Art is My Life: May 2007

Thursday, May 31, 2007

အရူးတစ်ယောက်နှင့် စကားပြောခြင်း

ကောင်းခြင်းနှင့်ဆိုးခြင်း


လူကောင်း။ ။ အရူးဆိုတဲ့ ဝေါဟာရကို ခင်ဗျားအနေနဲ့ ဘယ်လိုအဓိပ္ပယ်ဖွင့် မလဲ

အရူး။ ။ အရူးဆိုတာ ၀မ်းတွင်းစိတ်ရင်းကို ဟန်ဆောင်မှုကင်းသူ လို့အဓိပ္ပယ်ရတယ်။ များများရူးလေ များများ ဟန်ဆောင်မူ ကင်းလေပဲပေါ့။
လူကောင်းဆိုတဲ့ သတ္တ၀ါတွေက တစ်ယောက်ကို မကြေနပ်လို့ သတ်ချင်နေသည့်တိုင် အကျိုးတစ်စုံတစ်ရာကို မျှော်ကိုပြီး ဟန်ဆောင်ပြုံးပြနေကြတယ်။ အရူးမှာ အဲဒါတွေမရှိဘူး မင့်ကို မကြေနပ်ရင် ပြုံးမပြဘူး ဆဲမယ်။ စိတ်ထဲမှာ သတ်ချင်စိတ်ပေါ်လာရင် သတ်မယ်။ စိတ်ရင်းအမှန် တရားကို ဖွင့်ထုတ်ဖို့အတွက် ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။
သူများမလုပ်နိုင်တာတွေကို လုပ်ပြရင် တက္ကသိုလ်တွေ အဖွဲ့စည်းတွေက ဂုဏ်ထူးတွေ ၀ိသေသတွေ ပေးသလို အရူးဆိုတာလဲ သာမာန်လူတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်လို့ အရူးဆိုတဲ့ ၀ိသေသထူးကို ရထားတာ။

ကောင်း။ ။ သာမန်လူတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ် ဆိုတာ ဘာတွေများလုပ်နိုင်လို့လဲ
ရူး။ ။ ဒါဆိုရင် မင်းမကြေနပ်တဲ့ လူတစ်ယောက်ကို တွေ့တဲ့နေရာမှာ မင်းစိတ်ရှိလက်ရှိ အော်ဆဲရဲလား
ကောင်း ။ ။ ဆဲရင်ပြသနာတက်သွားမှာပေါ့
ရူး ။ ။ မင်းမလုပ်နိုင်ဘူး မဟုတ်လား။ အေးမင်းမလုပ်နိုင်သလို လူတိုင်းလဲ မလုပ်နိုင်ဘူး ။ ဒါပေမယ့် အရူးတွေက အဲဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်

ကောင်း။ ။ အဲဒါကောင်းတဲ့ အလုပ်မှ မဟုတ်ပဲ
ရူး။ ။ ကောင်းတဲ့ အလုပ်ဆိုတာဘာလဲ ငါ့ကိုပြောပါဦး။ လူပုံအလယ်မှာ နှစ်ယောက်တွေ့တာကို ဟန်ဆောင်ပြုံးနေပြီး ကွယ်ရာရောက်မှ ဆဲတာ လူတစ်ယောက်ရဲ့ အရည်ချင်းကို ထုတ်ဖော် မချည်းကျူးရဲဘဲ သေမှ အုတ်ဂူမှာ စာသွားရေးတာ အဲဒါကောင်းတဲ့ အလုပ်လား။
ကောင်း။ ။ မဆိုင်တာပဲဗျ
ရူး။ ။ ဒီမှာ ကောင်းခြင်းမကောင်းခြင်း ဆိုတာ လူတွေက သတ်မှတ်ထားတဲ့ ဥပဒေသတွေပါကွာ။ မင်းတို့လူကောင်းတွေရဲ့ ဥပဒေသမှာ စာအုပ်တွေ ဖတ်တာကောင်းတယ်လို့ ပြောမယ် အရက်သောက်တာ မကောင်းဘူးလို့ပြောမယ်။ ငါပြောတာ ဟုတ်သလား။
ကောင်း။ ။ ဟုတ်တယ်လေ အဲဒါအမှန်တရားပဲကိုး
ရူး။ ။ ဒါပေမယ့် ငါ့အမြင်မှာတော့ အရက်သောက်တာကောင်းတယ် စာဖတ်တာ မကောင်ဘူးကွ
ကောင်း။ ။ ဘာဖြစ်လို့လဲ
ရူး။ ။ အရက်သောက်တယ်ဆိုတာ ပင်ပန်းနွမ်းနယ်မှုကို ပြေပျေက်စေတယ် ဘ၀အမောကိုပြေစေတယ် စိတ်ကို နုပျိုလန်းဆန်း စေတယ်။ စာဖတ်တယ်ဆိုတာ စွဲတယ် မျက်စိပျက်တယ်။
ကောင်း။ ။ စာဖတ်တယ်ဆိုတာ ဗဟုသုတရတယ် အကြံကောင်း အညာဏ်ကောင်းရတယ် အရက်သောက်တယ် ဆိုတာ ဘ၀ပျက်ဖို့ ပဲရှိတယ်
ရူး။ ။ အဲဒါမင်းတို့ စာအုပ်ထဲမှာ ရေးထားတာ မဟုတ်လား။ အရက်ဆိုင်မှာပြောတဲ့ စကားတွေလဲ လာနားထောင်ကြည့် ဗဟုသုတ ဆိုတာလဲစုံမှစုံ မင်းတို့ စာအုပ်ထဲမှာ ဆင်ဆာမလွတ်တာတွေ တောင်ပါသေးတယ်။ ငါပြောမယ် ရောဂါစွဲပြီး ဘ၀ပျက်တယ်ဆိုတာ တနေကုန်တနေခန်း ဘာမှမလုပ်ပဲ အရက်ကြီးပဲ သောက်နေလို့ဖြစ်တာ။ မင်းတို့ စာအုပ်ကိုလဲ တနေကုန်တနေခန်း ဘာမှမလုပ်ပဲ ထိုင်ဖတ်နေပါလား။ ရက်လတွေ ကြာလာရင် ရောဂါစွဲပြီး ဘ၀ပျက်မှာ အသေအချာပဲ ဘာများပိုထူးလို့လဲကွ။
ဒါကြောင့် ဘယ်အရာမှာ မဆို ဆိုးခြင်းဆိုတာလဲ မရှိသလို ကောင်းခြင်းဆိုတာလဲ မရှိဘူး။ အင့်ဘက်က ကြည့်ရင် တစ်ဖြစ်နေပေမယ့် ငါဘက်ကကြည့်ရင် င လို့တော့ ပြောပိုင်ခွင့်ရှိတယ်။ တကယ်တော့ အဲဒါငလဲ မဟုတ်ဘူး တစ်လဲမဟုတ်ဘူး လူတွေရေးထားတဲ့ မျဉ်းကွေးလေး တစ်ခုပဲ မှတ်ရလွယ်အောင်လို့ နာမည်လေး ပေးထားခြင်းမျှသာ ဖြစ်တယ်။
အဲလိုပဲ လောကကြီးမှာ ကောင်းခြင်းဆိုတာလဲ မရှိဘူး ဆိုးခြင်းဆိုတာလဲ မရှိဘူး။ ဖြစ်တည်မှု သဘောတရားပဲ ရှိတယ်။ အဲဒီ ဖြစ်တည် မှုသဘောတရားကို လူတွေလက်ခံတဲ့ အခါမှာ ကောင်းတယ်လို့ပြောတယ်။ လက်မခံနိုင်တဲ့ အခါမှာ ဆိုးတယ်လို့ပြောတယ်။
စာပေသမားကတော့ သူတို့ စာအုပ်တွေရဲ့ ဖြစ်တည်မှု ရှင်သန်အောင်ကောင်းတယ်လို့ ပြောသလို အရက်ရောင်းတဲ့ လူတွေက သူတို့အရက်တွေ ဖြစ်တည်မှု ရှင်သန်အောင် ကောင်းတယ်လို့ပြောမှာပဲ။
လောကမှာ ဖြစ်နေတဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်းဆိုတာက ဖြစ်တည်မှုသဘော တရားတစ်ခုကို အဲဒီပတ်ဝန်းကျင်မှာ ထောက်ခံတဲ့လူများရင် ကောင်းတာပဲ။ ထောက်ခံတဲ့ သူနည်းတဲ့ ပတ်ဝန်းကျင်ကို အဲဒီဖြစ်တည်မှု ရောက်သွားရင် ဆိုးတယ်လို့ ပြောကြမှာပဲလေ

Read More...

Sunday, May 27, 2007

လူတိုင်းကျတဲ့ မျက်ရည်မျိုး


ကျွန်တော်သည် လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ ဓားသည် အရွယ်အားဖြင့် ရှစ်လက်မခန့်ရှိသော်လဲ တော်တော်ထက်ပါသည်။ ထက်အောင်လည်း ကျွန်တော်နေ့တိုင်းသွေးပါသည်။ ဓား၏မျက်နှာပြင်မှာ ပြောင်လက်နေသည်။ ပြောင်လက်နေသော မျက်နှာပြင်တွင် ကျွန်တော့်မျက်လုံးတွေကို မြင်နေရသည်။

ကျွန်တော်၏ မျက်လုံးများမှာလည်း နီရဲလျှက်ရှိသည်။ ကျွန်တော်၏ မျက်လုံးထဲမှ မျက်ရည်များ ပါးပြင်ပေါ်တွင် ဖြတ်သန်းစီးဆင်းနေသည်။ သို့ရာတွင် ကျွန်တော် အပြုံးမပျက်ပါ။ ကျွန်တော်ဓားကိုသာ အာရုဏ် စိုက်ကာကြည့်နေမိသည်။

ပါးပြင်ပေါ်မှ မျက်ရည်များသည် မေးဖျားဆီသို့ ဖြတ်သန်းစီးဆင်းနေသည်။ ဟုတ်ပါသည် ကျွန်တော်သည် မျက်ရည်များ ကျလျှက်ရှိလို လက်ထဲတွင်လည်း အလွန်ထက်သော ဓားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အခုလို ကျွန်တော် မျက်ရည်ကျတဲ့ အကြောင်းကို ပြောလို့ ကျွန်တော့်ကို မျက်ရည်လွယ်သူဟု ထင်ကောင်းထင်ပါလိမ့်မည်။ ကျွန်တော်ဘ၀တွင် ထိုမျှလောက်မျက်ရည် တစ်ကြိမ်မှ မကျခဲ့ဘူးပါ။ ထို့အတူ ကျွန်တော်သည် မျက်ရည်လွယ်သူ တစ်ယောက်မဟုတ်ပါ။ ထို့အတူ ကျွန်တော်သည် ငိုတတ်သူတစ်ယောက် မဟုတ်ပါ။

ကျွန်တော်ငယ်ငယ် လူမှန်းသိတတ်စ အရွယ်ကတည်းစပြီး ငိုလေ့မရှိပါ။ အမေရိုက်လျှင်လည်း မငိုပါ။ သူငယ်တန်းတုန်းက ဓားခုတ်မိသောကြောင့် ၀ဲဘက်လက်ညိုးလေး ပြတ်လုပြတ်ချင် ဖြစ်သွားသည် ကျွန်တော်မငိုပါ။ ကျွန်တော်ငါးတန်းနှစ်က ကျွန်တော်မလုပ်တဲ့ အပြစ်တစ်ခု အတွက် ဆရာက ကျွန်တော်ကို အပြစ်ပေးသည့် အနေဖြင့် ရိုက်သည်၊ ပြီးနောက် ကျောင်းကို ပတ်ပြေးခိုင်းသည်၊ ကျွန်တော်မပြေးပါ ကျောင်းအုတ်နံရံကို ခေါင်းနဲ့ ပြေးဆောင့်လိုက်သည် နဖူးကွဲပြီး သွေးများ စီးကျလာသည် ကျွန်တော်မျက်ရည်မကျပါ။ ယင်းအမာရွတ်သည် ယနေ့တိုင် ကျွန်တော့ နဖူးတွင်ရှိနေပါသည်။ ခုနှစ်တန်းနှစ်လောက်တွင် ငါးမျှားရာမှ ငါးမျှားချိတ်စူးသဖြင့် ဆေးရုံးမှာ ထုံးဆေးမထိုးပဲ ခွဲရပါသည်၊ ကျွန်တော်မျက်ရည်မကျပါ။

ယခုလောက် ပြောရုံဖြင့် ကျွန်တော်သည် လွယ်လွယ်ဖြင့် မျက်ရည်ကျ တတ်သူ တစ်ဦး မဟုတ်ဘူးဆိုတာကို သိလောက်ပြီဟု ထင်မိပါသည်။

ယခုအခါ ကျွန်တော်သည် မျက်ရည်ကျပါသည်။ ၀မ်းနည်းလို့လား။ မဟုတ်ပါ။ ကျွန်တော်ဝမ်းမနည်းပါ။ သို့ရာတွင် ကျွန်တော့်မျက်ရည်များသည် အတားအဆီးမရှိ ကျဆင်းလျှက်ရှိသည်။

ကျွန်တော်ထင်ပါသည်။ ယခုကျွန်တော် ကြုံသလို အဖြစ်မျိုးကြုံရလျှင် ကျွန်တော်မပြောနှင့် နပိုလီယံ၊ ရောဘင်ဟု၊ ဗျတ်ဝိ၊ ဗျတ်တ၊ အားလုံး မျက်ရည်မျက်ရည်ကြမည်။ နပိုလီယံ ရောဘင်ဟု ဗျတ်ဝိ ဗျတ်တ မကပါ အိုစမာဘင်လာဒင်လို အကြမ်းဖက်သမားမှအစ သိက္ခာတော် ၆၀ ရ ဆရာတော်ကြီးတွေပါ မကျန် မျက်ရည်ကျရမည်။

ထိုအခါတွင် ကျွန်တော် တွေ့ကြုံရသော အဖြစ်ကို ဘယ်လောက်ဆိုးလို့လည်းဟု မေးကောင်းမေးနိုင်ပါသည်။ ကျွန်တော်၏ အဖြစ်သည် မဆိုးပါ။ သို့ရာတွင် မျက်ရည်ကျရပါသည်။ မယုံလျှင် သင်စမ်းကြည့်ပါ။ မျက်ရည်မကျလျှင် ကျွန်တော့်ကို ရိုက်သွားပါ။

ကျွန်တော်လား ဘာလုပ်နေတယ်ထင်လို့လဲ



အဖြေကိုဖတ်ရန် ဒီနေရာကိုနိပ်

Read More...

ခဲမှန်ခြင်း


ကောင်မလေးရယ်

ငါ့ကိုအကြင်နာတွေမပေးပါနဲ့

ငါကြင်နာတဲ့လူတွေတောင် ပစ်သွားကြပြီလေ


ကောင်မလေးရယ်

ငါနားလည်ပါတယ် နင့်ခံစားချက်တွေကို


ကောင်မလေးရယ်

ငါ့ကို ခွင့်လွတ်ပေးပါ

ဖြည့်ဆည်းမပေးနိုင်လို့လေ


ကောင်မလေးရယ်

ကွဲနေတဲ့ အိုးထဲကို ရေတွေဘယ်လောက်လောင်းလောင်း

ဘယ်တော့မှပြည့်မှာ မဟုတ်ပါဘူး


ကောင်မလေးရယ်

ကွဲနေတဲ့ ငါ့အသဲပေါ်ကို

နင့်အချစ်တွေ ထပ်မလောင်းချင်ပါနဲ့


ကောင်မလေးရယ်

တိုက်ဆိုင်မှုတွေရှိတိုင်း နင့်အမြဲသတိရနေမှာပါ

အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ပေါ့


ကောင်မလေးရယ်

နင့်လောက်ငါ့အပေါ် သီးခံပေးတဲ့လူမတွေ့ဖူးသေးဘူး

တကယ်ပြောတာပါ


ကောင်မလေးရယ်

တကယ်တော့ငါ အသဲမှာ

အချစ်တွေမှန်လို့ရတဲ့ဒါဏ်ရာတွေက သွေးမတိတ်သေးဘူး


ကောင်မလေးရယ်

ထပ်မရွယ်လိုက်ပါနဲ့

ငါဘ၀မှာ အဲဒီခဲကိုအကြောက်ဆုံးပါ




နေမင်းခ

Read More...

ဝဋ်လည်ခြင်း

ဝဋ်ဆိုတာဘာလဲ တကယ်ကောလည်ရဲ့လား။ သင်ကိုယ်တိုင်ကော အယုံအကြည်ရှိရဲ့လား။

ကျွန်တော်ငယ်ငယ်က ၀ဋ်လည်တယ်ဆိုတာကို အရမ်းကိုယုံတယ် ။ မျက်မြင်လည်း တွေ့ခဲ့ဖူးတာကို။

အခုလား ယုံတုန်းပါပဲ။

ဝဋ်လည်ဖူးလို့လား မလည်သေးပါဘူး လည်မဲ့နေ့ကိုစောင့်နေတယ်

လည်ပါစေလို့လဲ ဆုတောင်းနေတယ်

ရွာထိပ်က လူတစ်ယောက် ကြက်သတ်တာ ကြက်လိုသေရတယ်။ သူများ ဘဲတွေရုပ်ဆိုးရင် ကဲ့ရဲ့တတ်တဲ့ ရွာထဲကကောင်မလေး ကုလားကြီးနဲ့ ရသွားတယ်။ ဝေလမင်းသား သူ့အမေကို မုဆိုးမကြီးလို့ ကြိတ်ပြီးပြောတာ သူကိုယ်တိုင် ကလေးနှစ်ယောက်အမေ မုဆိုးမကိုလက်ထပ်ဖို့ ထီးနန်းကိုပါ စွန့်လွတ်ခဲ့ရတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်တုန်းက ၀မ်းမြောက်ကြောင်း သ၀ဏ်လွာကို ပထဆုံးပေးခဲ့တဲ့ သက်ဆင် သူလဲဘာထူးလို့လဲ။

အဲဒီလို အဲဒီလို အခါမှာ ကျွန်တော်သည် ၀ဋ်ကိုယုံပါသည်။ ထို့အတူ ၀ဋ်လည်အောင်လို့ ဆိုပြီး ကောင်မလေး ချောချောလေးတွေနဲ့ တွဲသွားသောလူများကို ကျွန်တော်ဆဲပါသည်။ ဆိုက်ကနက် စီးသောလူများကို တွေ့သည့်နေရာတွင် ဆဲပါသည်။ ကိုဖီအာနန်ကို အိပ်ရာဝင်ခါနီးတိုင်း ဆဲပါပါသည်။

သို့ရာတွင် ကျွန်တော်ကား အခုချိန်ထိ ၀ဋ်မလည်သေးပါ . . .

ကျွန်တော်သည် ထိုကဲ့သို့ ၀ဋ်လည်မည့်နေ့ကို အမြဲတမ်း စောင့်မျှော်လျှက်ရှိပါသည်

ဝဋ်လည်ခြင်းဆိုတဲ့ နိယာမ မှန်ကန်ပါက ကျွန်တော်သည် တစ်ချိန်တွင် သေချာပေါက် ၀ဋ်လည်ပါလိမ့်မည်

Read More...

Saturday, May 26, 2007

တောင်းပန်ခြင်း ဖျက်သိမ်းခြင်း နှင့် ရွေးကောက်ခြင်း

တောင်းပန်ခြင်း

့်

ကျွန်တော်တို့ စာအုပ်ထုတ်ဝေးရေး နှောက်ပိုင်းကိစ္စများ ဆောင်ရွက်ရာတွင် အထူးသဖြင့် အယ်ဒီတာ အဖွဲ့ ရွေးချယ်ရာတွင် အချိန်မှီ ပြီးလိုသော ဆန္ဒများကြောင့် ဒီမိုကရေစီ မဆန်သလို ဖြစ်ခဲ့ရပြီး အချို့သော ညီအစ်ကို မောင်နှစ်မများ၏ ဆန္ဒများကို ပစ်ပယ်သလို ဖြစ်ခဲ့ရသည့် အပေါ် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။
ကျွန်တော်တို့ သည်စာမှုများ အချိန်မှီ ရရှိစေရေးအတွက် စီဘောက်များတွင်လိုက်အော်ခဲ့ ခြင်းအတွက်လည်း နားလည်ခွင့် လွတ်ပေးကြပါလို့ ဆက်လက်တောင်ပန်လိုပါသည်။
ကျွန်တော်တို့ စာအုပ်ထုတ်တယ်ဆိုရာမှာ စာအုပ်ပြီး ပြီးရောမဟုတ်ပဲ ဘလော့ဂ်ကာများ စုစုစည်းစည်းနဲ့ လုပ်ပြနိုင်တယ်ဆိုတဲ့ စွမ်းရည်ကိုပါ ထုတ်ဖော်ပြသလိုပါသည်။ သို့ဖြစ်ပါ၍ အခြင်းခြင်း စိတ်ဝမ်းကွဲစရာများ အုပ်စုကွဲစရာ ကိစ္စများ ဖြစ်ပေါ်လာမှာကို ကျွန်တော့်အနေဖြင့်မလိုလားပါ။ ကျွန်တော်မလိုလားသလို အားလုံးလဲ လိုလားကြလိမ့်မည်မဟုတ်ပါ။ သို့ဖြစ်ပါကြောင့် နောက်ဆောင်ရွက်မည့် ကိစ္စများကို ဒီမိုကရေစီ ကျကျ ဆောင်ရွက်သွားပါမည်။

ဖျက်သိမ်းခြင်း

ကျွန်တော်တို့ ဖိုရမ်တွင် ကြေငြာဖွဲ့စည်းခဲ့သော အယ်ဒီတာအဖွဲ့ကို ဒီနေရာမှာ ဖျက်သိမ်လိုက်ပါပြီ

ရွေးကောက်ခြင်း

အယ်ဒီတာ အဖွဲ့ကို ဒီမိုကရေစီကျကျ မဲပေး ရွေးကောက်ဖွဲ့စည်းသွားမည်ဖြစ်ပါသည်

ရွေးကောက်ရာတွင် ဘလော့ရေးသက်တန်း သုံးလနှင့် အထက်ရှိသူ မည်သူမဆို မဲဆန္ဒပေးနိုင်ပါသည်။

အယ်ဒီတာ အဖွဲ့ကို ၁၅ ဦးရွေးချယ်မည်ဖြစ်ပါသည်

သို့ဖြစ်ပါ၍ ဘလော့ဂ်ကာများအနေဖြင့် တစ်ဦးလျှင် မိမိအနှစ်သက်ဆုံး ဘလော့ဂ်ကာ ၁၅ ဦး ကို ဘလော့ဂ်ဖိုရမ် လော်ဘီအောက်ရှိ Editor အောက်တွင် လာရောက်ချရေးရမည်

ထိုထဲကမှ အကြိမ်ရေအများဆုံးတောင်းဆိုခံရသူ ၁၅ ဦးကို အယ်ဒီတာအဖြစ်ရွေးချယ်သွားမည်

အယ်ဒီတာ ရွေးချယ်သည့်ကာလမှာ ဇွန်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိတာဖြစ်သည်။ ( ယင်းနေ့ထက်ကျော်လွန်ပြီးမှ ၀င်လာသော အဆိုပြုချက်များကို လက်ခံစဉ်းစားမည်မဟုတ်ပါ )

ဇွန်လ ၁၁ ရက်နေ့တွင် မဲအများဆုံးရ ဘလော့ကာ ၁၅ ဦးစာရင်းကို ထုတ်ပြန်ကြေငြာပါမည်။

ယင်းနေ့တွင်ပင် ရွေးချယ်ခံ အယ်ဒီတာများကို ဆက်သွယ်၍ အတည်ပြုချက်တောင်းခံပါမည်။

ဇွန်လ ၁၄ ရက်နေ့အထိ အကြောင်းပြန်လာခြင်းမရှိသော အယ်ဒီတာများနေရာတွင် မဲအများဆုံး အဆင့် ၁၆ ၁၇ ကဲ့သို့နေရာများက ဘလော့ဂ်ကာများ နှင့် အစားထိုး သွားပါမည်

စာမှုများကို ရွေးချယ် ဖတ်ပေးရမည့်နေ့မှာ ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၅ ရက်အတွင်း ဖြစ်ပါသည်။

ဇူလိုင်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး စာပေးစိစစ်ရေးကို မဖြစ်မနေ တင်သွားပါမည်။

စာပေစိစစ်ရေးမှ အလွန်ဆုံး ၄၅ ရက်အတွင် ပြန်ကျ အောင် ကြိုးစား ဆောင်ရွက်သွားပါမည်


အားလုံး သောဘလော့ဂ်ကာများကို ဖိုရမ် လော်ဘီအောက်က အယ်ဒီတာ ဆိုတဲ့ နေရာမှာ လာရေက်မဲ ဆန္ဒပေးစေလိုပါသည်

ဥပမာ

မဲပေးသူ စိုးဇေယျ www.soezeya.blogspot.com

ရွေးချယ်ထားသည့် အယ်ဒီတာများ

မောင်မဲ www.maungmae.blogspot.com
မောင်ညို www.maugnyo.blogspot.com

အစရှိသဖြင့် ၁၅ ဦးတိတိ ရွေးချယ်ပေးစေလိုပါသည်

လာရောက်မဲပေးခြင်းမရှိသူများကို အားလုံးရွေးချယ်သမျှ သဘောတူသူများဟု မှတ်ယူကာ ရှေ့ဆက်လုပ်ရန် ကျန်ရှိသည်များကို ဆက်လက်လုပ်ဆောင်သွားပါမည်

Read More...

Friday, May 25, 2007

ကျောက်ခဲ

ကျွန်တော့်မှာ ပေါကြောင်ကြောင်နိုင်တဲ့ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူကလှည်းတန်းမှာ နေပါတယ်။ သူ့နာမည်အရင်းက ကျောက်ခဲ မဟုတ်ပါဘူး။ ဘယ်ကနေဘယ်လို ဖြစ်ပြီး အမေပေးတဲ့ နာမည်ကနေ နေ့ချင်းညချင်း ကျောက်ခဲဆိုတဲ့ နာမည်ရသွားသလဲ ဆိုတာ ကျွန်တော်လဲ မစဉ်းတတ်အောင်ပါပဲ။ လှည်းတန်း တစ်ခုလုံး သူကိုသိတဲ့ သူတွေအားလုံးကို ဒီကောင်ကို နာမည်အရင်း မခေါ်ကြတော့ပါဘူး။ ကျောက်ခဲပဲ ခေါ်ကြပါတော့တယ်။

ကျောက်ခဲရဲ့ Profine
သူကကျွန်တော်တို့ အလုပ်ကပါ။ အလုပ်ချိန်အတွင်းမှာ အရက်သောက်လို့ အလုပ်က ထုတ်ခံထားရတာ ကြာပါပြီ။ သူ့ဖေက စသုံးလုံးက အရာရှိ။ ဒီကောင်က ဥပဓိရုပ်ကလေးကတော့ မဆိုးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပေါကြောင်ကြောင် အနေထိုင်တွေကြောင့် သူ့ကိုဘယ်ကောင်မလေးကမှ စိတ်မ၀င်စားပါဘူး။ ကျွန်တော်နဲ့ သူနဲ့တော်တော်လေးကို ခင်ပါတယ်။ ဗုံးကွဲတုန်းကလဲ နှစ်ယောက်သား အတူတူပါပဲ။
ပြီးခဲ့တဲ့ 2006 ခုနှစ် ၁၁ လပိုင်းလောက်တုန်းက ဒီကောင်ကျွန်တော့ဆီက ပိုက်ဆံ တစ်သောင်ချည်းသွားတာ ပြန်မဆပ်ပါဘူး။ အဲဒီနောက်ပိုင်း ဒီကောင်ကျွန်တော့်ဆီကို မလာတော့ဘူး။ ကျွန်တော်ကလဲသွား မတောင်းဖြစ်တော့ဘူး။ သထာလွန်းလို့တော့ မဟုတ်ဘူး။
ဘာကြောင့် မတောင်းသလဲဆိုတော့ အကြွေးရစရာရှိတာက တစ်သောင်း။ သူ့ဆီကို အကြွေးတစ်ခါသွားတောင်းရင် လှည်းတန်း အထိ တကူးတက သွားရတယ်။ ရောက်သွားရင် သူ့ဆီက အကြွေးမရတဲ့ အပြင် လက်ဖက်ရည်တိုက်ရသေးတယ်။ တစ်ခါတိုက်ရင် အနည်းဆုံး ၇၀၀ ကနေ ၁၀၀၀ ကြားကတော့ ပြေးမလွတ်ဘူး။ ဒီကြားထဲမှာ ယောက်ဖရာ လုပ်ကွာ ငါ့မှာ သုံးစရာမရှိလို့ ပိုက်ဆံလေး ချည်းထားခဲ့ပါဦးဆိုရင် ၁၀၀၀ လောက်က ပါသွားပြန်ရော။ ဒါကြောင့် ဒီကောင့်ဆီက အကြွေးမရချင်နေ နောက်ထပ်တော့ အိတ်ထဲက ထပ်အပါခံနိုင်တော့ဘူး ဆိုပြီး ဒီကောင်ဆီကို မသွားဖြစ်တော့ပါဘူး။
ကျွန်တော် မသွားဖြစ်တဲ့ နှစ်လလောက်အတွင်းမှာ ဒီကောင့်နာမည်က ကျောက်ခဲဖြစ်သွားပြီ။ ခေါင်းကလဲ ကတုံးကြီးတုန်းထားတယ်။ ကတုံးတုန်းတာနဲ့ ကျောက်ခဲနဲ့ ဆက်စပ်မှုများ ရှိနေလေမလား။ ဒီကောင်ကို မေးတယ် မပြောဘူး။
သူမပြောတာလဲ အပြစ်မရှိပါဘူး။ မင်းက ငဖွ ကောင်ကွ လောလော ဆယ်ကျောက်ခဲ ဆိုတာ လှည်းတန်းက ကောင်လောက်ပဲသိတာ မင်းကိုပြောလိုက်ရင် ရုံးကကောင်တွေမှာ သိကုန်းမှာတဲ့လေ။
နောက်တော့ ကျွန်တော်လဲ ဟိုလို အစ်မေးဒီလို အစ်မေးနဲ့ မေးတော့မှ စိတ်ဝင်စားစရာ ကောင်းတဲ့ ကျောက်ခဲ ပုံပြင်လေးရ ပါတော့တယ်

ကျောက်ခဲ ပြောတဲ့ မောင်ကျောက်ခဲ

ဒီလိုကွ . . .
ငါကလှည်းတန်း ထိပ်က ငွေဒေါင်းမင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ ဆော်လေးတွေကို ငေးခွင့်ရာတာတော့ ငါတို့လှည်းတန်းသားတွေရဲ့ ဘ၀ပေးကုသိုလ်ပေါ့ကွာ။ မင်းသိတဲ့ အတိုင်း ငါကလဲ အဲဒီငွေဒေါင်းမင်းဆိုင်မှာ ညနေတိုင်း သွားသွားထိုင်ပြီး ကျောင်းဆင်းရုံးဆင်း ကောင်မလေးတွေကို ငမ်းငမ်းနေကြ။ နောက်ဆုံး လက်ဖက်ရည်ဖိုးမရှိရင်တောင် ရေနွေးကြမ်းသောက်ပြီး ထိုင်ငမ်းတယ်။
ငါအဲလို ငမ်းတဲ့ အထဲမှာ နေ့တိုင်းတွေ့တွေ့ နေရတဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စား မိတယ်ကွ။ သူကအလွန်ဆုံးရှိမှ ၁၇ ၊ ၁၈ လောက်ပဲရှိဦးမှာ။ နောက်တော့ သူ့အိမ်ကို အနောက်က လိုက်ချောင်း။ အဲဒီက တစ်ဆင့်တက်တော့ နာမည်လိုက်မေး တာပေါ့ကွာ။ သူက KMD မှာ ကွန်ပျူတာသင်တန်းတက်တာ။ ငါလဲ ကျောင်းတက် ကျောင်းဆင်းကို စောင့်ပြီး စကားလိုက်ပြောတာပေါ့ကွာ။ ပထမ လေးရက်ကတော့ လုံးဝအိုကေတယ်ကွ။ အခြေ အနေမဆိုးဘူးပေါ့ကွာ။ ဇတ်လမ်းကတော့ ငါးရက်မြောက်တဲ့ နေ့မှ စတာပဲကွ။
အဲဒီနေ့က သူသင်တန်းသွားတာကို မမှီလိုက်ဘူး။ ဒါကြောင့် သင်တန်းဆင်းမဲ့ အချိန်လောက်ကို KMD အောက်ကနေ စောင့်နေတယ်။ ကောင်မလေးက သင်တန်းက ဆင်းတော့ ငါက လိုက်သွားတယ်။ ငါ့ကို မလိုက်ခဲ့ နဲ့လို့ ပြောတယ်။ ဒါပေမယ့် ငါကဆက်လိုက် သွားတယ်။ နောက်တော့ ကောင်မလေးက Mr. Brown ဆိုင်ထဲဝင်သွားတယ်။ ဖြစ်ချင်တော့ မင်းသိတဲ့ အတိုင်းကွ ငါကငမွဲ ပိုက်ဆံမပါဘူး။ ဒါကြောင့် လိုက်ဝင်လို့ မရဘူး။ ဒါပေမယ့် ကံကောင်းချင်တော့ ငါ့နဲ့သိတဲတစ်ကောင်ကိုတွေ့လို့ ပိုက်ဆံ ၂၀၀၀ တောင်းပြီး ဆိုင်ထဲကိုလိုက်ဝင်လိုက်တယ်။ ဆိုင်ထဲရောက်တော့ ကောင်မလေးက ကော်ဖီမှာနေတာကိုတွေ့တယ်။ ဒါနဲ့ ငါလဲ သူ့လိုပဲ ကော်ဖီမှာလိုက်တယ်။ ကောင်မလေး ငါကိုလဲ တွေ့ရော တော်ပြီ ဆိုင်မှာ မသောက်တော့ဘူး ခွက်ကလေးနဲ့ ထည့်ပေးလို့ ပြောတယ်။ ငါလဲ သူ့လိုပဲ ခွက်ကလေးနဲ့ ထည့်ပေးလို့ လိုက်ပြောတယ်။ ကောင်မလေးက အရင်မှာတာဆိုတော့ သူကအရင်ရသွားတာပေါ့ကွာ ။ သူကခွက်လေး ကိုင်ပြီးထွက်သွားတယ်။ ငါကပိုက်ဆံ အမ်းတာ စောင့်ယူပြီး ဆိုင်အပြင်ကိုထွက်ခဲ့တော့ သူ့ကိုမတွေ့တော့ဘူး။ ဘယ်ရောက်သွားတာလဲလို့ ကြည့်လိုက်တော့ ကောင်မလေးက ဟိုဘက်ပေါက်ကနေ ဆိုင်ထဲမှာ ၀င်ထိုင်နေတယ်။ အဲဒီအချိန်မှာ ငါက ဆိုင်အပြင် ရောက်နေပြီ။ ပြန်ဝင်လို့ကလဲ မကောင်းတော့ဘူးလေ။ ဒါကြောင့် ငါကဆိုင်အပြင်ကနေပဲ သူ့ကို show ပြီးကြည့်နေတယ်။ သူကငါ့ကို လျှာထုတ်ပြတယ်၊ ပြောင်ပြတယ်။ ငါလဲ သူ့ကို ပြန်ပြောင်ပြတယ်။
တော်တော်လေးကြာတော့မှ ကောင်မလေးဆိုင် အပြင်ကိုထွက်လာတယ်။ ငါက သူ့အနောက်ကနေ လိုက်သွားတော့ ငါ့ကိုလည့်ကြည့်ပြီး ဆက်မလိုက်ခဲ့နဲ့တဲ့။ ငါကို ရုပ်တည်ကြီးနဲ့ လာခြောက်တယ်ကွ။ အဲလောက်တော့ ငါလဲသိတာပေါ့ကွ။ အဲလောက်လေးနဲ့ ကြောက်ပြီး နေရင်ခဲ့ရင် ငါ့ရဲ့ Role အောက်သွားမှာပေါ့။ ငါလဲဂရုမစိုက်ဘူးဆက်လိုက်တယ်။ ကောင်မလေးက နောက်တစ်ခါ ထပ်ပြောတယ် မလိုက်ခဲ့နဲ့တဲ့ သူု့အမေလာကြိုမှာတဲ့။ မင်းစဉ်းစားကြည့်လေ ချာတိတ်မလေး တစ်ယောက်က ဖြဲခြောက်တိုင်း ငါကကြောက်ပြီး ဆက်မလိုက်ရင် ငပေါကြီး ဖြစ်နေမှာပေါ့ကွ။ ဒါကြောင့် ငါက ဂရုကိုမစိုက်ဘူး။
နောက်တော့သူ လည်းတန်း ၂ လမ်းထဲကို ၀င်သွားတယ်။ ငါလဲ ဆက်လိုက်တာပဲ။ ဒါပေမယ့် ခပ်ခွာခွာပေါ့ကွာ။ ဈေးပေါက်ဝ ရောက်တော့ ကုန်းကုန်းနဲ့ ၀င်သွားတာ တွေ့လိုက်တယ်ကွ။ ငါလဲ အဲဒီ ဈေးပေါက်ဝ ရောက်တော့ ကောင်မလေး လက်ထဲမှာ ခဲနှစ်လုံး ကိုင်ထားတယ်။ ပြီးတော့ အဲဒီ ခဲနှစ်လုံးကို ခပ်ဆဆလေး မြောက်မြောက်ပြပြီး ဘယ်ခဲ ကြိုက်သလဲတဲ့ ငါ့ကိုမေးတယ်။ ငါလဲ ရုတ်တရက်ကြီဆိုတော့ နားမလည်နိုင်ဘူး ဖြစ်သွားတယ်။ ပြီးတော့ ဘေးက လူတွေကလဲ ၀ိုင်းကြည့်နေတယ်။ ငါလဲ ရှက်ရှက်နဲ့ ဒီခဲလို့ ပြောလိုက်တယ်။ ပြောလဲ ပြောလိုက်ရော ငါပြတဲ့ ခဲနဲ့ ငါ့ရင်ဘတ်ကို အုန်းခကဲ ပစ်လိုက်တော့တာပဲ။
မင်းစဉ်းစားကြည့်ကွာ ဈေးနားမှာဆိုတော့ လူတွေကလဲ ၀ိုင်းကြည့်နေကြတယ်။ ဒါကြောင့်ငါလဲ ရှက်ကလဲရှက်ဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ဒါပေမယ့် အခြေအနေ မဟန်တော့ဘူးဆိုတာသိလို့ မင်းမလိုက်စေချင်ရင် ကိုယ်မလိုက်တော့ပါဘူးကွာ လို့ပြောပြီး လည့်ထွက်ခဲ့တယ်။ ဆယ်လှမ်းလောက် လျှေက်ပြီးတော့ အနောက်က ပြေးလိုက်လာတဲ့ ခြေသံကြားလို့ လည့်ကြည့်လိုက်တော့ အဲဒီကောင်မလေး ဖြစ်နေတယ်။ လက်ထဲမှာ ခဲတစ်လုံး ကျန်သေးတယ်။ ဒါကြောင့် ငါလဲတစ်ချိုးထဲ လစ်တော့မယ်လို့ ကျန်ကာရှိသေးတယ် အဲဒီခဲတစ်လုံးနဲ့ ငါ့ကြောကုန်းကို ပစ်တော့တာပဲ။
ဇတ်လမ်းကတော့ ဒါပဲကွာ။ ငါလဲ ရှက်တာနဲ့ ဆံပင်ရှည်ကြီးဆိုတော့ ဈေးနားကလူတွေ မှတ်မိမှာစိုးလို့ ကတုံးတုန်းထားလိုက်တော့တာပဲကွာ။ အဲဒီအချိန်ကစပြီး ငါနာမည်က လှည်းတန်းမှာ ကျောက်ခဲ ဖြစ်သွားတော့တာပါပဲ။
ဟေ့ကောင် မင်းရုံးရောက်ရင်မဖွနဲ့နော် . . .

စာကြွင်း။ ။ ကျောက်ခဲရေ ငါရုံးမှာ ဘယ်သူကိုမှ မပြောဘူးကွ အခုဟာက ဘလော့ဂ်မှာ ရေးတာ။ ဘယ်သူမှ သိဘူးနော် :P

Read More...

Wednesday, May 23, 2007

ကြယ်စင်လေး

ကြယ်စင်လေး
မင်းရောင်စဉ်ကြောင့်
ငါ့ဘ၀ရဲ့ အချစ်သံစဉ်တွေ
အသက်ဝင်ခဲ့ရတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ရဲ့ လှပမှုနဲ့
တစ်ရံရောအခါက ငါ့ဘဝ
တောက်ပခဲ့ဖူးတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ကို
လိုချင်တမ်းတစွာ
မရေတွက်နိုင်တဲ့ ညတွေမှာ
ကြိမ်ဖန်များစွာ ငိုခဲ့ဖူးတယ်

မင်းသိပါရဲ့လား ကြယ်စင်လေးရယ်
မင်းရောင်စဉ်ရဲ့
ကြင်နာမှုဟာ
ငါ့ရဲ့ ရင်မှာ
နာကြင်မှုတွေ
ဖန်တီးထားရစ်ခဲ့တယ်ဆိုတာ...


တစ်စုံတစ်ယောက်သောသူက ပေးပို့သောခံစားချက်ကဗျာတစ်ပုဒ်ဖြစ်ပါသည်

Read More...

အမျိုးသားနိုင်ငံနေရေး အင်အားစုသတင်းစာရှင်းလင်းပွဲများ

အမျိုးသားနိုင်ငံရေး အင်အားစု သတင်းစာရှင်းလင်းပွဲများတွင် မေးမြန်းခဲ့သော်လဲ ဂျာနယ်တွင် ဖော်ပြရန် အခက်ခဲရှိသော မေးခွန်းတစ်ချို့ကို ကောက်နုတ်တင်ပြလိုက်ပါသည်


နိုင်ငံတော် အလံကို ပြောင်းလဲဖို့ အမျိုးသားညီလာခံမှာ အကြံပြုတင်ပြထားကြောင်း သတင်းစာတွေ ဖတ်ရပါတယ်။ တကယ်ပဲ ပြောင်းလဲတော့မှာလား။

‘ဒါက အကြံပြုတင်ပြထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ် မဆုံးဖြတ်ရသေးပါဘူး။ နောက်ဆုံး ညီလာခံမှာမှ အတည်ပြုဆုံးဖြတ်ရမှာပါ
ဦးကြည်ဝင်း ( မင်္ဂလာဒုံ မဲဆန္ဒနယ်မြေ )


ရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်သားတစ်ချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်လာမယ် လို့သိရပါတယ် ဘယ်တိုင်းရင်းသားတွေလဲ။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြို့နှစ်မြို့တစ်ဆက်တစ်စပ်တည်းရှိနေပြီး အဲဒီဒေသမှာ လူမျိုးစု တစ်စုတည်းသာ အများဆုံးရှိနေရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အနေနဲ့ နာဂ ပလောင် ပအို့ တို့ကရရှိမှာ ဖြစ်ပြီ ၀ ကတော့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအနေနဲ့ ရရှိမှဖြစ်ပါတယ်။ အခု ခေါ်နေကြ စစ်ကိုင်းတိုင်းတို့ ရန်ကုန်တိုင်းတို့အစား စစ်ကိုင်းတိုင်းဒေသကြီး အဖြစ် ပြောင်းလဲ ခေါ်မှာဖြစ်ပါတယ်။ ပြည်နယ်တွေကတော့ ပြောင်းလဲခေါ်ဆိုခြင်းရှိမှာမဟုတ်ပါဘူး။
ဦးသိန်းကြည် ( တောင်တွင်းကြီး မဲဆန္ဒနယ်မြေ )


ညီလာခံ ကိုယ်စားလှယ်တော်ကြီးများကို မေးလိုပါတယ်။ ရွေးကောက်ပွဲပြီးသွားလို့ မဲအနိုင်ရတဲ့ သမ္မတကို လက်ရှိ အစိုးရက အာဏာလွဲပြောင်းပေးမယ်လို့ ယုံကြည်ပါသလား။ ဘာကြောင့် ယုံကြည်တာလဲ။
( ၃.၅. ၀၇ )

ယုံကြည်ပါတယ်။ ဘာကြောင့်ယုံကြည်တာလဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဥပဒေပြီးသွားတာနဲ့ အာဏာကို ဘယ်လိုလွဲမယ် ဆိုတာကို အသေးစိတ်ရေးဆွဲထားပါတယ်။ ဒါကြောင့်ယုံတာပါ။
နောက်တစ်ချက်က ကျွန်တော်တို့ မယုံဘူးဆိုရင် သူတို့ကညီလာခံကို ပြီးအောင်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့က ညီလာခံကို မယုံရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြီးအောင်ရေးမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေမရှိရင် လက်ရှိအုပ်ချုပ်ရေးစနစ်က တည်မြဲနေဦးမှပဲ။ ဒါကြောင့် ကျွန်တော်တို့က ယုံပါတယ် ဥပဒေကိုသာ ပြီးအောင်သာမြန်မြန်ရေးပါ ရွေးကောက်ပွဲကို မြန်မြန်လုပ်ပါဆိုပြီး တွန်းအားပေးနေပါတယ်။
ဦးသိန်းကြည် ( တောင်တွင်းကြီး မဲဆန္ဒနယ်မြေ )

Read More...

လျှို့ဝှက်ချက်



ဒီနေရာကို မနှိပ်ရ

Read More...

Tuesday, May 22, 2007

ပုစ္ဆာ ၂

အထက်ပါ အဖြစ်ပျက်များ ဖြစ်ပျက်ပြှီးနောက်ပိုင်းတွင် ကျွန်တော်လည်း ဆိပ်ကမ်းသို့ အမြဲ မသွားဖြစ်တော့ပါ။ သို့ရာတွင် ပန်းချီဆွဲတဲ့ ကောင်မလေးကို တော့မေ့လို့မရ။
တစ်ခုသောညတွင် ကျွန်တော်အိပ် ပျော်နေစဉ် ပန်းချီဆွဲတဲ့ ကောင်းမလေးကို အိမ်မက်ထဲတွင် တွေ့သည်။ သူမသည် ကျွန်တော်နှင့် တွေ့စဉ်က အတိုင်း လုံချည်ကို ၀တ်ပြီး ဆံပင်ကို ဖားလားချထားသည်။ မျက်နှာတွင် ဘာမျှလိမ်း ခြယ်ထားခြင်းမရှိ။ သူမသည် ကျွန်တော့်ကို အပြင်မှာ ကဲ့သို့ပင် ချိသာစွာ ပြုံးပြသည်။ ကျွန်တော် သူမကို စကားပြောပေမယ့် သူမကတော့ ဘာတစ်ခွန်းမှ ပြန်မပြော ပြုံးမြဲသာပြုံးနေသည်။ ထို့နောက် သူမ ငိုသည်။ ဘာကြောင့် ငိုသည်ကို ကျွန်တော်မသိပါ။ မေးလို့ လဲမရပါ။ စိတ်မရှည်တော့ သည့်အဆုံး သူမကို ဆွဲကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမပျောက်ကွယ်သွားသည်။

မိုးလင်းလို့ အိပ်ရာထတော့ အင်္ဂါနေ့။ တိုက်တိုက် ဆိုင်ဆိုင် သူမကို ကျွန်တော် စတွေ့ခဲ့တာကလဲ အင်္ဂါနေ့။ ဒါကြောင့် ကျွန်တော် သူမ အတွက် ကောင်းမှုကုသိုလ်လုပ်ရန် ရွှေတိံဂုံ ဘုရားသို့ တက်လာခဲ့သည်။ ဘုရားရောက်တော့ စံပယ်ပန်း ၁၅ ကုံးဝယ်ကာ အင်္ဂါဒေါင့် တွင်ဘုရားသို့ ကပ်၍ ပြန်ခဲ့သည်။

ထို့နေ့က ရုံးတွင် ကျွန်တော်အလုပ်လုပ်ရန် ထွေထွေထူးထူး ကိစ္စမရှိပါ။ ထိုနေ့က မိုးကလဲ တော်တော်လေး သည်းသည်။ မိုးသဲသဲတွင် ဘာမျှလုပ်စရာမရှိသော ကျွန်တော် ထိုင်ခုံတွင် ငုတ်တုတ် ထိုင်ရင်မေးကနဲ အိပ်ပျော်သွားပါတော့သည်။

နေ့ခင်းဘက်ခုံ ပေါ်တွင်ထိုင်ရင် အိပ်ပျော်သည် ဆိုသာမှာ သိကြတဲ့ အတိုင်း နိုးတ၀က် အိပ်တ၀က်။ ကျွန်တော်သည် အိပ်ပျော်နေပေမယ့် အပြင်ကလူတွေ စကားပြောသံကို ကြားနေရသည်။ ထိုသို့ကြားနေရသော အသံထဲတွင် ဘုရားမှာ ကပ်ထားသော စံပယ်ပန်း ၁၅ ကုန်းကို ပြန်ချပြီးပါက ရေမှာ မျှောပေးပါတဲ့။ ကျွန်တော် အဲဒီ အသံကို သဲသဲကွဲကွဲ ကြားလိုက်ရသည်။ ထိုအသံ ကြားလိုက်သည်နှင့် ကျွန်တော် လန့်နိုးသွားသည်။ မျက်လုံး ဖွင့်ပြီး ဘေးဘီကို ကြည့်လိုက်တော့ ရုံးက လုပ်ဖော်ကိုင်ဘက်များ သူ့အလုပ်နှင့် သူလုပ်နေကြည်။ ထိုအချိန်တွင် မိုးကလဲ စဲနေပြီ။

ကျွန်တော်သည် သရဲ့ တစ္ဆေ နှင့် ၀ိဥာည် လောကကို ခေတ်လူငယ်ပီပီ ယုံကြည်ခြင်းမရှိ ပေမယ့် ဗုဒ္ဓဘာသာ ၀င်တစ်ဦး ဖြစ်သည်က တစ်ကြောင်း။ ကျွန်တော့် အတွက် အပန်းမကြီးသည်က တစ်ကြောင်းတို့ကြောင့် ဘုရားပေါ်က ပန်းများကို ချပြီး ရေသို့သွားမျှောရန် ဆုံးဖြတ်လိုက်သည်။

ကျွန်တော် ဘုရားကို နောက်တစ်ခေါက် ပြန်ရောက်သွားတော့ ဘုရားမှ ကပ်ထားတဲ့ စံပယ်ပန်းကုန်းတွေက ၁၅ ကုံး မကတော့ပါ။ တော်တော်လေးများနေပြီ။ ကျွန်တော်သည် ဘုရားကို သုံးကြိမ်ဦးချ ခွင့်တောင်းပြီး စံပယ်ပန်း ၁၅ ကုန်းတိတိကို ယူလာခဲ့သည်။ ရုံးရောက်တော့ စံပယ်ပန်းများကို ကျွန်တော့်စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ပြီးနောက် မတွေ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာကြောင့် ရုံးအပြင်ထွက်ကာ လက်ဘက်ရည် လိုက်တိုက်လိုက်သည်။

ကျွန်တော်ပြန်လာလို့ ကြည့်လိုက်တော့ စားပွဲပေါ်မှာ ထားခဲ့တဲ့ စံပယ်ပန်းတွေ မရှိကုန်တော့။ မေးကြည့်တော့ ကျွန်တော့်ဘေးခုံမှာ ထိုင်တဲ့ ကောင်မလေးက နောက်ဘေးလမ်းကြားထဲကို ပစ်လိုက်ပြီတဲ့။ ပန်းမှာ ဖြုတ်တွေတက်နေလို့ တဲ့လေ။ နောက်ဘေးလမ်း ကြားကိုကြည့်လိုက်တော့ စောစောက စံပယ်ပန်းလေးတွေကို တွေ့နေရသည်။ ဒါကြောင့် စောစောက ကောင်မလေးကို အကျိုးအကြောင်းပြောပြပြီး ပြန်ကောက်ခိုင်းသည်။ ကောင်မလေးသည် ကျွန်တော့်စကားကို အယုံအကြည်မရှိဟု ဆိုကာ မကောက်ပဲနေသည်။ ထို့ကြောင့် ကျွန်တော်ကိုယ်တိုင် ဆင်းကောက်ကာ ပြန်ယူခဲ့ရသည်။ ရုံးဆင်းသည်နှင့် ဆိပ်ကမ်းသို့ သွားကာ ထိုပန်းလေများကို ရေသို့ မျှောချလိုက်ပါသည်။

နေက်တစ်ရက်တွင် ကျွန်တော်ဘေးနားမှာ ထိုင်တဲ့ ကောင်မလေး ရုံးမလားပါ။ နောက်တော့ သူ့အိမ်က ဖုန်းဆက်သည်။ ညက ကုတင်ပေါ်မှပြီး လက်ကျိုးသွားသောကြောင့် သင်္ကန်းကျွန်း စံပြဆေးရုံကြီးတွင် ကျောက်ပတ်တီး စီးထားရသည်ဟု ဆိုသည်။

ညနေရုံးဆင်းတော့ ရုံးက အဖော်တွေနဲ့ ဆေးရုံတက်နေတဲ့ ကောင်မလေးကို လူနာသွားမေးကြသည်။ ဆေးရုံရောက်တော့ ကောင်မလေးရဲ့ အမေက
သမီးက အိပ်ရေး တော်တော်နုတာ အဲလို ကုတင်ပေါ်က တစ်ခါမ မကျဖူးသေဘူး

ကောင်မလေးကို ကြည့်ရတာ တစ်စုံတစ်ခုကို ကြောက်နေပုံပေါ်သည်။ စကား တစ်လုံမှ မပြော။ ဒါကြောင့် ကျွန်တော်က စပြီး စကားစရှာပြောရသည်။

နင်က ဘာလဲ အိပ်မက်ထဲမှာ ဘဲဘဲနဲ့ ပြေးတမ်းလိုက်တန်း ကစားရင် ပြုတ်ကြသွားတာလား။
ကျွန်တော်က သူစိတ်ပြေပါစေတော့ ဆိုပြီးပြောလိုက်သည်။

မဟုတ်ဘူးဟ
ကောင်မလေးက ဒီတစ်ခွန်းထဲပြောပြီး ပြုတင်းပေါက်ကနေ အဝေးကို ငေးနေသည်။ ကျွန်တော်တို့ အားလုံးလဲ ဘာဆက်ပြောရမှန်း မသိ။

ညက အိမ်မက်ထဲမှာ နင်ပြောတဲ့ ကောင်မလေးနဲ့ တွေ့တယ်။ သူက ကိုယ်လုပ်တဲ့ မကောင်းမှု ကိုယ်ဘာသာ ကိုခံရမယ်လို့ ပြောပြီး ပြုံးပြနေတယ်။ ငါလဲ ကြောက်ကြောက်တာနဲ့ ထွက်ပြေးလိုက်တော့ ကုတင်ပေါ်က ပြုတ်ကျတော့တာပဲ

အဖြစ်ပျက်တွေကပဲ တိုက်ဆိုင်နေတာလား။ ၀ိဥာည်လောကကို တကယ်ပဲယုံကြည်ရတော့မှာလဲ ကျွန်တော် မဝေခွဲတတ်တော့ပါ။ ကျွန်တော်ဆေးရုံကပြန်ရောက်တော့ ခုနစ်နာရီ လောက်ရှိပြီ။ ရာသီဥတုကလဲ သာသာယာယာရှိသည်။ မိုးကတော့ မှောင်စပြုပါပြီ။ ကျွန်တော် အိမ်အပေါ်ထက်ကနေ ဆိပ်ကမ်းဆီတော့ လှမ်းမျှော်ကြည့်နေမိသည်။ ထိုနေ့ညက အိမ်မက်ထဲသို့ ပန်းချီဆွဲတဲ့ ကောင်မလေး ရောက်လာပါသည်။

ထူးဆန်းသည်က ကောင်မလေး ပါးပြင်တွင် သနပ်ခါးကို ပါးကွက်ကြားလေး ကွက်ထားသည်။ သူမ၏ လက်ထဲတွင် ကလစ်ဘုတ်လေးနှင့် ခဲတံလေးကို ကိုင်ထားသည်။ ထို့နောက် ကျွန်တော့်ကို ပန်းချီဆွဲပေးမည်ဟု ပြောသည်။ကျွန်တော်လဲ ပန်းချီဆွဲရန် သဘောတူလိုက်သည်။ သူမသည် ကျွန်တော့ကို နံရံတွင်မှီခိုင်းကာ ဝေးတစ်နေရာသို့ ခပ်ဆွေးဆွေး ကြည့်နေသည့်ပုံမျိုးထိုင်ခိုင်းသည်။ ကျွန်တော်လဲ သူမပြောသည့်အတိုင်း နေပေးလိုက်သည်။ တော်တော်လေး ကြာတော့သူမ အသံပေးသည်။ သူမကိုကြည့်လိုက်တော့ ပုံဆွဲလို့ပြီးသွားဟန်တူသည်။

သူမသည် ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်။ ကျွန်တော်လဲ ပြုံးပြသည်။ သူမသည် ပြုံးနေရင်က မျက်ရည်များစီး ကျလာသည်။ ထိုမျက်ရည်စက်များသည် ပါးပြင်ပေါ်က သနပ်ခါးပါးကွက်ကြား လေးပေါ်မှာ ချောင်းလေး သဖွယ်စီးကျနေသည်။ မျက်ရည်များစီးကျနေရင်းနှင့်ပင် သူမအပြုံမပျက်ပါ။ ထို့နောက်ကျွန်တော့်ကို နုတ်ဆက်သည်။ သွားတော့မယ်တဲ့။ သူမသည် နုတ်ဆက်ပြီးတာနဲ့ တခါတည်း လည့်ထွက်သွားပါတော့သည်။ ကျွန်တော်နောက်က လိုက်ခေါ်နေပေမယ့် ကျွန်တော့် အသံတွေထွက်မလာပါ။သူမလဲ တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့ပြီ။

ထူးခြားသည်က ထိုအိမ်မက် မက်ပြီးနောက်ပိုင်းတွင် သူမကို အိမ်မက်ထဲမှာရော အပြင်မှာပါ မြင်တွေ့ခြင်းမရှိတော့ပါ။

Read More...

Wednesday, May 16, 2007

ပုစ္ဆာ

အစဆုံး ရေးထားသည်။ ( မှတ်ချက်။ ။ သတ်ပုံမှား ခြင်းသီးခံပါ )


ပုစ္ဆာဆိုတာကတော့ လူမှန်းသိတတ်ခါစကတည်းက သေဆုံးချိန်ထိ အမြဲတွေ့ထိနေရတဲ့ အဖြေကို တိုက်ရိုက်မသိနိုင်သော အရာတစ်ခုကို ပုစ္ဆာလို့ခေါ်တယ်ထင်ပါတယ်။ တချို့ ပုစ္ဆာတွေက အလွယ်တကူ အဖြေရှာလို့ တွေ့ပေမယ့် တချို့ပုစ္ဆာတွေမှာ အဖြေမရှိကြပါဘူး။
ကျွန်တော်တွေ့နေတဲ့ ပုစ္ဆာမှာရော အဖြေရှိရဲ့လား . . . .


အဲဒီနေ့က နေမပူပါ။ မိုးမရွာပါ။ လေမုန်းတိုင်ကျလိုသည့် အရိပ်ယောင်များကိုတော့ တွေ့မြင်နေရသည်။ ကျွန်တော်သည် ပျင်းပျင်းရှိသည်နှင့် ခြေဦးတည့်ရာ ကိုထွက်လာခဲ့သည်။ ကျွန်တော်နေသည့် ဆိပ်ကမ်းသာလမ်းမှ ကမ်းနားလမ်းလက်ဆီသို့ လျှောက်လာနေသည်ဖြစ်သော်လဲ ဘယ်သွားမည်ကိုကား ကျွန်တော့်စိတ်တွင် အတိအကျမရှိ။ သည်လိုလျှေက်ရင်းနှင့်ပင် ပန်းဆိုးတန်း နှင့် ကန်းနားလမ်း ဒေါင့်ကိုရောက်လာသည်။ လှမ်းကြည်လိုက်တော့ အလုပ်ဆင်းလို့ ဒလ ကိုပြန်ကြမည့်လူများ သင်္ဘောဆိပ်သို့ ဆင်းနေကြသည်။ ဦးတည်ရာမရှိသည့် ကျွန်တော် သင်္ဘောဆိပ်ကို မြင်မှ ဒလ ဘက်ကိုကူးမည် စိတ်ကူကာ သင်္ဘောဆိပ်သို့ ဆင်းခဲ့သည်။

လက်မှတ်ဝယ်ခါနီးမှ သတိရသည်။ ကျွန်တော်တွင် ပိုက်ဆံအိတ်ကား ပါမလာ။ အကပ်သပ်လေး ကျန်လိုကျန်ငြား လျှောက်စမ်းကြည့်တော့ ဆယ်တန်လေး တစ်ရွက်ကို တွေ့သည်။ ယင်းဆယ်တန်လေးဖြင့် လက်မှတ်ဝယ်ကာ သင်္ဘောပေါ်သို့ တက်လာခဲ့သည်။ သင်္ဘောပေါ်ရောက်တော့မှ သတိရသည်။ အပြန်လက်မှတ် ၀ယ်စရာ ပိုက်ဆံ မကျန်တော့။ ပိုက်ဆံလေး တစ်ဆယ်နှင့် တောင်းပန်စီးရလျှင် အရှက်ကွဲတော့မည်။ ထို့ကြေင့် သင်္ဘောမထွက်မှီ အလျှင်အမြန်ပြန်ဆင်း လိုက်ရသည်။

သင်္ဘောဆိပ် အပြင်ဘက်ကိုရောက်တော့ နန်းသီတာဆိပ်ကမ်းဘက်ကို လှမ်းမျှော်ကြည့်လိုက်သည်။ ရွှေဘဲစားသောက် ဘေးက ကမ်းနဖူးပေါ်က အုတ်ခုံလေးတွေမှာ စုံတွဲတွေတန်း စီနေသည်။ အချို့ကလဲ တစ်ကိုယ်တည်း ထိုင်နေကြည်သည်။ ကျွန်တော်လဲ ရွှေဘဲစားသောက်ဆိုင်ဘက်ဆီသို့ လျှေက်လာခဲ့သည်။ စားသောက်ဘေးက သင်္ဘောကပ်သည့် ဆိပ်ခံဘောတံတားဆီသို့ တက်လာခဲ့သည်။ ထူးခြားသည်က အခြားလူများအားလုံးသည် သင်္ဘောကပ်သည့် ဆိပ်ခံဘောတံတားပေါ်သို့ မတက်ကြပါ။ အားလုံးကမ်းပေါ်က ခုံလေးတွေမှာ ထိုင်နေကြသည်။ကျွန်တော်ကတော့ သင်္ဘောကြိုးချည်တဲ့ ငုတ်တိုင်နီနီကြီးနှစ်ခုကို မှီ ခြေထောက်ကို အလျှားအလိုက်စန့်ချပြီး မြစ်ပြင်ကျယ်ကြီးကိုသာ ငေးနေမိပါတော့သည်။

မိုးမရွာပါ။ နေမပူပါ။ လေလေးဖြူးဖြူး တိုက်နေပါသည်။ မြစ်အလယ်တွင် ပဲခူးအမည်ရှိသင်္ဘောကြီးတစ်စီး ကျောက်ချရပ် နားထားသည်။ ထိုအချိန်တွင် နိုင်ငံခြားသင်္ဘောတစ်စင်း ကွန်တိန်နာများသယ်ဆောင်ကာ မီးခိုးတလူလူနှင့် ဥသြသံပေးရင် လှိုင်မြစ်အတွင်းကို ၀င်လာနေသည်။ စောစောက ဒလ သင်္ဘောကြီး ရန်ကုန်ဘက်မှ ထွက်သွားသည်ကို မြင်နေရသည်။ ဒလဘက်ကမ်းက သင်္ဘောတစ်စီးလည်း ရန်ကုန်ဘက်သို့ မောင်းလာသည် ကိုတွေ့ရသည်။ အချိန်က ညနေငါးနာရီ ကျော်ကျော်ရှိပါပြီ။ နေကတော့ မ၀င်သေးပါ။ ကျွန်တော်သည် မြစ်ပြင်ပေါ်တွင် သွားလာနေသော ပဲ့ထောင်များ လှေများ သင်္ဘေများကို ငေးကြည့်ရင်း နည်းနည်း ညှောင်းသလိုရှိလာသည်။ ထို့ကြောင် မှီနေရာကနေ နေရာပြင်ထိုင်လိုက်သည်။

နေရာ ပြင်ထိုင်လိုက်သည့်နှင့် အနောက်မှ ခေါ်သံတစ်ခုကြားရသည်။ လည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။ ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ။ ကျွန်တော့ အနောက်မှာ တင်ပျင်ခွေ အနေထားမျိုးထိုင်နေသည်။လက်ထဲမှာ ကလစ်ဘုတ်လေးနဲ့ ခဲတံကိုကိုင်ထားသည်။ သူမ၏ အသားအရေ သည်ဝါ၀င်းပြီး ရှည်လျှားသော ဆံနွယ်များက လေထဲတွင်ဝေ့ပျံနေသည်။

အစ်ကို ကျေးဇူးပြုပြီး စောစောကပုံစံလေးအတိုင်း ငြိမ်ငြိမ်လေး ထိုင်ပေးလို့ရမလား။ ညီမပုံဆွဲနေတာ မပြီးသေးလို့

လှပသော သူမမျက်နှာလေးကို အပြုံးနိုင်ဆုံး ပြုံးပြီး ကျွန်တော့်ကို ပြောသည်။ သူက အစ်ကိုဟုသာ ခေါ်သည် သူ့ပုံကြည့်ရတာ ကျွန်တော့ထက် မကြီးရင်တောင် ငယ်မည့်ပုံမပေါ်ပါ။ ကျွန်တော်လဲ ရပါတယ်လို့ ပြောပြီး စောစောက အနေထားလေး အတိုင်းထိုင်နေလိုက်သည်။ ပြီးတော့ မြစ်ပြင်ကျယ်ကြီးကို ပြန်ငေးနေလိုက်သည်။ သို့ရာတွင် စောစောကလို စိတ်ထဲမှာ ပေါ့ပါးလွတ်လတ်မှုကားမရှိ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တော်တော်လေး ညှောင်းနေပြီလေ။ အနည်းဆုံးတော့ နေရာလေးပြင်ထိုင်မှ ဖြစ်မည်။ ခြေလဲကျဉ်လှပြီ။

ဆယ်မိနစ်လောက်နေတော့ သူမဘက်ကို မပြီးသေးဘူးလားဆိုသည့် အကြည့်နှင့် လည့်ကြည့်လိုက်သည်။ သူမသည် အားတုံ့အားနာ ပြန်ပြုံးပြပြီး။ ပြီးတော့မှာပါတဲ့။ ပြီးတာနဲ့ သူမ ပြောပါမယ်တဲ့။ သူမ မပြောမချင်း ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးပါတဲ့။

ကျွန်တော်လဲ သက်ပြင်းချကာ ဆက်ထိုင်နေလိုက်သည်။ ထိုအချိန်တွင် လေက အရှိန်ကောင်းလာသည်။ ဒီရေကကျနေသည်။ မြစ်လယ်တွင် ရပ်ထားသော ပဲခူအမည်ရှိ သင်္ဘောကြီး ထွက်ခွါဖို့ပြင်နေသည်။ ကျောက်ဆူးကို ပြန်နုတ်နေသည်။ ကျွန်တော်လဲတစ်ခါမှ မမြင်ဖူးသော မြင်ကွင်းမို့ စိတ်ပါဝင်စားစွာ ကြည့်နေမိသည်။ သင်္ဘော ကျောက်ကို နုတ်ပြီးသွားပြီ။ သင်္ဘောက ဥသြောဆွဲလိုက်သည်။ ကောင်မလေးပုံးဆွဲတာ ပြီးပြီလားမသိ။ ဥသြသံကြားမှ သတိရလို့ လည့်ကြည့်လိုက်တော့ ပုံဆွဲနေတဲ့ ကောင်မလေးမရှိတော့။ နေလုံးလဲ ၀င်သွားပြီ။ လူကို ပုံဆွဲတုန်းကတော့ဆွဲ ပြီး ပြန်တော့ နုတ်ဆက်ဖော်လေး တောင်မရ။ ရုပ်ကလေး လှသလောက် လူမှုရေးတရာ ခေါင်းပါတဲ့ မိန်းကလေးပဲ လို့ကျွန်တော်မှတ်ချက်ချလိုက်သည်။

ကျွန်တော်အိမ်ပြန် ရောက်ပြီးတော့ ပန်ချီဆွဲတဲ့ ကောင်မလေး အကြောင်းကို ပြန်စဉ်းစာမိနေသည်။ သူ့နေရာမှာ ယောကျာင်္းလေး တစ်ယောက် အကူညီတောင်းပြီး ထိုင်ခိုင်းရင်ကော အညှေင်းခံပြီး ထိုင်ပေးပါမလား။ ကိုယ်ကို ကိုပြန်မေး ကြည့်နေမိသည်။ ထိုင်ပေးမှာ ပေါ့ဟု ဖြေမိသော်လဲ သိပ်မသေချာလှ။ နောက်ဆုံးတော့ ယောကျာင်္းတစ်ယောက်သာ ဆိုရင်လဲ ငါ့ပုံကို ဆွဲမှာ မဟုတ်ပါဘူးလေလို့သာ တွေးလိုက်ပါတော့သည်။

နောက်တစ်နေ့ ရုံးဆင်းချိန်ရောက်တော့ ၇ လွှာကနေ မြစ်တွင်းကို လှမ်းကြည့်ရင်း မနေ့က ညနေခင်းလေညှင်းခံရင်း မြင်ရသည့် မြစ်တွင်းက မြင်ကွင်းတွေကို သတိရတာလား ပန်းချီဆွဲတဲ့ ကောင်မလေးကို သတိရတာလား မသိ ကျွန်တော်၏ စိတ်က ဆိပ်ကမ်းဆီသို့ သွားရန်တိုက်တွန်းနေသည်။

ကျွန်တော် ကင်မရာ လေးကိုင်ပြီး ဆိပ်ကမ်းဆီသို့ ထွက်လာခဲ့သည်။ ဆိပ်ကမ်းရောက်လို့ မနေ့က ဘောတံတားပေါ်ကို လှမ်းကြည့်လိုက်တော့ ကောင်မလေး ရောက်နေပြီ။ မနေ့ကလိုပင် တင်မြင်ခွေလေး ထိုင်ကာ လက်ထဲမှ ကလစ်ဘုတ် လေးပေါ်တွင် ရေးခြစ်နေသည်။ ကျွန်တော် အနားရောက်လို့ ကြည့်လိုက်တော့ သူမသည် မြစ်လယ်က ဘော်ယာ ( သင်္ဘောများ မော်တော်များ ချည်ရန် ပြုလုပ်ထားသည့် ရေထဲတွင် ပေါလော ပေါ်နေသော အလုံး အနီကြီး ) တွင် ဆိုက်ကပ်ထားသော သင်္ဘောငယ်လေးကို ခဲခြစ်ရေးဆွဲနေသည်။ ကျွန်တော် အသံပြုလိုက်တော့ မော့ကြည့်သည်။ ခဏမျှ တွေကြည့်နေပြီး မှတ်မိသွားဟန်ဖြင့် ပြုံးပြသည်။ ပြီးတော့ သူမကပြောသည်

မနေ့က တောင်းပန်ပါတယ်နော်။ ဖေလာခေါ်လို့ နုတ်မဆက်ခဲ့ရဘူး။ နုတ်ဆက်နေရင် သူက ဘယ်သူလဲ ဘယ်ကလဲနဲ့ မေးလို့ ဆုံးတော့မှာ မဟုတ်ဘူးအဲ ဒါကြောင့်ပါ။

ရပါတယ် ကိစ္စမရှိပါဘူး။

မနေ့က လူမှုရေးခေါင်ပါသည်လို့ ပြေခဲ့မိသည့် ကိုယ်ကိုကိုပင် အပြစ်ကျူးလွန်ထားမိသလိုပင် ထင်နေမိသည်။ ထင်မှာ ပေါ့ကောင်မလေးကလဲ လှတာကိုး။

နေ့တိုင်းလာသလားလို့ ကျွန်တော်မေးကြည့်တော့ ရာသီဥတုသာရင်တော့ နေ့တိုင်းလိုလို လာဖြစ်ပါတယ်တဲ့။ အခုတော့ သူဆွဲနေတဲ့ ပုံလေး လက်စပ်သပ်တော့မှာမို့ ခဏလေးစောင့်ပါတဲ့။ ပြီးမှ စကားအေးအေး ဆေးဆေးပြောတာပေါ့တဲ့။ ဒါကြောင့် ကျွန်တော်လဲ သူမကို မနှေက်ယှက်တော့ပဲ ဘောတံတား ထိပ်ဘက်ပိုင်းသို့ လျှေက်လာခဲ့သည်။ ထို့နောက် သူမကို ကြောပေးကာ မြစ်ပြင်ကြီးကို ငေးရင် မြစ်တွင်းက ပဲ့ထောင်လေးများ သင်္ဘောများကို ဓာတ်ပုံ လျှေက်ရိုက်နေမိသည်။ နောက်သို့ လည့်ကြည့်လိုက်လျှင် ကောင်မလေးက ပုံဆွဲရာကနေ ပြုံးပြုံးပြသည်။


ထိုသို့ ဓာတ်ပုံရိုက်နေရင်က ငဇင်ဂါ ရွှေတိံဂုံစေတီ ပေါ်က ဖြုတ်ယူသွားခဲ့တဲ့ ဓမ္မာစေတီ မင်းခေါင်းလောင်းကြီး ပုံပြင်ထဲကအတိုင်း ရွှေတိံဂုံ ဘုရားကို ဖူးဖို့ ရေပေါ်ပေါ် လာလေမလားလို့ တွေးနေမိသည်။ ခေါင်းလောင်းကြီး အကြောင်းစဉ်းစားရင်း စဉ်းစားရင်းဖြင့် ကျွန်တော်၏ အတွေးများသည် ဓမ္မစေတီ မင်းခေါင်းလောင်း ဆီသို့ရောက်သွား ပါတော့သည်။


ဓမ္မာစေတီမင်း ခေါင်းလောင်သည် တန်ချိန် နှစ်ရာနီးပါး အလေးချိန်ရှိပြီး။ မြန်မာ့ သမိုင်းတွင် တစ်ဦးတည်းသော ဘုရင်မကြီး ရှင်စောပု၏ သားမက်ဖြစ်သူု ဓမ္မာစေတီ မင်းက သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ ရှင်စောပု ဘုရင်မကြီး၏ လှုဒန်းမှုကြောင့် တွံတေး မှ တိုက်ကြီး ခရမ်းသုံးခွ လောက်ထိသည် ရွှေတိံဂုံဘုရား မြေများ ဖြစ်နေခဲ့သည်။ ဓမ္မာစေတီမင်း နန်းတက်သည့် အခါ ဘုရား မြေကြီးသည် အဲ့လောက်ကျယ်နေပါက ယင်းမြေအတွင်း နေထိုင်သူများ အပြစ်ကျရောက်တော့မည်ဟု ဆိုကာ ဘုရားမြေကို ချုံ့ပစ်ခဲ့သည်။ ထိုသို့ ချုံ့လိုက်သည့် အတွက် ဘုရားမြေသည် ကျိုက္ကလို့ ကျိက္ကလဲ အထိလောက်သာ ကျန်တော့သည်။ သို့ရာတွင် ယင်းပရ၀ုဏ် အတွင်းမှာလဲ လူများနေထိုင် ကြသည်ဖြစ်ရာ နေထိုင်သူများ အပြစ်ကို ကုသိုလ်ပြုသော အားဖြင့် ခေါင်းလောင်းတစ်ခု သွန်းလုပ်လှု ဒန်းရန် စီစဉ်ခဲ့သည်။
ဘုရင်က အိမ်တစ်အိမ်သည် တတ်နိုင်သလောက် ပါသည်ဆိုရုံမျှ ကြေးများလှုဒန်းကြပါရန် တိုက်တွန်းလိုက်သော်လဲ မင်းချင်းများက နားလယ်မှုလွဲမှားကာ တစ်အိမ်ကို ပိသာနှင့်ချီ၍ တောင်းခံခဲ့သည်။ ထို့ကြောင့် ခေါင်းလောင် သွန်းလုပ်မည့် နေ့သို့ရောက်သောအခါ ကြေးပုံကြီးသည် အဆမတန်ကြီးနေသည်။ ဘုရင်လဲ ဧရာမကြေးပုံ ကြီးကိုကြည့်ကာ မထူးတော့သည့်အတွက် ဧရာမ ခေါင်းလောင်းကြီး တစ်ခု သွန်းလုပ်လိုက်တော့သည်။ ခေါင်းလောင်ကြီးသည် သွန်းလုပ်စဉ်က မိကျောင်းနတ်ခတ်နှင့်မိသောကြောင့် အသံမမြည်ဟုဆိုသည်။


ယင်းခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး နှစ်ပေါင်းနှစ်ရာခန့်အကြာတွင် သံလျှင်မြို့စား ငဇင်ဂါ ( ကြေးစာ ပေါ်တူဂီစစ်သား ) ကလက်နက် သွန်းလုပ်ရန် ဖြုတ်ယူသွားခဲ့သည်။ ယင်းသို့ ဖြုတ်ယူသွားပြီး ဒေါပုံ အရောက် သင်္ဘော ကွဲကာ ခေါင်းလောင်ကြီး ရေထဲသို့ နစ်မြုတ်သွားသည်။ ယင်းခေါင်းလောင်းကြီးသည် လပြည့်လကွယ်ညများတွင် ရွှေတိဂုံဘုရားကို လာဖူးလေ့ရှိသည်ဟု ဆိုကြသည်။


ဓမ္မာစေတီမင်း ခေါင်းလောင်းကြီးသည် မော်စကိုမှ လက်ရှိကမ္ဘအကြီးဆုံး ခေါင်းလောင်းထက် တန်ကိုးဆယ် ခန့်ပိုလေးသည်။ ထိုခေါင်းလောင်ကြီးကို ပြန်လည်ဆယ်ယူနိုင်ပါက မြန်မာတို့ အတွက် ဂုဏ်ယူစရာ ကောင်းလိမ့်မည့် တွေးနေမိသည်။ ယင်းခေါင်းလောင် သမိုင်းကိုဖတ်ရစဉ်က ကိုယ်တိုင် ဆယ်ယူလိုစိတ်များ ဖြစ်ပေါ်ခဲ့ဘူးသည်။


ခေါင်းလောင်း အကြောင်းစဉ်းစားနေတုန်း ခြေသံကြားလို့ လည့်ကြည့်လိုက်သည်။ ပုံဆွဲသည့် ကောင်မလေး မဟုတ် ကာကီရောင် ၀မ်းဆက်နှင့် ဆိပ်ကမ်းဝန်ထမ်း။

ညီလေး ခြောက်နာရီ ကျော်ပြီကွ။ ခြောက်နာရီ ထိုးရင် ဒီဆိပ်ကမ်းကို ဘယ်သူမှ လာလို့မရဘူး။

ကျွန်တော်ဟုတ်ကဲ့လို့ ပြောပြီးထလိုက်သည်။ ပန်းချီဆွဲနေတဲ့ ကောင်မလေးကို ကြည့်တော့ မရှိတော့။ ဘယ်အချိန်က ထွက်သွားလဲ မသိတတ်။ ဒီနေ့လဲ သူ့အဖေပဲ လာခေါ်သွားလေသလား ။ ကျွန်တော်လဲ ကောင်မလေးကို မတွေ့ရတော့ ပျင်းရိ လေဖင့်သော ခြေလှမ်းများဖြင့် ဘောတံပေါ်တွင် လျှေက်လာသည်။ စောစောက ပန်းချီဆွဲတဲ့ ကောင်မလေး ထိုင်တဲ့နေရာကိုရောက်တော့ ကြမ်းကြားထဲတွင် ငါးလက်မခန့်ရှိ ခဲတံ တိုလေး တစ်ချောင်းကိုတွေ့ရသည်။ ယင်းဆိပ်ခံ ဘောတံတားကို ပျဉ်ပျားများဖြင့် ထပ်ပိုးခင်းထားပါသည်။ ကျွန်တော်သည် ကြမ်းကြားတွင် ညှပ်နေသော ခဲတံလေးကို လက်သန်းနှင့် ကော်ထုတ်လိုက်သည်။ ခဲတဲထောင် တက်လာသလို လက်သဲကြားထဲသို့ သစ်စူးသွားသည်။ လက်သဲ ကြားကို ဆူးစူးတာ တော်တော်ခံရခက်ပါသည်။ သို့ရာတွင် ကျွန်တော်သည် ဆူးစူးတာကို ဂရုမစိုက်နိုင် ခဲတံလေးကိုသာ ကောက်ယူ အိတ်ထဲထည့်ပြီး ပြန်လာခဲ့သည်။


အိမ်ရောက်တော့ ကြည်လိုက်တော့ ခဲတံက အညှိရောင် ခွေးမြီးတိုတံဆိပ် ခဲတံလေးဖြစ်သည်။ ခွေးမြီးတို တံဆိပ်သည် ကျွန်တော်တို့ ငယ်ငယ်က တော်တော် နာမည်ကြီးသော ခဲတံဖြစ်ပြီး ခဲဆံကျစ်ကာ ကြိုးပဲ့လွယ်ခြင်းမရှိပါ။ သို့ရာတွင နောက်ပိုင်းတွင်တော့ ယင်းတံဆိပ်ကို ဈေးကွက်တွင် မတွေ့ရတော့ပါ။
ယခု ကျွန်တော်ကောက်ရခဲ့တဲ့ ခဲတံလေးကလဲ ကြည့်ရတာ နှစ်တော်တော်ကြာနေပြီဟု ထင်ပါသည်။ ဘာကြောင့်လဲ ဆိုတော့ခဲတံမှာ အရောင်တော်တော် ဖျော့နေပြီ။ သို့ရာတွင်ခွေးမြီးပုံလေးကတော့ အသားတံဆိပ်ဖြစ်တာ ကြောင့်ထင်ထင်ရှားရှားပင် တွေ့ရနေရသေးသည်။ ခဲဖျက်လေးကတော့ ပျက်စီးနေပြီ။ ပျက်စီးနေပုံက ဖျက်လို့ ပျက်သည့် ပုံမပေါ်ပဲ နှစ်ကာလ ကြာလို့ ပျက်စီးနေသည့်ပုံ။ ခဲတံချွန်ထားသည့် နေရာလေးကတော့ ဆေးမရှိတော့လို့လားမသိ မှိုများပင် တက်နေပြီ။ ဒီခဲတံသည် သူမကျန်ထားခဲ့သောခဲတံမှ ဟုတ်ရဲလားလို့ သင်္ကာမကင်း ဖြစ်မိလိုက်သေးသည်။ သို့ရာ သူမ ငယ်ငယ်က သုံးတဲ့ခဲတံ ချောင်ကြိုချောင်ကြားက တွေ့လို့ ယူလာလဲ ဖြစ်ကောင်းဖြစ် နိုင်ပါသည်။

မည်သို့ပင်ဆိုစေ ထိုခဲတံလေးသည့် ကျွန်တော့၏ သော့ဖြစ်သည်။ ထိုခဲတံလေးကို အကြောင်းပြု၍ အကျိုးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည် မဟုတ်ပါလော။

နောက်တစ်ရက်တွင်။ မနက်လင်းကတည်းက ရွာတဲ့ မိုး။ ညနေအထိ မစဲနိုင်။ ရန်ကုန်မိုးဆိုတာ သိတော်မှုကြတဲ့ အတိုင်း စွေပြီးဆိုလျှင် တော်တော်နဲ့ မစဲတတ်။ နေပူနေရာက ချက်ခြင်းရွာတတ်သည်။ ရွာနေရာချက် ခြင်းရပ်တတ်သည်။ အဲဒီနေ့က ညနေငါး နာရီထိုးခါနီးတော့မှ မိုးရပ်သွားသည်။ မိုးရပ်သည်နှင့် ကင်မရာလေးယူက ဆိပ်ကမ်းသို့ ကျွန်တော် အပြေးဆင်းခဲ့သည်။ ဘောတံတား ပေါ်ရောက်တော့ သူမကို မတွေ့ရပါ။ ကျွန်တော်ဘောတံတာပေါ်တက်ခဲ့သည်။ အခုတော့လဲ ကောင်းကင်ကြီးသည် သူမဟုတ်တော့သလိုပင် ၀င်ခါနီးကျနေလေးတောင် ထွက်လို့နေလိုက်သေးသည်။ ကျွန်တော်သည် ဘောတံတားပေါ်တွင် တစ်ယောက်တည်း ထိုင်လိုက် ထလိုက် မြစ်ပြင်ကျယ်ကိုငေးလိုက် နောက်မှာ ရောက်နေလေမလားလို့ လည့်ကြည့်လိုက်နဲ့ နေမထိထိုင်မသာ ဖြစ်နေသည်။ ဒီလိုနဲ့ မိုးသာချုပ်သွားသည်။ သူမရောက်မလားပါ။ ကျွန်တော် မိုးနတ်မင်းကိုတာ ကျိန်ဆဲနေမိပါတော့သည်။

စတ္ထမြောက်ရက် တစ်နေ့လုံး ရာသီဥတုက ကျွန်တော့ဘက်မှာရှိနေသည်။ သို့ရာတွင် မိုးနတ်မင်းကား ယုံစားလို့မရ။ ပွဲပြီးလို့ နာကျဉ်ချိန်ပို သုံးမိနစ်ရောက်မှ ခြေပဂိုးရော အနိုင်ဂိုးရော သွင်းသွားနိုင်သည်။ ဘောတံတားပေါ်သို့ ကျွန်တော်တို့ နှစ်ယောက်လုံ ရောက်ပြီးမှ ရွာလျှင်ကိစ္စမရှိ သူ့ပစ္စည်းလေးတွေ မိုးမစိုအောင် ကူသိမ်းပေးရင် မှတ်တမ်းတင်ချင် တင်သွားနိုင်သည်။ ကြိုသာ မရွာစေနဲ့ဟု ဆုတောင်းရသည်။

ကျွန်တော်သည် ငါးနာရီ ရုံးဆင်းသည်နှင့် တပြိုင်နက် ဆိပ်ကမ်းသို့ အပြေးပင်ဆင်းလာပါတော့သည်။ စိတ်ထဲမှာ ပန်ချီဆရာမလေးရေး ဓာတ်ပုံဆရာလေး လာပြီကွလို့ ကြုံးဝါးလိုက်သည်။ ဆိပ်ခံ ဘောတံတားရောက်ခါ နားနီးမှ ခဲတံကျန်ခဲ့လို့ ပြန်ယူလိုက်ရသေးသည်။ ဘောတံတားပေါ် ရောက်လာတော့ သူမကို မတွေ့ရ။ စောသေးလို့လား စိတ်စောနေလို့လားမသိ ကောင်မလေး ရောက်မလာသေးပါ။

ကျွန်တော်လဲ စိတ်မပါတပါနဲ့ ဘောတံတားပေါ်တက်လာခဲ့သည်။ ရာသီဥတုက ကျွန်တော့ဘက်တွင် ရှိနေပါသည်။ သို့ရာတွင် ကံကြမ္မာက ကျွန်တော့ဘက်ကမပါ။ ကျွန်တော်လဲ မြစ်တွင်သို့ ငေးရင် ဓာတ်ပုံလေးရိုက်ရင်း သူမ အလာကို စောင့်နေသည်။ ဒလသင်္ဘာကြီးလဲ ၀င်လိုက်ထွက်လိုက်။ ကြာလာတော့ ကြည့်ပျင်းလာသည်။ ထို့ကြောင့် ရွှေဘဲစားသောက် ဆိုင်ဘက်သို့ လည့်ကြည့်လိုက်သည်။ တွေ့ရပါပြီ။ ရွှေဘဲစားသောက် ဟိုဘက်က ဘောတံတားပေါ်မှာ သူမပုံဆွဲနေသည်။ ယခု ပုံဆွဲသည်က အရင်နေ့ကလို ထိုင်၍မဟုတ် ဒေါက်ပေါ်မှာ ကားကိုတင်ပြီး အကျအန မတတ်ရပ်ဆွဲနေသည်။

ပိုသေချာအောင် ကင်မရာ တယ်လီကိုဆွဲကြည့်လိုက်သည်။ သေချာသည် သူမ။ ဆံနွယ်လေးတွေ လေထဲမှာ ပျံ့ဝဲနေသည်။ မြစ်ပြင်ကျယ်။ ဆိပ်ခံဘောတံတား။ မြစ်လယ်က သင်္ဘော။ ဒေါက်တိုင်နဲ့ အကျအနပန်းချီဆွဲ နေသော သူမ၏ ကိုယ်လုံးသွယ်သွယ်လေး။ မြစ်ပြင်ကျယ် မြစ်လယ်က သင်္ဘောနဲ့ သွားနေတဲ့ ပဲ့ထောင်များကို ဖိုးဂရောင်းထားပြီး ပန်းချီဆွဲနေသော သူမပုံသည် ဓာတ်ပုံ သဘောတရားအရ အလွန်ပင် ကြည့်ကောင်းနေသည်။ ထို့ကြောင့် ကျွန်တော်ရိုက်ရန် ပြင်လိုက်သည်။

သို့ရာတွင် မိန်းကလေး တစ်ဦးကို သူ့ရဲ့ ခွင့်ပြုချက် ဆန္ဒမပါပဲ နောက်ပိုင်းမှ မရိုက်သင့်ဟု ထင်သည် ထို့ကြောင့် ရိုက်ရန် ပြင်ပြီးမှ မရိုက်ဖြစ်တော့ပါ။ လှမ်းပြီး အော်ပြောရအောင်လဲ ကိုက်တစ်ရာလောက် ဝေးသည့်အတွက် သူမ ကြားနိုင်မည်မထင်။ ထို့ကြောင့် သူမရှိရာ ဘောတံတားဆီသို့ သွားရန်အတွက် ကုန်းပေါ်ပြန်တက်ခဲ့သည်။ သူမရှိသော ဘောတံတားပေါ်ရောက်ရန် ရွှေဘဲစားတော်ဆက်ကို ပတ်လျှေက်ပြီးမှ ရောက်မည်။

ကျွန်တော် ရွှေဘဲစားသောက်ဆိုင် ကိုကျော်ပြီးသွားတော့ ၀င်းခြားနေသည်။ သူမ ရပ်နေသော ဘောတံတားသည် တစ်ဘက်ဝင်က ပတ်ဝင်ရသည်။ ထို့ကြောင့် ဒလ သင်္ဘော ဆိပ်ဘက်သို့ ပြန်လာပြီး ပြန်ပတ်ကာ ကမ်းနားလမ်း ဘေးမှ ပြန်ဝင်ရသည်။ ကျွန်တော် ထိုကဲ့သို့ ခက်ခဲစွာပတ်ဝင်ပြီး ဘောတံတာသို့ရောက်သော အခါ သူမကို မတွေ့တော့။ ၀င်ပေါက်ရှာနေတာနဲ့ အချိန် ၁၅ မိနစ်ခန့်ကုန်သွားသည်။ ထိုအတောအတွင်း ရဲစခန်းဘက် အပေါက်က ပြန်ထွက်သွားဟန်တူသည်။ ကျွန်တော်လဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်ခဲ့ရပါတော့သည်။

ပဉ္စမမြောက်နေ့ သူမလာပါ။ နောက်တစ်နေ့ ထပ်သွားစောင့် ပြန်သည် သူမလာပါ။ ကြားထဲမှာ မိုးရွာသည့် ရက်တွေ ကလည်းရှိသည့် အတွက် ကျွန်တော် နေ့တိုင်းမသွားဖြစ်တော့ပါ။ ကြုံရင်ကြုံသလိုတော့ သွားဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်လာသည့် အခါနှင့်သူမ လာသည့်အခါ မတိုက်ဆိုင်လို့လား မလာတော့လို့လားတော့ မသိ သူမကိုမှုမတွေ့ရတော့ပါ။

ဒီလိုနဲ့ တစ်လခန့် ကြာပြီးသောတစ်ရက်တွင် ရာသီဥတု သာသာယာယာရှိသည်နှင့် ဆိပ်ကမ်းသို့ ထွက်လာခဲ့သည်။ ဘောတံတားပေါ်ရောက်တော့ သူမကို မတွေ့ပါ။ ကျွန်တော်လဲ ပျင်းပျင်းရှိသည်နှင့် ငုတ်တုတ်ထိုင်ကာ ပင်လယ်ကို ကြည့်လိုက် သူမလားမလားလို့ လည့်ကြည့်လိုက်နဲ့ ထိုင်နေလိုက်ပါတော့သည်။ ခြောက်နာရီ ထိုးတော့ ဆိပ်ကမ်းဝန်ထမ်း ရောက်လာသည်။ ဆိပ်ကမ်းပိတ်တော့ မည်တဲ့။ ဒါနဲ့ ကျွန်တော်သူ့ကို ပန်းချီလာလာဆွဲတဲ့ ကောင်မလေးကို တွေ့မိသေးလာလို့ မေးကြည့်တော့ မသိဘူးတဲ့ သူရောက်လာတာ တစ်ပတ်ပဲ ရှိသေးတယ်တဲ့ ကောင်းရော။ ကမ်းပေါ်ရောက်တော့ တခြား ဆိပ်ကမ်း ၀န်ထမ်းတစ်ယောက်ကို ကောင်မလေး ပုံစံပြောကာ မေးကြည်မိသည်။ ဆိပ်ကမ်းဝန်ထမ်းက

သြော်သိတယ် သိတယ် အသားဖြူဖြူသွယ်သွယ် ဆံပင်ရှည်ရှည်နဲ့ ပန်းချီလာလာဆွဲတဲ့ ကောင်မလေး မှတ်မိပြီ။

ဘယ်တုန်းက တွေ့တာလဲ

ကြာပါပြီ
ဘယ်လောက်ကြာလဲ ကျွနတော် စိတ်သိပ်မရှည်နိုင်တော့

၁၅ နှစ်လောက်

ဘာ မနှောက်ပါနဲ့ ဗျာ

အေးသူက ဒလမှာ နေတာ။ ဒီဘက်ကမ်းကို တစ်ခါတစ်ခါ လာလာပြီး ပန်းချီလာလာဆွဲတတ်တယ်။ တစ်ရက်မှာ ဒီက အပြန် ပဲ့ထောင်မှောက်ပြီး ဆုံးသွားတာ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းကပဲ

ထိုလူကြီးသည် ကျွန်တော့်ကို စိတ်မရှည်သလိုပြောပြီး လည့်ထွက်သွားပါတော့သည်။

Read More...

Sunday, May 13, 2007

မျှော်စင်ကျွန်းကစိန်ခေါ်သံ ၎

မနေ့က မျှော်စင်ကျွန်းကစိန်ခေါ်သံ လက်ဝှေ့ပွဲကိုသွားကြည့်ဖြစ်ပါတယ်။ ပြိုင်ပွဲကတော့ ချန်ပီယံလုံးချောက် ဈာန်ထူးက စိန်ခေါ်တဲ့ပွဲပါ။
ချန်ပီယံလုံးချောဟာ ချန်ပီယံဟောင်းရွှေဆိုင်းကို ဒုတိယအကြိမ် စီးတီအက်ဖ်အမ် အောင်လံလုပွဲမှာ ငါးချီးထိုးပြီး လုံးချောက အသာစီးနဲ့ သရေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရွှေဆိုင်းက လက်ဝှေ့ဆက်မထိုးတော့တဲ့ အတွက်ချန်ပီယံဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ် အလွှတ်တန်းရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပွဲမှာ ချန်ပီဟောင်းကြီး တကျော့ပြန် ရွှေဝါထွန်းကို ငါးချီမှာ အလဲထိုးပြီး ချန်ပီယံဖြစ်လာပါတယ်။
လုံးချောနှင့် ဈာန်ထူးတို့ ထိုးသတ်စဉ်


ဈာန်ထူးကတော့ စိန်ခေါ်ပွဲ ၂၁ ပွဲကို ရှုံပွဲမရှိ သေးဘူးလို့ဆိုပါတယ်။ သူကတော့ ၂၀၀၆ ခုနှစ်တုန်က ကျင်းပခဲ့တဲ့ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာ မစ်ဒယ်ဝတ်တန်းရဲ့ ရွှေခါးပတ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
အရပ်မောင်းနှင့် ကိုယ်လုံးကိုထည်အရ လုံးချောက် ဈာန်ထူးထက် သာပါတယ်။ လုံးချောက ဈာန်ထူးထက် နှစ်လက်မလောက် ပိုရှည်ပါတယ်။ ဘော်ဒီဝိတ်ကတော့ အတူတူလောက်ပါပဲ။ ဒါပေမဲ့ ခြေဆံလက်ဆံရော ခွန်အားရော လုံးချောကသာပါတယ်။
လုံးချောရဲ့ ကန်ချက်ကြောင့် ဈာန်ထူးလဲကျသွားစဉ်

ဒါကြောင့်ပွဲစပြီဆိုတာနဲ့ လုံးချောက ဈာန်ထူးကို အသာစီးနဲ့ ထိုးခဲ့ပါတယ်။ လုံချောဟာ သူရဲ့ ဘောဒီဝတ်နဲ့ အရပ်အမောင်းကို သုံးပြီး ခုန်ခုန်ဝင်ကာ ထိုးသတ်ပါတယ်။ ဈာန်ထူးကတော့ လုံးချောထိုးသမျှကို ပေခံပြီး ပြန်ထိုးပါတယ်။ လုံးချောရဲ့ ထိုးချက်များကြောင့် ဒုတိယအချီမှာပင် ဈာန်ထူးရဲ့ ၀ဲဘက်မျက်လုံးဟာ ဖွင့်လို့ မရနိုင်လောက်ကို ဖူးရောင်လာပါတယ်။ ဒါကြောင့် တတိယအချီလောက်မှာပဲ ပွဲသိမ်းထိုးသတ်သွားမယ်လို့ ပရိတ်သတ်တွေက ခန့်မှန်းထားကြပါတယ်။ သို့ပေမယ့် ဈာန်ထူးရဲ့ ခံနိုင်ရည်ကြောင့် နောက်ဆုံးအချီထိ လုံးချောကဟာ အလဲမထိုးနိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာ သရေပွဲ ဖြစ်သွားခဲ့

စတုတ္ထအချီမှာ ဈာန်ထူးလဲအကျမှာ လုံးချောက ခြေနဲ့လှမ်းကန်လိုက်ရာမှာ ဈာန်ထူးရဲ့ လည်မျိုကိုထိသွားပြီး နှစ်မိနစ် အနားတောင်းခဲ့ရပါတယ်။ စတုတ္ထအချီလို့ ဒိုင်ထိုးတဲ့ ခေါင်းလောင်းသံကြောင့် ဈာန်ထူးက နောက်ဆုတ်သွားရာမှာ လုံးချောက ဆက်တိုက်ဆက်တိုက် ကန်ခဲ့တဲ့ အတွက် ပရိတ်သတ်တွေထဲမှာ ပွဲဆူသွားပြီး လုံးချောကို ရေဘူးတွေ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ သူတို့ပစ်တဲ့ ခဲကလုံးချောကိုတော့မထိဘူး အရှေ့ဆုံးတန်းမှာ ကြည့်နေတဲ့ နိုင်ငံခြားသူ တစ်ဦးရဲ့ လက်ကိုထိသွားပါတယ်။ ကျွန်တော့ခေါင်းပေါ်လဲ ဘီယာဘူးခွံတစ်ခု မှန်ပါတယ်။
လုံးချောအနေနဲ့ ခေါင်းလောင်သံကို မကြားလို့ ဆက်ထိုးတယ်ပဲထားဦး ချန်ပီယံ တစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အလုပ်ပါ။ ဒီနေရာမှာ ဒိုင်ရဲ့ ညံ့ဖျင်းမှုလဲ ပါပါတယ်။
နောက်ဆုံး အချီထိုးတော့ အများအမြင်ကတော့ လုံးချောဟာ သူ့အမှားတွက် အနိုင်မထိုးပဲ သရေးဖြစ်အောင် လျှော့ထိုးသွားတယ်လို့ အများကပြောကြပါတယ်။ ကျွန်တော် အမြင်ကတော့ အဲလိုမထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံးချောဟာ နောက်ဆုံးအချီ ထိဒူးပျံတွေနဲ့ တရစပ်ခုန်ခုန်ဝင်ပြီး ပွဲသိမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဈာန်ထူးရဲ့ ခံနိုင်ရည် ကြောင့်ပွဲမသိမ်း မထိုးနိုင်ခဲ့တာပါ။
တခါတစ်ရံမှာ ဈာန်ထူးရဲ့ တန်ပြန်ထိုးချက်တွေကြောင့် လုံးချော တွေတွေ သွားတာကို တွေ့ရပါတယ်။ ဈာန်ထူးလိုသာ လုံးချော အထိုးခံခဲ့ရမယ်ဆိုရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာတော့ အားလုံးငြင်းလို့မရတဲ့အချက်ပါ။
နောက်တစ်ခုက လုံးချောဟာ အခုလိုပွဲသိမ်းမထိုးတာ နောက်တစ်ကြိမ်မှာ သူနဲ့ထိုးသတ်ဖက် မရှိတော့မှာ စိုးလို့ သရေပွဲ အဖြစ်ထိုးသွားတာလို့လဲ တချို့ကပြောကြပါတယ်။ ဒါကတော့ ကာယကံရှင် လုံးချောနဲ့ သူ့ရဲ့နည်းပြကလွဲရင် ဘယ်သူမှ အတိကျ ပြောလို့မရပါဘူး။ ဖြစ်ကောင်းလဲ ဖြစ်နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စောငမန်းတုန်းကလဲ လုံးချောဟာ ဆိုင်းတောင်မှာ တစ်ပွဲ တာချီလိတ်မှာ တစ်ပွဲ သရေထိုးပြီးမှ မျှော်စင်ကျွန်းမှာ နှစ်ချီထဲနဲ့ အလဲထိုးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် လတ်တလောမှာ လုံးချောကို ယှဉ်နိုင်သူ မရှိသေးလိုဖြစ်နေပါတယ်။ အဲဒီမှာ ရှားရှားပါးပါး စိန်လာခေါ်တဲ့ ဈာန်ထူးကို တစ်ပွဲတည်းနဲ့ အလဲထိုးလိုက်ရင် နောက်ပွဲတွေမှာ လုံးချောနဲ့ ထိုးနိုင်သူမရှိတော့ပဲ ဖြစ်သွားနိုင်ပါတယ်။ အဲလို ထိုးမဲ့သူမရှိလို့ မထိုးရရင် သူပိုက်ဆံရတော့မှာ မဟုတ်ဘူးလေ။
ပွဲအပြီးမှာ တွေ့ရတဲ့ လုံးချော
ပွဲအပြီးမှာ တွေ့ရတဲ့ ဈာန်ထူး


မနေ့က ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲ ကိုးပွဲရှိပါတယ်။ ကိုပွဲမှာ အားလုံးနီးနီး လက်ရည်တူတာကြောင့် တော်တော်လေး ကြည့်ကောင်းတဲ့ ပွဲလို့ပြောလို့ရပါတယ်။ အလဲထိုး နှစ်ပွဲ ၊ ဆရာဝန်ပွဲရပ် ရှုံးနှစ်ပွဲ၊ သရေလေးပွဲ နဲ့ တစ်ယောက်နဲ့ တစ်ယောက် မထိုးပဲနေလို့ ဒိုင်ဖျက်ပွဲ တစ်ပွဲ ပါ။
ကြားပွဲတစ်ပွဲ


တစ်ခြားကြည့်ကောင်းတဲ့ ပွဲတွေကတော့ မိုးသီးနဲ့ ချစ်ခက်တို့ ထိုးတဲ့ပွဲပါ။ မိုးသီးက လက်ဝှေ့ထိုးနေတာ သဘာရင့်နေပါပြီ တိုင်းအဆင့် ရွှေဆုကိုရခဲ့ဘူးသလို ရွှေခါးပတ်ချန်ပီယံ လုပွဲတုန်းက ဗိုလ်လုပွဲ အထိတက်ခဲ့ ဘူးပါတယ်။ ဒါပေမယ့် သူက အရပ်ကပုပုလေးပါ ငါးပေသာသာလောက်ပဲရှိပါမယ်။
ပြောမယ်ဆိုရင်တော့ ကျွန်တော်ကြည့်ဖူးသလောက် ၁၉ နှစ် ၂၀ ၀န်းကျင် တက်သစ်စ လူငယ်လေးတွေနဲ့ ထိုးပြီး အောင်ပွဲတွေကို တစ်ပွဲပြီး တစ်ပွဲခံနေသူပါ။ သူဟာ အရပ်ပုပေမယ့် သူထက်အရပ်ရှည်ပြီး ဗလကောင်းတဲ့ လူငယ်တွေကို သဘာနဲ့ ထိုးသတ်ပြီး အနိုင်ယူလေ့ရှိပါတယ်။

ရှုံးနှိမ့်သွားသူတစ်ယောက်


ချစ်ခက် ကတော့ အရပ် ငါးပေ လေးလက်မလောက်ရှိပြီ ဗလက မိုးသီးထက်သေးပါတယ်။ အသက်က ၁၈၊၁၉ ထက်မကျော် သေးပါဘူး။
ပွဲစကတည်းက မိုးသီက ထုံးစံအတိုင်း သူ့ရဲ့ လက်သီးတွဲလုံးတွေနဲ့ တရစပ်ဝင်ထိုးပါတယ်။ ချစ်ခက်က မိုးသီးရဲ့ ထိုးကွက်တွေကို သေသေချာချာ လေ့လာပြီးပါပြီ လို့ သတင်းစာထဲမှာ ပြောထားတဲ့ အတိုင်း မိုးသီဝင်လာပြီ ဆိုတာနဲ့ ဒူးနဲ့ ကာကားထိုပါတယ်။ ရန်ဖြစ်ရင်ပဲဖြစ်ဖြစ် လက်ဝှေ့ထိုးရာမှာ ဖြစ်ဖြစ် ဗလချင်းတူလို့ကတော့ အရပ်ရှည်သူက ဒူးထောင်ထားရင် အရပ်ပုသူက ၀င်ထိုးဖို့ခက်သွားပါတယ်။ ပြီးတော့ ချစ်ခက်ဟာ သူ့ထက် အရပ်ပုတဲ့ မိုးသီးကို ကပ်ထိုးလို့ မရဘူး ခွာထိုးရမယ် ဆိုတာ သဘောပေါက်ပုံရပါတယ်။ ချစ်ခက်ဟာ ခပ်ခွာခွာကနေ ခြေနဲ့လှမ်းကန်လိုက် ဟန်ချက်ပျက်သွားရင် ၀င်ထိုးလိုက် နဲ့ အခြေနေကောင်းရင် ဒူးပျံနဲ့ ၀င်ဝင်တိုက်လိုက်ဆိုတော့ ပထမ အချီမှာပဲ မိုးသီဟာ လဲကျသွားရာက မထနိုင်တော့လို့ နှစ်မိနစ်အနားတောင်းခဲ့ရပါတယ်။ ( လက်ဝှေ့ စည်းကမ်းအရ နောက်ဆုံး အချီမှလွဲ၍ တစ်ကြိမ် အနားတောင်းခွင့်ရှိသည် )။
နောက်အချီတွေမှာလဲ ချစ်ခက်ဟာ လူငယ် ဗလသေးပေမယ့် သူထက်သဘာရော ဗလရော အားကြီးတဲ့ မိုးသီးကို အသာစီးနဲ့ ထိုးသတ်သွားခဲ့ပါတယ်။ ဒီနေရာမှာ ပညာအားဖြင့် ချစ်ခက်က မိုးသီးထက် သာတယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် အတွေ့အကြုံရင့်နေပြီ ဖြစ်တာကြောင့် ပွဲပြီတဲ့ အထိ မိုးသီးဟာ ကြိုးဝိုင်းထဲမှာ ပြေးရင်ပတ်ရင်းနဲ့ ရှေင်တိမ်းနိုင်ခဲ့လို့ သရေပွဲဖြစ်သွားပါတယ်။

Read More...

မြေခပန်း

ချစ်သူ . . .
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာဇာတ်သိမ်းကို ပြင်ပေးဖို့
ငယ်ငယ်က အမေဆီမှာတောင်းဆိုဘူးတယ်
ခွန်ဆန်လောနဲ့နန်းဦးပြင် ဇာတ်သိမ်းကို
ပြင်ရေးလို့ စာမေးပွဲလဲကျခဲ့ဘူးတယ်
ရှိတ်စပီးယားသာ ငါ့အဖိုးဖြစ်ခဲ့ရင်
ယိုမီရိုနဲ့ဂျူးလိယက် ဇာတ်သိမ်းကိုပြင်ခိုင်းမိမှာပဲ


ချစ်သူ . . .
မင်းနဲ့ဝေးတဲ့ငါ့ရင်မှာ အလွမ်းတွေဝေနေတယ်
အဲဒီအလွမ်းတွေသာ ပန်းတွေဖြစ်ခဲ့မယ်ဆိုရင်
အဲဒီပန်းတွေကို မင့်ခေါင်းမှာပန်ပေးလိုက်ချင်ပါတယ်

ချစ်သူ . . .
အဲဒီပန်းတွေက . . .
သဇင်လို တော်မ၀င်ဘူး
ကျူးလစ်လို အရောင်သွေးမစုံဘူး
ရနံ့ကလဲ မွှေးချင်မှမွှေးမယ်
ဒါပေမယ့် ကိုယ်ပေးတဲ့ပန်းက ရာနှုန်းပြည့်ဖြူစင်ပါတယ်


ချစ်သူ . . .
အဆင့်ချင်းမတူလို့ မနမ်းရှိုက်လိုလဲ
အမိုက်သရိုက်လို မြေမှာချနင်းလိုက်ပါ
နင်းခြေသူကို စူးစေမဲ့
နှင်းဆီလိုဆူးမျိုးလဲ ငါ့အလွမ်းတွေမှာတပ်မထားပါဘူး
လေအလာမှာမြေခတဲ့ ကြွေကျပေးမဲ့ခရေလိုပန်းမျိုးပါ

ချစ်သူ . . .
လေအလာမှာ ကြွေကျတဲ့ခရေလို
ငါ့အချစ်တွေ မြေခကုန်ပြီ
နင်းလိုကနင်း ပန်လိုကပန်

ချစ်သူ . . .
တကယ်တော့ငါ
နင်ဘ၀ထဲကို ဗီဇာမပါဘဲဝင်ခဲ့သူလေ



......

Read More...

Friday, May 11, 2007

စင်္ကာပူ ဘလော့ဂ်ကာ အစည်းဝေးသို့

စလုံးက ဘလော့ကာတွေ တွေ့ကြတော့မယ်ဆိုတော့ ၀မ်းသာမိပါတယ်
ဒီလိုနဲ့ စာအုပ်ထုတ်ဝေဖို့ရာတွက် အောင်မြင်ဖို့ကလဲနီးလာပါပြီ

ကျွန်တော်အနေနဲ့ စင်္ကပူ ဘလော့ဂ် မောင်နှမများ ထံမှ သိလိုသည်များကို အစည်းဝေးမှာ ဆွေးနွေးပေးစေလိုပါတယ်

၁။ စင်္ကပူ ဘလော့ဂ်ကာများ ကိုစားပြုတဲ့ စာအုပ်နာမည်တစ်ခု

၂။ စာအုပ်များကိုက်ဆောင်ပေးရာတွင် ဘလော့ဂ်ကာတစ်ယောက်ကို ဘယ်နှစ်အုပ်ရသင့်တယ် လို့ထင်ပါတသလဲ
( ဥမမာ အားလုံးကို အတူတူပေးမလား ရံပုံငွေများများ ထည့်သူကို များများ ပေးမည်လား )

၃။ စာအုပ်ရေကို ၁၀၀၀ နဲ့ ၅၀၀ ဘယ်ဟာ ဖြစ်သင့်တယ်လို့ ထင်ပါသလဲ


၎။ စာအုပ်ဆိုဒ် ဘယ်လို အရွယ်မျိုးဆိုရင် ကြည့်လို့လှမည်ဟု စလုံးက အစ်ကို အစ်မ များယူ ဆပါသလဲ

၅။ စလုံးက အစ်ကို အစ်မများအနေဖြင့် စာအုပ်ထွက်ပြီးပါက တစ်ဦးလျှင် စာအုပ် ဘယ်နှစ်အုပ် အောင် ကုန်အောင်ရောင်းပေးနိုင်ပါသလဲ ။ ( တစ်ဦး ခြင်းစီရဲ့ ရောင်းနိုင်အားကွာနိုင်ပါသည် ။ တစ်ဦးလျှင် အနည်းဆုံး တစ်အုပ်ကုန်အောင်ရောင်းနိုင်ရင် ဆယ်ယောက်ရောင်းရင် ဆယ်အုပ် ကုနိုင်ပါသည် )

၆။ စလုံးက ကြော်ငြာရနိုင်ခြင်း ရှိမရှိ

ရ။ စာအုပ်ကို ဘလော့ဂ်ဒေးအမှီ ထွက်မှ ဖြစ်မည်ဟု ယူဆပါသလား။ သို့မဟုတ် နောက်ကျ ချင်ကျမည် စာအုပ်ကို ကောင်းနိုင်တမျှ ကောင်းအောင် အချိန်ယူ ပြင်ဆင်သင့် သည်ဟု ထင်ပါသလား

ကျေးဇူးတင်ပါသည်

Read More...

Thursday, May 10, 2007

မျှောင်လင့်ခွင့်

ချစ်သူရေ နင့်ကိုချစ်တဲ့အကြောင်း စက္ကူပေါ်မှာချရေးရင် ကမ္ဘာမြေမှာ ၀ါးပင်တွေမျိုးတုန်းကုန်လိမ့်မယ်


အဲဒီအခါမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မရှင်က တရားစွဲချင်စွဲလိမ့်မယ်၊ ပျင်းမနားမှာ မြစ်ချင်လုပ်ရောင်းသူတွေ အလုပ်လက်မဲ့ ဖြစ်သွားကြမယ်၊ အညာသားတွေ ကတော့ သူတို့ကို ရေငန်သောက်ပြီး မြစ်ခြောက်စားတဲ့လူ လို့ပြောခံရတဲ့ ဘ၀ကနေလွတ်မြောက်ကြလိမ့်မယ်၊ ယိုးဒယားက ဖိုင်ဘာစက်ရုံးကြီးတွေ နေ့ခြင်းညခြင်း သူဌေးဖြစ်ကုန်မယ်၊ ဘင်လာဒင်လဲ ရေအိမ်သုံးစရာ ဒုတ်ခနောင်းရှိတော့မှာ မဟုတ်ဘူး။
အဲဒီအခါမှာ အ၀ါရောင်ဂျာနယ်တွေ ပျောက်သွားလို့ ဂျက်ကီချမ်းက ကောင်းချီးပေးလိမ့်မယ်၊ လမ်းဘေးက အနှုကတော့ တူနဲ့ မစားရလို့ စိတ်ဆိုးကောင်း ဆိုးပါလိမ့်မယ်။
ဒါပေမယ့်ချစ်သူ ဒါတွေကအရေးမပါဘူး အရေးကြီးတာက နင့်အပေါ်မှာ ငါဘယ်လောက်ချစ်တယ်ဆိုတာကို သိဖို့ပါပဲ

ချစ်သူ . . .

ညကမှောင်တယ် မှောင်တဲ့ညမှာ အလင်းရောင်မရှိဘူး ဖန်တီးတဲ့အလင်းတွေမလာကြဘူး၊ ငါက မီတာခမဆောင်ဘူး မီးစက်လဲမ၀ယ်နိုင်ဘူးလေ၊ ဖရောင်းတိုင်ထွန်းဖို့ မီးခြစ်ဆံ ပါမလာဘူး၊ လမင်းသာဖို့ ကြံကြမ္မာမုန်တိုင်းတွေ နှေက်ယှက်နေတယ်
ဒါပေမယ့်ချစ်သူ မေတ္တာရှင်တစ်ယောက်က ထွန်းညှိပေးမဲ့ အလင်းတစ်ခုကိုတော့ ငါမျှော်လင့်နေတယ်

ချစ်သူ နင်ဟာ ငါ့ဘ၀ရဲ့ အစိုးရမီတာလား မီးစက်လား မေတ္တာရှင်လေးလေလား

ဆက်မေးပါရစေချစ်သူ အစိုးရမီတာဆိုရင် တစ်လကိုဘယ်လောက် ဆောင်ရမှာလဲ၊ မီးစက်တလုံးဆိုရင် ဘယ်လောက် ပိုက်ဆံစုရမှာလဲ
ပြောပြပါချစ်သူ
( ငါမတတ်နိုင်ရင်တောင် စိတ်ကူးလေးတော့ ယဉ်ပါရစေ )


မေတ္တာရှင်လားချစ်သူ
ဆက်ပြောပါ။ ဘယ်လောက်ကြာအောင် ငါ့ဘ၀ထဲကို ထွန်းလင်းပေးထားမှာလဲ . . .

Read More...

Wednesday, May 09, 2007

ဒါလားဟဲ့ မော်ဒန်

ပိတ်ကားများပေါ်တွင် အဓိပ္ပယ်ဖော်ရန်ခဲ့ယင်းသော ဆေးရောင်များခြယ်သူသည် မော်ဒန် ပန်းချီဆရာ ဖြစ်သည်
နားလည်ရန်ခက်ခဲသော စာများကို တောင်စဉ်ရေမရ လျှောက်ရေးသူသည် မော်ဒန် စာရေးဆရာဖြစ်သည်
( ဥပမာ။ ။ ဂျင်းဘောင်းဘီ ဆေးလိပ်တို ဂျော့ဘုဘ် အကော်ဒီယံအုန်းကျော် အစရှိသည့် အရာများကို တန်းစီ ချရေးသူ )
အရူးတစ်ယောက်လို နို့ဆီခွက်တွေကို လည်ပင်းမှာဆွဲ။ တချို့က ကြက်မြုံထဲဝင် အ၀တ်ဖြူဝတ် လက်ထဲမှာကြက်ဥနှစ်လုံးကို မနှဲလေးလိုကိုင်ပြီ ၀ပ်နေသည်ကို ၀င်ကြေးကို ဒေါ်လာနဲ့ပေးကြည့်ကြသည်။ အဲဒါပါဖောင်းမင့်

ကျွန်တော်သည် လူအများနားလယ်ရန် ခဲယင်းသော စကားများကို အဓိပ္ပယ်ကောက်လို့ မရအောင် မြန်မာလို ပြောသောအခါတွင် လူအများက မော်ဒန် စကားပြောသူဟု ခေါ်ကြမည်လော။
( စမ်းသပ်သည့် သဘောဖြင့် ချစ်သူကို ပြောကြည့်စဉ်က အရှုးလို့ မှတ်ချက်ပေးဖူးသည်)

ထိုအခါတွင် ကျွန်တော်သည် သူမကို ဥာဏ်မမှီသောသူဟု သဘောထားလိုက်သည်
( ဘာကြောင့်လဲဆိုတော့ ဂျင်းဘောင်ဘီတို့၊ ဆေးလိပ်တိုတို့ကို တန်းစီရေးသော စာပိုဒ်ကို ဥာဏ်မမှီသူများနှင့် ဝေးဝေးတွင်ထားပါ အန္တရယ်ရှိသည်လို့ မော်ဒန်စာရေးဆရာကြီးက သူရဲ့ စာပိုဒ်လေး အဆုံးမှာရေးထားခြင်းကြောင့်ဖြစ်သည် )

တခြားလူများကိုလဲ ပြောကြည့်သည် ထိုလူများသည်လဲ ကျွန်တော့ကို အရှုးဟု မှတ်ချက်ပေးသည်

သို့ရာတွင် ကျွန်တော်တီထွင်ထားသော မော်ဒန်စကားများ ထဲတွင် လမ်းဘေးက တရုတ်မ၊ လမ်းကြိုလမ်းကြားက ကြွက်စုတ်၊ နတ်ချီးတွဲလောင်းနဲ့ မော်ဒယ်ဂဲ၊ သချာင်္ကျွမ်းသော ရန်ကုန်သူ ရန်ကုန်သား၊ မန်ယူ ( မှန်လဲမှန်တယ် ယူလဲ ယူတယ်)၊ ချယ်ဆီး ( ပြောင်းပြန်မဖတ်ရ)၊ ကတုံးမ၊ ၀ဲကိုက်နေတဲ့ခွေး၊ တီဗီရောဂါသည်ကို ကြိုက်တဲ့ ဆရာဝန် အစရှိသည့် စကားလုံးများ ပါကောင်း ပါလိမ့်မည်။ ယင်းစကားလုံးများကို နားထောင်လိုသူများလဲ ရှိကောင်း ရှိပါလိမ့်မည်။

ထို့ကြောင့် ကျွန်တော်၏ မော်ဒန်ဒိုင်ယာလော့များကို ကျွန်တော်နှင့် ခံစားချက် ခြင်းတူသည့် ပရိတ်သတ်များ နားဆင်နိုင်ရန် ကြံစီမိသည်။ သူငယ်ချင်း တစ်ယောက်ကတော့ အားလုံးကြားနိုင်အောင် ဆာကူရာတာဝါ အမိုးပေါ်သို့တက်ပြီး လော်စပီကာနှင့် အော်ရန်အကြံပြုသည်။ သူသည် မိုက်မဲ သူတစ်ယောက်ဖြစ်သည်။ ဒီလောက် အဖိုးတန်သော မော်ဒန် ဒိုင်ယာလော့များကို အလကား ဖြန့်ဝေရန် ကျွန်တော့တွင် အစီစဉ်မရှိပါ။

ထိုအခါတွင် ကျွန်တော်သည် အမ်ပီသရီး ခွေ ထုတ်ရန် စီစဉ်ရတော့၏။ ရောသမမွေသည် ဗီစီဒီ စက်ရှိသော အိမ်တိုင်းတွင် ရှိသည်ဟု ဆိုသည်။ ကျွန်တော်၏ ခွေထွက်သည့် အခါတွင် ဗီစီဒီစက် မရှိသူများပင်လျှင် မော်ဒန် ဒိုင်ယာလော့များကို နားထောင်ရန် ဗီစီဒီစက်များကို အလုအယက် ပြေးဝယ်ကောင်း ၀ယ်ကြလိမ့်မည်။
( ထိုအခါတွင် ဗီစီဒီစက်များ ဈေးတက်နိုင်ပါသဖြင့် သင့်မှာ မရှိသေးလျှင် သို့မဟုတ် ပျက်နေလျှင် စောစီးစွာ ၀ယ်ထားကြပါကုန်)

ဘရက်တီစပီးရား ဆံပင်ပြန်ပေါက်လာသည့်အခါ ကျွန်တော့်အခွေကို ဘာသာပြန်၍ ဆိုကောင်း ဆိုပေလိမ့်မည်။ ရိန်း သည် ကျွန်တော့ထံတွင် တပည့်ခံကောင်း ခံပါလိမ့်မည်။ နယူးယောက်တိုင်းမ်း ကထုတ်ပြန်သော ကမ္ဘာ့ အကျော်အမော် ၁၀၀ စာရင်းတွင် ထိပ်ဆုံးက ဖော်ပြကောင်း ဖော်ပြလိမ့်မည်။ ဆွီဒင် သမ္မတသည် သူ့နိုင်ငံသို့ ဖိတ်ကြား၍ နိုဘယ်ဆု ပေးကောင် ပေးလိမ့်မည်။ ဟားဘတ် တက္ကသိုလ်က ဒေါက်တာဘွဲ့ပေးကောင်းပေးပါလိမ့်မည်။
သို့ရာတွင် ကျွန်တော်သည် မော်ဒန်ဒိုင်ရာလော့များကို ခွေထုတ်မည့် အစဉ်ကို ဤနေရ၌ ဖျက်သိမ်းရာ၏။ အကြောင်း ပြချက်ကတော့ ခိုးကူးခွေများ၏ ဘေးရန်ကို ကြောက်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ကျွန်တော် ကိုယ်တိုင်သည် တခါတံရံတွင် ခိုးကူသီချင်းခွေများကို ၀ယ်ယူနားဆင်လေ့ရှိသည်။ ခိုးကူးရန်ကိုကြောက်သည်ဟု ကျယ်လောင်စွာ အော်နေသော အဆိုတော်များ ကိုယ်တိုင်ရော ခိုးကူးခွေကို တစ်ကြိမ်မှ မ၀ယ်ဘူးပါကြောင်း အာမခံနိုင်ပါ၏လော။

ခိုးကူခွေများကို အားပေးသူသည် အဆိပ်ပင် ရေလောင်းသူဖြစ်သည်ဟု ရတနာမြိုင်က ကိုချန်ဟိန်း သည်သော်လည်းကောင်း အိတ်ဆဲလင့်ခရီရေးရှင်းမှ ဦးမျိုးဆွေသည် သော်လည်းကောင်း မှုပိုင်ခွင့်ဘွဲ့များကို သတီတန်းကြီး ယူထားသော ရှေ့နေကြီး ဦးအောင်စိုးဦးသည် သော်လည်းကောင် ပြောကောင်းပြောခဲကြ၏။
မောင်မျိုးမင်းသည် သူရိုက်သည့် တဆ္ဆေအလိုက်ခံရသူများ၏ညကို ခိုးကူထားသည့်ခွေကို ပိုက်ဆံ ၃၀၀ ပေးကာ လမ်းဘေးဈေးသည် တစ်ဦးထံမှ ၀ယ်ခဲ့၏ ထိုအခါတွင် မောင်မျိုးသည် အဆိပ်ပင် ရေလောင်းသူလော။

ခိုးကူးခွေများကိုသာ အစဉ်တစိုက် အားပေးလျှက် ရှိသော ဗိုလ်ကလေးဈေးလမ်းနေ ကောင်မလေး တစ်ဦးကတော့ သူတို့ခွေက တစ်ထောင်ကျော် မတန်ပဲ သုံးရာပဲတန်လို့ သုံးရာတန် ခိုးကူးခွေကို ၀ယ်ရခြင်းဖြစ်သည်တဲ့။ ဂီတအစီးရုံးက ပဂ္ဂိုလ်ကြီးတစ်ဦးကတော့ ခိုးကူးခွေတွေကြောင့် အမြတ်နည်းသဖြင့် သူတို့ ခွေတွေကို ပိုက်ဆံအများကြီးမသုံးနိုင်ခြင်း ဖြစ်သည်ဟု ပြောပါ၏။

တေးရေးဆရာကြီး တစ်ယောက်ကတော့ ဂီတလောက အခုလိုအကြပ်ရိုက်နေတာ တစ်ဝက်က ခိုးခွေကြောင့် ဖြစ်ပြီး တစ်ဝက်သည် အဆိုတော်နှင့် တေးထုတ်လုပ်သူများကြောင့်ဟု ဆိုပြန်သည်။
(ဥပမာ။ ။ ခွေတိုင်းတွင် ပါလေရာလိုက်ဆိုခြင်း၊ မုန့်လဲစားသလို သချင်းလဲဆိုခြင်း၊ ကိုယ့်အသံနှင့်လိုက်မှန်းသိ မလိုက်မှန်းသိ ထုတ်လုပ်သူက ဆိုခိုင်းလျှင်ဆိုခြင်း )
ခိုးကူခွေ အကြပ်ရိုက်သည့် သောကကို တချို့သောအဆိုတော်များ မခံရဟုဆိုသည်။ သူများခွေကိုသာ ခိုးကူဝယ်ချင် ၀ယ်မယ် အဲဒီအဆို တော်ကိုတော့ မာစတာမှ ၀ယ်သည်ဟု ပြောကြသည်။
(ဥပမာ။ ။ လေးဖြူ၊ မျိုးကြီး၊ အာဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်)

အဆိုတော်များသည် ခိုးကူးခွေကို ထိရောက်အောင် မဖမ်းပေးနိုင်သော အာဏာပိုင်များကို အပြစ်တင်ကောင်း တင်လိမ့်မည်။ အာဏာပိုင်များသည် အဆိုတော်များကို အပြစ်တင် ကောင်းတင်လိမ့်မည်။ တချို့သောလူများက မှုပိုင်ခွင့်ဥပဒေကို ပြီးစီးအောင် မဆွဲသည့် ရှေ့နေများကို လက်ညှိးထိုးလိုက ထိုးကြမည်။ အားပေးသူများက ဈေးသက်သာမှုကို သော်လည်းကောင်း လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ခြင်းကို လည်းကောင်း အကြောင်းပြချက် ပေးကောင်းပေးမည်။ ကူးသူများက စီပွားရေးတွက်ချေ ကိုက်သောကြောင့် လို့ဖြေကောင်းဖြေမည်။ ခိုးကူးခွေကို အများပြည်သူလက်ကို ရောက်အောင် ဖြန့်ပေးသော ကောင်းလေးတစ် ယောက်ကတော့ ကျွန်တော် ဘလုပ်လို့ ဘာကိုင်စားရမှန်မသိလို့ ရောင်းတာပါတဲ့။ စားလောက်တဲ့ လစာရတဲ့ အလုပ်သူမှာရှိရင် ဘယ်သူက ရောင်းမှာလဲတဲ့လေ . . .
ဒါဆိုရင် ရုံးတွေမှာ ခိုးကူးခွေ ရောင်းတဲ့ ၀န်ထမ်းတွေကရော . . . . .

သြော် . . . ဒါလား မော်ဒန်လေ

Read More...

Tuesday, May 08, 2007

ထရိတ်ဖဲမှာ ဗုံးကွဲစဉ်က

အချိန်ကား ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ . . . . .

အဲဒီနေ့က ကုန်သွယ်မူဗဟိုဌာနမှာလုပ်နေတဲ့ ထိုင်းကုန်စည်ပြပွဲရဲ့ နောက်ဆုံးနေ့။ သတင်းစာထဲမှာ ထိုင်းရိုးရာ အစားသောက် ပြိုင်ပွဲရှိတယ်လို့ ပါတာကြောင့် ကျွန်တော်နှင့် အခြားသူငယ် ချင်းတစ်ယောက် အောက်ပုစွန် တောင်မှာရှိတဲ့ ကုန်သွယ်မူ ဗဟိုဌာနကို ရောက်လို့သွား ကြပါတယ်။
ကုန်သွယ်မူ ဗဟိုဌာနကို ရောက်တော့ လူတွေကလည်း တိုးလို့မပေါက်နိုင်အောင် စည်ကားလို့ နေပါတယ်။ ကျွန်တော်မှတ် မိသလောက် ပြန်ပြောရရင် အောက်ထပ်မှာ စာရေးကိရိယာတွေ ဒုတိယထပ်မှာ စလောင်းလိုမျိုး စက်ကိရိယာတွေ တတိယထပ်မှာတော့ ဖျော်ဖြေရေး စင်မြင့်နဲ့ လိုလိန်း လိုမျိုး အလှကုန် ပစ္စည်းတွေရောင်းပါတယ်။ အဲဒီမှာ အလှကုန်ပစ္စည်း ဘယ်လောက်ဝယ်ရင် အလှပြင်ခ ဘယ်လောက်ဖိုးတန် အလှပြန်ပြင်ပေးမယ် ဆိုတာမျိုးတာတွေနဲ့ ပရိုမိုးရှင်းလုပ် ဆွဲဆောင်နေတာကို တွေ့ရပါတယ်။ အပေါ်ဆုံးထပ်မှာတော့ အလှကုန်ပစ္စည်းတွေကိုပဲ အဓိကထားရောင်းတယ် ထင်ပါတယ်။
ကျွန်တော်နဲ့ အတူပါလာတဲ့ ကောင်က ဖျော်ဖြေးရေး စင်မှာ ဖက်ရှင်အလှ ပြတာတွေ ကြည့်ချင်တယ်ဆို တာကြောင့် ခဏထိုင်ကြည့် နေကြပါသေးတယ်။ ဒါပေမယ့် အဓိကလာတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို ရှာရဦးမှာ ဖြစ်တဲ့ အတွက် သူငယ်ချင်းကို ခေါ်ပြီး ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာဖို့ရာ ထွက်လာခဲ့ပါတယ်။ အပေါ်ထပ်ရောက်တော့ လည်းမတွေ့ ဒါနဲ့ပဲအောက်ထပ်ကို ဆင်းပြီးပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာကြည့်ပါတယ်။ ဒါပေမယ့် မတွေ့ပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းက မောဒယ်ရှိုး လျှေက်တာကို ကြည့်ချင်တယ် ဆိုတာကြောင့် ဖျော်ဖြေရေး စင်မြင့်ရှိရာ သုံးထပ်ဆီကို ဦးတည်သွားခဲ့ ကြပါတယ်။
လှေခါးတက်ခါနီးမှာ စာရေးကိရိယာ ဆိုင်က ပစ္စည်းလေးတွေကို စိတ်ဝင်စားတာကြောင့် ၀င်ကြည့်နေတုန်း ပြင်းထန်တဲ့ ပေါက်ကွဲသံ ကြီးကို ကြားလိုက်ရတယ်။ ပေါက်ကွဲ သံကြီးကြောင့် ကျွန်တော်တို့ ကြက်သေသေနေတုန်း နောက်ဆက်တွဲ သေနတ်ပစ်သံလို အသံတွေ ထွက်လာတယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က ဟေ့ကောင် သေနတ်နဲ့ ပစ်နေတာ ၀ပ်ဝပ်ဆိုပြီး စာရေးကိရိယာ ရောင်းတဲ့ ကောင်မလေးတွေကြားကို ဒိုင်ဗင်ထိုး ၀င်သွားတယ်။ ဘယ်ကမှန်း မသိတဲ့ ပေါက်ကွဲ သံကြောင့် အားလုံးက ကြက်သေသေနေတုန်း အပေါ်ထပ်က လူတွေက ၀ရုံးသုန်းကား ပြေးဆင်း လာကြတယ်။
အဲဒီအချိန်မှာ အဆောက်ဦးကြီး ပြိုကြပြီးပိမိ သွားနိုင်တယ်။ ဒါကြောင့် စာရေးကိရိရောင်းတဲ့ ကောင်မလေးတွေကြားမှာ ၀ပ်နေတဲ့ ကောင်ကို လက်ဆွဲခေါ်ပြီး အပြင်ဘက်ကို ပြေးထွက်လိုက်တယ်။ ကျွန်တော်တို့ ဆင်ဝင်အောက်ကို ရောက်စဉ်မှာ လူတွေသိပ်မရှိဘူး။ အပြင်မှာ မိုးကလဲစိတ်စိတ် ရွာနေတယ်။ ကျွန်တော်အပေါ်ကို မော့ကြည့်လိုက်တော့ သုံးထပ်က မှန်တွေအားလုံးကွဲနေပြီ။ မှန်ကွဲစတွေကလဲ မိုးရွာသလို တဖွဲဖွဲ ပဲ့ကြနေတယ်။ အဲဒီမှန်ကွဲတွေ အဖွာလိုက် အဖွာလိုက် ကျလာတဲ့ အသံတွေက ဗီဒီယို ဇာတ်ကားတွေထဲက စက်သေနတ် ပစ်သံတွေလိုပဲ။
ကွဲနေတဲ့ မှန်ကွဲတွေ

ကျွန်တော် အပေါ်ထပ်ကို ကြည့်နေရာကနေ ဆင်ဝင်ဘက်ကို ပြန်လည့်ကြည့်လိုက်တော့ ဆင်ဝင်အောက်မှာ လူတွေက ပြုံနေကြပြီ။ အရှေ့က ပြေးထွက်တဲ့လူက မောက်လျှက်လဲ။ အဲဒီလူပေါ် ကိုနောက်လူက ထပ်ပြီးလဲ။ အဲလိုနဲ့ ဆင်ဝင်မှာ လူတွေ ထပ်ပြီး ပိတ်မိနေကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်က သူ့ရဲ့ ကလေးပျောက်လို့တဲ့ ငိုနေတယ်။ ပြုံထွက်လာတဲ့ လူတွေကို ကျွန်တော် ဓာတ်ပုံရိုက်နေတုန်းမှာ သွေးတွေရဲ နေတဲ့လူငယ် တစ်ယောက် ရောက်လာတယ်။ သူခေါင်းမှာ သွေးတွေနဲ့ ရဲနေပြီ။ သူမျက်နှာနဲ့ ကိုယ်ခန္ဒာကိုယ် အနှံ့မှာ မီးသွေးခဲလို မဲမဲအတုံးလေးတွေ ကပ်နေတယ်။ သူရဲ့ ဘောင်းဘီနဲ့ အင်္ကျီတွေကလဲ စုတ်ပြဲနေတယ်။ ပြီးတော့ သူရဲ့ သွေးပေနေတဲ့ လက်ကြီးနဲ့ ကျွန်တော့ကို လမ်းဆွဲပြီး သူ့ကို ဓာတ်ပုံရိုက်ခိုင်းတယ်။

အရှေ့ကလူပေါ်ကိုနောက်ကလူကထပ်လျှက်လဲ


ဓာတ်ပုံရိုက်ခိုင်းတဲ့လူ

ကျွန်တော်သူ့ကို အပေါ်မှာ ဒါဏ်ရာရတဲ့ လူတွေရှိသေးလားလို့ မေးတော့ ရှိသေးတယ် အများကြီးပဲတဲ့။ နောက်တော့ သူ့လို အ၀တ်စား အစုတ်တွေနဲ့ သူတောင်းစားလို လူတွေတော်တော် များများ ပြေးထွက်လာတဲ့ လူတွေကြားထဲမှာ ပါလာတွေ့ရတယ်။ သူတို့ပုံတွေက အ၀တ်စားတွေ စုတ်ပြတ်နေပြီ တကိုယ်လုံးကို အိုးမဲနဲ့ သုတ်ထားသလို မဲနေတယ်။ သူတို့တွေ အားလုံးမှာ တူညီတဲ့ အချက်က အဲလိုလူတွေမှာ မီးသွေးခဲလို အခဲလေးတွေက သူတို့ရဲ့ ကိုယ်ခန္ဒာအနှံ့မှာ ကပ်ညှိနေကြတယ်။
ဗုံးကွဲတဲ့ အထပ်


ကျွန်တော် ဗုံးကွဲတဲ့ အထပ်ကို ပြန်မော့ကြည့်လိုက်တာ့ လိုလိန်းက ၀န်ထမ်းတွေက လူတွေပြေးလွားနေတာကို အပေါ်ထပ်ကနေ အေးအေးဆေးဆေး ကြည့်နေကြတယ်။ ကျွန်တော်လဲ အပေါ်ထပ်ကို တက်ကြည့်ဖို့ ရာအတွက် ဘေးက ပေါက်ရှိရာကို သွားခဲ့တယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က အပေါ်ကို ဆက်မတက်ဖို့ ပြောတယ်။ ကျွန်တော်ကလဲ မင်းကြောက်ရင် မလိုက်ခဲ့ နဲ့ဆိုပြီး အပေါ်ထပ်ကို ဘေးလှေကားက နေတက်ခဲ့တယ်။
ဗုံးကွဲတဲ့ အထပ်ကိုရောက်ပါပြီ။ စောစောက ခမ်းနားလှပစွာ တန်ဆာဆင်ထားတဲ့ အရာတွေ အားလုံးက ကြမ်းပြင်ပေါ်မှာ မွစာကြဲပြီ။ အဖိုးတန်ဆိုတဲ့ ဆိုပြီး အလုအယက် တိုးဝေးကြည့်နေ ကြတဲ့ အလှကုန် ပစ္စည်းတွေ အလကား ကောက်မဲ့လူတောင် မရှိတာ့ဘူး။ ဗုံးကွဲတဲ့ အထပ်မှာ ရမ်းငွေ့တွေ ထောင်းနေတယ်။ အငွေ့တွေကြောင့် အဝေးကြီးကို မမြင်ရဘူး။ မျက်နှာကျက်ကို မော့ကြည့်လိုက်တာ့ စုတ်ဖွာကြဲနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်ရယ် သူငယ်ချင်းရယ် ဒါဏ်ရာကြေင့် မထနိုင်တော့တဲ့ သူတွေရယ်ကလွဲရင် ဘယ်သူမှ မရှိဘူး။
ကျွန်တော် ရှေ့ကို တဖြေးဖြေးချင်း လျှေက်လာတယ်။ ကျွန်တော်နဲ့ ငါးပေလောက် အကွာမှာ သူတောင်းစာလို မဲညစ်ပြီး အ၀တ်တွေ စုတ်ပြဲနေတဲ့ အမျိုးသမီး နှစ်ယောက်လဲ ကျနေတယ်။ သေချာကြည့်လိုက်တာ့ တစ်ယောက် ခါးအောက်ပိုင်းမရှိဘူး။ တစ်ယောက်က ခြေတစ်ဖက်မရှိဘူး။ ကျွန်တော် ထင်တယ် သူတို့သေနေပြီ။ ကျွန်တော်ဓာတ်ပုံ ရိုက်ဖို့ ပြင်လိုက်တယ်။ ကင်မရာ မော်နီတာမှာ သူတို့ကို ကြည့်နေတုန်း ခြေတစ်ဘက်မရှိတဲ့ အမျိုးသမီး ရုတ်တရက် ထထိုင်လာတယ်။ သေနေပြီထင်တဲ့ လူကထထိုင်လာတော့ ကျွန်တော် တော်တော် လန့်သွားတယ်။ ပြီးတော့ သူ့ကိုဆေးရုံပို့ပေးပါလို့ ကျွန်တော့ကို ပြောတယ်။ အဲဒီအချိန်မှာ ဝေါ်ကီတော်ကီ ကိုင်ထားတဲ့ အရပ်ဝတ်နဲ့ လူတစ်ယောက် ပြေးတက်လာတယ်။ ပြီးတော့ စောစောက အမျိုးသမီးနှစ်ယောက် ကိုချက်ခြင်း ပို့ပေးပါမယ့် အကြောင့် နှစ်သိမ့်တယ်။ ပြီးတော့ ရှေ့ဆက်သွားကြည့်ဖို့ ကျွန်တော့ကို အဲဒီလူက ဖော်ညှိတယ်။ ကျွန်တော်ခေါင်းညီမ့် ပြလိုက်တယ်။ ဒါပေမယ့်သူ ဆက်မသွားဘူး။ ဒါကြောင့် ကျွန်တော်က ဦးဆောင်ပြီး အရှေ့ကို ဆက်လျှေက်ခဲ့တယ်။ ဗုံးပေါက်ကွဲတဲ့ နေရာတည့်တည့် အပ်ါက မျက်နှာကျက်က အောက်ကို စောင်းကျနေတယ်။ ပလပ်စတစ် ခုံတွေကကလဲ တုန်းလုံးပက်လက်။ အဲလိုတုံးလုံးပက်လက်နဲ့ လှဲနေတဲ့ ခုံတွေနဲ့ အတူ လူတချို့လဲ လဲကျနေကြတယ်။
ပလပ်စတစ်ခုံကျိုးတွေ ကြားထဲမှာ လူတစ်ယောက်က ငုတ်တုတ်ကြီး ထိုင်နေတယ်။ သူရဲ့ အနောက်မှာက ဟောင်းလောင်း ပေါက်ပွင့်သွားတဲ့ မှန်နံရံကနေ အလင်းရောင် ၀င်နေတာကြောင့် သူထိုင်နေတယ် ဆိုတာလွဲရင် ကျန်တာကို သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ အနီးကပ်တိုး ကြည့်လိုက်တော့ ခါးအောက်ပိုင်းမရှိတော့ဘူး။ ကိုယ်တစ်ပိုင်း ပြတ်ပြီး တည်လျှက်သား ဖြစ်နေတာ။ သူ့ရဲ့ အောက်ခြေနားမှာ သွေးတွေက ယိုနေတဲ့ဘူးထဲက ထွက်ကျနေတဲ့ ရေတွေလို အိုင်ဆင်းနေတယ်။ အဲဒီအချိန်မှာ အရှေ့ဘက်ခြမ်းက မျက်နှာကျက် အိပြီးပြိုဆင်းလာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်လည့်ပြေးခဲ့တယ်။ အောက်ထပ်ကို ဆင်းတဲ့ လှေကားထိပ်ကို ကျွန်တော်တို့ ရောက်တော့ မျက်နှာကျက် ပြိုဆင်းလာတာ ရပ်သွားတယ်။ ဒါပေမယ့် ကျွန်တော် ဆက်မကြည့်တော့ဘူး အောက်ထပ်ကို ပြန်ဆင်းခဲ့တယ်။ အဲဒီတော့မှ ရဲတွေကြက်ခြေနီတွေ မီးသတ်တွေ ပြေးတက်လာကြတယ်။
ကျွန်တော်တို့ ဆင်ဝင်အောက်ကို ပြန်ရောက်တော့ လူတွေကို သက်ဆိုင်ရာက် ရှင်းထားပြီးပြီ။ တော်တော်များများကတော့ ကားလမ်းတစ်ဘက်ကနေ အုံကြည့်နေကြတယ်။ အထဲကနေ ထွက်လာတဲ့ ကျွန်တော်ဆီကို အမျိုးသမီး တစ်ယောက်ပြေးလာပြီး အပေါ်မှာ ကလေးတစ်ယောက်မတွေ့ မိဘူးလား လို့ငိုယိုရင်း လာမေးတယ်။ မတွေ့ခဲ့ဘူး ဒါပေမယ့် တက်ကြည့်ပေးမယ်ဆိုပြီး ပြန်တက်မယ်လုပ်တော့ စစ်သားတွေက ကျွန်တော့ကို အတက်မခံတော့ဘူး။ အဲဒီချိန်မှာပဲ အပေါ်ကနေ ဒါဏ်ရာရသူတွေကို တစ်ယောက်ပြီးတစ်ယေက်သယ် ချလာတာကို တွေ့ရတယ်။
လမ်းမပေါ်မှာလဲ ခရာသံတွေဆူညံနေတယ်။ မိုးကတော့ စိတ်စိတ်လေးရွားတုန်းပဲ။ လူစုကွဲတဲ့ သူတွေက အဆောက်ဦးကြီးကို ကြည့်ပြီးငိုနေကြတယ်။ ခမ်းနားထည်ဝါမှုတွေ လှပမှုတွေ ပျော်ရွင်မှုတွေ စည်းကားမှုတွေအား လုံးက စုတ်ပြတ်သတ်မှုတွေ အကျဉ်းတန်းမှုတွေ ကြောက်ရွံ့မှုတွေ ဆီသို့ ရုတ်ချည်းပြောင်းလဲ သွားကြပြီ။ ကျွန်တော်လဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အဆေက်ဦးကြီး ကြောခိုင်းကာ အိမ်ကို ပြန်ခဲ့တယ်။


စာကြွင်း ။ ။ ဒီနေ့ဆိုရင် အဲဒီဗုံးကွဲတာ နှစ်နှစ်ပြည့်ခဲ့ပြီ။ ယင်းနေ့တွင် ထရိတ်ဖဲ အပါဝင် ဒဂုံစင်တာ ဂျမ်းရှင်အိတ် စင်တာ တို့တွင် တပြိင်နက် သုံးနေရာပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီ လူ ၁၁ ဦးပွဲခြင်းပြီးသေဆုံးကာ လူ ၂၀၀ ကျော်ဒဏ်ရာရကာ လူ ၁၆၀ ကျော်မှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ခဲ့ရသည်။
ယင်းသုံးနေရာ ပေါက်ကွဲမှုကြောင့် ဆေးရုံမှာသေသူနှင့် ပေါင်းလျှင် အနည်းဆုံး လူ ၃၀ ကျော်ရှိကြောင်း သိရသည်။
သွားသတိလာသတိ ထားကြပါ။ အာလုံး အဒီလို အဖြစ်ဆိုမျိုးနောက်ထပ် မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

Read More...

Monday, May 07, 2007

ဧည့်သည်

အိမ်တစ်အိမ် မြို့တစ်မြို့ ဟိုတယ်တစ်ခုကနေ ဧည့်သည် တစ်ယောက်ပါလို့ ပြောပြီး ပြန်ထွက်သွားလို့ ရပေမယ့် သံယောဇဉ်တံခါး ပေါက်ကနေ ၀င်လာပြီမှ ဧည့်သည် တစ်ယောက်ပါဆိုပြီး နှလုံးသား မြို့တော်က ပြန်ထွက်လို့ရအောင် အချစ်ဆိုတာ ၀င်ချင်သလို ၀င် ထွက်ချင်သလို ထွက် လို့ရတဲ့ ဇရပ်မဟုတ်ဘူးလေ

------___ ၁ ___
ကျွန်တော်တို့ စီးလာသော ကားလေးသည် မန္တလေး လာရှိုး လမ်းမကြီးအတိုင်း မောင်းနှင်နေသည်။ မန္တလေးက ထွက်ပြီး ၂၁ မိုင်ကိုကျော်ပြီဆိုတာနဲ့ ရာသီဥတုက မြေပြန့်နှင့်ဘာမျှ သက်ဆိုင်ခြင်းမရှိတော့ပါ။ ရန်ကုန်က ထွက်လာကတည်းက ပူပြင်းသော ရာသီဥတုသည် ၂၁ မိုင်ကျော်သည်နှင့် ဆောင်းဥပေါက် ရာသီရုတ်ချဉ်းပြောင်းလဲ သွားသလို ခံစားရသည်။
နံနက်ခင်းတစ်ခုလုံးကို မြူများကလွမ်းခြုံထားကြသည်။ စိန်ပန်းပင်များက လမ်းဘေးဝဲယာတွင် ပင်လုံးကျွတ် နီရဲနေအောင် ပွင့်ပြီး တောင်ပေါ်နွေရာသီ၏အလှကို သရုပ်ဖော်နေကြသည်။ ရာသီဥတုက မြေပြန့်လို ပူအိုက်ခြင်း မရှိသလို ချမ်းအေးခြင်းလဲမဟုတ် နေထိုင်လို့ ကောင်ရုံသာ အေးမြခြင်းဖြစ်သည်။ သို့ကြောင့်ပင် ပြင်ဦးလွင်မြို့သည် နွေရိပ်ခို မြို့လေးအဖြစ် နာမည်ကျော်လေသည်လားမသိ။
ကျွန်တော်သည် ပြင်ဦးလွင်ကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဘူးပါ၏။ အရင်ရောက်ခဲ့ဖူးစဉ်က ဆောင်းရာသီများသာ ဖြစ်သောကြောင့် ချမ်းအေးလွန်းလှသဖြင့် နေထိုင်လို့ မကောင်းလှ။ ပြင်ဦးလွင်ကဲ့သို့ နွေရာသီ အပန်းဖြေဖို့ ကောင်တဲ့ အပြင် ပြင်ဦးလွင်ကဲ့သို လှပတဲ့ မြို့များစွာ မြန်မာနိုင်ငံတွင်ရှိပါသည်။ သို့ရာတွင် ပြင်ဦးလွင်သည် အခြားသော မြို့များထက် သွားရေးလာရေးလွယ်ကူခြင်း၊ အမျိုးသားကန်တော်ကြီး ဥယဉ်အပါဝင် ပိတ်ချင်းမြောင်ဂူ ပွဲကောက်ရေတံခွန် ဓာတ်တော်ချိုင့်ရေတံခွန် ကဲ့သို့သော အပန်းဖြေ ဖို့ကောင်းတဲ့ နေရာများရှိခြင်း များကြောင့် အခြားသော နေရာများထက် ပိုမိုစည်ကားဟန်တူပါသည်။
ကားသည် ပြင်ဦးလွင်မြို့ကို မကြာခင်ဝင်တော့မည်။ ကျွန်တော်သည် လက်ထဲတွင် လွန်ခဲ့သော ဒီဇင်ဘာလက ရိုက်ထားသော ကောင်မလေးတစ်ယောက်၏ ဓာတ်ပုံလေးကို ကြည့်ရင် လိုက်ပါလာပါသည်။

___ ၂ ___

ကားရောက်တယ် ဆိုရင်ပဲ ဟိုတယ်ကိုသွား ရေးမိုးချိုးပြီးတော့ ဟိုတယ်နဲ့ မနီးမဝေးက အကင်ဆိုင်လေးကို ထွက်လာခဲ့သည်။ အကင်ဆိုင်လေးက ဟိုတယ်နဲ့ သိမ်မဝေတဲ့နေရာမှာပါ။ အကင်ဆိုင်ကိုရောက်တော့ နေ့ခင်းမို့လို့ ဆိုင်ပိတ်ထားသည်။ အဲဒီဆိုင်ကညရောက်မှ ဖွင့်တာတဲ့။
ကျွန်တော်လဲ တညလုံးကားစီးလာရတဲ့ အတွက် ပင်ပမ်းတာကြောင့် ဘယ်ကိုမှ မသွားတော့ပဲ ပြန်လာခဲ့သည်။ ဒီနေ့တော့ နားပြီး နောက်ရက်မှ သွားစရာရှိတာသွား လုပ်စရာရှိတာလုပ်တော့မယ် လို့ဆုံးဖြတ်ကာ အိပ်လိုက် ပါတော့သည်။
တစ်နာရီလောက်မှာ ထမင်းစာဖို့ ထတာကလွဲလို့ အဲဒီနေ့က တနေကုန်ပဲ အိပ်ပစ်လိုက်သည်။ ကျွန်တော်တို့ အဖွဲ့ကလူတွေကတော့ ဘယ်တွေလျှေက်သွားကြသေးလဲ ကျွန်တော်မသိတော့ပါ။
ညနေအိပ်ရာထတော့ ငါးနာရီထိုးပြီ။ ကျွန်တော်ကြည့်လိုက်တော့ ကျွန်တော်နဲ့ ရန်ကုန်က အတူတူထွက်လာခဲ့ ကောင်တွေ တစ်ကောင်မှ မရှိကြ။ လယ်ပတ်စရာများကို လျှေက်ပြီးလယ်ပတ်နေကြတာ ထင်ပါသည်။ ဒါကြေင့် ကျွန်တော်ရေမိုးချိုးပြီး သူတို့ ပြန်အလာကို စောင့်နေလိုက်သည်။
သူတို့က ခြောက်နာရီလောက်မှာ ပြန်လာတယ် အဲဒီတော့မှာ ညစာကို ဟိုတယ်မှာပဲ သူတို့နဲ့အတူစားပြီး မနက်က သွားတဲ့ အကင်ဆိုင်လေးကို နောက်တစ်ခေါက် ထပ်သွားခဲ့သည်။ ဒီတစ်ခါတော့ ကျွန်တော်တစ်ယောက်တည်း မဟုတ် ရန်ကုန်ကပါလာတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက်လဲ လိုက်လာသည်။
ညရှစ်နာခန့်ဟုထင်ပါသည်။ အကင် ဆိုင်လေးမှာ လူတွေတောင်စီစ ပြုလာပြီ။ ကျွန်တော် သူငယ်ချင်း နှင့် အကင်များကို ရွေးရင်း ကောင်တာကို တစ်ချက်လှမ်း ကြည့်လိုက်သည်။ ကောင်တာတွင် ခပ်၀၀ ရှမ်းတရုတ်မကြီးတစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။ ကျွန်တော်စားချင်သော အကင်များကို မှာထားခဲ့ပြီး ချောင်ကျကျ စားဝိုင်းလေးမှာ ၀င်ထိုင်လိုက်သည်။ ပြီတော့ ကျွန်တော်က ဘီယာတစ်လုံး မှာသည်။ သူငယ်ချင်း က ၀ီစကီ ပုလင်းပြားတစ်ခု မှာသည်။ ကျွန်တော်က အကင်လာမချသေးလို့ ဘီယာကို မသောက်သေးပေမယ့် ကျွန်တော့ကောင်ကတော့ ၀ီစကီကို အမြည်းမပါပဲ ရေနဲ့ကြိုက်နေတော့သည်။
အဲဒီအချိန်မှာ ကောင်တာကမိန်းမကြီး နေရာသို့ ရှမ်းတရုပ်မလေး တစ်ယောက် အစားထိုးဝင်ထိုင်သည်ကို တွေ့လိုက်သည်။ အဲလိုပြောင်းထိုင်သည်ကို တွေ့လိုက်သည်နှင့် ကျွန်တော်စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။ ပြီတော့ ဓာတ်ပုံလေးတွေကို ထုတ်ကာ ကောင်တာတွင် ထိုင်နေသည့် ကောင်မလေးကို သွားပေးရန် ပြောလိုက်သည်။ စားပွဲထိုးကောင်လေးက ဓာတ်ပုံတွေကို ကြည့်ပြီ ကောင်မလေးကို သွားမပေးရဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ပေး ခိုင်းတာက အဲဒီကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေးရဲ့ ပုံတွေလေ။

ဟေ့ကောင် သွက်လှချည်လားကွ ဘယ်တုန်းက ရိုက်ထားတာလဲ
ကျွန်တော်နဲ့ ပါလာတဲ့သူငယ်ချင်းက ကျွန်တော့ကို မယုံကြည်နိုင်သောမျက်လုံးများနှင့် ကြည့်၍မေးသည်။

အရင်တစ်ခေါက်လာတုန်းက ရိုက်ထားတာ။ ကြာပါပြီ။ ပန်းပွဲတော်ကို လာတုန်းကပါ။ အခုကြုံလို့ လက်ဆောင်ပေးရ အောင်ဓာတ်ပုံထုတ်ပြီးယူလာတာ။ မင်းသွားပေးမလား။

အာ... မလုပ်ပါနဲ့ကွာ ငါ့ဟာငါ အေးဆေးနေပါရစေ။ ကောင်မလေးက ကြည်ကြည်ဖြူဖြူနဲ့လက်လို့ နာမည်ကောင်းရရင် မင်းရမှာ။ အခန့်မသင့်လို့ ပြသနာတက်ရင် ငါက ကန့်လန့်ကန့်လန့် ပါနေဦးမယ်။

ကောင်မလေးက ကျွန်တော်ထက်စာလျှင် နှစ်နှစ်ခန့် ငယ်မည်ဟု ခန့်မှန်းမိပါသည်။ အသားဖြူ၍ အရပ်အမောင်း အသင့်အသင့်ရှိသည်။ ရန်ကုန်မြင်တွေ့ကျ မယ်တော်များလို အရပ်ရှည်ရှည် ပိန်ကပ်ကပ်နဲ့ ၀ါးချမ်းပြားလိုမဟုတ်။ ပြီးတော့ သူပုံက အပြုံချိုပြီး အလှပပေါ်တွင် မာနတက်တတ်သည့် မိန်းကလေး ပုံမျိုး မဟုတ်။ မျက်နှာချိုပြီး အမြဲလိုလို ပြုံးနေသည်။
လက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်ပုံများနှင့် ကောင်မလေးကို တလည့်စီကြည့်ရင်း ကျွန်တော် ဘာလုပ်ရမှန်းမသိ။ ဒီတိုင်း မပေးပဲ ပြန်ယူသွားရင် ကောင်းမလား။ ဓာတ်ပုံကူးစဉ်ကလို သွားပေးပစ်လိုက်မည် ဆိုတဲ့ သူရဲကောင်း စိတ်ဓာတ်တွေလဲ ဘယ်ရောက်ကုန်ပြီမသိ။ သို့သော် ပေးကလဲပေးချင် သေးသည်။
ကျွန်တော်မှာတဲ့ အကင်က ရာက်မလာသေးပါ။ ဘီယာလဲ မသောက်ရသေးပါ။ ရဲဆေးလဲ မတင်ထားပါ။ ပင်ကိုစိတ်ကို ငြိမ်အောင်ထားပြီး ကျွန်တော်ကောင်တာ ဆီကိုလျှေက်ခဲ့သည်။ ကောင်တာကိုရောက်တော့ ဓာတ်ပုံလေးများကို မောက်လျှက်တင်ပြီး တယ်လီဖုန်းနှင့် ဟိုဆက်ဒီဆက်လုပ်သည်။ ပြီးတော့ မောက်ထားသော ဓာတ်ပုံများကို မေ့ချင်ရောင် ဆောင်ပြီး စားပွဲတွင် ပြန်ထိုင်နေလိုက်သည်။
စားပွဲရောက်တော့ အကင်တွေရောက်နေပြီ။ ကျွန်တော် ဘီယာသောက်ရင်း အကင်စားရင် မျက်လုံးများက ကောင်တာ ဆီသို့သာ ကြည့်နေမိသည်။ ကျွန်တော်ကြည့်နေတဲ့ အထိကောင်မလေးက ဓာတ်ပုံများက သူ့နေရာနှင့်သူနေသား တကျ။

အသဲ အမြစ်ကင်က ဒီက မှာတာမဟုတ်ဘူးကွ
ဝိုင်းမှားပြီးလာချတဲ့ စာပွဲထိုးလေးကို သူငယ်ချင်းကပြောသည်။

ကောင်တာက မှာထားတယ်လို့ ပြောလို့ လာချတာ
စားပွဲထိုးလေက ပြန်ပြောသည်

ထို့ကြောင့် ကျွန်တော်ကောင်တာသို့ လှမ်းကြည့်လိုက်သည်။ ကောင်တာတွင် ထိုင်နေသော ကောင်မလေးကလဲ ကျွန်တော်ကို ပြုံးပြီးကြည့်နေသည်။ ကျွန်တောလဲ အကြည့်ချင်းဆုံတော့ ပြန်ပြုံးပြလိုက်သည်။သေချာကြည့်တော့ စောစောက ကျွန်တော်တင်ထားခဲ့ သောဓာတ်ပုံများ ကောင်တာပေါ်တွင် မရှိတော့ပါ။
အချိန်က ဆယ်နာရီကျော်လာပြီ။ ကျွန်တော့်ကောင်က အရက်တပြားကုန်တော့မည် ကျွန်တော်က ဘီယာနှစ်လုံးမကုန်သေးပေ။ တကယ်တော့ ကျွန်တော့်သည် နာမည်ကြီး ထမင်းငတ်သာဖြစ်သည်။ ဘီယာသောက်သည် ဟုသာပြောသော်လည်း များများစားစား သောက်နိုင်သူ မဟုတ် သုံးခွက်လောက် သောက်လိုက်ရင် အာရွင်လာသည်။ လေးခွက်လောက်ဆို တော်တော် မူးနေပြီ။ ငါးခွက်လောက်ဆိုရင် ခေါင်းငိုက်ဆိုက် ကျသွားတော့သည်။ အခုက ဘီယာသုံး ခွက်ကျော်ကျော် လောက်သောက်ထားပြီ ဖြစ်တာကြောင့် အာရွင်နေချိန်ဖြစ်သည်။ ဒီကြားထဲမှာ ကောင်တာက ကောင်မလေးနဲ့ မျက်လုံးချင်ဆုံတိုင်း ပြုံးပြရသေးသည်။

အေးမျက်လုံးချင်က ခဏခဏဆုံမှာပေါ့ကွ မင်းက သူ့ကိုချဉ်းကြည့်နေတာကို
သူငယ်ချင်းက ကျွန်တော့ကို ပြောသည်။

မနာလို၍ပြောသည်ဟုပဲ မှတ်ထားလိုက်ပါသည်။ ၁၁ နာရီထိုးခါနီးတော့ ဆိုင်ထဲမှာ လူတွေတော်တော်ရှင်း သွားပြီ။ ဧပြီလိုနွေခေါင်ခေါင်ကြီးက အဲဒီမအချိန်မှာ နဲနဲချမ်းလာသည်။ ကောင်မလေးသည် ဆွဲတာပန်းနုရောင် အပါးလေးကို ၀တ်ကာ ကျွန်တော်တို့ ၀ိုင်းဆီသို့ဦးတည်လာနေသည်။ ကျွန်တော်ကို လာနုတ်ဆက်သည်ထင်ပြီး ၀မ်းသာနေတုန်း သူက ကျွန်တော်တို့ ၀ိုင်းတွင်ထိုင်ချလိုက်လိုက်သည်။ ထိုင်ပြီးမှာ ထိုင်ဦးမယ်နော်ဟု ပြောသည်။ သူ့အသံက တိုင်းရင်သူ ပီပီ ခပ်ဝဲ၀ဲလေး။
ပြီးတော့သူက သူကိုယ်သူ အရင်စပြီး မိတ်ဆက်သည်။ ကျွန်တော်ကြားဖူးသော ရှမ်းတိုင်းရင်းသူများသည် နာမည်အရှေ့တွင် နန်းထည့်ကြပါသည်။ သူကတော့ ပြောင်းပြန် နန်းက နာမည်အနောက် ဆုံးမှာပါသည်။ ပြီးတော့ သူမသည် ကျွန်တော်ထင်သလို ကျွန်တော့ထက် အသက် နှစ်နှစ်ကျော်ငယ်ပါသည်။ ကွန်ပျူတာ တက္ကသိုလ် မန္တလေးတွင် ဒုတိယနှစ်တက်နေသည် ဟုသိရသည်။ ပြီးတော့ ကျွန်တော်ရိုက်ပေးတဲ့ ဓာတ်ပုံတွေအတွက် ကျေးဇူးတင် ကြောင်းပြောသည်။
ကျွန်တော်လဲ ကျွန်တော်သည် ရန်ကုန်မှလာကြောင်း။ အမေသည် သူမကဲ့သို့ ရှမ်တိုင်းရင်သူ တစ်ဦးဖြစ်သော်လဲ ရှမ်းစကား မတတ်ကြောင်း။ ယခုချိန်ထိ ဘွဲ့မရသေးကြောင်း ပြောပြခဲ့သည်။
သူမနှင့်ကျွန်တော် စကားကောင်းနေခဲ့သည်။ သူမသည် ဒုတိယနှစ် ကွန်ပျူတာ ကျောင်းသူ ဖြစ်သော်လည်း ချက်တင်ကို တကြိမ်မှ မထိုင်ဘူးသည့် အပြင် အီးမေးအကောင့် ရှိသော်လည်း ပို့မည့်သူ မရှိသောကြောင့် မသုံးဖြစ် အင်တာနက် လဲမသုံဖြစ် ဟုဆိုသည်။ သူမသည် စင်ရော်မောင်မောင် ရိုက်သည် ကြယ်စင်ဝန်းခ ပန်းရိုးမှ ဇတ်ကားထဲတွင် တောင်ပိုင်းရှမ်းနှင့် မြောက်ပိုင်းရှမ်းကို မှားယွင်းစွာရိုက်ကူးသည်ကို လည်းပြောပြခဲ့သည်။
ညကား ၁၁ နာရီကျော်ပြီ။ ဆိုင်ပိတ်ရတော့မည်ဟု သူမကပြောသည်။ ထို့ကြောင့် ကျွန်တော်တို့လဲ ပြန်ဖို့ရာ ပြင်သည်။ ဆိုင်ထဲကထွက်တော့ ဘယ်မှာတည်းတာလဲဟု သူမကမေးသည်။ ကျွန်တော်သည် ဆိုင်မှ လှမ်းမြင်နေရသော ဟိုတယ်ကို လက်ငြိုးထိုးပြပြီးပြန်ခဲ့သည်။

___ ၃ ___

ညကား ၁ နာရီထိုးပြီ တစ်နေကုန် အိပ်ထားသည့် အရှိန်ကြောင့် လုံးဝအိပ်လို့ မပျော်ပါ။ ဒါကြောင့် ရန်ကုန်က ယူလာသည် ပုံပြင်စာ အုပ်လေး တစ်အုပ်ကို ဖတ်နေလိုက်သည်။ ညသည်ချမ်းစိမ့်စမ့် နိုင်လှသည်။ ပြူတင်ပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်တော့ လမ်းမကြီးက ခြောက်ကပ်နေပြီ။ တမြို့လုံးလဲ အေးချမ်းသော တောင်ပေါ်နွေည လေးတွင် အိပ်မောကျနေကြပြီ။
အဲဒီအချိန်မှာ ကျွန်တော့ ဘေးနာက တယ်လီဖုန်း မည်လာသည်။ ကောက်ကိုင်လိုက်တော့ သူမဖြစ်နေသည်



မပျင်းသော်က ဆက်ရေးပါမည်






***

Read More...

ကျရှုံးခြင်း

ကျွန်တော်သည် ခြင်ကို မုန်းသည်
ကျွန်တော်သည် ခြကို ခြင်ထက်ပို၍ မုန်းသည်
ခြထက် ကျွန်တော့်ရဲ့ ပစ္စုပ္ပန်ကာလကို ပို၍မုန်းသည်

ခြင်သည် ထိုင်မရ အိမ်မရ စာဖတ်လို့မရအောင် ကိုက်တတ်သောကြောင့် ခြင်ကို ကျွန်တော်မုန်းခြင်း ဖြစ်နိုင်ပါသည်
ခြသည် ကျွန်တော် မြတ်နိုးတန်ဖိုးထားသော စာအုပ်မျာကို စားသောကြောင့် ခြကို ကျွန်တော်မုန်းခြင်း ဖြစ်နိုင်ပါသည်
ကျွန်တော့်ရဲ့ ပစ္စုပ္ပန်ကာလကို မုန်းခြင်းအတွက် ကျွန်တော့်ဆီမှာ အဖြေနှင့် အကြောင်းပြချက်မရှိပါ
( ကိုယ့်ကို ကိုမုန်းသည်ဟု ပြောနေသော ကျွန်တော့အတွက် တရားလိုတယောက်လို စွဲချက်တင်ရန် သက်သေလည်း လိုလိမ့်ဟု မထင်မိပါ )

လောကတွင် မုန်းစရာ အကောင်းဆုံးသည် မုန်းတတ်သည့် စိတ်ဖြစ်သည် လို့ လူတစ်ယောက် ပြောသွားခဲ့သည်။ သို့ရာတွင် ကျွန်တော်သည် ယခုအချိန်ထိ မုန်းတတ်သည့် စိတ်ကို မုန်းလို့ မသေးပါ။
ဒီစကားကို ပြောသွားတဲ့ လူကိုယ်တိုင်ကရော မုန်းတတ်သည့်စိတ်ကို မုန်းနိုင်ခဲ့ပါလား ။ ကျွန်တော် မေးလိုက်ချင်သည် မေးခွင့်မရတော့ပါ။ သူသည် ကိုလိုနီခောတ်က စက်ဘီးတိုက်လို့သေသွားပြီ။ သူနာမည်က ပီမိုးနင်း

ကျွန်တော့ ဘ၀မှာ အစောဆုံးချစ်ခဲ့သူသည် အမေဖြစ်သည်။ အမေပြီးတော့ အဖေ ညီလေး မမ ညီမလေး ပြီးတော့ အရာခပ်သိမ်း သောအကြောင်းအရာများထဲမှ ကျွန်တော်ချစ်ချင်သည့် အရာများ။

ထိုအရာများထဲတွင် စာအုပ်တွေ၊ ဘလော့ဂ်တွေ၊ စည်ဘီယာဆိုင်တွေ၊ အင်တာနက်တွေ၊ ကွန်ပျူတာတွေ၊ ကင်မရာတွေ ပန်းချီစုတ်တံတွေ၊ စကားမပြောတတ်သော ပန်းပုရုပ်တွေ ၊ဓာတ်ပုံတွေ ဓာတ်ခဲတွေ နာရီတွေ . . . . .
အိမ်မက်တွေ ပြီးတော့ . . . သူမ

တခါက အမျိုးသမီး တစ်ဦးသည် သူမွေးတဲ့ သားများကို အရက်ဘီယာ မသောက်ရန်နှင့် မကောင်းမှုများကို ရှောင်ကျဉ်ရန် ပြောလေ့ရှိသည်ကို ကျွန်တော်ကိုယ်တိုင် ကြားခဲ့ ဖူးသည်။ ယင်းအမျိုးသမီး၏ နောက်ကွယ်မှာ သူ့ သားကြီးသည် ဘီယာဆိုင်အရှေ့တွင် မကြာခဏ ဟတ်ထိုးလဲကျ လေ့ရှိသည်ကို ကျွန်တော် ကြုံဖူးသည်။ယင်းအမျိုးသမီးသည် ကျွန်တော်၏ အမေဖြစ်သည်။ ကျွန်တော်သည် အမေ၏ အကြီးဆုံး သားဖြစ်သည်။

သူမသည် ဘီယာထက် သုံးနှစ်လောက်နောက်ကျ ပြီးမှ ကျွန်တော့်ဘ၀ထဲသို့ မွေးဖွားလာသူဖြစ်သည်။
ကျွန်တော်သည် သူမကို ချစ်သည်
သူမသည်ကျွန်တော့ကို ချစ်သည်ဟု မကြာခဏပြောလေ့ရှိသည်
သူမသည် အသံမကောင်းပါ
သူမသည် ကျွန်တော့ကို တချိန်မှာ ခွဲသွားမည်ဟု ပြောဘူးသည်
ဘီယာသည် ကျွန်တော့ကို တချိန်ကျလျှင် ခွဲသွားမည်ဟု ဘယ်တုန်းကမှ မပြောခဲ့ပါ

သူမနှင့် ဘီယာ တူညီသေအချက်ကား အပြောင်းအလဲ မြန်သည်

သူမသည် အခုရယ်မောနေပေမယ့် ခဏနေကြလျှင် ငိုနေတတ်သည် အငိုတိတ်လျှင် ပြန်ရယ်သည်
ဘီယာက ထိုသို့မဟုတ် အခုနေ တခွက် ၄၅၀ ဆိုပေမယ့် ခဏနေရင် ၅၀၀ ဖြစ်ချင် ဖြစ်သွားသည်။ သို့သော် မည့်သည့် အခါတွင်မျှ ၄၅၀ ပြန်မဖြစ်ပါ

သူမသည် သ၀န်တိုသူ တစ်ယောက်ဖြစ်သည်
သ၀န်တိုသောသူမသည် ဘီယာကို ကျွန်တော်ချစ်တာကို နှစ်မြို့ဟန်မတူပါ
သူမထက်စီနီယာကျသော ဘီယာသည် သူမကို ကျွန်တော် ချစ်ခဲ့ သည့်အတွက် ဘယ်တုန်းကမျှ ကျွန်တော့ကို စိတ်မကောက်ခဲ့ပါ . . . . .

သို့ရာတွင် သူမ အူတိုသည့် ဘီယာနှင့် ကျွန်တော် ဒီနေ့ကစပြီး မပတ်သက်တော့ရန် ဆုံးဖြတ်ချက် ချလိုက်ပြီ။ အသက်ရှုနေသမျှ ကာလပတ်လုံး ဘီယာမသောက်တော့ပါ ။
မှတ်ချက် ။ ။ အသက်အောင့်ပြီး သောက်မှာလား လို့ ကတ်သီးကတ်သတ် မေးခွန်းများ မေးခြင်းသီခံပါ။

တကယ်တော့ ဘ၀ကို နိုင်အောင် တိုက်လာတဲ့ လူတွေတောင် အချစ်ရဲ့ အောက်မှာ ဒူးတွေထောက်ခဲ့ ကြတယ်။ ကျွန်တော်လဲ သူမရဲ့ အရှေ့မှာ . . . .

ကျရှုံးခဲ့ပြီလေ

Read More...

Sunday, May 06, 2007

ဦးအုံးဖေ

ကျွန်တော်သည် ပခုက္ကူတွင် ရောက်ရှိနေခိုက် ပခုက္ကူဦးအုံးဖေ
ကိုသွားရောက်တွေ့ဆုံ ဖြစ်ပါတယ်။ ဦးအုံးဖေကို ကျွန်တော်
ကိုးတန်းနှစ်လောက်က ဖြစ်မယ်ထင်ပါတယ် မြ၀တီ မဂ္ဂဇင်းမှာ ပါတဲ့
တွေ့ရကြုံရကျွန်တော့ဘ၀ ဆိုတဲ့ သူ့ရဲ့ဖြစ်ရပ်မှန် ၀တ္တုတိုတွေ ဖတ်ခဲ့ရပြီး
သိနေပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ လို့ထင်ပါတယ် ထိုင်းနေ တာချီလိတ်ကို
အမြောက်နဲ့ ဘလိုင်းကြီးလာ ပစ်တော့ ဆောင်းခိုတဲ့ ငှက်အိုဆိုတဲ့
ဆောင်းပါးတစ်ပုတ်ကို သတင်းစာကနေရေးခဲ့တာကို လဲတွေ့ရပါတယ်။ ဆယ်တန်း
ဖြေပြီးတဲ့နှစ်မှာပဲ သူရေးတဲ့ တွေ့ရကြုံရ ကျွန်တော့ဘ၀ ဆိုတဲ့ သူရဲ့
စာအုပ် အတွဲ တစ် နဲ့ နှစ်ကို ဖတ်ခဲ့ရပါတယ်။ သူရေးခဲ့တဲ့ စာတွေ
ဘယ်လောက်ရှိလဲ မသိပါဘူး သူရေးတာတွေကို ကျွန်တော်ဖတ်ရလောက်ကတော့
သည်မျှပါပဲ။
ဒါပေမယ့် အိတ်သွန်ဖာ မောက်မခြွင်းမချန်ရေးထားတဲ့ သူ့ရဲ့ ဖြစ်ရပ်မှန်
ဘ၀အတွေ့ကြုံစာအုပ်ကတော့ ဖတ်ရသူကို ဆွဲဆောင်နိုင်သလို
အမှားသင်္ခန်းစာတွေကိုလဲ တွေ့မြင်နိုင်ပါတယ်။ အဲဒီစာအုပ်မှာ
ဘယ်လောက်ပွင့်လင်းသလဲ ဆိုရင် သူဂနိုဖြစ်ခဲ့ ရတဲ့ အကြောင်းတွေ
သူဘယ်လေက်အထိ လူငယ်ဘ၀က ပေတေခဲ့တာတွေကို ရေးပြထားပါတယ်။ သူသည် ဖဲသမား
ဖြစ်သည်။ သူသည် အရက်သမား တစ်ယောက်ဖြစ်သည်။ သူသည် ဘကြီး ပစ္စည်းများကို
ဘကြီး မသိအောင် ရောင်းစားကာ ဘကြီး၏ သမီးကို ခိုးပြေးခဲ့သူဖြစ်သည်။ သူသည်
ဓားပြတစ်ဦးဖြစ်သည်။ အကျဉ်းသား တစ်ဦးအဖြစ် ထောင်လေးခါကျခဲ့ရသည်။ သူဘ၀တွင်
ထမင်းမစားခဲ့ရတဲ့ နေ့ရက်တွေရှိသည်။ သို့ရာတွင် ဤသို့ ပေတေသူတစ်ယောက်သည်
စာပေကျေးဇူးကြောင့် မကောင်းမှုများကို ခ၀ါချနိုင်ခဲ့ပုံ သူ့လုံးလနှင့်
ကြိုးစားမူကြောင့် ပွဲစား၊ ပွဲစားမှ ဆေးရွက်ကြီးကုန်သည်။ နောက်တော့
ဆေးပေါင်းရုံ ပိုင်ရှင် သူဌေးကြီး အဖြစ်ရောက်ရှိခဲ့ပုံကို ပေါ်လွင်စွာ
ရေးထားသည်။
သူ့သည် သူ့ကို ကျေးဇူးပြုခဲ့သော စာပေကို သူနိုင်သလောက် ကျေးဇူးပြုခဲ့သည်။
စာကြည့်တိုက်များတည်ထောင်ခြင်းအပြင် ပခုက္ကူဦးအုံးဖေ စာပေဆုကို မတည်
တည်ထောင်ခဲ့သည်။
သို့ရာတွင် သူသည် ဘာသာမဲ့ တစ်ယောက်ဖြစ်သည်။ ယင်းအပြင် လူ့ဂွစာတစ်ယောက်
ဖြစ်မည်ဟု ခန့်မှန်းမိပါသည်။ သူ့အိမ်ရှေ့ကိုရောက်တော့ အလှုခံများနှင့်
အကူညီတောင်ခံသူများ မလာရ အုံးဖေ ဆိုတဲ့ စာကြီးကပ်ထားတာကိုလဲတွေ့ရပါသည်။
သူ့ကို သူဌေးတစ်ယောက်ဖြစ်တာကြောင့် သူအိမ်ကိုလဲ ခမ်းနားကြီးကျယ်မည်ဟု
ထင်ခဲ့မိပါသည်။ သို့ရာတွင် သူအိမ်သည် ပုံမှန် အုပ်အသား ညပ်တိုက်လေး
မျှသာဖြစ်ပါသည်။ သူ့အိမ်ထဲကို ၀င်လိုက်တော့ တန်ဖိုးကြီး ပရိဘောဂ
ဘာမျှမရှိ ဟောင်းနေပြီဖြစ်သော ဆက်တီခုံလေများသာရှိသည်။ ယင်းဆက်တီ
ခုံလေများဘေးက ဟောင်းနွမ်းနေပြီ ဖြစ်သော ခုံတင်လေး ပေါ်တွင် သူအိပ်နေသည်။
ယင်းကုတင်သည် သူ၏အိပ်ရာသာ ဖြစ်သည်။
သူအိမ်နံရံတွင် သူ၏ကျေးဇူးရှင် ထောင်မူးကြီးပုံနှင့် သူချစ်သော သူ့ဇနီး
သူ့ဘကို ပဲ့ပြင်ခဲ့ သောဒုတိယ ဇနီးပုံများကို ကပ်ထားသည်။
တခြားဘက်နံရံတွင်တော့သွားလေသူ နိုင်ငံတော်ဝန်ကြီး ချုပ်ဟောင်းနှင့်
သူနှင့် တွဲရိုက်ထားသောပုံများကို ချိတ်ဆွဲထားသည်။
လူပေလူတေ အုံးဖေ ဓါးပြကြီး အုံးဖေ သူဌေးကြီး ဦးအုန်းဖေ အခုအခါတွင်တော့
ဇရာကြောင့် အိပ်ရာထဲမှ ကိုယ်တိုင်မထနိုင်တော့ပါ။ တစ်ဦးဦးကတွဲထူမှ
ထိုင်နိုင်သည်။ အသက်လဲ ကိုးဆယ် ပြည့်ပြီကိုး။ သို့ရာတွင်
ကျွန်တော်ရောက်သွား ချိန်အထိ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ အသက်ကြီးလို့ မှတ်ဥာဏ်အချို့ ပျက်ရွင်းနေသည့်တိုင် စာဖတ်ကား မပျက်သေးပေ။

Read More...

ဟိုတယ်ရဲ့ ရိုးရာ

ညသည်မဲ မှောင်နေသည်။ မိုးသည် သည်းထန်စွား ရွာသွန်းလျှက်ရှိသည်။ ကျွန်တော်တို့ စီးလာသော မာစတာ ဂျစ်လေးသည် မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း ပခုက္ကူ မြို့မှ မန္တလေးသို့ မောင်းနှင် လျှက်ရှိသည်။ မိုးက သည်းထန်စွာ ရွာသွန်း နေသည့်အပြင် စီးလာသည့် မာစတာဂျစ် သေးသေးမှာ လူကိုးယောက်ဖြစ် နေသောကြောင့် ထိုင်ရသည်မှာ ကပ်သီးကပ်သပ် ဖြစ်လှသည်။ မိုးကာများ မကောင်း သောကြောင့် ရွာလေသမျှ မိုးအားလုံးသည် ကားပေါ်မှ လူအားလုံးကို ပက်ဖျန်းနေသကဲ့သို့ ရှိနေသည်။

ကျွန်တော်တို့ ပခုက္ကူက ထွက်လာစဉ်က ညနေခုနှစ် နာရီဝန်းကျင်ခန့်က ဖြစ်ပြီး ရာသီဥတုက ကောင်းကောင်း မွန်မွန်ပင်။ ရေစကြိုမှာ ထမင်းစား နားပြီး ထွက်လာမှ မိုးဖွဲလေးများ ကျလာပြီး တဖြည်းဖြည်း သည်းလာခြင်းဖြစ်။ ကားပေါ်မှ လူအားလုံးသည် ဒီလိုမှန်းသိရင် ပခုက္ကူမှာပဲ အိပ်လိုက်ပါတယ်ဟု ငြီ်းငြူ နေကြသည်။

ဟုတ်ပါသည် အမှန်တကယ် ဆိုလျှင် ကျွန်တော်တို့ အဖွဲ့အနေဖြင့် ပခုက္ကူမှာ ညအိပ်ပြီး နောက်တစ်နေ့ မနက် စောစောမှ ထွက်လာလျှင်ဖြစ်သည်။ ပခုက္ကူစီးကရက် စက်ရုံက ဒုစက်ရုံမှုးက သူ့စက်ရုံရိပ်သာတွင် တစ်ည ထပ်အိပ်ပြီးမှသွားဖို့ အတန်တန် တားနေသည့် ကြားက ထွက်လာခဲ့ ကြခြင်းဖြစ်သည်။ အဓိက အကြောင်း အရင်းမှာ စက်ရုံဧည့်ရိပ်သာမှာ အိပ်လျှင် မန္တလေးတွင် ဘွန်ကင်လုပ်ထားသော ဟိုတယ်ခဆုံးသွား မည်စိုးသောကြောင့် ဖြစ်သည်။

မင်းကလဲ စက်ရုံက ဧည့်ရိပ်သာ အစုတ်ပလုပ်မှာ အိပ်မဲ့အစား မန္တလေးက ဟိုတယ်မှာသွား အိပ်မှာပေါ့ကွ။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ပြောခဲ့သော စကားဖြစ်ပါသည်။ စက်ရုံဧည့်ရိပ်သာက မန္တလေးက ဟိုတယ်လောက် မကောင်းတာ သေချာပေမယ့် သူပြောသလို အစုတ်ပလုပ်တော့ မဟုတ်ပါ။ VIP အရာရှိများ အတွက် စီစဉ်ထားသောကြောင့် သာမန် Gust House အဆင့်ထက်တော့ သာပါသေးသည်။ သူကိုတိုင်ကိုက ကြီးကြီး ကျယ်ကျယ် လျှေက်ပြော နေခြင်းဖြစ်သည်။

အားလုံးရဲ့ ဆန္ဒကလဲ ပခုက္ကူမှာ ဆက်နေမည့်အစား မန္တလေးကို သွားချင်ကြသည်။ ဟိုရောက်ရင် ဘုရားဖူးကြမည် ဈေးဝယ်ကြမည်ပေါ့။ ကားသည် မန္တလေးကို ညဆယ်နာရီခန့်တွင် ရောက်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် တချို့ကလဲ ကမ္ဘာသစ်မှာ KTV သွားဆိုချင်ကြသေး သည်ဟုဆိုသည်။ အခုတော့ . . . .

သည်းထန်စွာ ရွာသွန်းနေသည့် မိုးကြောင့် ကားသည် ထင်သလောက် ခရီးမပေါက်ပါ။ ပိုဆိုးသည်က ကားမှာ ရေသုတ်တံ မပါသောကြောင့် ကားသမားက ကားမောင်းရင်းနှင့်ပင် လက်ကလေးနှင့် လေကာမှန်ပေါ်က မိုးရေးကို သုတ်သုတ်နေရသည်။ ထို့ကြောင့် ခရီးမတွင်။ ရှေ့မြင်ကွင်း ကိုကောင်းစွာ မမြင်ရသောကြောင့် ကားဘီးကို လိမ့်သည်ဆိုရုံလေးသာ မောင်းနေရသည်။

အားလုံးရဲ့ စိတ်ဆန္ဒကလဲ ရောက်ချင်စိတ်က ပြင်းပျနေကြသည်။ ဘာကြောင့်လဲ ဆိုတော့ အားလုံး ပင်ပမ်းနေပြီ။ နားချင်ကြပြီ။ ရန်ကုန်က စထွက်ပြီးကတည်းက တစ်ရက်မှ နားရသည် မရှိသေး။ ပြင်ဦးလွင်က ပြန်ရောက်ပြီး နောက်တနေ့ ညနေတွင် မကွေးသို့ ခရီးဆက်ခဲ့ရသည်။ မကွေးတွင် တစ်ညအိပ်ပြီ ပခုက္ကူသို့ ခရီးဆက်ခဲ့ရသည်။ ပခုက္ကူတွင် တစ်ညအိပ်ပြီး အခုမန္တလေးသို့ ခရီးဆက်ခဲ့ ပြန်သည်။ ထို့ကြောင့် အားလုံးနား ချင်နေကြပြီ။

မုံရွာလမ်းဆုံရောက်တော့ မိုးက ရပ်သွားသည်။ အားလုံး ပျော်ကြသည်။ ကားကိုလဲ အရှိန်မြင့် မောင်းနှင်ခဲ့သည်။ လူတို့သည် အရမ်းအိပ်ချင် သော်လဲ ခရီးသွားရင်း မအိပ်ရသည့် အခါ၌ မိမိအိပ်ရာလေးကို မျက်စိထဲ ပြေးမြင်ကာ တမ်းတမိကြသည်။ ငယ်ငယ်က အခုလို မိုးတွေရွဲလာရင် အမေက အိမ်မှ ဆီးကြို၍ တစ်ကိုယ်လုံး ခြောက်အောင် သုတ်ပေးကာ စောင်လေးထဲ တွင်နွေးထွေးစွာ ကွေးနေခဲ့ဘူးသည့် ရက်တွေကို ပြေးကာ မြင်ယောင်နေမိသည်။ အခုတော့ ကျွန်တော်က အမေနဲ့ အဝေးမှာ . . . . .

ဘာပဲ ဖြစ်ဖြစ်အခု မြင်းမူတောင်ရောက်လာ ပြီဆိုတော့ နောက်တစ်နာရီလောက် ဆိုရင် နားရတော့မည်။ အားလုံးလဲ ကိုယ်အိပ်ရမဲ့ ဟိုတယ်က အိပ်ရာလေးကို ပြေးမြင်ကာ တမ်းတနေ ကြရော့မည် ထင်ပါသည်။ မိုးကြောင့် ညဆယ်နာရီ လောက်ရောက်မည်ဟု ခန့်မှန်း ထားခဲ့သော ကားက အခု ညတစ်နာရီကျော် နေပြီ မရောက်သေး။ ညတစ်နာရီ ခွဲလောက်ရောက်တော့ စစ်ကိုင်းကောင်းမူတော် ဘုရားလေးကို ရောက်ပြီ။ အဲကိုရောက်တယ် ဆိုရင်ပဲ တိတ်နေသောမိုးက ရုတ်ရက် ရွာချလိုက်ပြန်သည်။ မကြာခင်အိပ် ရတော့မယ်ဆိုတဲ့ မျော်လင့်ချက်လေးတွေက ရွာကျလာသော မိုးရေစက်များ နှင့်အတူ လွင့်မျှောကာ ပျေက်ကွယ်ကုန်ကြပြီ။

အဲဒီအချိန်တွင် မန္တလေးသား တစ်ယောက်က သူတို့နှင့်သိသော သီလရှင် ကျောင်းတစ်ကျောင်း စစ်ကိုင်းတောင်ခြေတွင် ရှိသည်ဟုဆိုသည်။ ကားသည် မန္တလေးသို့ ဆက်မမောင်းနိုင်သည့် အတူတူတော့ အဲဒီသီလရှင်ကျောင်းမှာပဲ သွားနားကြဖို့ရာ ဆုံးဖြစ်လိုက ကြတော့သည်။

ကားသည် စစ်ကိုင်းတောင်ခြေ နားက ကုန်းလေးတွေ ကိုတက်ရင် လမ်းကျဉ်းလေးများကို ကွေ့ဝိုက်ကာ မောင်းရင်းနဲ့ သီလရှင်ကျောင်းသို့ ရောက်ရှိသွား ပါတော့သည်။ စစ်ကိုင်းတောင် ခြေတွင် သီလရှင်ကျောင်းများ တော်တော်ပေါများသည်။ အော်ခေါ်လိုက်တယ် ဆိုရင်ပဲ သိပ်မခေါ်လိုက်ရ။ ကျောင်းထဲမှာ သီးလရှင် အဖွားအို ထွက်လာသည်။ ကျွန်တော် တို့အထဲက သီလရှင်နဲ့ ရင်နှီးသော လူက အကျိုးအကြောင်းကို တင်လျှေက်တော့ ဘွားသီလက ကျွန်တော်ကို အိပ်ဖို့ နေရာပေးသည်။ သီလရှင် ကျောင်းက အိပ်ရာကား ကြမ်းပြင်တွင် ဖျာခင်းပေးထား ခြင်းမျှသာဖြစ်သည်။

သို့သော်မတတ်နိုင် အားလုံးဒီတိုင်း အိပ်ရသည်။ အားလုံးပင် ပမ်းလာ၍လား မသိ အိပ်ပြီးမကြာမှီတွင်ပင် ငြိမ်သက် သွားကြသည်။ စောစောက စက်ရုံရိပ်သာကို စုတ်လို့ မအိပ်ချင်ဘူး ဆိုသည့် ပုဂ္ဂိုလ်ပင်လျှင် တင်ဖြူးဖျာ ခင်းထားသော အိပ်ရာလေးပေါ်တွင် အိပ်ပျော်သွားပြီ။ ကျွန်တော်ကတော့ အိပ်ရာခင်းမပါ၍ မအိပ်တတ ဖြစ်နေသည်။ ကျွန်တော်သည် တစ်သက်နှင့်တစ်ကို ခရီးသွားရင်း သီလရှင်ကျောင်းတွင် တစ်ခါမျှ မအိပ်ဘူးပါ။ ထို့ပြင် ကျွန်တော်သည် အိပ်ရာကို ဇီဇာကြောင်သူ ဖြစ်သည်။ အိပ်ရာတွင် အနည်းဆုံး အိပ်ရာခင်းမပါလျှင် မအိပ်တတ်။ အခု ဘွားသီလ ကျောင်းမှာကား တင်ဖြူးဖျာကြမ်းလေး ခင်းပေးသည် အိပ်ရာခင်းမပါ။ ခြုံဖို့ပေးထားသည့် စောင်ကို ခင်းအိပ်ကြည့်တော့ ရွာနေသည့် မိုးအရှိန်ကြောင့် ချမ်းလာသည်။ ထို့ကြောင့် မခင်းပဲ ပြန်ချုံလိုက်သည်။ မိုးအသံသည် သွပ်မိုးပေါ်သို့ ဆူညီညံစွာ ခုန်ဆင်းလျှက်ရှိသည်။ ကျွန်တော့နားထဲ တွင်သွပ်မိုးသံများသည် ဆူညံစွာ ကြားနေရသည်။ ခဏအကြာမှာတော့ ထိုအသံများသည် တဖြည်းဖြည်းတိုး၍ တိုး၍ပျေက်ကွယ် သွားကြသည်။ မိုးတိတ်သွား၍ကား မဟုတ်ပါ။ ဘာကြောင့် အသံတိတ် သွားတာလဲ။ အိပ်ရာတွင် ဇီဇာကြောင်သော ကျွန်တော် ဖျာကြမ်းခင်းထားသော အိပ်ရာလေးတွင်အိပ်ပျော်သွားခဲ့ ပြီလေ။

Read More...

Friday, May 04, 2007

အခုမန္တလေးမှာ

ညနေကားနဲ့ ရန်ကုန်ပြန်လာပြီ

Read More...

There was an error in this gadget