Art is My Life: December 2007

Monday, December 31, 2007

အဓိပ္ပယ်ရှိသောနေ့.............

New Year ဆိုတာ .........
အဲဒီ နယူးရီးယား ဆိုတဲ့နေ့ဟာ သူများတွေ အတွက်တော့ မသိဘူး။ ကျွန်တော့်အတွက်ကတော့ စားပွဲ ပေါ်က ပြက္ခဒိန် တစ်ခု ပြောင်းသွားတယ် ဆိုတာထက် ပိုပြီး ခံစားလို့မရဘူး။


ဘာဖြစ်လို့လဲ ဆိုတော့ နယူးရီးယားတို့ အချိန်တို့ ဆိုတာ လူတွေ သတ်မှတ်ထားတဲ့ အရာတစ်ခုသာ ဖြစ်တယ်။ အဲဒီ နယူးရီးယားဆိုတာ ကို ကမ္ဘာမြေကြီးရော နေမင်းကြီးကပါ အသိမှတ် ပြုမထားဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ နယူးရီးယားနေ့မို့လို့ နေမင်းက ပိုပူလိုက်မယ် ဆိုတာလဲ မရှိသလို၊ နေလျှော့ပူလိုက်မယ် ဆိုတာလဲ မရှိပါဘူး။

ဒါပေမယ့် ဒီနှစ်တော့ နယူးရီးယားကို ကျေးဇူးတင် ပါတယ်။ နယူးရီးယားကို နေမင်းကြီးက အသိမှတ် မပြုချင်နေပါစေ ကျွန်တော် အသိမှတ် ပြုလိုက်ပါပြီ။

အဲဒီအတွက် ပြက္ခဒိန်ကို တီထွင်ခဲ့တဲ့ Gregorian ကိုပဲ ကျေးဇူးတင်ရမလား။ နယူးရီးယားမှာ ပျော်ပွဲရွင်ပွဲ လုပ်တတ်တဲ့ လူတွေကိုပဲ ကျေးဇူးတင်ရမလား။ ကျွန်တော် ကိုယ်တိုင် မသိတော့ပါဘူး။

ဘာပဲ ဖြစ်ဖြစ် အဲဒီနေ့က အဓိပ္ပယ်ရှိပါတယ်

Read More...

Sunday, December 30, 2007

၂၀၀၇ ကိုစာရင်းချုပ်ခြင်း

ရုပ်သဘော ပြောင်းလဲခြင်းများ

အရင်က ကျွန်တော့်နာမည်ကို Google မှာရိုက်ရှာရင် မတွေ့ဘူး။ ၂၀၀၇ ရောက်တော့ ကျွန်တော့်နာမည်ကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ရိုက်ရှာလို့ တွေ့နိုင်ပြီ။

အရင်က ကျွန်တော် အခုလောက် မ၀ဘူး။ ၂၀၀၇မှာ တော်တော်ဝလာတယ်။



စိတ်သဘော ပြောင်းလဲခြင်းများ

ပြတ်သွားတဲ့ ရည်းစားဟောင်းတွေရဲ့ ဓာတ်ပုံတွေကို ထိုင်ကြည့်ပြီး အလွမ်းသယ်တဲ့ အကျင့်တွေ မရှိတော့ဘူး။

မနက်ကို နေမြင့်အောင် အိပ်တဲ့ အကျင့်တွေ မရှိတော့ဘူး။




တိုးပွားလာတဲ့ အသိတရားတွေ

ဘ၀မှာ စိတ်ကူးကောင်းရုံနဲ့ လက်တွေ့ ဖြစ်မလာဘူး။ လက်တွေ့ဖြစ်ဖို့ လက်တွေ့လုပ်ရမယ်။

လူငယ်အများစုဟာသူဌေးဖြစ်အောင် လုပ်ဖို့ထက် သူဌေးပုံ ပေါက်အောင် ပိုလုပ်နေကြတယ်။

မိန်းကလေး အများစုဟာ Ready Made တွေပဲ ရှာယူတတ် ကြတယ်ဆိုရင်။ မိန်းကလေးတွေနောက် တကောက်ကောက် လိုက်မနေနဲ့ ပင်ပန်းတယ်။ ကိုယ့်ကိုယ်ကို Ready Made ဖြစ်အောင်လုပ်။ မိန်းကလေးတွေက လာရှာလိမ့်မယ်။

ကိုယ်ကလူလေ။ လမ်းဘေးက ခွေးတစ်ကောင်နဲ့ ဘယ်တော့မှ တုပြီးမကိုက်နဲ့။

တကယ်တော့ အချစ်ဆိုတာ ကျွဲစီးရသလိုပါပဲ။ ပိုင်ရင်တော့ မဆိုးဘူး။ မပိုင်ဘဲ မရဲဘဲ သွားမစီးနဲ့ ကျွဲခတ်ခြင်းကို ခံရလိမ့်မယ်။

တကယ်တော့ ဘ၀ဆိုတာ မောင်ပေါက်ရဲ့ ကြက်ဥလိုပဲ။ တစ်ခါတလေ ကျကွဲတတ်တယ်။

ပုံပြင်ဆိုတာ နားထောင်လို့ ကောင်းပေမယ့်။ တကယ်မဟုတ်မှန်း သိတဲ့အခါမှာ ခါးသက်သက် အတွေ့အကြုံတွေကို ပေးတယ်။

စေတနာ ကောင်းလွန်းလို့ မိုးရွာပေးတာကို တချို့က သူ့ကို ရေနစ်အောင် လုပ်မလားဆိုတဲ့ သံသယ စိတ်နဲ့ ကြည့်တတ်တယ်။ ဒါကြောင့် စေတနာ မိုးတွေကို လိုတာထက် ပိုမရွာနဲ့။

ရည်မှန်းချက်မရှိပဲ မျှောချင်ရာမျှော ဆိုပြီး သွားနေလို့ကတော့ ရတာနာ ကျွန်းကို ဆိုက်ဖို့ထက် ကျောက်ဆောင်နဲ့ ၀င်တိုက်ပြီး ဘ၀ဆိုတဲ့ ပင်လယ်ပြင်မှာ နစ်မြုတ်ဖို့ ရာခိုင်နှုန်းပိုများတယ်။

လူတစ်ယောက်ရဲ့ အောင်မြင်ကို အဓိက ဖျက်ဆီးတဲ့သူက ရန်သူလဲ မဟုတ်ဘူး။ လူစိမ်းလဲ မဟုတ်ဘူး။ ကံလဲ မဟုတ်ဘူး။ အဲဒီလူရဲ့ ပျင်းတတ်တဲ့ အကျင့်။

မိုးဘယ်လောက်ပဲ မှောင်နေပါစေ အချိန်တန်ရင် မိုးလင်းလိမ့်မယ်။ ဒါပေမယ့် မိုးမှောင်တဲ့ညမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးချုံးသံတွေ လျှပ်လက်တာတွေနဲ့ မိုးကြိုးပစ်သံတွေကို သတ္တိရှိရှိ ရင်ဆိုင်ရဲ ဖို့တော့လိုတယ်။

လူတစ်ယောက်ရဲ့ ဘ၀ ပြောင်းလဲဖို့ဆိုရင် အရင်ဆုံး အတွေးအခေါ်နဲ့ ခံယူချက်ကို ပြောင်းလဲပစ်ရမယ်။

အရေးအကြီးဆုံးက ကိုယ့်သိထားတဲ့ အသိတရားတွေကို ဘယ်တော့မှ မမေ့စေနဲ့



၂၀၀၈ ကိုပြောချင်တဲ့စကားတချို့

ရိုက်မယ် ရေးမယ်

သဘောကောင်းတယ်၊ အောက်ကျို့တတ်တယ်။ ဒါပေမယ့် တခါတလေ မာနကြီးတယ်။

ကိုယ့်အပေါ်ကို ဘယ်လောက်ပဲ မကောင်းတဲ့လူ ဖြစ်ပါစေ။ သီးမခံနိုင်ရင် ရှောင်ထွက်သွားမယ်။ ဘယ်တော့မှ လက်စားမချေဘူး။



Read More...

Saturday, December 29, 2007

တမ်းတခြင်း

အလွမ်းတွေနဲ့ နွမ်းကြေနေတဲ့ငါ့ရင်မှာ
ပန်းတွေတောင် မပွင့်တာကြာပြီ

ကမ်းခြေမှာပျံ့ကြဲနေတဲ့ ခရုတွေလိုပဲ
ငါ့အချစ်တွေက ဟိုတစ်စဒီတစ်စ

မပြီမသနဲ့ငါ့အသံတွေ တုန်ရီအောင်အော်ခဲ့ပေမယ့်
အချစ်ဆိုတာ မရှိတော့ဘူး.......

ချစ်သူ .......
ပြန်လာပါ။

Read More...

Friday, December 28, 2007

ကင်းမသေးလို့

တကယ်တော့ဗျာ
ကျွန်တော် ဘီယာသောက်တယ် ဆိုတာ သောက်ချင်လို့ သောက်တာ မဟုတ်ဘူး
ကျွန်တော်က ဘီယာကို အဆက်ဖြတ်ပြီးသား
ဒါပေမယ့်
သိတယ်မဟုတ်လား ကျွန်တော်က ကိုယ်ချင်းစာ တတ်တယ်လေ
ငါ့ကို ကောင်မလေးတွေ ဖြတ်သွားတုန်းက တော်တော်ခံစားခဲ့ရတာ အခု ဘီယာကို ငါဖြတ်လိုက်ရင် သူတော်တော် ခံစားရရှာမှာပဲ ဆိုတဲ့ ကိုယ်ချင်းစာ စိတ်နဲ့ ဘီယာတွေ တစ်ခွက်ပြီး တစ်ခွက်..............

* * * * * * *

လမ်းငါးဆယ် ထိပ်က ဘီယာဆိုင် အရှေ့ကို ဖြတ်တော့ ညကိုးနာရီခွဲနေပြီ။ (မသိသေးတဲ့ လူတွေကို တလက်စာထဲ သတင်းပေး လိုက်ဦးမယ် အဲဒီဆိုင်မှာ သောက်ရင် မြန်မာဘီယာ ပုလင်းတစ်လုံးမှာ တစ်ထောင်ပဲရှိတယ်။ ဆိုင်နာမည်က ၀င်း တဲ့။) လက်ထဲမှာ ကြည့်တော့ အိတ်ကချပ်နေပြီ။ အင်းမဖြစ်သေးဘူး လကုန်ဖို့ သုံးရက်လိုသေးတယ်။ စိတ်ကိုလျှော့ပြီး ဆိုင်အရှေ့က ဖြတ်လာခဲ့တယ်။

အဲဒီဆိုင်က အခုမှ တစ်ရာ တစ်သွားတာ အရင်ကဆိုရင် ဘီယာတစ်လုံးမှ တစ်ထောင်ပဲ ရှိတယ်။ ဘီယာတစ်လုံးကို ထောင့်တစ်ရာနဲ့ ရလို့လား မသိဘူး အဲဒီဆိုင်မှာ သောက်တဲ့လူတွေက အမြဲစည်ကားနေတယ်။ ကုန်ကုန်ပြောရရင် ဆိုင်ထဲမှာ နေရာမရတော့လု့ ပလက်ဖောင်းပေါ်မှာ ခွေးခြေခုံလေးတွေ ချပြီး ထိုင်သောက်ကြရတယ်။ ကျွန်တော် တစ်သက်မှာ အရက်ကိုသာ ပလက်ဖောင်းမှာ ရောင်းတာ မြင်ဖူးတယ်။ ဘီယာကို ပလက်ဖောင်းပေါ်မှာ ခွေးခြေခုံတွေ ခင်းပြီး ရောင်းတဲ့ ဆိုင်တစ်ခါမှ မမြင်ဖူးဘူး။

မှတ်မိသေးတယ် ဟိုလွန်ခဲ့တဲ့ တစ်လကျော်ကျော် လောက်က
ကျွန်တော်ရယ် မောင်တက်ရယ် အဲဒီဆိုင်မှာ သောက်ဖို့ ချိန်းလိုက်တာ၊ ဆိုင်ထဲမှာ လူလျှံနေတဲ့ အပြင် ပလက်ဖောင်းမှာ ထိုင်စရာ နေရာကို မရှိဘူး။ အဲလောက်ထိ ရောင်းကောင်းတာ။ နောက်တော့လဲ နေရာကို မရမက ဖန်တီးပြီး ၀င်ထိုင်ရတယ်။ အဲဒီပလက်ဖောင်း ပေါ်မှာ ဘီယာသောက်ရတာ ဘတ်စကား စီးရသလိုပဲ။ လူတွေ ကြတ်လွန်လို့။

အဲလို တောင်စဉ်နေရမရ လျှောက်တွေးရင် . . . . .
သိမ်ဖြူလမ်းတောင် ရောက်လာပြီ။ သိမ်ဖြူလမ်းရောက်မှ သတိရတယ်။ ကျွန်တော့် ထမင်းမစားရသေးဘူး။ ထမင်စားဖို့ စဉ်းစားတော့ ညမိုးကြီးချုပ်ချုပ် အေးကအေးနဲ့ ထမင်းစားရတာ အဆင်မပြေဘူး။ ဒါကြောင့် တစ်ခုခုစား မယ်လို့ စဉ်စားလိုက်တယ်။ ရှမ်းခေါက်ဆွဲ စားရင်ကောင်းမလား။ မြေအိုးမြိးရှည် စားရင်ကောင်းမလား။

သေချာတွေးကြည့်ပြန်တော့ ရှမ်းခေါက်ဆွဲတို့ မြေအိုး မြီးရှည်တို့က စားရင် ခဏတော့ ဗိုက်ပြည့်ပေမယ့် ညရောက်ရင် ပြန်ဆာမှာ။ နေရတာက ခုနှစ်လွာမှာ ဗိုက်ဆာတိုင်း အောက်ကို ခဏခဏ ဆင်းနေရရင် အဆင်မပြေဘူး။ ဗိုက်လဲ ပြည့် အဆာလဲခံမဲ့ ကြေးအိုး သောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကြေးအိုး သောက်ရင်တော့ နှစ်ထောင် ကျော်ကုန်မှာ။ ဘီယာတောင် သောက်ရင်တောင် ကုန်သေးတာ၊ ဘီယာ သောက်လိုက် တာထက်စာရင်တော့ အကျိုး ရှိပါသေးတယ် ဆိုပြီး ကြေးအိုး သောက်ဖို့ ဆုံးဖြတ် လိုက်တယ်။ ဆုံးဖြတ်ပြီးမာ သတိရတယ် ဘယ်ဆိုင်မှာ သောက်မှာလဲ။ အနီးဆုံး ကြေးအိုးဆိုင်ကို စဉ်းစားကြည့်တော့ ငါ့ဆယ့် တစ်လမ်းထိပ်မှာ။

သိမ်ဖြူလမ်း ကနေ ကြေးအိုး ဆိုင်ရှိရာ ငါ့ဆယ့်တစ်လမ်းကို မဟာဗန္ဒုလလမ်း အတိုင်း လမ်းလျှောက်ခဲ့တယ်။ လမ်းလျှောက်ရင်း လျှောက်ရင်းနဲ့ လမ်းငါးဆယ် ဘီယာဆိုင် ရှေ့တောင် ပြန်ရောက်လာပြီ။ ဘီယာဆိုင် အရှေ့က ဖြတ်ရင်း မျက်စောင်း ထိုးကြည့်တော့ ပလက်ဖောင်းမှာ လူတွေအပြည့်။ ဒါပေမယ့် ပိတောက်ပင် အောက်က ပန်းလယ်ခုံလေးမှာ နေရာတစ်ခု လွတ်နေတယ်။

နေရာလွတ်လေးကို မြင်တော့ ကျွန်တော့်ခြေထောက် တစ်ချက်တုန့် သွားတယ်။ ဟေ့ ကြေးဦးသောက်မှာ။ ကိုယ့်ကို သတိပေးပြီး အရှေ့ဆက်မလို့ ကြံနေတုန်း ၀ူး ဆို စူပါရု ကားတစ်စီး ဘီယာဆိုင် အရှေ့မှာ လာရပ်တယ်။ ကားထဲက ကျွန်တော့်တို့ အရွယ် ကောင်လေး တစ်ယောက် ဆင်းလာတယ်။ သေချာတယ် သူ ဘီယာ လာသောက်တာ။ သူတို့ကို ကြည့်ပြီး စောစောက လွတ်နေတဲ့ နေရာလေးကို စိတ်ထဲက နှမြောနေမိတယ်။

ကျွန်တော်သူ့ကို ကြည့်နေတယ်။ သူကလဲ ကျွန်တော်ထင်ထားတဲ့ အတိုင်းပဲ စောစောက လွတ်နေတဲ့ ခုံးလေးဆီကို တည့်တည့်မှတ်မှတ် သွားနေတယ်။ သူခုံမှာ ထိုင်မလို့ လုပ်နေတုန်း သူ့ဖုန်း မည်လာတယ်။ သူ ထိုင်မလို့ လုပ်ပြီးမှ မထိုင်တော့ပဲ လမ်းဘေးဆင်းပြီး ဖုန်းပြောနေတယ်။ သူဖုန်းပြောနေတုန်း အဲဒီနေရာကို သူ့ထက်ဦးအောင် ကျွန်တော် ၀င်ထိုင်လိုက်တယ်။ အဲဒီညက ကြေးအိုး မသောက်ဖြစ် လိုက်ဘူး။

အိမ်ပြန် ရောက်တော့ မိုးတော်တော် ချုပ်နေပြီ။ ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ နှစ်ရာတန် အပြဲ နှစ်ခြမ်း။ နောက်နေ့မနက် သင်တန်းသွားဖို့ နှစ်ရာတန် အပြဲလေးကို တိပ်နဲ့ကပ်ပြီး ကျွန်တော် အိပ်ရာဝင်ခဲ့တယ်။

Read More...

Wednesday, December 26, 2007

သတ္တိနည်းတဲ့သူ

ကောင်မလေး
ငါ့မှာပန်းတစ်ပွင့် ရှိခဲ့ရင်
အဲဒီပန်းကို နင့်ခေါင်းမှာပန်ပေးချင်တယ်

ကောင်မလေး
ငါ့မှာပုံပြင်တစ်ပုဒ် ရှိခဲ့ရင်
အဲဒီပုံပြင်က နင်နားထောင်ဖို့

ကောင်မလေး
ငါ့မှာပေါင်မုန့်တစ်လုံး ရှိခဲ့ရင်
အတူတူ ဝေမစားဘူး
နင်တစ်ယောက်တည်းစားဖို့

ကောင်မလေး
ငါ့မှာစကားတစ်ခွန်း ရှိတယ်
အဲဒီစကားတစ်ခွန်းဟာ နင့်အတွက်

ကောင်မလေး
ဒါပေမယ့်ငါ............
ပြောမထွက်ခဲ့ပါဘူး

ကောင်မလေးရယ်
အခုတော့လည်း ဝေးခဲ့ကြပြီ
သြော်......
ငါမပြောရဲလို့လေ

Read More...

Monday, December 24, 2007

Happy Birthday မေမေ

ဒီနေ့ ဒီဇင်ဘာ ၂၄ အမေ့မွေးနေ့

ကျွန်တော် မေမေ့ကို အမေလို့ စသိတဲ့အချိန်က ..........
စစ်ကိုင်းတိုင်း အထက်ပိုင်း မဲဇာမြို့နယ်ခွဲ ဂျုံးဂျုံးဂျ လို့အမည်ရတဲ့ ရွာလေးမှာ။ အဲဒီရွာလေးက မဲဇာချောင်းနဲ့ မဲဇာတောင်ကြား မှာတည်ရှိပြီး အမေရယ် မမရယ် ကျွန်တော်ရယ် အဲဒီရွာလေးမှာ နေကြတယ်။ အမေဟာ အဲဒီရွာလေးမှာ တာဝန်ကျတဲ့ သူနာပြု ဆရာမပေါ့။ တခါတရံမှာ မေဟာ သူနာပြု ယူနီဖောင်းကို ၀တ်ဆင်လေ့ရှိပြီး သူတို့ဟာ နိုက်တင်ဂေးရဲ့ တပည့်တွေလို့ ဂုဏ်ယူစွာ ပြောတတ်တယ်။

ကျွန်တော်တို့ ကျောင်းနေတဲ့ အရွယ် ရောက်လာတော့ အမေနဲ့အတူ မနေဖြစ် ကြတော့ဘူး။ အမေက သူတာဝန်ကျတဲ့ မြို့တွေနယ်တွေမှာ နေပြီး ကျွန်တော်တို့က အဖွားအိမ်မှာ နေပြီး ကျောင်းတက်ရတယ်။ အမေ အငြိမ်းစားယူပြီးတော့ ကျွန်တော်ဆယ်တန်း အောင်သွားပြီ။ ဆယ်တန်း အောင်တော့ ရန်ကုန် ရောက်လာခဲ့တယ် ပြောမယ်ဆိုရင်တော့ အမေနဲ့ နေရတဲ့ အချိန်ဆိုတာ ကျွန်တော့်အတွက် သိပ်မရှိလှပါဘူး။

ကျွန်တော် မှတ်မိသေးတဲ့ အမေ
ငယ်ငယ်တုန်းက သရဲကြောက်တတ်တဲ့ ကျွန်တော့်တို့ အတွက် သရဲ မကြောက်တတ်တဲ့ အမေဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းပါပဲ။

ကျွန်တော့်လက်ကို ဓားခုတ်မိပြီး ပြတ်လုပြတ်ချင် ဖြစ်သွားတုန်းက ကျွန်တော်တောင် မငိုဘူး။ အမေက မျက်ရည်တွေကျတယ်။

တစ်ရက်မှာ အမေနဲ့ ကျွန်တော် အိမ်တစ်အိမ်ကို သွားလည်ရင်း ခွေးဆွဲတော့ ကျွန့်တော်ကို မကိုက်မိအောင် အမေက အရှေ့ကနေ ကာကွယ်ပေးတယ်။

ခြောက်တန်းနှစ် လောက်က ငါးမျှားရင်း လက်ကို ငါးမျှားချိတ်စူးတယ်။ အမေက သူများတွေ ငါးမျှားချိတ်စူးတုန်းက ခွဲပေးဖူးပေမယ့်။ ကျွန်တော့် လက်က ငါးမျှားချိတ်ကို မခွဲပေးရဲဘူး။

ကျွန်တော် ကိုးတန်းနှစ်က အမေရှိတဲ့ မြို့ကို အလည်သွားတယ်။ အမေနေတဲ့ အိမ်က ဆေးရုံနားလေးမှာ။ ဘူတာနဲ့ ဆေးရုံက တော်တော် ဝေးတယ်။ ဒါကြောင့် အမေ့ဆီကိုသွားတိုင်း ဘူတာရောက်အောင် မစီဘူး။ ဆေးရုံနားရောက်ပြီ ဆိုတာနဲ့ ရထားပေါ်က ခုန်ချပြီး နေခဲ့တယ်။ တရက်မှာ ခြေခေါက်ပြီး လှဲသွားတယ်။ ကံကောင်းလို့ ရထားဘီးအောက် ရောက်မသွားပေးမဲ့ တကိုယ်လုံးမှာ ပွန်းပဲ ဒါဏ်ရာတွေနဲ့ နုတ်ခမ်းကွဲ သွားတယ်။ ဆေးရုံမှာ အနာတွေကို ချုပ်နေတော့ ကျွန်တော် ကြောက်လှန့်စိတ်နဲ့ တုန်တုန်ရင်ရင် ဖြစ်နေတယ်။ အဲဒီအချိန်မှာ မေက ကျွန်တော့်ကို ဖက်ထားပေးတယ်။

ဆယ်တန်း အောင်တဲ့နှစ်က အမေနဲ့ကျွန်တော် သင်္ဘောစောင့်ရင်း အမေက ပါလာတဲ့ ထမင်းဂျိုင့်ကို ဖွင့်စားတယ်။ ကျွန်တော့်ကို စားဖို့ ပြောတယ်။ ကျွန်တော် ဗိုက်ဆာနေပေမယ့် လူကြားထဲမှာ ရှက်လို့ မစားဘူး။ အဲတော့ အမေက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။ အိမ်ရောက်တော့ အဲဒီအကြောင်းကို ပြောပြီး “ငါ့သားကို အမေက ကလေးလို့ ထင်နေတာ။ ငါ့သားက ရှက်တတ်နေပြီပဲ”တဲ့။

ကျွန်တော် နယ်ပြန်သွားရင် အမေက ကျွန်တော့်ကို ပြောတယ်။ “အမေကတော့ သားကိုလွမ်းလို့။ သားကတော့ မိကြည်ကိုလွမ်းလို့” ဆိုတဲ့ စကားပုံထဲက အတိုင်းပါပဲတဲ့။

ကျွန်တော် မေ့ကို ကြိုက်တဲ့ အချက်တွေက
အမေက သတ္တိရှိတယ်။ လူလူချင်းလဲ မကြောက်သလို သရဲတစ္ဆေဆိုတာကိုလဲ မကြောက်ဘူး။ ဘာသာတရားကို ကိုင်းရှိုင်းတယ်။ သူများ အပေါ်မှာ မဟုတ်တာ မလုပ်တတ်ဘူး။

အမေ့ကို ကျွန်တော်မကြိုက်တဲ့ အချက်တွေက
ဆဲဆူရင် တစ်နေကုန် မပြီးတော့ဘူး။ မိဘတွေက သားသမီး အပေါ် ကောင်းစေချင်လို့ ဆုံးမတာ ဆိုပေမယ့် တချိန်းလုံး ပျစ်တောက် ပျစ်တောက် ပြောနေတာကို နားငြီးတယ်။ ငယ်တုန်းတုန်းက အမေရှိရင် ကျွန်တော်တို့ အိမ်ထဲက အိမ်အပြင် မထွက်ရဘူး။ ဘုရား တစ်ခါရှိခိုးရင် နာရီဝက်ကနေ လေ့ဆယ့်ငါးမိနစ် လောက်အနည်းဆုံး ကြာတယ်။

အမေ့မွေးနေ့
ကျွန်တော့် မွေးနေ့ရောက်တိုင်း အမေဟာ ဘုရားဆွမ်းကပ် ဖရောင်းတိုင် အမွေးတိုင်တွေ ငှက်ပျော်ပွဲတွေနဲ့ ဘုရားမှာ အမြဲတမ်း ဆုတောင်းပေး လေ့ရှိပေမယ့်။ အမေ့ မွေးနေ့ ရောက်တိုင်း ကျွန်တော်ဘာမှ မလုပ်ပေးဖူးဘူး။ တချို့နှစ် တွေဆိုရင် မေ့မွေးနေ့ကို တောင်သတိ မထားမိလိုက်ဘူး။ ဒါပေမယ့် ဒီနှစ်တော့ အသက်ကြီးလာလို့လား မသိဘူး အမေ့ မွေးနေ့မှာ တစ်ခုခု လုပ်ပေးရမယ် ဆိုတာကိုတော့ ကျွန်တော် သိလာပြီ။



Read More...

Saturday, December 22, 2007

ပလောင်မင်္ဂလာဆောင်






ယောကျာင်္းလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် လက်ထပ်ဖို့ ခမ်းနားတဲ့ ဟိုတယ်ကြီးတွေက အဓိက မကျပါဘူး။ မင်္ဂလာ စံပယ်ပန်းကုံး စွပ်ပေးမယ့် ပုဂ္ဂိုလ်ကြီးတွေက အဓိက မကျပါဘူး။ ကားသော့တွေ လက်ဖွဲ့မဲ့ ပရိတ်သတ်တွေက အဓိကမကျဘူး။
တကယ်တော့ လက်ထပ်ပွဲဆိုတာ လက်ထပ်မဲ့ သတို့သားနဲ့ သတို့သမီးတို့ရဲ့ တစ်ယောက် အပေါ် တစ်ယောက် ထားရှိတဲ့ ချစ်ခြင်းမေတ္တာက သာလျှင် အဓိက ကျပါတယ်။
ဂုဏ်တွေ ငွေတွေ မပါတဲ့ လက်ထပ်ပွဲကို တောင်ပေါ်က ပလောင်ရွာလေး တစ်ခုမှာ ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ပါတယ်



* * * * * *



ကျွန်တော်တို့ ပလောင်ရွာ လေးကိုရောက်တော့ နေ့လည်တစ်နာရီ ထိုးတော့မည် ..............


ရွာအ၀င်မှာ




ကျွန်တော်တို့က ပလောင်ရွာထဲက အိမ်တွေကို အထူးအဆန်း သဖွယ်ကြည့်နေသလို ရွာအ၀င်ဝက ကလေးများကလည်း ကျွန်တော့်ကို အထူးအဆန်း သဖွယ်ကြည့် နေကြသည်။ ဓာတ်ပုံရိုက်မယ် ပြုံးပြုံးလေးနေလို့ ပြောပေမယ့် ကလေးတွေက မပြုံး တခြားနေရာမှာ ဆိုရင် ကလေးတွေကို အဲလို ပြောလိုက်လို့ကတော့ သွားတွေ ပေါ်အောင်ပြုံးပြီး သဘောကျနေကြသည်။ သို့ရာတွင် ပလောင်ရွာက ကလေးတွေ မပြုံးမရယ်ပဲ ကျွန်တော်တို့ကို ခပ်စိမ်းစိမ်းကြည့်နေသည်။
“ဟေ့...... ဒါက တိုင်းရင်သားတွေကွ ဗမာစကား မပေါက်ဘူး။” လို့ တစ်ယောက် ကျွန်တော့်ကို သတိလှမ်းပေးမှ၊ ကျွန်တော် သတိရလိုက်သည်။ ဒါကြောင့် ကလေးတွေ မပြုံးကြတာကိုး။


ပြုံးပါဆို မပြုံးဘူး

ကျွန်တော်တို့ အခုရောက်ရှိနေသည့် ပလောင်ရွာလေးသည် လာရှိုးမြို့နှင့် ခြောက်မိုင်ခန့်သာ ကွာဝေပြီး ရွာနာမည်မှာ နမ့်ဆမ် ဖြစ်သည်။ ရွာတွင် ငွေပလောင် တိုင်းရင်းသားများ နေထိုင်ကြပြီး အိမ်ခြေ ခုနှစ်ဆယ့်ခန့် ရှိသည့် ရွာကြီး တစ်ရွာဖြစ်သည်။ ထိုရွာတွင် ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း နှင့် မှုလတန်း ကျောင်းလေး တစ်ကျောင်းရှိသည်။

ကျွန်တော်တို့ ရွာထဲကို စ၀င်တော့ ရွာဝင်လမ်း ပတ်ဝန်းကျင်က အိမ်တွေပေါ်မှာ နှီးဖျာနေကြသူများ တောင်းယှက် နေကြသူများသူများကို တွေ့ရသလို၊ ထင်းခုတ်ရမှ ပြန်လာသော တိုင်းရင်သူများကိုလည်း တွေ့ရသည်။ ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွား သောဒေသခံ တစ်ယောက်က ရွာထဲမှ အိမ်တစ်အိမ် ပေါ်သို့ ခေါ်သွားသည်။

ကျွန်တော်တို့ တက်ကြည့်တဲ့ ပလောင်အိမ်




ထင်းခုတ်ပြန်လာသည့် တိုင်းရင်းသူတစ်ဦး



ကျွန်တော်တို့ တက်သွားသော ပလောင် အိမ်လေးသည် သက်ငယ်မိုး ၀ါးထရံကာ ၀ါးကြမ်းခင်းနှင့် အိမ်လေး ဖြစ်ပြီး အိမ်ပေါ်တွင် မိသားစုသုံးစု နေကြသည်။ မိသားတစ်စုလျှင် ခုနှစ်ပေ ငါးပေခန့် ရှိသည့် အိမ်သေးသေးလေးများ ထပ်ဆောက်ထားပြီး အိမ်သေးသေးလေး တစ်ခုနှင့်တစ်ခု လေးပေခန့်ကွာသည်။ အိမ်သေးလေး တစ်လုံးစီတွင် မီးဖိုတစ်ခုစီရှိပြီး မိသားစု တစ်ခုလျှင် မီးဖို တစ်ဖိုစီ ချက်စားကြသည်။ ပြောင်းဖူးခြောက်များကို အိမ်မျက်နှာကျက် ထုတ်တန်း အပြည့်ချိတ်ဆွဲထားကြသည်။ ထိုပြောင်းဖူးများသည် နောင်နှစ်တောင်ယာ စိုက်ချိန်အတွက် မျိုးအဖြစ်ချန်ထားကြ ခြင်းဖြစ်သည်။

ထုပ်တန်းတစ်လျှောက်



ကျွန်တော်တို့ အိမ်အောက်ကို ဆင်းမယ်လုပ်တော့ အောက်က လေခါးမှာ ကလေးတွေက ၀ိုင်းနေကြသည်။ ကျွန်တော်တို့က ၀ိုင်း နေကြနေသော ကလေးများကို ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်ပြီးနောက် LCD တွင်ပေါ်နေသော သူတို့ ပုံလေးတွေကို ပြန်ပြတော့ သူတို့အချင်းချင်း တိုင်းရင်းသား ဘာသာစကားဖြင့် ၀မ်းသာအားရ အော်ပြောကြပြီး ပျော်နေကြသည်။

သူ့ကို ဓာတ်ပုံရိုက်လို့ စပါးတိုက်အောက် ၀င်ပြေးသွားတယ်



နောက်တော့ ကျွန်တော်တို့ ရွာဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းသို့ သွားကြသည်။ ဘုန်းကြီး ကျောင်းက ပြန်တော့ တောင်ပေါ်က ထင်းခွေပြန်လာသော တိုင်းရင်းသားများကို သဘာဝကျကျ ဓာတ်ပုံရိုက်ဖို့ ရွာအနောက်ဖက် ပိုင်းကို ဆက်လျှောက်လာခဲ့ ကြသည်။

ရွာထဲကလေးတွေ



ရွာအနောက် ဖက်ပိုင်းရောက် ခါနီးတွင် ဆူဆူ ဆူဆူ အော်ဟစ်သံများ ကြားရသည်။ ထိုအသံကြောင့် လမ်းနှဘေးတွင် နှီးဖျာနေသည့် အဖိုးကြီးကို ကျွန်တော်တို့ အုပ်စုကလူက ပလောင်စကားဖြင့် မေးကြည့်တော့ မင်္ဂလာဆောင်တဲ့။ ကျွန်တော်တို့ အနေဖြင့် ပလောင်မင်္ဂလာ ဆောင်တာကို တစ်ခါမှ မမြင်ဖူးပါ။ ဒါကြောင့် ထင်းခွေပြန်လာတာ ဓာတ်ပုံရိုက်ဖို့ထက် မင်္ဂလာဆောင် ရှိရာ ဆူဆူ အိမ်တို့ ဦးတည်ကာ ထွက်လာခဲ့ကြသည်။

မင်္ဂလာဆောင် အိမ်အ၀င်ဝ




မင်္ဂလာဆောင်တဲ့ အိမ်ကိုရောက်တော့ အမျိုးသား တစ်ယောက်က ဗန်းတစ်ခုကို ခေါင်းပေါ်မှာ ရွက်ပြီး အိမ်အပြင်ထွက်လာသည်။ ကျွန်တော်တို့က အိမ်ထဲကို အ၀င်။ ထိုဗန်းကိုင်ထားသော လူစုက အထွက်နှင့် အိမ်ပေါက်ဝမှာ တွေ့ကြသည်။

နတ်ဗန်း



ကျွန်တော်တို့ အဲဒီဘန်းက ဘာလုပ်တာလဲလို့ မေးတော့ နတ်ပွဲတင်မလို့တဲ့။ အထဲမှ မြန်မာလို အနည်းငယ် ပြောတတ်သော တိုင်းရင်း သားတစ်ယောက် ပြောသည်။ ဒီဗန်းကို ဘယ်နားလေးမှာ သွားတင်မှာလို့ ဆက်မေးတော့ . . . . ဒါက မိန်းကလေး အိမ်တဲ့ ယောကျာင်္းလေး အိမ်ကို နတ်ပွဲနဲ့ သွားပြီး နတ်သွားတင်မှာတဲ့။ နတ်သွားတင်မဲ့ ဗန်းကို ကြည့်လိုက်တော့ ထမင်းတွေကို ဖက်ကလေးထဲအပုံ လိုက်လေးတွေ ပုံထားပြီး ထမင်းပုံလေးများ ပေါ်တွင် ငါကင်လေးများကို ၀ါးတံလေးများဖြင့် ထိုးထားသည်ကို တွေ့ရသည်။

ကျွန်တော်တို့က သတို့သားနှင့် သမီးဘယ်မှာလဲလို့ မေးတော့ သတို့သားကို ပြသည်။ သတို့သားက နတ်ဗန်းကိုင်ထားတဲ့ လူရဲ့ အနောက်က ဂျာကင်အင်္ကျီဝတ်ထားတဲ့ ကောင်းလေး တစ်ယောက် ဖြစ်နေသည်။

ပလောင် မင်္ဂလာဆောင်ဆိုတော့ ရိုးရာ ၀တ်စုံတွေ ၀တ်ပြီး တက်ရောက် လာသူတွေလဲ ရိုးရာ ၀တ်စုံတွေနဲ့၊ မြို့မှာလို မခန်းနားတောင် သူ့ရိုးရာ သူ့ဓလေ့ သူတော့ စည်စည်ကားကားလေး ဖြစ်မည်ဟု ကျွန်တော်တို့က ထင်ထားကြသည်။ တကယ်မင်္ဂလာ ဆောင်ရောက်တော့ ကျွန်တော်တို့ ကြိုထင်ထားသလို မဟုတ်။

သတို့သမီးကို ခေါ်တော့ သတို့သမီးက ရှက်လို့တော်တော်နှင့် ထွက်မလာပေ။ ထွက်လာတော့ သတို့သမီးမှာ မြို့မှာလို့ မိတ်ကပ်တွေ ဖွေးနေအောင်လိမ်းပြီး ဆံထုံးတွေ ထုံးဖို့ ဝေးစွ၊ မျက်နှာမှာ ဘာမှ လိမ်းခြယ်ထားခြင်း မရှိသလို့ ခေါင်းပင်ဘီးဖြီးထား ခြင်းမရှိပေ။

သတို့သား ၁၇နှစ်ကျော်၊ နတ်ဗန်းကိုသူနှင့် သတို့သမီး ၁၆နှစ်ကျော်



ကျွန်တော်တို့ အုပ်စုက လူခုနှစ်ယောက် ၀ိုင်းပြီး ဓာတ်ပုံတွေရိုက် နေကြလို့လား မသိ သတို့သမီးကို ကြည့်ရတာ စိတ်ကျဉ်းကျပ်နေပုံ ပေါ်သည်။ ကျွန်တော်တို့ အုပ်စုက သူတို့ မင်္ဂလာမှာ အခုလို လာပြီး ဓာတ်ပုံတွေ ရိုက်နေတာကို ကြိုက်ပုံ မရပေ။

သတို့သမီးအိမ်



ခဏလောက်နေတော့ နတ်ဗန်းကိုင်ထားတဲ့ လူကဦးဆောင်ပြီး သတို့သားအိမ်ကို သွားကြသည်။ သတို့သား အိမ်နှင့် သတို့သမီး အိမ်သည် သုံးအိမ်ကျော် လောက်သာ ဝေးသည်။

သတို့သားအိမ်






ရိုးရာ နတ်ကန်တော့နေစဉ်



သတို့သား အိမ်ရောက်တော့ အိမ်ပေါ်ကို နတ်ဗန်းကိုင်သူက ဦးဆောင်တက်ပြီး သတို့သား သတို့သမီးနှင့် မိဘများက အနောက်က လိုက်တက်သည်။ အိမ်ပေါ်ရောက်တော့ ရိုးရာ နတ်စင်အရှေ့မှာ ဗန်းကို ချလိုက်ပြီး အဖိုးကြီးတစ်ယောက်က ရွတ်ဖတ်ပူစော်သည်။ ပလောင် အိမ်များသည် အလင်းဝင်ပေါက် မရှိအောင်ပင် မှောင်မဲနေပြီး အိမ်၏ အလယ်တွင် မီးဖိုကြီး တစ်ခုကို ဖိုထားသည်။ ထုံးစံအတိုင်း ထုပ်တန်းများ တစ်လျှောက်မှာတော့ ပြောင်းဖူး များပြည့်နေသည်။ အပေါ်တွင် မှောင်မှောင်မဲမဲ ဖြင့် အနေကျတ်သောကြောင့် ကျွန်တော် အိမ်အောက်သို့ ပြန်ဆင်းလာခဲ့သည်။


မင်္ဂလာဆောင်အပြီး သတို့သားနှင့် သတို့သမီး

ထိုမင်္ဂလာဆောင်သည် အညာမင်္ဂလာ ဆောင်များလို မီးခိုးတိတ်မဟုတ်ပဲ အနီးနား ပတ်ဝန်းကျင်ရှိ အိမ်လေး ငါးခြောက် အိမ်လောက်ကိုသာ ဖိတ်ကျွေးသည်ဟု ဆိုသည်။ ကျွေးရာတွင် ထမင်းဖြူနှင့် ဟင်းမှာ ငါးလေး ပေါက်စကင် ဖြစ်သည်။ ယမကာအဖြစ် ပြောင်းအရက်ကို တိုက်သည်။

အိမ်အောက် ရောက်တော့ တိုင်းရင်းသား တစ်ယောက် အရက်ပုလင်းကို ကိုင်ပြီး ပန်းကန်လုံးထဲ ငှဲ့ထည့်ကာ ကျွန်တော့်ကို လာတိုက်သည်။ သူပုလင်းကိုင်သည့် လက်မှာ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ကိုင်ထားပြီး ကျွန်တော့်ကို ငှဲ့ပေးနေစဉ်မှာ ထိုဆေးလိမ်မှ ဆေးလိပ်ပျာများ ပန်းကန် အတွင်းကျသွား သည်ကို တွေ့လိုက်သည်။ ကျွန်တော့်ကို တိုက်သည့် အရက်ခွက်ကို ကြည့်လိုက်တော့ ဆေးလိပ်ပျာများ ကျနေသည်ကို တွေ့ရသည်။ ပြီးတော့ ထိုအရက်များသည် ပြောင်းအရက်များ ဖြစ်သောကြောင့် မီးတောက် အောင်ပြင်းသည်။ ထို့ကြောင့် ကျွန်တော် မသောက်ဖို့ ငြင်းလိုက်သည်။

ထို့နောက် မင်္ဂလာသို့ လာသောလူများ ကလေးများကို ဓာတ်ပုံရိုက်ပြီး အချိန်လည်း လင့်နေပြီ ဖြစ်သောကြောင့် ပြန်ရန်အတွက် မင်္ဂလာဆောင် အိမ်မှ ကျွန်တော်တို့ အုပ်စု ထွက်လာခဲ့ကြသည်။ ထိုရွာသည် တောင်ပေါ်ရွာ လေးတစ်ရွာ ဖြစ်သောကြောင့် ရွာလမ်းများသည် နှိမ့်လိုက် မြင့်လိုက်နှင့် ဖြစ်နေသည်။

ရွာအပြင်ရောက်တော့ ကားပေါ်တက်ပြီး ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် ကျွန်တော်တို့ အားလုံး အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။

ရွာမှာတုန်းက မေးခွန်းများစွာ ကျွန်တော်မေးခဲ့သည်။ သို့ပေမယ့် တိုင်းရင်းသားများ ကျွန်တော့် ကျွန်တော့်စကားကို နားမည်၍ ပြန်မဖြေနိုင်ပါ။ ကျွန်တော်ကတော့ အပြန်ခရီးအထိ ထိုရွာနှင့် ပတ်သက်၍ မေးခွန်းများစွာ ကိုယ့်သာ မေးနေ မိသည်။

စောစောက မင်္ဂလာဆောင်လေးသည် ဂုဏ်တွေ မပါ၊ ငွေတွေမပါ အဲဒီ အတွက် ကဲ့ရဲ့မည့်လူလည်း တစ်ယောက်မရှိပါ။ သတို့သား သတို့သမီးများကလည်း ဂုဏ်များ ငွေများသည် သူ့တို့ မင်္ဂလာအတွက် လိုအပ်သည်ဟု ထင်ထားဟန် စိုးစဉ်းမျှ မရှိ။

ဘာပဲ ဖြစ်ဖြစ် ယခုမင်္ဂလာလေးသည် ကုန်ကျစရိတ် တော်တော် သက်သာသည်။ ထို့ကြောင့် ကျွန်တော် အလှည့်ရောက်ရင် ဒီရွာမှာပဲ လာဆောင်ရင် ကောင်းမလားဟု စဉ်းစားလိုက်မိသည်။

ကားသည် တောင်များကို ဖြတ်၍ တဖြည်းဖြည်း မောင်းနေသည်။ ရန်ကုန်က အတူလာသည့် လူပျိုကြီး တစ်ယောက် တိတ်ဆိတ်စွာ ထိုင်ပြီး ကျွန်တော့် ဘေးမှာ လိုက်ပါလာသည်။ သူကိုကြည့်ရတာ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေပုံရသည်။ သူသည်လည်း ကျွန်တော့်လို မင်္ဂလာ ဆောင်ဖို့ စဉ်းစားနေမလား မသိ။

Read More...

Monday, December 17, 2007

လားရှိုး

Good Morning Lasho


တစ်တောလုံး တစ်တောင်လုံး ပန်းနှမ်းတွေနဲ့

အပေါ်စီးက မြင်ရတဲ့ လားရှိုးမြို့

Read More...

Sunday, December 16, 2007

အနိစ္စ

လောကမှာ မမြဲခြင်းနိယာမ အရ ဘယ်အရာမှ မမြဲပါဘူး။ ဒါပေမယ့် မမြဲခြင်းဆိုတဲ့ နိရာမကြီးကတော့ တည်မြဲနေတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ဆိုက်ကနက်ကြီး စီးနေပေမယ့် အနိစ္စ ကိုတော့ ရှောင်လွဲလို့ မရနိုင်ရှာကြဘူး။

မကြောက်တတ်ရင်တော့ ကိုရွာသား ကျွန်တော့်ကို ပေးလိုက်တဲ့ လင့်ကိုဖွင့်ကြည့်လိုက်ပါ။ အနိစ္စဆိုတာကြီးကို ကွက်ကွက်ကွင်းကွင်း မြင်လာလိမ့်မယ်။

Read More...

ပတ်စပို့

ပတ်စပို့ရုံးထဲ ၀င်လိုက်တော့ ခါတိုင်းနှင့်အတွင်မတူ။ လူတွေကလည်း ရှင်းနေတယ်။ ဒီလောက် လူရှင်းပုံ ထောက်ရင် တနင်္ဂနွေနဲ့ တနင်္လာ ငါမှားပြီး လာတာလား။ နာရီကို ကြည့်လိုက်တော့ Monday။ မမှားနိုင်ပါဘူး။ ဘကြောင့် လူတွေဒီလောက်ရှင်းနေရတာလဲ .......

ှ“ကိုယ်တို့ ပတ်စပို့ရုံးကို အသွင်သစ် ပြောင်းလိုက်လေ”
ဘေးနားမှာ ရပ်နေတဲ့ ရဲကြီးတစ်ယောက်က ပြောတယ်

ကွန်ပျူတာနဲ့ ပတ်စပို့ ကျမကျ ကြည့်ပေးတဲ့ နေရာရောက်တော့ ကျွန်တော့် စလစ်လေးကို ပေးလိုက်တယ်။ အထဲကရဲက စလစ်ကို မယူပဲ ကျွန်တော့်လက်ကို ဖမ်းဆွဲလိုက်တယ်။ ဘာများဖြစ်တာလဲ။ လက်ထိပ်များ ခပ်လေမလားဆိုတဲ့ အတွေးနဲ့ ကျွန်တော်လန့်သွားတယ်။ ကျွန်တော့်လက်ကို ဆွဲတာ လက်ထိပ်ခပ်ဖို့ မဟုတ်ဘူး။ ကျွန်တော့်လက်မလေးကို လှမ်းယူလိုက်တယ်။ ပြီးတော့ လက်ဗွေဖတ်စက်မှာ နှိပ်လိုက်တယ်။

“ညီလေး မင့်ပတ်စပို့ကျပြီ အပေါ်ထပ်မှာ သွားထုတ်လိုက်တော့”
“သြော်ဟုတ်”

“အရင်က ဆိုရင် ဒီနေရာမှာ လူတွေတိုဝှေ့ တန်းစီးနေရတဲ့ နေရာပေါ့ကွ။ အခုတော့ ပုံစံ စနစ်သစ် ပြောင်းလိုက်လို့ အားလုံး အိုကေ သွားပြီ”
“*.*”

“ဟေ့ အဲကောင်ကို ဖမ်းလိုက်”
ကျွန်တော် လှည့်ကြည့် စဉ်မှာ လူတစ်ယောက်ကို ရဲနှစ်ယောက်က ချုပ်လိုက်ကြတယ်။

“အဲဒါ ဘယ်လိုဖြစ်တာလဲ”
ကျွန်တော် ဘေးကလူတစ်ယောက်ကို မေးလိုက်
“သြော်ဒါက ဒီလိုလေ၊ မင်းစောစောက ပတ်စပို့ကျမကျ သိဖို့ လက်ဗွေနှိပ် ရတယ်မဟုတ်လား။ ”
“ဟုတ်”
“အဲလို လက်ဗွေနှိပ်တဲ့ အချိန်မှာ၊ အမှုရှိတယ်ဆိုရင် တခါတည်း ပေါ်လာတယ်။ စောစောကလူက ဖောက်ထွင်းဝိဇ္ဖာလေ၊ အဲဒါကြောင့် ဖမ်းလိုက်တာ ”
“အဲလိုကြီးလား”
တော်သေးတာပေါ့ ကျွန်တော်တောင် ဘာအမှုမှ ကျူးလွန်းထားတာ မရှိလို့။

အပေါ်ထပ်ရောက်တော့ ပတ်စပို့ ထုတ်ပေးတယ် ဆိုတဲ့ ကောင်တာရှိရာကို သွားလိုက်တယ်။ ကောင်တာရှေ့မှာ ရပ်တယ်ဆိုရင်ပဲ ...
“ရော့ ဒီမှာ မင့်ပတ်စပို့”
“ဗျာ”

ကျွန်တော်ယူပြီး ကြည့်လိုက်တော့ ဟုတ်တယ်၊ ကျွန်တော့်ပတ်စပို့။ ဘာမှ မပြောရသေးခင်မှာ ကျွန်တော့်ပတ်စပို့ကို ထုတ်ပေးတော့ တော်တော်လေး အံသြသွားတယ်။

“ကျွန်တော်လာမယ် ဆိုတာ ဘယ်လို လုပ်ပြီး သိတာလဲ”
“မင်းအောက်ထပ်မှာ လက်ဗွေကို နှိပ်လိုက်ပြီ ဆိုကတည်းက အပေါ်ကို auto report ရောက်လာတယ်။ အဲဒီ report ကိုကွန်ပျူတာ ပရိုဂရမ်ကနေ ဖတ်ပြီးတော့ မင့်ရဲ့ ပတ်စပို့ဟာ ဘယ်မီးခံသေတ္တာရဲ့ ဘယ်အံဝှက်မှာ ရှိတယ်ဆိုတာကို တခါသိတယ်။ ပြီးတော့ မင့်ပတ်စပို့ရှိတဲ့ အံဝှက်လေးကို ကွန်ပျူတာ ပရိုဂရမ်ကနေ အလိုလျှောက်ဖွင့် ပေးလိုက်တယ်။ ငါတို့အနေနဲ့ အများကြီး ရှာစရာ မလိုဘူး ပွင့်လာတဲ့ အံဝှက်လေးတွေထဲက ပတ်စပို့ကို ယူလိုက်ရုံပဲ”

“တယ်ဟုတ်ပါလား။ ကျွန်တော့် နာမည်မပြောရပဲနဲ့ ကျွန်တော့်ပတ်စပို့ကို ဘာကြောင့်မှန်အောင် ပေးနိုင်တာလဲ။ လူမမှားနိုင်ဘူးလား”
“ဟဟ .. ။ ကောင်လေးရယ် နိုင်ငံတော်အကြီးအကဲ တွေက မင်းစဉ်းစားထက် ကြိုမြင်ပြီးသား။ အဲလို မဖြစ်ရအောင် မင်းကောင်တာမှာ ရပ်ကတည်းက မင့်မျက်နှာကို စကင်ဖတ်လိုက်ပြီ။ ပြီးတော့ မင့်မျက်နှာပေါက် ကျပုံမှာရှိတဲ့ ပွိုင့်တွေ နဲ့ ငါတို့ ပတ်စပို့ရုံးမှာ ရှိတဲ့ ပုံတွေထဲက ပွိုင့်တွေကို ကွန်ပျူတာ ပရိုဂရမ်က အလိုအလျောက်သွား ရှာပြီး တွေ့ရင် အချက်ပြတယ်။ရှင်းပြီလား”

“သြော်ဟုတ်”
“ငါ့တို့နိုင်ငံ နည်းပညာအရ ဆိုရင် စာအုပ်တောင်မလိုဘူးကွ။ သူ့များနိုင်ငံလို ချပ်စ်ပြားတွေလဲမလိုဘူး။ လက်ဗွေလေး ဖတ်လိုက်တာနဲ့ အားလုံး ပြီးပြည့်စုံသွားပြီ။ တခြားနိုင်ငံတွေက ငါတို့ နိုင်ငံလို မဖွံ့ဖြိုး မတိုးတက်သေးလို့ စာအုပ်ကို ထုတ်ပေးနေရတာ”

“တယ်လည်းဟန်ကျပါလား”
“ဟန်ပြီလားကွယ်”

“တုံကင်နံပတ် အ၀ါရောင် 512”
“တုံကင်နံပတ် အ၀ါရောင် 512”
“တုံကင်နံပတ် အ၀ါရောင် 512”

“အစ်ကိုခေါ်နေတာ ထင်တယ်”
ဘေးနားလေးက ကောင်လေးတစ်ယောက်က လုပ်နိုးတော့မှ ငိုက်နေတဲ့ ကျွန်တော် အလန့်တကြား နိုးလာတယ်။
“ကောင်တာက အစ်ကို့ကို ခေါ်နေတယ်”
“သြော် ကျေးဇူးပဲ”

ကောင်တာရှေ့မှာ အုံနေတဲ့ လူအုပ်ကြီး တိုးပြီး မီးပူတိုက်ထားတဲ့ အင်္ကျီ ခေါက်ရိုးလေးတွေ တွန့်ကြေသွားတော့ ကောင်တာရှေ့ရောက်တယ်။
“ကျွန်တော် တုံကင်နံပါတ် 512 ပါ”

ကျွန်တော့်တုံကင် အ၀ါရောင် ကဒ်ပြားလေး ထိုးပေးလိုက်တော့ ........
“သြော်ရတာ အာပေါက်တော့မယ် ခေါ်မကြား အော်မကြားနဲ့၊ အလှည့်ကျော်တော့မလို့”
“အိပ်ပျော်သွားလို့”

“ပတ်စပို့တင်တာ ဘယ်နှစ်လပိုင်းကလည်း”
“2006 ဆယ်လပိုင်းလောက်က”
“အဲဒါကို အခုမှ လာထုတ်ရသလား၊ ဒီမှာ ရှာလို့ မတွေ့ဘူး။ ကွန်ပျူတာက အထုပ်နံပါတ် မှားရေး ပေးလိုက်တယ်။ ကွန်ပျူတာမှာ သွားပြန်ကြည့်”
“သြော်ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ကျွန်တော်လည်း ကျွန်တော့အနောက်က အုံနေသော လူအုပ်ကြီးကို တိုးဝှေ့ပြီး လှေခါးအတိုင်း ဆင်းလာခဲ့တယ်။ လှေခါး အဆင်းတော့ ပတ်စပို့ ကျမကျ စလစ်ကို ကွန်ပျူတာနဲ့ ကြည့်ပေးတဲ့နေရာကို ရောက်တယ်။ တန်းစီနေတာ အားပါ နည်းတဲ့ လူတန်းကြီး မဟုတ်ဘူး။ စပ်စု ကြည့်လိုက်တော့ စလစ်ဖတ်တဲ့ ကွန်ပျူတာက နက်ဝပ်ကော်နက်ရှင် ကျနေတယ်တဲ့။

ကျွန်တော်လဲ လူတန်းကြီးမှာ တန်းစီလိုက်တယ်။ စောင့်ရင်း စောင့်ရင်း နာရီဝက်လောက်တာ ကြာသွားတယ် ဘာမှ ထူးမလာဘူး။ အဲဒါနဲ့ စိတ်မရှည်တာကြောင့် ကွန်ပျူတာ အနားကို တိုးပြီး ကြည့်လိုက်တယ်။ စက်ကိုင်တဲ့ အော်ပရေတာက အေးအေးဆေးဆေးပဲ ထိုင်နေတယ်။ အပြင်မှာက လူအုပ်ကြီးက ချွေးပြန်နေပြီ။

အဲဒါနဲ့ ကျွန်တော် အပေါ်ထပ်ကို ပြန်တက်လာခဲ့တယ်။ အောက်မှာ ကော်နက်ရှင်ကျနေလို့ ရှာမဘူးလို့ အကျိုး အကြောင်း ပြောပြတော့။ ရှစ်လက္မလောက်ရှိတဲ့ စာအုပ် အထူကြီးတွေ ချပေးတယ်။ အဲစာအုပ်ကြီးတွေမှာ ကျွန်တော်နာမည်ကို ရှာတယ်။ ကံကောင်း ထောက်မစွာနဲ့ပဲ သုံအုပ်မြောက်မှာ ကျွန်တော့်နာမည် သွားတွေ့တယ်။

အနားနားက တာဝန်ကျနေတဲ့ ရဲတစ်ယောက်ကို ခေါ်ပြတော့၊ ကျွန်တော့်ရဲ့ စလစ်မှာ ရေးထားတဲ့ နံပါတ်ကိုပြင်ပေးတယ်။ စလစ်မှ နံပါတ် အမှန်ရပြီဆိုတော့ ကောင်တာမှာ ပြန်ထပ်ထားလိုက်တယ်။ ပြီးတော့ အေးရာ အေးကြောင်း ပြန်ထိုင်နေလိုက်တယ်။

နောက်ထပ် သုံးနာရီခန့် အကြာ .........

စောင့်ရင်း စောင့်ရင်းနဲ့ ညနေ ငါးနာရီထိုးသွားတယ်။ လူတွေကတော့ ကောင်တာမှာ တိုးဝှေ့နေကြတုန်းပဲ။
“*********”
ကျွန်တော့နာမည် ခေါ်ပြီ။ ကျွန်တော်လဲ ပတ်စပို့ ရပြီ အထင်နဲ့ ကောင်တာကို အူရားဖားရာ ပြေးသွားလိုက်တယ်။
“မင့်ဟာက ကြာနေပြီဆိုတော့ ရှာလို့ မတွေ့တော့ဘူး။ စနေတနင်္ဂနွေ ရုံးပိတ်ရက်မှ အေးအေးဆေးဆေး ရှာပေးထားလိုက်မယ်။ အဲတော့မှ ပြန်လာခဲ့”

ဟုတ်ကဲ့ ဟုတ်ကဲ့
“”

Read More...

Saturday, December 15, 2007

လိမ္မော်ခြံ


ကျွန်တော်နှင့် လိမ္မော်သီးများ

Read More...

ရွှေရောင်မျှော်လင့်ချက်







ကျွန်တော် အခုဆိုရင် မြန်မာ ဘော့လုံးပွဲကို မကြည့်ချင်ဘူး။ အခုမကြည့်လို့ အရင်က ကြည့်သလားလို့ မေးရင်......

ကြည့်တာပေါ့။

မှတ်မိသေးတယ် ကျွန်တော် ငါးတန်းနှစ် နယ်မှာနေတုန်းက မြန်မာ ဘော့လုံးပွဲကို ရက်ကွက်ထဲက ဗီဒီယိုရုံမှာ ငါးကျပ်ပေးပြီး သွားကြည့်ရတာ။ ပွဲကတော့ မြန်မာနဲ့ ဗီယက်နမ်။ အောင်ကျော်ကျော်ကို ထိုင်းဒိုင်က အနီကဒ်ပြ ထုတ်လိုက်ပြီး မြန်မာအသင်း ရှုံးလို့ တော်တော်လေး ကြေကွဲရတယ်။

ခုနှစ်တန်းနှစ် ရောက်တော့ မြန်မာ ဘော့လုံး အသင်းက ထုံးစံအတိုင်း လိမ်ဖယ် လိမ်ဖယ်နဲ့။ ကမ္ဘောဒီးယားကို နိုင်ရင် အုပ်စုတက်ရပါပြီ ဆိုကာမှ တစ်သက်လုံး မရုံးဖူးတဲ့ ကမ္ဘောဒီးယားကို ရှုံးအောင်ကန်ပြီးပြန်လာတယ်။ တကယ်ဆိုရင် အဲဒီနှစ်က ကမ္ဘောဒီးယား အသင်းဟာ မြန်မာကို နိုင်ချင်နိုင် ရှုံးချင်ရှုံး ထွက်ရမှာ။ မြန်မာက နိုင်ရင် အကြိုဗိုလ်လုပွဲ တက်ရမှာ။

ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် (တိုက်ဂါးဖလား အမည်ပြောင်း) ပွဲမှာလည်း စလာလာချင်း အိမ်ရှင် ထိုင်းကို အသာစီးနဲ့ ကန်ပြီး သရေကျတယ်။ ငါတို့ မြန်မာဘော့လုံး အသင်းတော့ ဟုတ်နေပြီဟလို့ ထင်လိုက်ကာရှိသေးတယ် မလေးကို သရေ ထပ်ကျတယ်။ နောက်ဆုံးပွဲ ဖိလစ်ပိုင်ကို နိုင်တယ်ဆိုတယနဲ့ တက်ပါပြီ ဆိုကာမှ ဖိလစ်ပိုင်ကိုလည်း သရေကန်ပြီး အုပ်စုပွဲနဲ့ ပြန်လာခဲ့တယ်။ တကယ်ဆိုရင် အဲဒီ နှစ်က ဖိလစ်ပိုင် အသင်းဟာ မလေးကိုရော ထိုင်းကိုပါ ဂိုးပြတ်နဲ့ ရှုံးထားတာ။ မြန်မာအသင်းကတော့ ထိုင်းနဲ့ မလေးကို ခြေသာစီးပြီး သရေကျထားတယ်။ ပြောမယ်ဆိုရင်တော့ မြန်မာအသင်းအနေနဲ့ အဲဒီအချိန်မှ ဖိလင်ပိုင်ကို နိုင်ဖို့ အလားအလာ အများကြီးရှိတယ်။ အဲဒါကို သရေကျအောင် ကန်ခဲ့တယ်။

အဲနောက်ပိုင်း မြန်မာဘော့လုံးပွဲဆိုရင် မကြည့်တော့ဘူး။ မကြည့်ချင်ဘူးလို့ ဆိုတာနဲ့ ကိုယ့်နိုင်ငံ ဘော့လုံးအသင်းကို မုန်းလို့ တော့မထင်လိုက်ပါနဲ့ ချစ်လွန်းလို့ ကြည့်မိရင် အသည်းနာလွန်းလို့ မကြည့်တာ။

ဒီနေ့ ထိုင်းနဲ့ ကန်တဲ့ပွဲ။ ကျွန်တော် မကြည့်လိုက်ဖူး။ မေးကြည့်တော့ ရှုံးတယ်တဲ့ ....

* * * *

ကျွန်တော်တို့ ငါးတန်းကျောင်းသား အရွယ်လောက်က် တရုပ်မင်းသား ယွန်ပြောင်းက ဘော့လုံး မင်းသားဆိုပြီး နာမည်ကြီးနေတဲ့အချိန်၊ မြန်မာ ဘော့လုံးပွဲကို ကြည့်ပြီး ကျွန်တော့်မှာ ယွန်ပြောင်းလို ကွန်ဖူးတွေ တတ်လိုက်ချင်တယ်။ ၀ူခုန်းလို တန်ခိုးရှိချင်တယ်။ စူပါမင်းရဲ့ ပါဝါတွေ ရလိုက်ချင်တယ်။ ပြီတော့ စိတ်ကူးထဲမှာ ဘော့လုံးကွင်းထဲ ဆင်းပြီး ဗီယက်နမ်ကို တစ်ဂိုးပြီး တစ်ဂိုး သွင်းနေမိတယ်။

ဒီနေ့ ထိုင်းနဲ့ မြန်မာပွဲကို ကြည့်ကြတဲ့ မြန်မာပရိတ်သတ်တွေလဲ ကျွန်တော်ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ သလို ပါဝါတွေ တန်ခိုးတွေ စုပြီး ထိုင်းအသင်းကို ဂိုးတွေ ဘယ်လောက်များ စိတ်ကူးထဲမှာ သွင်းနေကြမလဲ မသိ .....



ကျွန်တော်တို့ မျှော်လင့်တဲ့ ရွှေရောင်ဖလား

Read More...

ခရီးသွားရင်း ရိုက်ခဲ့သောဓာတ်ပုံအချို့


ပြင်ဦးလွင်မှာ နံနက်စာစား

လားရှိုးကိုစတက်ပြီ

လမ်းမှာကားပျက်နေတုန်း ရိုက်ထားတာ





ကျောက်မဲမှာ နေ့လည်စာစား

အရှုပ်တက ထိပ်ခေါင် သပွတ်အူဆိုတာ အဲဒါပေါ့

လားရှိုးရောက်တော့ မိုးပေါ်မှာ ပျံနေတဲ့ ဂျက်ကို ရိုက်ထားတာ

Read More...

Thursday, December 13, 2007

ဒိုက်နမိုက် နှင့် ဓာတ်ပုံ




အချိန်ကား .........
တော်တော်လေး ညဥ့်နက်နေပြီ
ဒီဇင်ဘာ ညတစ်ည ဖြစ်သောကြောင့် တောင်ပေါ်မြို့လေးကို မြူနှင်းများက လွှမ်းခြုံထားသည်။

ထိုအချိန်တွင် ကျွန်တော်သည် လမ်းဘေး ပလက်ဖောင်းပေါ်တွင် တစ်ရောက်တည်း ငုတ်တုပ်ထိုင်နေသည်။ ကျွန်တော့်ဘေးမှာ အဖော်ဆိုလို့ ဈေးပေါပေါ ပေးရသည့် တရုပ်ဘီယာ ပုလင်းများသာရှိသည်။

ကျွန်တော်သည် အဝေးက မာကျူရီမီးတိုင်များကို လှမ်းကြည့်ရင်း၊ လက်ထဲမှ ဘီယာပုလင်းကို မော့သောက်ရင်းဖြင့် တစ်စုံတစ်ခုကို စဉ်းစားနေသည်။ ထိုသို့ အဝေးမှ မာကျူရီမီး တိုင်များကို လှမ်းကြည့်နေစဉ် နှင်းမြူများကြားမှ မဲမဲ အရိပ်တစ်ခုက ရွှေ့ရှားလာသည်။ အဝေးမှ မသဲမကွဲ မြင်ရတော့ လူရိပ်သည် ထောင်ထောင် မောင်းမောင်းနှင့် အရပ်ရှည်ရှည် လူတစ်ယောက် ဖြစ်ဟန်တူသည်။ ထိုလူသည် ကျွန်တော်ရှိရာသို့ ဦးတည်ပြီး လာနေသည်။

သေချာ သဲသဲ ကွဲကွဲ မြင်ရတော့ ထိုလူသည် နိုင်ငံခြားသား တစ်ယောက်ဖြစ်နေသည်။ သူ၏ လက်ထဲတွင် မြန်မာ ဘီယာ ပုလင်းတစ်လုံးကို ကိုင်ထားသည်။

Can I sit ?
နိုင်ငံခြားသားက ကျွန်တော်ဘေးမှာ ထိုင်ဖို့ ခွင်းတောင်းသည်။

You can
ထိုင်နိုင်ပါတယ်လို့ ပြောတော့ ကျွန်တော့် ဘေးနားလေးမှာ ၀င်ထိုင်သည်။

ထို့နောက် ဟိုကြည့်ဒီကြည့်နှင့် တစ်စုံတစ်ခုကို ရှာဖွေနေသည်။ ကျွန်တော်က အလိုက်သိစွာဖြင့် သူ့ဘီယာ ပုလင်းဖုံးကို ပါးစပ်ဖြင့် ကိုက်ဖွင့်ပေး လိုက်သည်။ သူတော်တော် လေးသဘော ကျသွားပြီး ကျွန်တော် အဖုံးဖွင့်ပေးလိုက်သော ဘီယာပုလင်းကို မော့သောက် လိုက်သည်။

“မြန်မာလို ပြောတတ်လား ”
“အန် ... မြန်မာပါဆို မြန်မာလို မပြောတတ်ပဲနေမလား”

“ နိုး . . နိုး ..၊ ဒီမှာက တိုင်းရင်းသားတွေ များတော့ တချို့ ကမြန်မာလို မပြောတတ်ကြဘူးလေ အဲဒါကြောင့် မေးကြည့်တာပါ”
“ကျွန်တော်လဲ ခင်ဗျားလို ဧည့်သည်ပဲ”

စောစောက ဖောက်လိုက်တော့ မြန်ဘီယာ ပုလင်းအဖုံးလေးကို ကျွန်တော် လက်သည်းနှင့် ခြစ်ပြီး အဖြူဖပ်လေးကို ခွာလိုက်သည်။ အဖြူဖပ်လေး ကွာသွားတော့ ကရ၀ိက်ပုံလေး ပေါ်ထွက်လာသည်။ ကျွန်တော် ချက်ခြင်းပဲ ထို အဖုံးလေးကို ညစ်ကွေးလိုက်သည်။ ထို့နောက် အဝေးကို တစ်ခါတည်း ကန်လွင့် ပစ်လိုက်သည်။

“ ဟေ့ မဲပေါက်တယ် မို့လား ဘာဖြစ်လို့ လွင့်ပစ်လိုက်ရတာလဲ”
နိုင်ငံခြားက ကျွန်တော့်ကို မေးသည်

“ အဲဒီ ပုံကိုကရ၀က်ကို မကြည့်ချင်လို့”

“ဘာဖြစ်လို့လဲကွ”
“ဒီလိုပါပဲ”

“ပြောပါဦး”
“ပြောရမယ်ဆိုရင် အရှည်ကြီးပဲ”

“လိုရင်းလောက်တော့ ပြောပေါ့ကွာ”
“အင်းပြောပြမယ်”

“အင်းပြော”

ကျွန်တော် ဘီယာပုလင်းကို တကြိုက်မော့သောက် လိုက်သည်။ သူလဲ သူ့လက်ထဲက ဘီယာ ပုလင်းကို မော့သောက်ပြီး ကျွန်တော် ဘာပြောမလဲ ဆိုတဲ့ အကြည့်နဲ့ ကျွန်တော့်ကို စောင့်နေသည်။

“ ဒီလိုဗျာ လွန်ခဲ့ ရက်ပိုင်းလောက်က အဲဒီကရ၀ိက်ပုံ နောက်ခံပါတဲ့ ပုံတစ်ပုံကို ကျွန်တော်ရိုက်ခဲ့တယ်”
“*.*”

“အဲပုံကို မသာမာသူတစ်ယောက်က တခြားနေရာမှာ တလွဲ သုံးလိုက်တယ်”
“အဲတော့ ဘာဖြစ်လဲ”

“ဘာဖြစ်ရမှာလဲ။ ပုံထဲမှာ ပါတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ တခြားသူငယ်ချင်း တွေအတွက် စိတ်အနှောက် အယှက် ဖြစ်ရတာပေါ့”
“ဟား . ... ဟား .....”

နိုင်ငံခြားက ဘာမဆိုင် ညာမဆိုင် ထရယ်သည်။ ကျွန်တော် နေရာမှာ စိတ်တိုတတ်သူ တစ်ယောက်သာ ဆိုလျှင် ထိုမျက်နှာကို ဘီယာနှင့် ပက်ပြီး ခေါင်းကို ပုလင်းဖြင့် ရိုက်ခွဲလိုက် မလားမသိ။ ဒါပေမယ့် ကျွန်တော် သူ့ရယ်သံ ဆုံးအောင် ခဏလောက် စောင့်ကြည့်လိုက်သည်။

“ဘာဖြစ်လို့ ရယ်တာလဲ”
“တိုက်ဆိုင်လို့ပါကွာ”

“ဘယ်လို တိုက်ဆိုင်တာလဲ”
“တချိန်တုန်းက ငါက ပစ္စည်းတစ်ခုကို ရည်ရွယ်ချက် တစ်ခုနဲ့ တီထွင်ခဲ့ဖူးတယ်”
“အင်း”

“ဒါပေမယ့် လူတွေက အဲပစ္စည်းကို တခြားနေရာမှ သုံးကြတယ်”
“သြော်”

“အဲပစ္စည်းကို ငါတီထွင်ခဲ့တာကြောင့် ငါ့ရဲ့ အဖေ ခြေထောက် တစ်ဖက် ပြတ်သွားပြီး၊ ငါ့ရဲ့ အချစ်ဆုံး ညီ အပါအ၀င် လူအမြောက် အများ သေကြေခဲ့ရတယ်”
“ဒါဆိုရင် ခင်ဗျားက ဒိုင်းနမိုက် ကိုတီထွင်ခဲ့တဲ့လူပေါ့”

“အင်း”
“ဘာ! ဒါဆိုရင် ခင်ဗျားက Nobel ပေါ့။ ဟုတ်လား”

“အင်းဟုတ်တယ်၊ ငါက ဒိုက်နမိုက် ကိုတီထွင်တယ်ဆိုတာ။ ကျောက်ဆောင်ကြီးကို ဖြိုတာတို့၊ တတာဟောင်းတို့၊ အဆောက်အဦး အဟောင်းတို့ကို ဖြိုဖျက်တဲ့ နေရာမှာ သုံးဖို့ တီထွင်ခဲ့တာ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် သတ်တဲ့နေရာမှ အသုံးပြုဖို့ မဟုတ်ဘူး”
“ကျွန်တော်လဲ အဲဓာတ်ပုံကို ရိုက်တယ်ဆိုတာ သူငယ်ချင်းတွေ အတွက် အမှတ်တရ အနေနဲ့ ရိုက်ခဲ့တာ၊ တခြားနေရာမှာ အသုံးချဖို့ မဟုတ်ဘူး”

“ ဒါပေမယ့် လူတွေက အဲဒီ ဒိုက်နမိုက်ကို တစ်ယောက်နဲ့ တစ်ယောက် သေအောင် သတ်တဲ့ စစ်ပွဲတွေမှာ ဖောက်ခွဲ ရေးပစ္စည်း တစ်ခု အဖြစ် အသုံးပြုနေကြတယ်”
“ကျွန်တော်ရိုက်တဲ့ ပုံကလဲ တစ်ယောက်နဲ့ တစ်ယောက် မန်မာနတွေနဲ့ လက်စားခြေတဲ့ပွဲမှာ လက်နက်တစ်ခု အဖြစ် အသုံးပြုခံလိုက်ရတယ်”

“အရင်က လူတွေကို အဲလောက်ထိ ရက်စက်လိမ့်မယ်လို့ မထွက်ထားမိခဲ့ဘူး”
“ကျွန်တော်လဲ လူတစ်ချို့ဟာ အဲလောက် အောက်တန်းကျ လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး

“အဲလို ထင်တာမှားတာပဲ၊ အဲလို တလွဲသုံးစွဲမှုကြောင့် ငါ့ရဲ့ ညီအပါဝင် လူပေါင်းများစွာ သေကြေခဲ့ရတယ်”
“အဲဒီပုံကို တလွဲနေရာမှ အသုံးပြုခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်ရဲ့ သူငယ်ချင်း နှစ်ယောက် အပါဝင် သူငယ်ချင်းတွေကို စိတ်အနှောက်ယှက် ဖြစ်စေခဲ့ပြီး သူငယ်ချင်းတွေကြားမှာ စိတ်ဝမ်းကွဲခဲ့ရတယ်”

“ငါဟာ အဲဒီ ဒိုက်နမိုက်ကို လူသတ်လက်နက်ဖြစ် အသုံးပြုဖို့ တီထွင်ခဲ့တာလို့ လူတစ်ချို့က ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ ငါဟာ လူသတ်လက် နက်အဖြစ် အသုံးပြုဖို့ တီထွင်ခဲ့တာ မဟုတ်ဘူး။ လူတစ်ချို့က လူသတ်လက်နက်အဖြစ် အသုံပြုကြတာ”
“ကျွန်တော့်ကို လူတစ်ချို့က နောက်ကျောကို ဓားနဲ့ ထိုးဖို့ ရိုက်ခဲ့တာလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ ဒါပေမယ့် အဲဒီဓာတ်ပုံကို မာန်မာနခြင်း ပြိုင်တဲ့ပွဲမှာ လက်နက်တစ်ခုအဖြစ် အသုံးခြဖို့ ရိုက်ခဲ့တာမဟုတ်ဘူး။

“ ငါက တလွဲ တွေးနေတဲ့ လူတွေကို သတင်းစားရှင်းလင်းပွဲ ကြီးလုပ်ပြီး ... ကျွန်တော်ဟာ ဒီပစ္စည်းကို လူသတ်လက်နက် အဖြစ် အသုံးချဖိုပ တီထွင်ခဲ့တာ မဟုတ်ပါဘူးခင်ဗျား ဆိုပြီး ရှင်းပြနေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ တီထွင်ခဲ့တဲ့ ဒိုက်နမိုက်ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ပြီးပြီ။ရှင်းပြနေလဲ ငါ့မှာ အပြစ်မရှိ ပါဘူးလို့ပဲ ပြောလို့ရမယ်။ သေသွားတဲ့လူတွေ အသက်ပြန်မရှင်တော့ဘူး။”
“ကျွန်တော်လဲ အဲလိုပဲ အဲဒီပုံကို ဘယ်သူတွေကို ဘယ်နေရာမှာ သုံးဖို့ ပို့ခဲ့တာပဲ ဒီလိုနေရာမှာ တလွဲ အသုံးချဖို့ ပေးခဲ့တာ မဟုတ်ပါဘူးဆိုပြီး ရှင်းပြ မနေချင်တော့ဘူး။ ”

“ငါမှားတဲ့ အဓိက အမှားက ဒိုက်နမိုက်ကို တီထွင်ခဲ့လို့ မဟုတ်ဘူးကွ။ လူတွေကို ဟယအဲလောက် ရက်စက်လိမ့်မယ်လို့ ထင်မထားခဲ့မိလို့”
“ကျွန်တော်လဲ အဲဒီဓာတ်ပုံကို ရိုက်လိုက်တဲ့ အချိန်အထိ အမှားသေးဘူး။ လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းလိုက်မှ မှားသွားတာ”

“ အေးမိုးလဲ အတော်ချုပ်နေပြီ ငါပြန်တော့မယ်”
“ဟုတ်”

ထို့နောက် နိုဗယ်သည် လက်ကျန် ဘီယာလေးကို မော့သောက်ပြီး
“မင့်ကို မှာစရာ တစ်ခုရှိသေးတယ်။ ကိုယ်က ပစ္စည်းတစ်ခုကို ရည်ရွယ်ချက် တစ်ခုနဲ့ ဖန်တီးခဲ့ပေမယ့်။ အသုံးပြုတဲ့ လူတစ်ချို့ တခြားနေရာမှ တလွဲ အသုံးချတတ်တယ်ဆိုတာ မသေမချင်း မှတ်ထားပေတော့”

ထိုသို့ မှာပြီးနောက် နိုဗယ်သည် ကျွန်တော့်ကို ကျောခိုင်းကာ နှင်းမြူကြားထဲသို့ တဖြေးဖြေးချင်း တိုးဝင်း ပျော်ကွယ်သွာပါတော့သည်။

Read More...

Tuesday, December 04, 2007

ခရီးသွားမယ်ဗျို့


ခရီးသွားရမည် ဖြစ်သောကြောင့် ဘလော့ဂ်ရေးခြင်းကို တစ်ပတ်ခန့် ရပ်နားထားမည် ဖြစ်ကြောင်းပါ ...............
ခရီးမှ ပြန်လာမှသာ ဆက်ရေးဖြစ်မည်ဖြစ်ပါသည်။




Read More...

There was an error in this gadget