ၊ အအေးပဲ သောက်နော် မုန့်မစားနဲ့တော့” တဲ့။

ယုဇန ပလာဇာက ပြန်တော့ ကပ်စေးအိုးက ကလပ်လိုက်ပို့ဖို့ ဆိုပြန်သည်။ ကျွန်တော်က သူကပ်စေးကုတ်မှန်း သိ၍ “ငါ့မှာတော့ ပိုက်ဆံ မရှိတော့ဘူးနော်” ဟု ကြိုပြောထားရသည်။ သူက သူစိုက်မည်ဟု ပြောသည်။ ထို့ကြောင့် သူ့အိမ်မှာပဲ ဇာတ်ကားကြည်ရင်း မိုးချုပ်အောင် စောင့်ကြသည်။ မိုးချုပ်တော့ ၂၀၄ ကားစီး၊ ဆောက်လုပ်ရေး မှတ်တိုင်မှာဆင်း၊ ပြီးတော့ ပါအိုနီးယား ကလပ်ကို ခြေကျင်လျှောက်ပြီး သွားကြသည်။

ကလပ်မှာ ကရတာ မောလာတော့ ရေဆာလာသည်။ ကျွန်တော့်မှာ ပိုက်ဆံက ပါမလာ။ ထို့ကြောင့် သူ့ကို ရေဘူးသွားဝယ် ဖိုပြောမလို့ လိုက်ရှာတော့ သကောင့်သားက ကောင်မလေး တစ်ယောက်နဲ့ ငြိသွားပြီး တွဲကနေသည်။ သူ့ကို ရေဘူး ၀ယ်ဖို့ ပြောတော့ “ဟေ့ရောင် အောင့်ထားက ဒီမှာ ရေကဈေးကြီးတယ်၊ တစ်ဘူးတစ်ထောင်တဲ့၊ ငါ့မှာ ပိုက်ဆံ အပိုပါမလာတော့ဘူး” ဟုဆိုသည်။

ကျွန်တော်လဲ သူ့ကို အမြင်ကတ်သွားသည်။ ထို့ကြောင့် “မင်းအဲလောက်တောင် ကတ်စေးကုတ်နေရင်လည်း မင်းတစ်ယောက် တည်းလာပါလားဟု” အမြင်ကတ်ကတ် နှင့်ပြောပြီး အိမ်ကို လမ်းလျှောက် ပြန်လာခဲ့တော့သည်။

* * * *

ကျွန်တော် အလုပ်ထဲမှာ ရှိစဉ်မှာရော အပြင်မှာရော ကျွန်တော်တို့ လူမျိုးများသည် ယက်ရောကြသည်။ ကျွန်တော် ပေါင်းဘူးသလောက် သူငယ်ချင်းများမှာ မွေးနေ့ဆိုလျှင် လူဆယ်ယောက် ဆယ့်ငါးယောက် အုပ်ကြီးကို ကောင်းကောင်း ကျွေးကြသည်။ ထိုသို့ ကျွေးဖို့အတွက် ထုတ်ထားတဲ့ လစာနှင့် မလောက်လျှင် နောက်လထဲက ကြိုထုတ်ကြသူများလည်း ရှိကြသေးသည်။ အခုကောင်ကတော့ လက်ထဲမှာ ရှိတဲ့ ပိုက်ဆံကိုကို ကတ်စေးကုတ်နေသည်။

* * * *

ကျွန်တော် အိပ်ရောက်တော့ စဉ်းစားကြည့်တော့ နှစ်ပေါင်းများစွာ မေးနေခဲ့ဖူးသော မေးခွန်းရဲ့ အဖြေ အပိုင်းအစ တစ်ခုကို မြင်လာသည်။ များသော အားဖြင့် တရုပ်လူမျိုးများသည် မြန်မာတွေလောက် အသုံးအဖြုံး မကြီးကြပါ။ သူတို့သည် သုံးသင့်သည့်နေရာမှ သုံးကြတာများသည်။ စီးပွားရေးနှင့် ငွေးကြေး ကိစ္စတွင် ခင်မင်မှု ဆိုတာကို ထည့်တွက်ထားခြင်း မရှိကြပေ။ ကျွန်တော်တို့ လူမျိုးများကတော့ အားနာတာနှင့်ပဲ ကိုယ်အနာခံလိုက်ရတာ များသည်။

ထို့ကြောင့် မြန်မာ အများစုသည် အလုပ်အကိုင် ခွင်တစ်ခွင် မိလို့ ချမ်းသာလာကြသည့်တိုင် အသုံးကြီးလွန်းသော ကြောင့် ခွေးလေး ကောင်းစား တစ်မွန်းတည့် ဆိုသည့် စကားပုံအတိုင်း မကြာမတင်မှာပင် မူရင်းဘ၀သို့ ပြန်လည် ရောက်ရှိသွားတတ် ကြပါတော့သည်။

ဆန္ဒရှိလျှင် ဆက်ရေးပါဦးမည် ..........

Read More...

There was an error in this gadget