Art is My Life: February 2008

Tuesday, February 19, 2008

အကယ်၍သာ....

ကျွန်ုပ်သည် အောက်စဖို့စ် တက္ကသိုလ်၏ ကျောင်းသား တစ်ယောက် ဖြစ်ခဲ့ပါက အချစ်သနိက ဗေဒဘာသာရပ်ကို ကျမ်းပြုစု၍ ပါရဂူဘွဲ့ ယူလိမ့်မည်။

ကျွန်ုပ်သည် အဂ္ဂိယထိုးသူ တစ်ယောက် ဖြစ်ခဲ့ပါက ကမ္ဘာကြီးကို လုံထဲထည့်ပြီး ရွှေဖြစ်အောင် ထိုးလိုက်မည်။ (ထိုရွှေလုံးကြီးဖြင့် မိန်းမသွားတောင်းပါက ငြင်းမည့် သမီးရှင် လောကတွင် ရှိလိမ့်မည်မထင်)

ကျွန်ုပ်သည် စာရေးဆရာ တစ်ယောက်ဖြစ်ခဲ့လျှင် အနောက်တိုင်းမှ အရှေ့တိုင်းသို့ ယဉ်ကျေးမှု ပျံ့နှံ့ခြင်းကို တွန်းလှန်သည့်ဇာတ်လမ်း တစ်ပုဒ်ရေးမိလိမ့်မည်။ ထိုဇာတ်လမ်းတွင် အရှေ့တိုင်းမှ ယဉ်ကျေးမှုများကို ဖြန့်ဝေရာတွင် မြန်မာနိုင်မှ ကွမ်းစားသည့် ဓလေ့ကို Euro နှင့် အနောက်နိုင်ငံများသို့ ဖြန့်ဝေရန် ဆုံးဖြတ်ကြလိမ့်မည်။ နောက်ဆုံးတွင် လန်ဒန်မြို့ရှိ လမ်းဘေးမှ အစ ရှော့ပင်းမောများ အထိ မြန်မာကွမ်းယာဆိုင်များက နေရာယူကြလိ့မ်မည် လန်ဒန်မြို့၏ အထင်ကရလမ်းများကိုလည်း ကွမ်းသွေးများဖြင့် အလှဆင်ကြပေလိမ့်မည်။

ထိုဝတ္ထုကို ဈေးကွက် တင်ရောင်းပါက ဂျေကေရိုးလင်း မျက်လုံးမျက်ဆံ ပြူးသွားလိမ့်မည်။ ဘင်လာဒင်က ပုန်းနေရာက ထွက်လာပြီး ထိုစာအုပ်ကို တစ်ကမ္ဘာလုံးရှိ ကျောင်းသုံးစာအုပ်ဖြစ် ပြဌန်းရန် သင့်တော်သည်ဟု အကြံပြုလိမ့်မည်။


ကျွန်ုပ်သည် သတ္တဗေဒ ပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါက ခေါင်းခြောက်လုံး ပါသောသာလိကာ တစ်ကောင်ကို ဖန်တီး၍ လူစကား သင်ပေးလိုက်မည်။ ထိုခေါင်းခြောက်လုံးပါသော သာလိကာကို ဈေးကွက်တွင် ရောင်းချပါက ဘီလ်ဂိတ်သည် ကျွန်ုပ်ကို ဆရာခေါ်လိမ့်။ အိုနာစစ်သည် တမလွန်မှ ပြန်လာပြီး တပည့်ခံလိမ့်မည်။

အဘယ်ကြောင့် ဆိုသော လူသားများသည် အင်မတန်မှ စကားများ၍ ပြောသမျှကို ဖော်လိုလိုက်ပြီး ခေါင်းညိမ့်လျှင် သဘောကျကြသောကြောင့် ဖြစ်သည်။

သို့ရာတွင် ယခုမူ ထိုသာလိကာကို တီထွင်မည့် အစီစဉ်ကို ဖျက်သိမ်းလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် စကားဆိုသည်မှ စသည်နှင့် မချဲ့ပဲ ကားတတ်သည့် သဘာဝရှိသောကြောင့် ဖြစ်သည်။ နံပါတစ် ခေါင်းမှ ကြွက် ဟုပြောလိုက်ပါက နံပါတ်ခြောက် ခေါင်းသို့ ရောက်သော အခါတွင် အတောင်ပံပေါက်ကာ လင်းနို့ဖြစ်ပြီး ကောင်းကင်သို့ ပျံတက်သွားနိုင်သည်။

ထိုသို့ စကား ကား သော ဒါဏ်ကို ကျွန်ုပ်မခံနိုင် ထို့ကြောင့် ဘီးဂိတ်က ဆရာဟု ခေါ်မည့်အခွင့်ရေးကြီးကို လက်လွတ်ပြီး ထိုသာလိကာကို မတီထွင်တော့ရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိတွင်ကျွန်ုပ်သည် အောက်စဖို့စ် တွင်ကျောင်းတက်နေသူ၊ အဂ္ဂိယထိုးသူ မဟုတ်သလို စာရေးဆရာလဲ မဟုတ်ပါ သတ္တဗေဒပညာရှင်လည်း မဟုတ်ပါ။ သို့သော် စာရေးသော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ရေးချင်သည်များကို ရေးချင်သလို ရေးခြင်းဖြစ်သည်။

Read More...

ကျွန်ုပ်ရေးသောကြောင်ကြောင်စာများ

ကျွန်ုပ်ကို အချဉ်ဟု မထင်စေလို၊ မချဉ်၍ ချိုသလားလို့ မေးရင် ခါးချင်ခါးပါလိမ့်မည် စပ်ချဉ်စပ်ပါလိမ့်မည်။ သေချာသည်ကတော့ ကျွန်ုပ်သည် အချဉ်မဟုတ်၊ နန္ဒာလှိုင် မောင်မျိုးမင်း ဖိုးကျော် ရန်အောင် အစရှိသူတို့၏ ကျေဇူးရှင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အထက်ပါ လူများ အကယ်ဒမီယူစဉ်က ပရိတ်သတ်များသည် သူတို့၏ ကျေးဇူးရှင်များဖြစ်သည်ဟု ရုပ်မြင်သံကြားမှ တစ်ဆင့် တစ်နိုင်ငံလုံး သိအောင်ကြေငြာခဲ့သည်။ ကျွန်ုပ်သည်ကား ထိုသူများ၏ ပရိတ်သတ်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကျေးဇူးရှင်သည် ကျွန်ုပ်ဖြစ်ချေတော့သည်။

နောက်တစ်ခု ထပ်ပြောရမည်ဆိုပါက၊ အငြိမ်းစားယူသွားသော ကိုဖီအာနန်၏ အလုပ်ရှင်သည် ကျွန်ုပ်ဖြစ်ခဲ့ဘူးပြီး ဘန်ကီးမွန်း၏ လက်ရှိအလုပ်ရှင်သည် ကျွန်ုပ်ဟု ပြောလျှင်ကား မှားလိမ့်မည်မဟုတ်။

အဘယ်ကြောင့်ဆိုသော လူသားများသည် ကျွန်ုပ်တို့၏ အလုပ်ရှင်များ ဖြစ်သည်ဟု ထိုပုဂ္ဂိုလ်များ မကြာခဏပြောခဲ့ကြသည်။ ကျွန်ုပ်သည် လူသားတစ်ယောက် ဖြစ်သည် ထို့ကြောင့် ကိုဖီအာနန် ဘန်ကီးမွန်း အစရှိသော လူများ၏ အလုပ်ရှင် တစ်ယောက် ဖြစ်သည်။

လူများသည် အရူးများဖြစ်သည်ဟု ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့ဖူးသည်ဟု ပြောကြသည်။ တကယ်ဟောခဲ့သည် မဟောခဲ့သည်ကိုတော့ ကျွန်ုပ်ကောင်းစွာ မသိပါ။ သို့ရာတွင် လူများသည် အရူးများ ဖြစ်သည် ဆိုသည်ကိုတော့ အားလုံးက လက်ခံကြသည်။ သို့ဆိုပါလျှင် လူအားလုံးသည် ဘာကြောင့် ရွာသာကြီးကို မသွားကြသနည်း။

လူများသည် ကျီးအာသီးကို တွေ့လျှင် အဆင်းသာရှိပြီး အချင်းမရှိသည့် အသီးဟု ကဲ့ရဲ့ရှုံ့ချကြသည်။ အဆိုးမြင်ဝါ ဒီသမားများသည် ဖန်ခွက်ထဲတွင် ရှိသော ရေတစ်ဝက်ကို ရေတစ်ဝက်ပဲရှိသည်ဟု ပြောကြသည်။ အကောင်းမြင်ဝါဒီ သမားများသည် ဖန်ခွက်ထဲတွင် ရှိသော ရေတစ်ဝက်ကို ရေတစ်ဝက်ကြီးတောင် ရှိသေးပါလားဟု ပြောကြသည်။ သို့ဆိုလျှင် ကျီးအားသီးကို အထဲက အနှစ်မရှိပေမယ့် တော်တော်လှတဲ့ အသီးလေးပဲ ဟုဘာကြောင့် မပြောကြသနည်း။

အဆိုးမြင်သမားနှင့် အကောင်းမြင်သမားကို ဖန်ခွက်ထဲက ရေတစ်ဝက်စံနှင့် ပြောဆိုရမည်ဆိုပါက ကျီးအာသီးကို အဆင်းသာရှိ၍ အချင်းမရှိသော အသီးဖြစ်ဟု ပြောကြသူများသည် အဆိုးမြင်ဝါဒီသမားများ ဖြစ်ကြသည်။

လူအချို့သည် သရဲကားများကို ကြည့်ရင်းကြောက်သည် ကြောက်သည်ဟု ပြောကြသည်။ သို့ရာတွင်း ကြည့်လက်စ သရဲကားကို ပိတ်ပစ်ခြင်း မရှိကြ။ အမှန်အကန် ကြောက်သူသည် ကြည့်ဖို့ဝေးစ ထိုအသံကိုပင် မကြားချင်ကြပေ။ ထို့ကြောင့် ကြည့်ရင်း ကြောက်သည်ဟု ပြောသောသူများသည် အမှန်အကန် မကြောက်သောသူများ ဖြစ်ကြသည်။

ကျွန်ုပ်သည် လူ့လောကကြီးကို လွန်စွာစိတ်ပျက်မိသည်။ လူ့လောကကြီးမှာ နေရတာ စိတ်ပျက်စရာ ကောင်းသည်ဆိုသည့် အတွေးကို တစ်ပတ်လျှင် ဆယ်ကြိမ်ထက် မနည်းတွေးမိသည်။ အဲလောက်တောင် စိတ်ပျက်နေလျှင် အဆိပ်သောက် သေလိုက်ပါလားလို့ အကြံပေးရင် ကျွန်ုပ်ခေါင်းခါမိလိမ့်မည်။ လူလောကသည် စိတ်ပျက်ဖွယ်ရာ အတိပြီးသော်လည်း လူ့လောကြီးက ထွက်ခွါသွားရမည်ကိုတော့ လိုလားခြင်း မရှိ။

ကျွန်ုပ်သည် ကြောက်သော သရဲကားကို မပိတ်ရက်ပဲ ဆက်ကြည့်နေသူ တစ်ယောက်ကဲ့သို့ နေရတာ အလွန်စိတ်ပျက် ငြီးငွေ့ဖွယ်ကောင်းသော လူ့လောကကြီးကို စိတ်ပျက်သည်ဟု ပြောရင် ငြီးညူရင်းဖြင့် အသက်ဆက်လက်ရှင်သန်လျှက် ရှိသည်။

ယနေ့လည်း အသက်ရှင်နေသည်။ မနက်ဖြန်လည်း အသက်ရှင်ဦးမည်။ ဘယ်နေ့ အထိအသက်ရှင် မည်နည်းဟု လာမေးလျှင် ကျွန်ုပ်တွင် ဖြေစရာ အဖြေတစ်ခုရှိသည်။

မသေမချင်း အသက်ရှင်နေမည်။

Read More...

Thursday, February 14, 2008

ချစ်သူ . . . .

ချစ်သူ . . . .
ကမ္ဘာမြေနဲ့ကြယ်စင် မိုင်တွေသန်းချီလို့ ဘယ်လောက်ပင် ဝေးပါစေ၊ ညအခါမှာ မိတ်တုပ်မိတ်တုပ် အလင်းရောင်လေးတွေက ကောင်းကင်မှာ ကြယ်စင် ရှိနေတယ်ဆိုတာကို သိနိုင်တယ်။
နင်နဲ့ငါ မိုင်တွေရာချီလို့ ဘယ်လောက်ပဲ ဝေးနေပါစေ၊ နင့်နာမည်ကြားရုံနဲ့ နှလုံးသားတွေ တစ်ဆတ်ဆတ် တုန်နေတာကို ကြည့်ခြင်းအားဖြင့် ငါ့ရင်ထဲမှာ နင်ရှိနေတယ်ဆိုတာကို ငါအမြဲသိခဲ့တယ်။


ချစ်သူ . . .
ကမ္ဘာကြီးကို တိမ်တိုက်တွေက ဖုံးအုပ်ပြီး လည်ပတ်နေသလို၊့ ရင်ထဲမှာ နင့်ကိုချစ်တဲ့ စိတ်တွေက ငါ့နှလုံးသားကို လွှမ်ခြုံပြီး ထာဝရ လည်ပတ်နေတယ်။

ချစ်သူ. . .
တကယ်တော့ အချစ်ဆိုတာ . . .
ပေးဆပ်ခြင်းသက်သက်ပါပဲ
ဘာကိုမှ မမျှော်လင့်ဘူး

သူ့ဘေးနားကနေ
သူ့လိုအင်တွေကို
ဖြည့်ဆည်းခွင့်ရနေရင် . . . . .
ကြေနပ်နေတဲ့ ပီတိတစ်ခုပဲ

အဲဒီပီတိကို . . .
အချစ်လို့ ခေါ်ကြတယ်။

ချစ်သူရေ……..
တကယ်တော့ငါဟာ
အဲဒီပီတိတစ်ခုအတွက် အရာအရာကို စွန့်စားရင်ဆိုင်ဖို့ အသင့်ရှိနေခဲ့ လူတစ်ယောက်ပါ ချစ်သူ . . .

Read More...

သို့ .......

ချစ်သူ . . . .
တကယ်လို့များသာ
ငါဟာ ကျောက်ခတ်က လူသားတစ်ယောက် ဖြစ်ခဲ့ရင် . . .
ချစ်တယ်. . . . လို့ ပြောဖို့ ဘာသာစကားရှိမှာ မဟုတ်ဘူး
ချစ်တယ်. . . . လို့ ရေးပြဖို့ စာရွက်တွေရှိမှာ မဟုတ်ဘူး

ချစ်သူ. . . .
တကယ်တော့ စကားဆိုတာ အဓိပ္ပယ်ရှိသော နုတ်ထွက်အသံ တစ်ခုပါ
ဒါကြောင့် နင့်ကို ချစ်တယ်. . . လို့ပြောဖို့ ဘာသာစကား မရှိတဲ့
ကျောက်ခေတ်မှာ လူဖြစ်ခဲ့လည်း
မပူပါနဲ့ချစ်သူ
ငါ့ရင်ဘတ်ထဲမှာ တဒိတ်တဒိတ်နဲ့ မြည်နေတဲ့ နှလုံးခုန်သံတွေ ကိုနားထောင်ကြည့်ပါ
အဲဒီနှလုံးခုန်သံတွေက
ချစ်တယ်လို့ . . .
အဓိပ္ပယ်ရတဲ့ အသံတွေပေါ့ ချစ်သူရယ်
အဲဒီထက် အဓိပ္ပယ်ရှိတဲ့ အသံ လောကမှာ ရှာလို့ရှိပါ့ဦးမလားကွယ် . . . .

Read More...

Tuesday, February 12, 2008

23 = 8395


ဒီနေ့ဟာ ကျွန်တော်လူ့လောကကို ရောက်ရှိတာ ၂၃ နှစ်ပြည့်သွားပါပြီ။ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ် ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျွန်တော့်ကို စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။

တစ်နှစ်ကို ၃၆၅ ရက်နဲ့ တွက်မယ်ဆိုရင် ၈၃၉၅ ရက် အကြာ လူ့လောကမှာ ကျွန်တော်နေထိုင် အသက်ရှင်ခဲ့ပြီး ပြီးဖြစ်ပါတယ်။ လူ့သက်တန်းကို ပျမ်းမျှခြင်း အသက် ၇၀ နဲ့တွက်ကြည့်ရင် လူတစ်ယောက်ဟာ ရက်ပေါင်း ၂၅၅၅၀ ရက်နေထိုင်ခွင့် ရှိမှာဖြစ်ပါတယ်။ အကယ်၍များသာ ကျွန်တော်သာဟာ အသက် ၇၀ အထိ လူ့လောကကြီးမှာ နေထိုင်ခွင့် ခဲ့မယ်ဆိုရင် ကျွန်တော့်အတွက် အသက်ရှင် နေထိုင်ဖို့ ၁၇၁၅၅ ရက်ကျန်ရှိဦးမှာ ဖြစ်ပါတယ်။

နှစ်တွေနဲ့ ပြောမယ်ဆိုရင် အသက် ၇၀လောက် အထိ နေထိုင်ခွင့်ရတယ်ဆိုတာ ကြာတယ်လို့ ထင်ရပေမယ့် ရက်အနေနဲ့ တွက်ကြည့်လိုက်တဲ့ အခါမှာ ကိုယ့်အတွက် သိပ်မကျန်တော့သလိုပဲ ခံစားရတယ်။

တစ်ရက်ကို ပိုက်ဆံ တစ်ကျပ်လို့ သဘောထားပြီး တွက်ကြည့်မယ်ဆိုရင် ကျွန်တော်ရဲ့ မှုလ ပိုင်ဆိုင်မှု ငွေကြေးဟာ နှစ်သောင်းခွဲကျော်ရှိခဲ့တယ်။ သုံးရင်းသုံးရင်းနဲ့ အခုဆိုရင် ငွေရှစ်ထောင်ကျော် ကိုသုံးခဲ့ပြီးပြီ။ ၀ယ်စရာတွေကလည်း အများကြီး ကျန်နေသေးတယ်။ သေချာတာတော့ ကျွန်တော့်မှာ နောက်ထပ် ၀င်ငွေမရှိတော့ဘူး။ ဒါကြောင့် ကျန်တဲ့ တစ်သောင်းခု နှစ်ထောင်ကျော်ကို ကိုယ့်အတွက် Save ဖြစ်အောင် ဘယ်လိုသုံးရမလဲ ဆိုတာ စဉ်းစားရတော့မယ်။ သေချာတာကတော့ ကျွန်တော့်အတွက် တကယ်လိုအပ်တဲ့ အရာတွေကိုပဲ ၀ယ်ရတော့မှာပေါ့။

တကယ်တော့ လူ့လောကကြီးကလည်း အကန့်အသတ်နဲ့ ရတဲ့ လစာလိုပဲ၊ လောကမှာ နေထိုင်ခွင့် အချိန်ဆိုတာ အကန့်အသတ်လေးနဲ့ ရခဲ့တာပေါ့။

လူ့တစ်ယောက်ရဲ့ အသက်ကို နှစ်နဲ့ တိုင်းတာတယ်။ နှစ်ဆိုတာ လ တွေနဲ့ဖွဲ့စည်းထားတာ။ လဆိုတာ ရက်တွေနဲ့ ဖွဲ့စည်းထားတာ။ ရက်ဆိုတာ နာရီတွေနဲ့ ဖွဲ့စည်းထားတာ။ နာရီတွေကို တစ်နည်းအားဖြင့် အချိန်လို့ ခေါ်တယ်။ ဒါကြောင့် အချိန်တွေကို ဖြုန်းတီးနေခြင်းဟာ အသက်တွေကို ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ။

အဲလို သိလိုက်တဲ့ အချိန်မှာ ကျွန်တော့်အသက်တွေ အများကြီး ဖြုန်းတီးခဲ့ပြီးပြီ..............

Read More...

ကျွန်တော့်မွေးနေ့

၁၉၉၀ ၀န်းကျင်ခန့် က ( ကောလင်းမြို့နယ် ကြို့ခုန်ရွာ)


ညီလေး မမ ကျွန်တော် (အင်းတော်မြို့)


ငယ်ငယ်တုန်းကစာတော်တယ် (ကျော်ဇေယျာ အမက)

တပ်မတော်နေ့ အထိမ်းမှတ်ကဗျာပြိုင်ပွဲ ၊ မြို့နယ်အဆင့်ပထမ (ဆယ်တန်းနှစ်က)




ဆယ်တန်းအောင်တဲ့နှစ် (2002)


ခရစ်စမတ်နေ့ (2006)



YangonMediaGroup နှစ်ပတ်လည် (2007ဇန်န၀ါရီ)


ကွမ်လုံမြို့နယ် (2007 နိုဝင်ဘာ)


သူများအိမ်မှာ သူများကွန်ပျူတာနဲ့ :P



ကျွန်တော်နဲ့ တစ်ရက်တည်းမွေးတဲ့ ပုဂ္ဂိုလ် (Abraham Lincoln 1809)

Read More...

Monday, February 11, 2008

Edison မွေးနေ့


ဒီနေ့ဟာ တီထွင်သူ ပါရဂူကြီး Thomas Edison ရဲ့ မွေးနေ့ဖြစ်ပါတယ်။

သူဟာ မှတ်ပုံတင်ထားတဲ့ တီထွင်မှု အမျိုးပေါင်း တစ်ထောင်ကျော် ရှိပြီး သူတီထွင်မှုတွေထဲမှာ အကြော်ကြားဆုံး တီထွင်မှုကတော့ လျှပ်စစ်မီးလုံးပဲ ဖြစ်ပါတယ်။ သောမတ်အက်ဒီဆင် ရဲ့ ကျေးဇူး ရောင်ခြည်တွေက တကမ္ဘာလုံးကို လွမ်းခြုံထားပါတယ်။ကျွန်တော်တို့ ညပိုင်းမှာ အလင်းရောင်ကို ရရှိနေခြင်းဟာ အက်ဒီဆင်၏ ကျေးဇူးများ ကြောင့်ဖြစ်ပါတယ်။ (မီးပျက်သော ညများမပါ)

သူ့အကြောင်းကိုတော့ ကျွန်တော် ငယ်စဉ်ကတည်းက ကျောင်းစာအုပ်တွေထဲမှာ သင်ကြားခဲ့ရပြီးဖြစ်လို့ ထွေထွေထူးထူး ပြောဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ......

သူဟာ လျှပ်စစ်မီးလုံးကို စိတ်ကူးရလို့ စတီထွင်ထွင်ခြင်းမှာ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ အကြိမ်ခြောက်ထောင် ကျော်မှ သူ့လျှပ်စစ် မီးလုံးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တာပါ။ သူလျှပ်စစ်မီးလုံးကို အောင်မြင်စွာ တီထွင်နိုင်တဲ့ အချိန်မှာ မီးလုံးမဖြစ်လာသေးတဲ့ လျှပ်စစ်မီးလုံး အပျက်တွေကို ကားနဲ့ တိုက်ထုတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

သူလျှပ်စစ်မီးလုံးကို အောင်မြင်စွ တီထွင်နိုင်တဲ့ အချိန်မှာ “ မီးလုံးတစ်လုံး အောင်မြင်ဖို့ မအောင်မြင်တဲ့ အကြိမ်ရေ ခြောက်ထောင် ကျော်လောက် ရှိခဲ့တာပေါ့” လို့ သူ့ကို ပြောကြတဲ့အခါ၊ “ အဲဒီအကြိမ်ရေ ခြောက်ထောင်ဟာ မအောင်မြင်တာ မဟုတ်ပါဘူး၊ လျှပ်စစ် မီးလုံး လုပ်လို့မရတဲ့ နည်းလမ်းခြောက်ထောင်ကို အောင်မြင်စွာ ရှာဖွေ တွေ့ရှိခဲ့တာပါ” လို့ သူက ပြန်ပြောခဲ့ပါတယ်။

ကျွန်တော်တို့ ဘ၀မှာလည်း လျှပ်စစ်မီးလုံး တီထွင်သလိုပါပဲ။ ဘ၀ကို အောင်မြင်ဖို့ ကြိုးစားတဲ့ အခါမှာ အကြိမ်ပေါင်းများစွာ ကျရှုံးဖူးကြပါလိမ့်မယ်။ မအောင်မြင်တဲ့ နည်းကို သိရင် နောက်တစ်ခါ အဲဒီအတိုင်း မလုပ်ပဲ တစ်ခြားနည်းလမ်း တစ်ခုကို ပြောင်းလုပ်ကြည့်သွားလို့ ရနိုင်ပါသေးတယ်။

ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် သောမတ်အက်ဒီဆင်ဟာ 1847 ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး 1931 အောက်တိုဘာလ 18 ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အထိသာ အသက်ရှိနေဦးမယ်ဆိုရင် 161 တစ်နှစ် ပြည့်မှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဖေဖော်ရီ ဆယ်ရက် အစွန်းပိုင်းကာလမှာ အက်ဒီဆင် လင်ကွန်း မြန်မာလွတ်လပ်ရေး ဘိသုကာ ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ လူသားအကျိုးပြု ပုဂ္ဂိုလ်တွေကို မွေးဖွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မနက်ဖြန်မှာလဲ လူသားအကျိုးပြု ပုဂ္ဂိုလ်တစ်ယောက်ရဲ့ မွေးနေ့ကို ဆက်လက်တင် ပြသွားမှာ ဖြစ်ကြောင်း အသိပေးလိုက် ပါရစေ။

Read More...

Sunday, February 10, 2008

ကြောင်စာ



အဒေါ်အိမ်ကို ရောက်ပြီဆိုသည်နှင့် ကြောင်များက ၀ုန်းဒိုင်း ဆန်နေသည်။ အဒေါ်အိမ်တွင် ကြောင်ကြီး ကြောင်လတ် ကြောင်သေး ကြောင်မွေးစပါက် အစရှိသဖြင့် အမျိုးအစား စုံလင်လှသည်။ ထိုသို့ အမျိုးစား စုံသော ကြောင်များကို စီးပွားတက်သည်ဟူသော အယူဆတစ်ခု တည်းဖြင့် မြောက်စားထား ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က အဒေါ်အိမ်သို့ ကြောင်ဝါမလေး တစ်ကောင်ရောက်လာသည်။ ထိုကြောင်မလေး ရောက်လာပြီး နောက်ပိုင်းတွင် ကြောင်များ တစ်သုတ်ပြီး တစ်သုတ် မွေးဖွားခဲ့ရာ ယခုအချိန်တွင် ကြောင် အကောင်နှစ်ဆယ် ကျော်သွားပြီး ဖြစ်သည်။

ကြောင်မွေးသည် ဆိုသည်က လွယ်သည့် အလုပ်တော့ မဟုတ်။ ကြောင်များကို နံနက် နှင့် ညနေတွင် ငါးပုစွန် အစရှိသည့် အသားဟင်း နှင့် ကျွေးရသည်။ ထို့ပြင် ကြောင်များတွင် ရာသီအလိုက် ဖြစ်တတ်သော ရောဂါများကို ကာကွယ်ရန် အချိန်ရာသီအလိုက် တိရိစ္ဆာန် ဆရာဝန်ဖြင့် ဆေးထိုး ပေးရသေးသည်။ ညပိုင်းတွင် ကြောင်များအတွက် ညလည်စာ အစာခြောက် ကိုကျွေးရသေးသည်။ ထိုကဲ့သို့ တိုင်ပင်ကိုက်အောင် ကျွေးမွေး စောင့်ရှောက်နိုင်မှသာ ကြောင်များသည် ကြီးထွားပြီး လှလှပပနှင့် ရောဂါကင်းသည်။


တစ်ရက်တွင် အစ်မဖြစ်သူက အိမ်ပြန်လာလျှင် ကြောင်စာ ၀ယ်လာရန် ကျွန်တော့်ကို မှာလိုက်သည်။ ကြောင်စာဆိုသည်မှာ ထွေထွေထူးထူးမဟုတ်ပါ ရပ်ကွပ်ထိပ် ဈေးအတွင်းမှ ငါးများ သာဖြစ်သည်။

ကျွန်တော် လက်ရှိတက်နေသော သင်တန်းက ညနေ ငါးနာရီတွင် ဆင်းသည်။ ဘတ်စ်ကားစီးသည့် အချိန်နှင့် တွက်လိုက်ပါက ညခုနှစ်နာရီခန့်တွင် အဒေါ်အိမ်ရှိရာ ရန်ကုန်မြို့စွန်ရှိ ရပ်ကွက်သို့ရောက်သည်။


ကျွန်တော် ဘတ်စ်ကားပေါ်က ဆင်းတော့ ရပ်ကွက်ထိပ် တွင် ဖရောင်းတိုင် တို့ဖြင့် အတိပြီးသော ဈေးတန်းလေးမှာ ကျိုးတိကျိုးကြဲဖြစ်သည်။ ကျွန်တော်သည် ထိုကျိုးတိကျိုးကြဲဖြစ်နေသော ဈေးတန်းလေးကို ဖြတ်၍ အိမ်သို့ ပြန်ရမည် ဖြစ်သည်။

ထိုဈေးတန်းလေးသည် ကျွန်တော်တို့ အဒေါ်များ နေထိုင်ရာ ရပ်ကွက်ထိပ်တွင် တည်ရှိပြီး ညနေပိုင်း ရုံးဆင်းချိန်တွင် ဈေးဝယ်သူများ နှင့် တော်သင့်ရုံစည်ကား သောဈေးလေးတန်းလေး တစ်ခု ဖြစ်သည်။ ယခု အချိန်တွင်တော့ မိုးအနည်းငယ် ချုပ်နေပြီ ဖြစ်သောကြောင့် ရောင်းသူ ရောဝယ်သူပါ ကျဲပါးနေရခြင်း ဖြစ်သည်။

ကျွန်တော် ထိုဈေးတန်းကို ဖြတ်လျှောက်စဉ် ငါးဝယ်နေသူများကို တွေ့တော့မှ မနက်က အမဖြစ်သူ မှာလိုက်သည့် ကြောင်စာကို သွားသတိရသည်။ ထို့ကြောင့် လက်နှစ်လုံး အရွယ်ခန့်ရှိ အမျိုးအမည်မသိ ငါးများကို ဈေးပေါပေါနှင့်ရသောကြောင့် ကြောင်စာအဖြစ် ၀ယ်လာခဲ့သည်။ အိမ်ရောက်တော့ ကျွန်တော် ၀ယ်လာသော ငါးများကို အစ်မဖြစ်သူအား ပေးလိုက်သည်။

“ဟင်. . . နင်ဝယ်လာတဲ့ ငါးတွေက အပုတ်နံ့ထွက်နေတယ်” ဟု အစ်မဖြစ်သူက ငါးများကို ရေဆေးရင်း လှမ်းပြောသည်။ ကြောင်စားမှာပဲဟာကို အပုတ်နံ့ထွက်တော့လဲ ဘာဖြစ်လဲဟု ကျွန်တော်က ပြန်ပြောလိုက်သည်။

“ကြောင်တွေက အပုတ်နံ့ထွက်တဲ့ငါးတွေဆိုရင် မစားဘူး” ဟု အစ်မက ပြန်ပြောသည်။ ဘာဖြစ်ဖြစ် ထိုနေ့က မိုးလည်း ချုပ်သွားပြီ ဖြစ်သောကြောင့် ထိုငါးများကိုသာ ကြောင်စာအဖြစ် ချက်လိုက်ရသည်။

နောက်နေ့ နံနက်ရောက်တော့ မနေ့ကချက်ထားသော ငါးဟင်းများဖြင့် ကြောင်များကို အစာကြွေးသည်။ ကြောင်များသည် ထိုငါးဟင်းများဖြင့် နယ်ထားသော ထမင်းကို အနည်းငယ်သာ စားပြီး ဆက်မစားပဲနေကြသည်။ အချို့ကြောင်များကတော့ နမ်းရုံသာ နမ်းပြီး လုံးဝ မစားပဲနေကြသည်။

အဲတော့မှ သိလိုက်သည် ငါးတွေက အပုတ်နံ့ထွက်ရင် ကြောင်တွေ မစားဘူးကိုး။ ဒီလိုဆိုရင် ကြောင်တွေတောင် မစားတော့တဲ့ ငါးကို ဘာဖြစ်လို့ရောင်းနေရ ရပါလိမ့်ဟု ကျွန်တော် တစ်ယောက်တည်း စဉ်းစားနေမိသည်။

ထိုသို့စဉ်းစားရင်း ကျွန်တော် သတိရသွားသည်။ ကျွန်တော် ပုတ်စပြုနေပြီဖြစ်သော ခပ်ရိရိ ငါးများကို ၀ယ်စဉ်က ကျွန်တော်တစ်ယောက် တည်းမဟုတ်။ ကျွန်တော်ဘေးတွင် ထိုင်ကာ ခပ်ရိရိ ငါးပုံထဲက ပိုလတ်မည်ထင်သော ငါးများကို ရွေးနေသည့် အမျိုးသမီးကြီး တစ်ဦးကို သတိထားမိသည်။ ထိုအမျိုးသမီးကြီးသည် ဘာအလုပ်လုပ်ကိုတော့ ကျွန်တော်သေ ချာမသိသော်လည်း ခေါင်းရင်းအိမ်တွင် အ၀တ်လာလာ လျှော်ပေးသည်ကိုတော့ ရံဖန်ရံခါတွေ့ဖူးသည်။

ထိုနေ့က ပုတ်စပြုနေသော ငါးများကို ကျွန်တော်ကတော့ ကြောင်ကျွေးရန်အတွက် ကြောင်စာ အဖြစ်ဝယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ထို့ကဲ့သို့ အပုတ်နံ့ထွက်နေသော ငါးများကို ကြောင်များ မစားပါ။ ထိုကဲ့သို့ ကြောင်များမစားသော ငါးများကို ထိုအမျိုးသမီးကြီးသည် ဘာအတွက် ၀ယ်နေသည်မသိ။

ကျွန်တော်သိသလောက် သူတို့အိမ်မှာ ကြောင်တွေ မရှိကြပါ။

Read More...

Thursday, February 07, 2008

ဖိုးမောင်လာပြီ

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

မိုးမောင်သံကြား ကင်းသမားက
တံကားကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲတင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .
မှိုင်းညိုညဥ့်ရိပ် လူခြေတိ၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။
(မင်းသုဝဏ်)

ဆရာမင်းသုဝဏ်သည် ထိုကဗျာကို ၁၉၄၂/၃ ၀န်းကျင်က ရေးခဲ့ခြင်းဖြစ်ပြီး ဂျပန်ပြေး၍ အင်္ဂလိပ်ဝင်ခါစ အချိန်ကာလလေးကို နောက်ခံထား၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုအချိန်က အုပ်ချုပ်မှုနှင့် အလှမ်းကွာဝေးသော ဒေသများတွင် သူပုန် ဓါးပြများ ထကြွသောင်းကျန်း လျှက်ရှိကြသည်။ ထို့အတွက်ကြောင့် ကျေးရွာများကို ခြံစည်းရိုး အမြင့်ကြီးများ ကာရံထားက ရွာကိုအလုံ ပိတ်၍ နေကြရသည်။ ဖိုးမောင်လာပြီ ဆိုသော ကဗျာလေးသည် အလုံပိတ် နေရသော ရွာလေး တစ်ရွာမှ တံငါသည် လေးတစ်ယောက်၏ ကိုယ်ကျိုးစွန့်ပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။


မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ညကား မှောင်မိုက်လျှက်ရှိပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်တွင် ရွာထိပ်မှ ဂုတ်ကြား အမည်ရှိ ခွေးက ကျယ်လောင်စွာ ဟောင်လိုက်သည်။ ဤကဲ့သို့သော အချိန်တွင် ဂုတ်ကြားဟောင်ပါက ဖိုးမောင်ပြန်လာသည့် အချိန်ဖြစ်သည်ဟု ရွာသားများက သဘောပေါက်ကြသည်။


ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ

ခွေးဟောင်သံ ရပ်သွားသည်နှင့် တပြိုင်နက် နောက်ထပ်ပေါ်လာသည့် အသံကား ဖိုးမောင်၏ အသံပင်ဖြစ်သည်။ သူသည် ရွာတောင်ဘက်ရှိ ချောင်းရိုးလေးတွင် ငါးထောင်ရာမှ ပြန်လာခဲ့ခြင်းဖြစ်သည်။


မိုးမောင်သံကြား ကင်းသမားက
တံကားကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

ဖိုးမောင်အသံကို ကြားသည်နှင့် ရွာတံခါးကို စောင့်သည့် ကင်းသမားက၊ တံခါးကြီးတွင် လူတစ်ယောက် ၀င်စာအရွယ် ထပ်ဖောက်ထားသော ခွေးတိုးပေါက်လို တံခါးလေးကို ဖွင့်ပေးလိုက်သည်။ ထိုအခါတွင် ဖိုးမောင်သည် လက်ယာဘက်တွင် ငါးအုပ်ဆောင်းကိုကိုင် လက်ဝဲဘက်တွင် လှေလှော်တက်ကိုကိုင်ပြီး ခါးမှာတော့ ငါးပုလိုင်းကိုလွယ်လျှက် ရွာထဲသို့ ၀င်လာခဲ့သည်။ အမှောင်ထု အတွင်း မြင်ရသော သူ့၏ပုံသဏ္ဌန်မှာ တစ္ဆေတစ်ကောင် နှင့်အလားသဏ္ဌန်တူလှသည်။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

အခြားသော ရွာသားများ ရွာအပြင် မထွက်ရဲလောက်အောင် မငြိမ်မသက်ဖြစ်နေသော ထိုခေတ်ကာလ ကြီးတွင် ဖိုးမောင်သည် ညမှောင်မှောင်ကြီးမှာ တစ္ဆေလဲ မကြောက် မြွေလဲမကြောက်ပဲ ငါးရှာထွက်လျှက်ရှိသည်။ အကယ်၍သာ ဖိုးမောင်သာ ငါးရှာမထွက်ပါက ရွာသူရွာသာများ အတွက် ငါးဟင်းစားရဖို့ မမြင်။


ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီးကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

တစ်ခုသော ညတစ်ညတွင် . . .
ညသည် အလွန်ပင် အေးစက်လှသည်။ ကောင်းကင်ပြင်၌ လလေးက ကွေးကွေးသာ လျှက်ရှိသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲ တိတ်ဆိတ်လျှက်ရှိသည်။ ရွာဘေးရှိ စပါးကျီ အပျက်အတွင်းက ဇီးကွက်အော်သံနှင့် တောက်တဲ့အော်သံတို့က ညအမှောင် အတွင်းက ထွက်ထွက်လာသည်။ ထိုအချိန်တွင် ဂုတ်ကြား အလန့်တကြား ဟောင်လိုက်သည့် အသံ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသော ကြောင့် ဂုတ်ကြားဟောင်သံသည် တရွာလုံးကို လွမ်းမိုးသွားသည်။ ဂုတ်ကြားဟောင်သံကို ကြားပြီ ဆိုသည်နှင့် ဖိုးမောင်ပြန်လာသည့် အချိန်ဖြစ်သည်ဟု တရွာလုံးက သိလိုက်ကြသည်။


သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲတင် ထပ်သတည်း။

ဖိုးမောင်သည် ခါတိုင်း ပြန်လာသည့် အချိန်တွင် တံခါးဖွင့်ပေးဖို့ ကင်းသမားကို ပြောလေ့ရှိသည်။ သို့သော် ယခုအခါတွင် တံဖွင့်ပေးဖို့ မတောင်းဆိုပဲ၊ ကင်းသမားကို မောင်းထုဖို့ လူစုဖို့ နှင့် ဓါးပြများက သူ့ကို ဖမ်းထားပြီ ဖြစ်သောကြောင့် ရွာကို တိုက်မည့်ဓါးပြ ရန်ကို ကာကွယ်ကြပါတော့ လို့ သူလှမ်းအော် ပြောသည်။ သူရဲ့ အော်သံ မဆုံးခင်မှာပဲ သေနတ်သံများ ထွက်ပေါ်လာသည်။ ထိုသေနတ်သံများသည် တစ်ရွာလုံးကို လွမ်းမိုးသွားပြီး ချောင်းရိုးတစ်လျှောက် အထိပဲ့တင့်သံ ထပ်သွားသည်။

ဓါပြများ အနေဖြင့် စည်းရိုး အလုံပိတ်ထားသော ရွာကို အလစ်အငိုက် ၀င်တိုက်လုယူဖို့ လွယ်ကူခြင်း မရှိပေ၊ ထို့ကြောင့် ညဘက် ညဘက်တွင် ရွာအပြင်ထွက်ပြီး ငါးဖမ်းလေ့ရှိသည့် ဖိုးမောင်ကို အရင်ဖမ်းလိုက်ကြသည်။ ထို့နောက် ဖိုးမောင်ကို အရှေ့မှ သွားခိုင်းသည် ကင်းသမားက ဖိုးမောင် ပြန်လာပြီ အထင်နှင့် တံခါးဖွင့်ပေးသည့် အခါ ဓားပြများက ရွာထဲသို့ ၀င်က အလစ်အငိုက် စီးကြမည်။ သို့ပေမယ့် စီစဉ်ထားသည့် အတိုင်း တံခါးပေးဖို့ ဖိုးမောင်က မပြောပဲ၊ ဓါးပြများ ၀ိုင်းထားပြီ ဖြစ်ကြောင်းကို တစ်ရွာလုံး သိအောင် အော်ပြောလိုက်သည်။ ခိုင်းသည့် အတိုင်းမလုပ်သည့် အတွက် ဖိုးမောင်ကို ဓားပြများက ပစ်သတ်လိုက်ကြတော့သည်။


ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .

ဖိုးမောင်သေသွားခဲ့ပြီ ဖြစ်ပေမယ့် ရွာအတွက် အသက်စွန့်သွားတဲ့ ဖိုးမောင်ကို တရွာလုံးက မမေ့နိုင်ကြပဲ ရှိကြတော့သည်။ တစ်ရွာလုံး ဘယ်သူမှ အပြင်မထွက်ရဲသည့် အချိန်တွင် တစ်ယောက်တည်း ငါးရှာထွက် သွားနေကြ ဖိုးမောင်ရဲ့ ပုံရိပ်တွေ၊ လှေလှော်တက်တွေ ငါးပလိုင်းတွေနဲ့ ရွာထဲကို ပြန်လာတတ်တဲ့ ဖိုးမောင်ရဲ့ အငွေ့အသက်တွေ ရွာကို ဓါးပြဘေးမှ ကာကွယ်ရင်း အသက်ပေးသွားတဲ့ ဖိုးမောင်ရဲ့ လုပ်ရပ်တွေက ရွာသားတွေရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်သလို အကြိမ်ကြိမ်း အဖန်ဖန် မြင်ယောာင်ကာ နေကြတော့သည်။


မှိုင်းညိုညဥ့်ရိပ် လူခြေတိ၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။

ညကား မှောင်မိုက်လျှက်ရှိပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်တွင် ဂုတ်ကြားသည် ဖိုးမောင်ပြန် အလာကို စောင့်မျှော်နေသည်။ ဂုတ်ကြားသည် ဖိုးမောင်ကို ပြန်လာချိန်ရောက်ပေမယ့် မတွေ့သည့်အခါတွင် ရွာထိပ်တံခါးကနေ ရေဆိပ်ဆီကို ယောင်ယမ်းပြီး ဟောင်လိုက်သည်။

ရက်တွေ လတွေ ကြာခဲ့သော်လည်း ဂုတ်ကြား ဟောင်သံ ကြားသည့် အခါတိုင်းတွင် ဖိုးမောင်ကို မမေ့နိုင်သည့် ရွာသားများ၏ ရင်ထဲတွင်တော့ ဖိုးမောင်လာပြီ မှတ်ထင်နေလျှက် ရှိကြသည်။

Read More...

Wednesday, February 06, 2008

တစ်နှစ်ပြည့် ဘလော့ဂ်သို့




ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမား ဆိုတဲ့အမည်နာမတွေ အတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့ သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ ထိမ်းအမှတ် နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Read More...

There was an error in this gadget